အုဂ်ဖိုရ်ဆရာတော် အရှင်ဥက္ကံဝံသမာလာ နှင့် ရွှေတောင် ကျီးသဲလေးထပ်ဆရာတော် အရှင်မုနိန္ဒာဘိဓဇ
ဆရာတော်နှစ်ပါး ငယ်စဉ်က အမြို့မြို့အရွာရွာသို့ သွားရောက်ပညာသင် ချိန် ၊ အမရပူရမြို့တော်
မြသိန်းတန်ဆရာတော်ထံ အတူတကွ စာသင်ကြားကြစဉ် အခွင့်ရ၍ ဋီကာကျော်ကို နာကြားခဲ့ကြသည် ။ ဋီကာကျော် ပဏာမအဖွင့်တွင် “ အဘိဝါဒိတွာတိ ၀ိသေသတော ၀န္ဒိတွာဘယလာဘ ကုလစာရာဒိ
ဝိရဟေန သက္ကစ္စံ အာဒရေန ကာယ ၀စီ မနောဒွါရေဟိ ၀န္ဒိတွာတိ အတ္ထော “ ဟု ဖွင့်ပြထားသည်နှင့်
စပ်လျဉ်း၍ အရှင်နှစ်ပါး အယူအဆ စတင်ကွဲပြား အငြင်းပွားလာခဲ့ကြ သည် ။
အရှင်ဥက္ကံသမာလာ က “ သြကာသ ကန်တော့ချိုးတွင် ရတနာသုံးပါးအား ရှိခိုးကန်တော ရာတွင်
ကာယကံ , ၀စီကံ , မနောကံ ဟု ကံကရိုဏ်းဖြင့် ရှိခိုးကန်တော့ခြင်းမှာ ချွတ်ချော်မှား ယွင်း အနက်အဓိပ္ပာယ်
မသင့်လျော်ကြောင်း “ အယူရှိတော်မူသည် ။
အရှင်မုနိန္ဒာဘိဓဇ မူကား “ ကမ္မပထမြောက် ကံ ၃ ပါးသို့ရောက်အောင် ပြစ်မှားကျူးလွန် သော ကံ ၃
ပါးကို ပပျောက်စေရန် ကန်တော့ရှိခိုးခြင်း ဖြစ်၍ ပြစ်မှားကျူးလွန်သော စေတနာ ကံ သာ ပပျောက်စေခြင်း ၊
၎င်းကံ နောက်ထပ်တစ်ဖန် မဖြစ်ပွားစေခြင်း အကျိုးငှာ ဖြစ်သော ကြောင့် ရှေးက ပုဂ္ဂိုလ်အကျော်
မထေရ်မြတ်တို့ ဆုံးဖြတ်ရေးသားခဲ့ကြ၍ အများရှိခိုး ကန်တော့ ကြသော သြကာသ ဆိုရိုးပါ ကာယကံ ,
ဝစီကံ , မနောကံ ဖြင့် ရှိခိုးကန်တော့ခြင်း မမှား “ ဟု အယူရှိတော်မူသည် ။
ဤသို့အားဖြင့် စာသင်သား ဘ၀ကပင် ၀ိဝါဒ ကွဲပြားလာခဲ့သော ထိုဆရာတော်လောင်း လျာ ၂
ပါးသည် မိမိတို့၏ အယူအဆများ ထင်ရှားစေမည်ဟု အာသီသ အသီးသီး ရှိတော်မူခဲ့ ကြသည့်အတိုင်း
အုဂ်ဖိုရ်ဆရာတော် အရှင်ဥက္ကံဝံသမာလာ အရှင်မြတ်သည် မိမိသီတင်းသုံးရာ အုဂ်ဖိုရ် (အင်္ဂပူ) နယ်မှစ၍
အနီးအနား ဟင်္သာတ ၊ ဇလွန် ၊ ဓနုဖြူ စသော မြို့နယ်များတွင် ဒွါရအယူအဆ ကို ဖြန့်ဖြူးဟောကြားလျက်
နေတော်မူခဲ့သည် ။
ကျီးသဲလေးထပ်ဆရာတော် အရှင်မုနိန္ဒာဘိဓဇ ကလည်း မိမိသီတင်းသုံးရာ ရွှေတောင် မှစ၍
အနီးအနား နတ္တလင်း ၊ အုဂ်ဖို ၊ ပြည် ၊ ကြို့ပင်ကောက် စသော မြို့နယ်များတွင် ကံအယူအဆကို
ဟောပြော၍ နေတော်မူခဲ့သည် ။
အုဂ်ဖိုရ်ဆရာတော်က ယခုကာလ ရတနာ ၃ ပါးအား “ ကံ ၃ ပါးဖြင့် ရှိခိုးပူဇော် ဖူးမြော် ကန်တော့
ပါ၏ " ဟု ဆိုခြင်းမှာ ပိဋကတ်နှင့်မညီ မှားယွင်းနေပါကြောင်း “ ဖြင့် “ ဟူသော စကားသည် သဒ္ဒါနည်းအား
ဖြင့် ကရိုဏ်းမည်ပြီး ၊ ဤ ကြိယာအရလည်း စေတနာကံပင် , ကရိုဏ်းအရလည်း စေတနာကံပင်
ဖြစ်သောကြောင့် ကရိုဏ်း , ကြိယာ ၂ ပါး မထူးခြားသဖြင့် ရှိခိုးပူဇော် ဖူးမြော်ကန်တော့ကြရာတွင်
တစ်ခုသော စေတနာကံသည် ကရိုဏ်း , ကြိယာ ၂ ပါး မဖြစ်နိုင် ။ ကြိယာ ဟူသော အကျိုးရှိမှလည်း ကရိုဏ်း
ဖြစ်နိုင်ကြောင်း ၊ ကရိုဏ်း , ကြိယာ၂ပါး စေတနာကံပင် ဖြစ်သော်လည်း ကြိယာဟူသော
အကျိုးမရှိသောကြောင့် စေတနာကံသည် ကရိုဏ်း မဖြစ်နိုင်ကြောင်း ၊ အကယ်၍ စေတနာကံသည်ပင်
ကရိုဏ်း ဖြစ်အံ့ ၊ စေတနာကံဖြင့် စေတနာကံ ဖြစ်မြောက်၏ ဟူသောစကား ဖြစ်သွားမည် ဖြစ်ကြောင်း ၊ ဒွါရ
၃ ပါးဖြင့်သာလျှင် စေတနာကံ ကြိယာမြောက်ကြောင်း ။
ကံနှင့် ပဏာမကား ခပ်ပြာနှင့်တေး လုံးထွေးတင် သကဲ့သို့ အမည်မျှသာ ထူးခြား၍ အနက်ဒြဗ်
မထူးခြား အတူတူဖြစ်ကြောင်းကို -
မဏိသာရမဉ္ဇူသာ တွင် “ တိဝိဓောဟိ ပဏာမော မနောကမ္မမေ၀ “ ဟု ၊
သဒ္ဒသာရတ္ထဋီကာ တွင် “ ရတနတ္တယ ပဏာမောဟိနာမ ပရမတ္ထတော ကာမာဝစရ
ကုသလစေတနာ “ ဟု ဖွင့်ပြထားကြောင်း ၊
အဘိဓမ္မတ္ထသင်္ဂဟ လက်သန်း အဋ္ဌကထာတွင် “ ၀ိညတ္တိဒွယံ စိတ္တဇမေ၀ “ ဟု ဖွင့်ပြသကဲ့သို့ ၊
အင်္ဂုတ္တရနိကာယ် တွင် “ တိေဿ ဣမာ ဘိက္ခဝေ ၀န္ဒာနာ ၊ ကတမာ တိေဿ ၊ ကာယေန ၀န္ဒတိ
၊ ၀စသာ ၀န္ဒတိ ၊ မနသာ ၀န္ဒတိ “ ဟု မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူကြောင်း ။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ဝေရဉ္ဇာပုဏ္ဏားကြီး စသော ဒါယကာများသည် ဒွါရ ၃ ပါးဖြင့်
ရှိခိုးပူဇော် ဖူးမြော်ကန်တော့ကြပါကြောင်း ။
ထို့ကြောင့် -
ပါရာဇိကဏ် အဋ္ဌကထာတွင် “ ဣဒါနိ ၀ိညာတ ဗုဒ္ဓဂုဏော ၊ ကာယေန ၀ါစာယ မနသာစ ၊
အနေကက္ခတ္တုံ ၀န္ဒန္တောပိ အတိတ္တောယေ၀ ဟုတွာ “ ဟု ဖော်ပြထားသကဲ့သို့ ၊
“ ဗုဒ္ဓံ ဓမ္မဉ္စ သံဃဉ္စ ၊ ၀ိပ္ပသန္နေန စေတသာ ၊ ၀န္ဒိတွာ ၀န္ဒနာမာန ၊ ပူဇာသက္ကာရ ဘာဇနံ “ ဟု
အရှင်မဟာဗုဒ္ဓဃောသ စသော ဆရာမြတ်တို့ ဆိုတော်မူကြကြောင်း ။
အဘိဓမ္မတ္တ ၀ိဘာဝိနီဋီကာကျမ်း စသည်တို့တွင်လည်း “ တီဟိ ဒွါရေဟိ ၀န္ဒိတွာကျတ္တော “ ဟု ဒွါရ ၃
ပါး ဖြင့် ရှိခိုးပူဇော် ဖူးမြော် ကန်တော့ကြသည်ကို ပြဆိုကြောင်း ။ ၄င်းအပြင် -
ဝဇီရသာရတ္ထသင်္ဂဟ တွင် “ ဗွာဒီဃန္တ တ္တယံ ၀န္ဒေ ၊ ကာဝါမာတိ ၀ိဓာဒရံ ၊ တတေဿဝ အာနုဘာဝေန
၊ သောတ္ထိမေ ဟောတု သဗ္ဗဒါ “ ဟု ၊
၎င်းဋီကာတွင်လည်း “ ကာဝါမာတိ ၀ိဓာ ကာယ၀ါစာမန သင်္ခါတေဟိ တီဟိ ဒွါရေဟိ ၀န္ဒေ ၀န္ဒာမိ “ ဟု
ဖွင့်ပြကြောင်း ။
ထို့ကြောင့် “ ကာယဒွါရ , ၀စီဒွါရ , မနောဒွါရ တည်းဟူသော ဒွါရ ၃ ပါးဖြင့် ရှိခိုးပူဇော်
ဖူးမြော်ကန်တော့ပါ၏ “ ဟု ဆိုခြင်းသာလျှင် အမှန်ဖြစ်ကြောင်း စသည်ဖြင့် ဟောပြောတော်မူ သည် ။
၁၂၁၃ ခုနှစ်မှစ၍ ဟောပြောတော်မူခဲ့ရာ ၃ နှစ် , ၄နှစ်ခန့်ကြာ၍ ၁၂၁၇ ခုနှစ်သို့ ရောက်သောအခါ
ကျယ်ပြန့် ကြီးထွားလာသဖြင့် ငြင်းခုံမှုလည်း ဖြစ်ပေါ်လာသည် ။
အင်္ဂပူ ခေါ်သော အုဂ်ဖိုရ် တွင် စစ်ဘေးကြောင့် စစ်ပြေးများ လာရောက်ခုံလှုံနေကြသဖြင့်
စည်ကားလျက်ရှိသည် ။ ယင်း ဒါယကာများအတွင်းတွင် သြကာသကန်တော့ချိုးကို ဆိုရာတွင်
“ ကာယကံ , ၀စီကံ , မနောကံ တည်းဟူသော ကံ ၃ ပါးတို့ဖြင့်ဟု ဆိုခြင်းက မှန်သည် ။ ”
“ ကာယဒွါရ , ၀စီဒွါရ , မနောဒွါရ တည်းဟူသော ၃ ပါးသော ဒွါရတို့ဖြင့် ဆိုခြင်းမှန်သည် ” ဟု
သူမှန်ကိုယ်မှန် ငြင်းခုံလာကြသည် ။
အုဂ်ဖိုရ်ဆရာတော်၏ အဆုံးအဖြတ်ကို ခံယူကြသောအခါ အုဂ်ဖိုရ်ဆရာတော်က -
“ တိေဿာ ဣမာ ဘိက္ခဝေ ၀န္ဒနာ ၊ ကတမာ တိေဿာ ၊ ကာယေန ၀န္ဒတိ ၊ ၀စသာ ၀န္ဒတိ ၊ မနသာ
ဝန္ဒတိ ” ဟူသော အင်္ဂုတ္တိုရ်ပါဠိတော်ကို ကိုးကား၍ “ ဒွါရ ဖြင့် ရှိခိုးခြင်းသာ မှန်ကန် ကြောင်း ”
မိန့်ကြားတော်မူသည် ။
မကျေနပ်သူ အချို့က ထိုအချိန်တွင် အုဂ်ဖိုရ်မြို့ ၀ါဆိုကျောင်းတွင် ခေတ္တသီတင်းသုံး
နေတော်မူသော ဇိနတ္ထပကာသနီကျမ်းပြု ကျီးသဲလေးထပ် ဆရာတော်ထံ အဆုံးအဖြတ်ကို ခံ ယူကြရာ ၊
ကျီးသဲလေးထပ် ဆရာတော်က -
“ နတွာတိ ကာယကမ္မ ၀စီကမ္မ မနောကမ္မ သင်္ခါတေဟိ တီဟိ ကမ္မေဟိ နမဿိတွာ ” ဟူသော
ပါဌ်ကို ကာရိကာဋီကာပါဌ် ပြုလုပ်ကိုးကား၍ “ ကံဖြင့် ရှိခိုးကန်တော့ခြင်း မှန်ကြောင်း ” အဆုံးအဖြတ်
ပေးတော်မူသည် ။
ရှေးမွန်လူကြီးသူမအချို့သည် သြကာသ ကန်တော့ချိုးကို မွန်ဘာသာဖြင့် ဆိုကြရာ တွင် ကာယဒွါရ
, ၀စီဒွါရ , မနောဒွါရ ဟု ဒွါရကရိုဏ်းဖြင့် ဆိုကြသည်ကို ကြားသိရသည် ။ အချို့ကလည်း ကံကရိုဏ်းဖြင့်
ဆိုကြသည် ။ ယခုအခါ မြန်မာဘာသာဖြင့် ကာယကံ ၊ ၀စီကံ ၊ မနောကံဟု ကံကရိုဏ်းဖြင့် ဆိုနေကြပါသည်။
ဤသို့ ကံ , ဒွါရ ငြင်းခုံမှု ပြင်းထန်နေချိန်တွင် မန္တလေးနေပြည်တော်မှ ထင်ပေါ်ကျော် ကြားသော
သင်္ဂဇာဆရာတော် ကြွရောက်တော်မူလာရာ ၊ ကံ , ဒွါရ အယူ မသည်းကြသူ ကြား နေသမားများ၏
လျှောက်ထားချက်အရ ကံ , ဒွါရ အယူရှိသူများ , အယူသည်းသူများ၏ အလို ဆန္ဒအယူဝါဒနှင့်
မဆန့်ကျင်သော ၀ိနိစ္ဆယ အဆုံးအဖြတ် စကားများဖြင့် ဟောကြားဆုံးမတော် မူခဲ့ပါသည် ။
အုဂ်ဖိုရ်ဆရာတော် အရှင်ဥက္ကံဝံသမာလာ ၁၇ ၀ါရချိန် ၁၂၁၇ ခုနှစ်မှစ၍ အငြင်းပွားလာ သော ကံ ,
ဒွါရ ၀ိဝါဒကား တစ်စစ ပြင်းထန်ရိုက်ခတ်လာခဲ့ရာ ၊ ၁၂၂၄ ခုနှစ်တွင် ဦးသစ်နှင့် ဦးပေါ်လာ တို့ ၂ ဦးက
အလောင်းအစားပြု၍ မန္တလေးနေပြည်တော်သို့ ဆန်တက်ကာ ကံ,ဒွါရ အငြင်းပွားမှုကို
သုဓမ္မာဆရာတော်များထံ အဆုံးအဖြတ်ခံယူကြသည် ။ ထိုအချိန်တွင် သာသနာပိုင်ဆရာတော်မှာ
ဘဒ္ဒန္တဥေယျဓမ္မ ဖြစ်သည် ။
သုဓမ္မာဆရာတော်များက ယင်းပြဿနာကို ဖြေရှင်းပေးရန် မောင်းထောင်ဆရာတော် အား
တာဝန်ပေးအပ်တော်မူကြသည် ။ မောင်းထောင်ဆရာတော်က “ တိေဿာ ဣမာ ဘိက္ခဝေ ၀န္ဒာနာ ၊
ကတမာ တိေဿာ ကာယေန ၀ါစာယ မနသာ ဣမာတိေဿာ ဘိက္ခဝေ ၀န္ဒနာ ” ကိုပင် ထုတ်ပြ၍ ကံ , ဒွါရ
၂ မျိုးဖြင့် ရှိခိုးကန်တော့နိုင်ကြောင်း အဆုံးအဖြတ် ပေးတော်မူသည် ။
မောင်းထောင်ဆရာတော်က ဖော်ပြပါ အင်္ဂုတ္တိုရ်ပါဠိတော်ကို သိလေသာလင်္ကရနည်း အရ “ သုဓိ ”
ဟူသော ပုဒ်တွင် “ ဘုရား ” ဟူသောအနက် , “ လ ” ဟူသောအနက် ၂မျိုးရသကဲ့သို့လည်းကောင်း ၊
ဒွါရဒွါရိကာနံ အ၀ိနာဘာဝတော စသော မဏိမဉ္စူကို ကိုးကား ၍ အ၀ိနာဘာဝနည်းတို့ကို
ထုတ်ဆောင်ပြ၍လည်းကောင်း ၊ ကာယေန ၊ ကာယဒွါရဖြင့် (၀ါ) ကာယကံဖြင့် ။ ၀ါစာယ ၊ ၀စီဒွါရဖြင့် (၀ါ)
ဝစီကံဖြင့် ။ မနသာ ၊ မနောဒွါရဖြင့် (၀ါ) မနောကံ ဖြင့် ဟု ၀ါဝိကပ်ဖြင့် ဒွါရကရိုဏ်း , ကံကရိုဏ်း ၂ မျိုးဖြင့်
အနက်ပေးသင့်သောကြောင့် ကံ , ဒွါရ အယူအဆ ၂ မျိုးစလုံး သင့်ကြောင်း ။ ကံကရိုဏ်းထားခြင်းကို
မိစ္ဆာဉာဏ်ဟု မဆိုသင့် ကြောင်း ။ မိစ္ဆာဉာဏ်ဟူသည် မကောင်းမှု အကုသိုလ်ပြုရာတွင်သာ ဖြစ်ပါကြောင်း ။
ဤသို့ စသည့် အဆုံးအဖြတ်ကို ရေးသားပေးပို့တော်မူခဲ့သည် ။
မောင်းထောင်ဆရာတော်၏ အဆုံးအဖြတ်ကို အုဂ်ဖိုရ်ဆရာတော် မြင်ရသောအခါ
“ ပရပ္ပ၀ါဒီနိမ္မဒ္ဒနကထာ မေတ္တာစာ ” နာမည်ဖြင့် ရသဖြင့် ၊ “ ပရပ္ပ၀ါဒီနိမ္မဒ္ဒနကထာ မေတ္တာစာ ” အမည်ဖြင့်
ပင် ချေပစာကိုရေးပြီး မောင်းထောင်ဆရာတော်ထံ ပေးပို့ခဲ့သည် ။ ပရပ္ပ၀ါဒီနိမ္မဒ္ဒန ကထာ မေတ္တာစာတွင်
မောင်းထောင်ဆရာတော်၏ အဆုံးအဖြတ်ကို တစ်ပုဒ်စီ တစ်ပုဒ်စီ အနု စိတ် ရှင်းလင်းချေဖျက်ပြီး
မိစ္ဆာဉာဏ်ဖြစ်ကြောင်း ၊ ဒွါရဖြင့် ရှိခိုးကန်တော့ခြင်း မှန်ကန်ကြောင်း အကိုးအကား သာဓကများစွာဖြင့်
အကျယ်တ၀င့် ရေးသားထားသည်ကို တွေ့ရှိရသည် ။ မောင်းထောင်ဆရာတော်ထံ ပရပ္ပ၀ါဒီနိမ္မဒ္ဒနကထာ
မေတ္တာစာ ရေးသားပေးပို့သကဲ့သို့ ၊ သုဓမ္မဆရာတော်များထံသို့လည်း “ ဆရာတော်ဘုရားတို့ထံ
သာသနာရေးနှင့်စပ်သော အရာ ဌာနများကို ရာမညတိုင်းမှ ဆန်တက်လျှောက်ကြားလာလျှင်
သာသနာတော်မြတ် စည်ပင် ထွန်းလင်းအံ့သည်ကိုသာ မျှော်လင့်တောင့်တတော်မူကုန်၍ ဂရု , လဟု ၂
ပါးတို့တွင် ကောင်းမြတ်သော အဆုံးအဖြတ်များကိုသာ ရေးသား ဆုံးဖြတ်တော်မူပါမည့်အကြောင်း ” ကို
လျှောက်ထားသော သတိသမ္မဇညမေတ္တာစာကို ရေးသားပေးပို့တော်မူခဲ့သည် ။
အုဂ်ဖိုရ်ဆရာတော်က မောင်းထောင်ဆရာတော်ထံ ရေးသားပေးပို့သော ပရပ္ပ၀ါဒီနိမ္မဒ္ဒနကထာ
မေတ္တာစာ နှင့် စပ်လျဉ်း၍ မောင်းထောင်ဆရာတော်က ပြန်လည်မိန့်ကြားတော်မူပုံကို မန္တလေးနေပြည်တော်
မှန်ကျောင်းဆရာတော် ဦးဉာဏ၀ံသ က အုဂ်ဖိုရ်ဆရာတော်ထံ စာရေးသား လျှောက်ထားခဲ့သည်ကို
တွေ့ရှိရသည် ။ စာတွင် -
မောင်းထောင်ဆရာတော်က တန်ခူးလဆန်း ၁၁ ရက်နေ့ နံနက်တွင် မိမိအား ပင့်ခေါ်၍
အောက်ရာမညတိုင်း အုဂ်ဖိုရ်ကန်ကုန်းတိုက်အုပ် ဦးဥက္ကံဝံသမာလာ ကံဒွါရအရေးကို စာပြန်လိုက်သည်ဟု
ကြားသိရသဖြင့် “ ဦးပဉ္စင်းတွင် စာပါလော ” ဟုမေးကြောင်း “ ပါ ပါ ကြောင်း ” လျှောက်ထားသောအခါ ၊
မောင်းထောင်ဆရာတော်က “ ကျွန်ုပ်သည် ရှေးကာလက အုဂ်ဖိုရ်ဆရာ ဒွါရ၀ါဒီရှိမှန်းကို သေချာစွာ
မသိပါကြောင်း ၊ ၁၂၂၄ ခုနှစ် ငသစ် , ငပေါ်လာ ဒကာ ၂ ဦးတို့ လျှောက်ထားလာကြရာ မာန်ပြေရန်ပြေ
သာမညကြံဆလျက် ဆုံးဖြတ်ပေးလိုက်ပါကြောင်း ။ အုဂ်ဖိုရ်ဆရာတော် အဆုံးအဖြတ်
အမိန့်စကား၏အဖြစ်ကို ဧကန်သိရပါလျှင် သာမညပြုလိုက်မည် မဟုတ်ကြောင်း ။ အုဂ်ဖိုရ်ဆရာတော်
ဝါသိက္ခာ မည်မျှ ရှိသနည်း ” ဟုမေးမြန်းရာ ၊ “သိက္ခာ ၂၀ ကျော်ရှိသည် ” ဟု ဖြေခဲ့ပါကြောင်း ။
မောင်းထောင် ဆရာတော်က “ ကျွန်ုပ်ထက် ၀ါသိက္ခာကြီးသည်ဖြစ်လျှင် ခြေတော်ကို ဦးဖြင့်ထိ၍
ပူဇော်ကန်တော့ တောင်းပန်နိုင်ပါ၏ ဟု ဦးပဉ္စင်းက စာရေးလျှောက်ထားပါ ” ဟုမိန့်ပါကြောင်း ။ စသည်ဖြင့်
ရေးသားထားသည် ။
အချုပ်အားဖြင့် အုဂ်ဖိုရ်(အင်္ဂပူ)ဆရာတော် အရှင်ဥက္ကံဝံသမာလာသည် သြကာသ ကန်တော့ချိုးတွင်
ကာယကံ , ၀စီကံ , မနောကံဖြင့် ရှိခိုးကန်တော့ခြင်းကို မှားယွင်းသည်ဟု ပစ်ပယ်တော်မူပြီး ၊ ကာယဒွါရ ,
ဝစီဒွါရ , မနောဒွါရဖြင့် ရှိခိုးပူဇော် ဖူးမြော်ကန်တော့ခြင်းသာ ကျမ်းဂန်နှင့်ညီသည်ဟု အခိုင်အမာ
ယူတော်မူခဲ့သည် ။
ထို့ကြောင့် အုဂ်ဖိုရ်ဆရာတော်နှင့်တပည့်သာဝက သံဃာအစုကို " ဒွါရဂိုဏ်း " ဟု ခေါ်ကြရာမှ
ဒွါရဂိုဏ်းလည်း အထင်အရှား ဖြစ်ပေါ်လာပါတော့သည် ။
ကျမ်းညွှန်း -