Wednesday, November 25, 2009

ကိုးကွယ်ရာမှ ဘေးဖြစ်ရခြင်း




            ကိုးကွယ်ရာမှ ဘေးဖြစ်ရခြင်း

          ကျွန်ုပ်တို့ရရှိထားသော လူ့ဘ၀ကြီးသည်ကား ချမ်းသာဆင်းရဲ နှစ်မျိုးရောပြွမ်းနေရာ

 ဘုံဌာနကြီး ဖြစ်လေသည် ။ ထိုနှစ်မျိုးကို ထိုက်သည့်အားလျော်စွာ ခံစားစံစား နေကြရသည့်

ဘုံဌာနကြီး ဖြစ်လေသည် ။

         လူတို့၏ ပင်ကိုယ်ဘ၀မှာလည်း ချမ်းသာကိုသာ ခံစားလိုကြသည် ။ ဆင်းရဲကိုမူ မခံစား

လိုကြပေ ။ ကြားလည်း မကြားလိုကြပေ ၊ သို့အတွက် မိမိတို့ဘ၀အတွက် ချမ်းသာသုခပေး

စွမ်းနိုင်မည့် ၊ ဆင်းရဲဒုက္ခ ကာကွယ်ပေးနိုင်မည် ထင်ရသည့် ပုဂ္ဂိုလ်များကို ရှာမှီးနေတတ်ကြ

ပေသည် ။ ထိုပုဂ္ဂိုလ်မျိုးကို ကိုးကွယ်နေတတ်ကြပေသည် ။

          ယင်းသို့ အကိုးကွယ်ခံ ပုဂ္ဂိုလ်ရှာမှီးကြရာတွင် အားကိုးလောက်သည့် ပုဂ္ဂိုလ် ၊ ဆရာ

ကောင်းသမားကောင်း  ဖြစ်သည့် ပုဂ္ဂိုလ်တို့ကို ရွေးချယ်တတ်ဖို့ လိုပေသည် ။ သို့မဟုတ်ပါက “ 

ဇာတံ သရဏတော ဘယံ = ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည် “ ဟူသော စကားတော် နှင့်အညီ

မလိုလားအပ်သည့် အပါယ်ဒုဂ္ဂတိသို့ကျရောက်ခြင်း ၊ အရှက်တကွဲဖြစ်ရခြင်း ၊ စိတ်

ဆင်းရဲခြင်းဖြစ်ရခြင်း စသည့်ဆိုးကျိုးများ ခံစားရတတ်ပေသည် ။

         ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ ကိုးကွယ်မှုပိုင်းဆိုင်ရာကို လေ့လာကြည့်ပါက

အချို့ပုဂ္ဂိုလ်များသည် ရဟန်းတော်တစ်ပါးပါးကို ကြည်ညိုကိုးကွယ်ရာတွင် ထိုပုဂ္ဂိုလ်၏ အနေ

အထိုင် ၊ အကျင့်သီလ ၊ သမာဓိ ၊ ပညာကို မလေ့လာ မစူးစမ်းပဲ နာမည်ကျော်ကြားမှု ၊ ဥပဓိ

ကောင်းမှု ၊ အသံကောင်းမှု အဟောအပြောကောင်းမှု တို့လောက်ကိုသာ လေ့လာအကဲခတ်၍

ကြည်ညိုကိုးကွယ်နေတတ်ကြပေသည် ။ နောင်အခါ ထိုပုဂ္ဂိုလ်၏ မကောင်းသတင်းထွက်မှု ၊

လူထွက်သွားမှု စသည့်အကြောင်းတစ်ပါးပါး ဖြစ်ခဲ့သော် အကြီးအကျယ် ဒေါသဖြစ်တတ်ကြ

လေသည် ။ အခြား ရဟန်းကောင်းများကိုလည်း အထင်သေး အမြင်သေး ဖြစ်တတ်ကြလေ

သည် ။ အယူဖောက်ပြန်တတ်ကြလေသည်

           ကိုးကွယ်ရာမှ ဘေးဖြစ်တတ်ပုံကို သာဓကများစွာရှိသည့်အနက် ---

          ရွာတစ်ရွာတွင် ဦးဇင်းငယ်တစ်ပါး ကျောင်းထိုင်လျက်ရှိ၏ ။ ထိုဦးဇင်းသည် မန္တလေးမြို့ ရှိ

စာသင်တိုက်ကြီးတစ်တိုက်တွင် စာသင်ခဲ့ဖူး၏ ။ အဟောအပြောကောင်း၏ ။ ဆရာတော်

ဦးဥာဏိဿရ၏ တရားတိတ်ခွေများနားထောင်လေ့ရှိ၏ ။ တရားဟောရာတွင် အသံကောင်း ၏ ။

ဆရာတော်ဦးဥာဏိဿရနှင့် ခပ်ဆင်ဆင်တူသည်ဟုလည်း ဆိုသည် ။

        ထိုသို့ အဟောအပြောကောင်းမှုကြောင့် ၄င်းမှာ ထိုဒေသတွင် ထင်ပေါ်ကျော်ကြားလျက်

ရှိ၏ ။ သာမှုနာမှုများတွင် ၄င်းမပါလျှင် မပြီးသလောက် ဖြစ်နေ၏ ။ ၄င်းချည်း ဒိုင်ခံဟောပြော

နေရသည် ဆို၏ ။ ယင်းသို့ အဟောအပြောကောင်းမှု ၊ ထင်ပေါ်ကျော်ကြားမှုတို့ကြောင့် ထိုရွာ မှ

ဒကာတစ်ဦးက သိမ်ထပ်ပေး၏ ။ သိမ်ထပ်ပွဲတွင် ၄င်းအတွက် အဖိုးတန်ပစ္စည်းတွေချည်း

ဝယ်လှူ၏ ။

        ထို့နောက် ဦးဇင်းငယ်မှာ ရပ်ရွာမှ မာတုဂါမများနှင့် ရင်းရင်းနှီးနှီး အရောတ၀င် ဖြစ်လာ

သည် ။ မကြာပါချေ ၊ သိမ်ထပ်ပွဲပြီး၍ တစ်လခန့်ကြာသောအခါ မာတုဂါမတစ်ယောက်နှင့်

ထွက်ပြေးပါလေတော့သည် ။ သိမ်ထပ်ပွဲတုန်းက လှူလိုက်သည့် ပစ္စည်းများမှာ မင်္ဂလာလက်

ဖွဲ့ရသည့်နှယ် ဖြစ်သွားလေသည် ။

      သိမ်ထပ်ပေးလိုက်သည့် ဒကာမှာ သူ့မျက်နှာ အိုးမည်းသုတ်သွားရကောင်းလားဟု အကြီး

အကျယ် ဒေါပွလျက်ရှိ၏ ။ အခြားရဟန်းတော်များကိုလည်း “ ဒီပုတ်ထဲက ဒီပဲ , ပဲနေကြမှာပဲ ၊

ဒီဘုန်းကြီးတွေ လှူနေလည်း အလကားပဲ ၊ သားစာ မယားစာ ဖြစ်ကုန်ကြမှာ ၊ မလှူတာပဲ

ကောင်းပါတယ် “ စသည်ဖြင့် ပြောမိဆိုမိတော့၏ ။ ကိုးကွယ်ဆည်းကပ်မှုမှား၍ စိတ်ဆင်းရဲဖြစ်

ရခြင်းနှင့် အယူဖောက်ပြန်မှု ဖြစ်ရခြင်းပါတည်း ။

           ထိုဦးဇင်းနှင့်အလားတူ ဦးဇင်းတစ်ပါးလည်း ဖြစ်ခဲ့ဖူး၏ ။ အသက်သုံးဆယ်အရွယ်တွင်

တရားပွဲပေါင်းများစွာ လိုက်နေရ၍ တိုင်းသိပြည်ကျော် ထင်ရှားလျက်ရှိသည် ။ ၄င်းအား ဒကာ

တစ်ဦးက ကြည်ညိုလွန်းလှသဖြင့် ကားတစ်စီး ၀ယ်လှူလိုက်သည် ။ ၄င်းလည်းမကြာပါချေ ။

လူထွက်သွားပြန်လေ၏ ။ ထိုအခါ ကားလှူထားသည့်ဒကာ က သူ့ကားကို ပြန်တောင်းရာ မရ

သဖြင့် ရုံးရောက် ၊ ဂတ်ရောက် ဒုက္ခရောက်ကြရလေ၏ ။

           ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအား အသိပေးလိုသည်မှာ ယခုခေတ် ရဟန်းတော်

အများစုမှာ ပုထုဇဉ်အဆင့်မျှသာ ရှိကြပါသေးသည် ။ အရိယာအဆင့် မရောက်ကြသေးပါ ။

ပုထုဇဉ်ဟူသည်မှာလည်း အရိယာပုဂ္ဂိုလ်တို့ကဲ့သို့ သဒ္ဓါတရား မခိုင်မြဲကြသေးပါ ။ ရတနာသုံး

ပါးတို့ ၌ အသက်စွန့်လွှတ်၍ မကြည်ညိုနိုင်ကြသေးပါ ။ သို့အတွက် ဘုရားရှင်သာသနာတော် မှာ

တစ်သက်လုံး သင်္ကန်းဝတ်ဘ၀နှင့် အရိုးထုတ်သွားပါမည်ဟု မည်သူမျှ အာမခံချက် မပေး

နိုင်ကြသေးပါ ။

        ပစ္စည်း ၊ မာတု ၊ ဤနှစ်ခု ၊ ဘိက္ခုသေမင်း ၊ ဓားနှစ်စင်း “ ဟူသော ဆောင်ပုဒ်နှင့်အညီ

ပစ္စည်းဥစ္စာ ၊ မာတုဂါမ ဤအာရုံနှစ်မျိုး၏ ဒဏ်ကို ကြံ့ကြံ့ခံနိုင်စဉ် ၌ သာသနာတော်၌ မြဲနေ

ပါလိမ့်မည် ။ ထိုအာရုံနှစ်မျိုးဒဏ်ကို မခံနိုင်သည့် တစ်နေ့ ၌ သာသနာတော်မှ ဈာန်လျှောသွား

တတ်ကြပေသည် ။ ထိုအခါ သဘောထားကြီးကြီးဖြင့် ခွင့်လွှတ်တတ်ကြရပေမည် ။

        ထို့အပြင် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းရာ၌ ရဟန်းတော်များကို ကြည်ညိုကိုးကွယ်

ရာတွင် သာသနာတော်ကို လှူဒါန်းသည်ဟု အာရုံပြု၍သာ ထောက်ပံ့လှူဒါန်းသင့်သည် ။

သံဃာတော်ကို အာရုံပြု၍သာ ထောက်ပံ့လှူဒါန်းသင့်သည် ။ ကြည်ညိုကိုးကွယ်သင့်ကြပေ သည် ။

ထိုသို့မဟုတ်ဘဲ ပုဂ္ဂိုလ်စွဲဖြင့် ကြည်ညို ကိုးကွယ်ကြပါက ဖော်ပြပါ ပုဂ္ဂိုလ်တို့ကဲ့သို့ မိမိ

ကြည်ညိုသည့်ပုဂ္ဂိုလ်က လူထွက်သွားခြင်းစသော ဂုဏ်သိက္ခာကျစရာ အကြောင်းတစ်ပါးပါး

ဖြစ်ခဲ့သော် ကုသိုလ်မရဘဲ အကုသိုလ်သာ များတတ်ပေသည် ။ ဤအကြောင်းနှင့်ပတ်သက်၍

အင်္ဂုတ္တိုရ်ပါဠိတော် ၊ ပဉ္စကနိပါတ်တွင်လာရှိသော ပုဂ္ဂိုလ်စွဲ ၊ ကြည်ညိုခြင်းအပြစ်များကို တင်ပြ

လိုပါသည် ။

         ပုဂ္ဂိုလ်တစ်ဦးသည် ရဟန်းတော်တစ်ပါးကို လွန်စွာကြည်ညိုလျက်ရှိ၏ ။ ထိုရဟန်းတော် ကို

အခြားရဟန်းတော်များက နှင်ထုတ်လိုက်သည့် အာပတ်သင့်မှုကြောင့် နှင်ထုတ်လိုက်၏ ။

သို့မဟုတ် နိမ့်ကျသည့်နေရာတွင် နေစေ၏ ။ သို့မဟုတ် ထိုရဟန်းတော်ကိုယ်တိုင် အရပ်တစ် ပါး

ပြောင်းရွှေ့သွား၏ ။ လူထွက်သွား၏ ။ ပျံလွန်တော်မူသွား၏ ။ ထိုအခါ ယင်းရဟန်းတော်ကို

ကြည်ညိုရင်းစွဲဖြစ်သော ပုဂ္ဂိုလ်ကား “ ငါကား ဒီရဟန်းတော်ကို ကြည်ညို၏ ။ ချစ်မြတ်နိုး၏ ။

ငါကြည်ညိုသည့် ရဟန်းတော်ကို ဒီကိုယ်တော်တွေက အဂတိလိုက်ပြီး နှင်ထုတ်ကြတယ်

စသည်ဖြင့် အထင်ရောက် စိတ်ခု၍ အခြားရဟန်းတော်များကို မကြည်ညိုတော့ပေ ။ သို့အ တွက်

ထိုရဟန်းတော်များထံ မဆည်းကပ် မကိုးကွယ်တော့ပေ ။

            ထိုအခါ သူတော်ကောင်းတရားကို မနာယူရတော့ပေ ။ ယင်းသို့ဖြစ်လျှင် ထိုပုဂ္ဂိုလ်မှာ

သူတော်ကောင်းတရားတို့မှ ဆုတ်ယုတ်ရပေတော့မည် ။ ကောင်းကျိုး ချမ်းသာများမှ ဆုတ်

ယုတ်ရပေတော့မည် ။

        သို့ဖြစ်၍ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အနေဖြင့် ပုဂ္ဂိုလ်တစ်ပါးပါးကို ကြည်ညိုကိုးကွယ်ကြ

ရာတွင် ကိုးကွယ်ရာမှ ဘေးဖြစ်တတ်ကြောင်းကို သတိပြု၍ စူးစမ်းဆင်ခြင်ပြီးမှ ကိုးကွယ်သင့်

ကြပါကြောင်း သတိပေးအပ်ပါသတည်း ။          

 

ကျမ်းညွှန်း -

တက္ကသိုလ်သောတုဇန ( သာသနတက္ကသီလ မဟာဓမ္မစရိယ )

ပုဂ္ဂိုလ်ထူးဆိုလျှင်ကြည်ညိုစရာလားနှင့်ကိုးကွယ်မှုမှန်ကန်ရေးဓမ္မစာစု



        ..............................................................................................

ဇမ္ဗုပတိချွတ်ခန်းပုံတော်နှင့်ပတ်သက်သည့်သြ၀ါဒ





          ဇမ္ဗုပတိချွတ်ခန်းပုံတော်နှင့်ပတ်သက်သည့်သြ၀ါဒ

          မြတ်စွာဘုရားပုံတော်အချို့တွင် မင်းမြှောက်တန်ဆာများနှင့်ပုံတွေ ဖူးတွေ့ရပါ၏ ။        

ရှင်ဘုရင်တစ်ပါး၏အဆင်အရင်များဖြစ်သော ဗောင်းတော် ၊ မကိုဋ်တော် ၊ စလွယ်တော် တို့     

ကို ဆင်မြန်းထားပါသည် ။ သန်လျက်မပါတာတစ်ခုပဲ ရှိပါတော့သည် ။ ဤတွင် အထင်ရှား

ဆုံးကိုဆိုရလျှင်မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်မြတ်စွာဘုရားမှာဖူးမြင်နိုင်ပါသည် ။ အား

လုံးပြောကြသည်မှာ ဇမ္ဗုပတိချွတ်ခန်းပုံတော်ဟု ဆိုကြပါသည် ။ ဤဇမ္ဗုပတိချွတ်ခန်းပုံတော်

နှင့်ပတ်သက်ပြီး ဆရာတော်ကြီးများ၏ သြ၀ါဒများကို တင်ပြလိုက်ရပါသည် ။ ----

            တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံ ဇမ္ဗုပတိချွတ်ခန်းပုံတော်နဲ့

ပတ်သက်ပြီး သြ၀ါဒပေးခဲ့ဖူးပါသည် ။ ဆရာတော်၏မိန့်ကြားချက်မှာ -

             ဘုရားကို သက်တော်ရှိတဲ့အနေနဲ့ စဉ်းစားလိုက်စမ်းပါ ၊ ဘုန်းကြီးတို့က ဘုရားဟာ

တောမထွက်ခင်တုန်းက နန်းသုံးဆောင်နှင့်မိဖုရား အခြံအရံများစွာနဲ့ စကြာမင်းစည်းစိမ်တမျှ

ကျကျနန ချမ်းချမ်းသာသာ ခံစားစံစားလာခဲ့တယ် ။

            နောက်ဒါတွေ အပြစ်မြင်လို့ အားလုံးကို စွန့်ပယ်ပြီး တောထွက်ခဲ့တယ် ။ ဥရုဝေလ

တောမှာ ဘုရားဖြစ်ကြောင်း အကျင့်တွေ ကျင့်လို့ ဘုရားဖြစ်လာခဲ့တယ် ။ အခုလို သဗ္ဗညုတ

ဥာဏ်တော်သခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဖြစ်လာကာမှ ရှင်ဘုရင် ဘ၀တုန်းက ဗောင်း

တော် ၊ မကိုဋ်နဲ့ဆင်မြန်းခဲ့တဲ့စလွယ်ကြီးတို့ကို သံယောဇဉ်တွယ်မက်မောနေဦးမလား ။စဉ်းစား

စမ်းပါ ။ “

             ပြီးတော့ သက်တော်ထင်ရှား ဘုရားရှင်အား အဲဒီ ဗောင်းတော် ၊ မကိုဋ်ကြီးတွေ ၊

စလွယ်ကြီးတွေကို သွားပြီး ကပ်လှူကြည့်စမ်းပါ ။ သဘောကျစွာ လက်ခံထားမလား ။ လက်ခံ

ထားပြီး ဗောင်းတော်ကို ခေါင်းတော်မှာ စွပ်၍ တရားနာလာကြတဲ့ ပရိတ်သတ်တွေကို ( ဦး

ခေါင်းတော်ကြီး တညိတ်ညိတ်နဲ့ ) ဧည့်ခံစကား ပြောမယ်ထင်သလား ။ သဘာဝကို စဉ်းစား

စမ်းပါ ။

       ဘုန်းကြီးတို့ လူ့လောကမှာ ရှင်ဘုရင်လုပ်ချင်တဲ့သူတွေ ပေါတယ် ။ ရှင်ဘုရင်ကိုလည်း

အထင်ကြီးတယ် ။ မြတ်နိုးတယ် ။ အထွတ်အမြတ် ထားတယ် ။ဘုရင်ကို အထွတ်အမြတ်ထား တော့

သူ့ရဲ့ ပုံပန်း အဆောင်အယောင်ကိုပါ မြတ်နိုး တန်ဖိုးထားလာတော့တာပေါ့ ။ အဲဒီလူ တွေက

အထွတ်အမြတ်ထားဖို့အတွက် ရုပ်ထုတော်ထုတဲ့အခါ ရှင်ဘုရင်နဲ့ အဆောင်အယောင် တွေပါ

တပ်ဆင်ကုန်ကြရော ။ ရိုးရိုးသာမန် လူတွေက ဤဘုရားကုသိုလ်ကြောင့် ဘ၀သံသရာ မှာ

ရှင်ဘုရင်ဖြစ်ချင်ကြ ။ ရှင်ဘုရင်ဖြစ်ပြီးသူတွေကလည်း သူတို့ရဲ့ အထွတ်အမြတ် အဆောင်

အယောင်တွေ တပ်ဆင်တာ သဘောကျ ။ အဲဒီက စ , လာကြဟန် တူပါရဲ့ ။

          တစ်ချို့ကပြောကြပြန်တယ် ။ ဇမ္ဗုပတိချွတ်ခန်းတဲ့ ။ ဇမ္ဗုပတိမင်းဟာ မာနကြီးလွန်း လို့

ဘုရားကလည်း သူ့ထက် လှပသာလွန်တဲ့ ရှင်ဘုရင်ပုံ ဖန်ဆင်းပြပြီး ချွတ်တာတဲ့ ။ အဲဒီ

အကြောင်းအရာဟာ ပိဋကတ်သုံးပုံ ဘယ်ပါဠိတော် ၊ အဋ္ဌကထာ ၊ ဋီကာတို့မှာမှ မရှိပါဘူး ။

ထေရ၀ါဒသာသနာက လက်မခံတဲ့ ( ဇင်းမယ်ပဏ္ဍာသပါဠိတော် ) ထဲမှာ ပါတယ်လို့ ဆိုကြပြန်

တယ် ။ ဒါလည်း မိုးကုတ်ခါတော်မှီဆရာတော် အရှင်ပညိန္ဒာဘိဝံသကတော့ “ ဇင်းမယ်ပဏ္ဍာ

သမှာလည်း မတွေ့ပါဘူး “ လို့ပြောတယ် ။

မှတ်ချက် ။       ။ အရှင်ပညိန္ဒာဘိဝံသ ရေးသားသည့် ထေရ၀ါဒဗုဒ္ဓဘာသာစစ်တမ်းစာအုပ် ၊

စာမျက်နှာ - ၁၁၀ ၊ ၁၁၁-တို့မှ “ မကိုဋ်သရဖူဆောင်းကာ စလွယ်ဆင်မြန်းထားသည့် ရုပ်ပွား

ဆင်းတုတော်သည် ဇမ္ဗုပတိမင်းကို ချွတ်တော်မူသည့်အခါ ဖန်ဆင်းတော်မူသည့်မြတ်စွာဘုရား ၏

နိမ္မိတရုပ်ပုံတော်ဖြစ်သည်ဟု ဆိုကြသည် ။ ၄င်းအကြောင်းအရာ ထေရ၀ါဒပိဋကတ်တော် တွင်

မလာရှိ ၊ မပါရှိပေ ။

         နီပေါနှင့် တိဗက်လူမျိုးတို့ ရွတ်ဆိုကိုးကွယ်ပူဇော်ကြသည့် “ အွမ်ဝဇီရပါဏိဟွမ် “ ဟူ သော

ဂါထာမန္တရားအရ သရဖူဆောင်းကာ ၀တ်ရုံကိုဆင်မြန်းလျက် ၀ရဇိန်လက်နက်ကို စွဲကိုင်

ထားသော ဘုရားအလောင်းတော် အ၀လောကိတေသွာရ နှင့် “ အွမ်ဝဇီရပါဏိဟွမ် “ ဟူသော

ဂါထာမန္တရားအရ ပဒုမာကြာပန်းထဲက ပတ္တမြားရတနာတည်းဟူသော အမိတာဘာဘုရား၏

အသွင်သဏ္ဍာန်ကို အတုယူကာ ဤကဲ့သို့ ဆင်မြန်းထားဟန်တူပေသည်ဟု မိန့်ဆိုတော်မူပေသည် ။

        ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်မှု မှန်ကန်ရေးအတွက် တောင်မြို့ ၊ မဟာဂန္ဓာရုံဆရာတော်

အရှင်ဇနာကာဘိဝံသ ၏ သြ၀ါဒများမှ ကောက်နှုတ်တင်ပြလိုက်ပါသည် ။

          နောက် မေတ္တာရှင် (ရွှေပြည်သာ)အရှင်ဇ၀န ၏ ဇမ္ဗုပတိရုပ်ပွားနှင့်ပတ်သက်သည့်

သြ၀ါဒမှာ ---

           ဟ……ဘုရားပါဆိုမှ ဒီမကိုဋ် ၊ စလွယ်တွေကို ၀တ်ပါ့မလား ။ ဘုရားဟောလည်း

မရှိပါဘူး ။ တစ်ချို့ကတော့ ယိုးဒယားဘုန်းတော်ကြီးတစ်ပါးရဲ့ “ ဇင်းမယ်ပဏ္ဍာသကျမ်း “ က

လာတယ်လို့ ဆိုတယ် ။ ဇင်းမယ်ပဏ္ဍာသကျမ်းကို ဖတ်ကြည့်တော့ ဇမ္ဗုပတိချွတ်ခန်း မတွေ့ရ ဘူး ။

ဇင်းမယ်ပဏ္ဍာသကျမ်းကလည်း မူဘယ်နှစ်မျိုးကွဲနေတယ် မသိဘူး ။ တစ်ချို့ကလည်း

တစ်မျိုးဆိုပြန်တယ် ။တစ်ချို့ က ဘုရားမပွင့်တဲ့ကျွန်းတွေကို ဗုဒ္ဓကြွတော်မူပြီး တရားဟောတဲ့

အခါ အဲဒီ ကျွန်းသူကျွန်းသားတွေဟာ ဘုရားရှင်ကို သူတို့ ရှင်ဘုရင်ကြီးအသွင်ပဲ မြင်ကြတယ် လို့

ပိဋကတ်တော်မှာ ဗုဒ္ဓဟောကြားချက် ရှိတယ် ။ ဒီဟောကြားချက်ကို အကျကောက်ပြီး

စောစောကပုံမျိုး ထုကြတယ်လို့ ဆိုပြန်တယ် ။

         “ ဒါလည်း လုံလောက်တဲ့ အထောက်အထား မဟုတ်ပါဘူး ။ ဘုရားက မင်းမြှောက်တန်

ဆာတွေ တကယ်ဝတ်တာမှ မဟုတ်ဘဲ ။ ကျွန်းသူကျွန်းသားတွေ ‘ ပုဂ္ဂိုလ်ခင်မှတရားမင် ‘ ဆို

တာမျိုးဖြစ်အောင် သူတို့မျက်စိထဲမှာ သူတို့ရှင်ဘုရင်အသွင်မြင်စေ - လို့ အဓိဋ္ဌာန်တာပဲ ရှိတာ ပါ ။

         တစ်ချို့က မင်းမြောက်တန်ဆာအ၀တ်နဲ့ ပူဇော်ရတော့ ဗုဒ္ဓရဲ့ဂုဏ်တွေတက်သွားမယ်

ထင်နေကြတာ ။ တကယ်တော့ ဂုဏ်မတက်တဲ့အပြင် ဂုဏ်ပျက်ပါသေးတယ် ။ ဘာဖြစ်လို့

လည်းဆိုတော့ (၃၁) ဘုံမှာအတုမရှိတဲ့ ဘုရားရှင်ကို ဘာမဟုတ်တဲ့ ရှင်ဘုရင်အဖြစ်နဲ့ နှိုင်းတာ

ဟာ ဗုဒ္ဓရဲ့ဂုဏ်တွေ ဘယ်မှာလာတက်တော့မလဲ ၊ တကယ်တော့ အဲဒီ ရှင်ဘုရင်အဖြစ်ကို

စက်ဆုပ်လို့ စွန့်ပစ်ခဲ့ပြီး ဘုရားဖြစ်အောင် ကျင့်ခဲ့တာ မဟုတ်လား ။

         ဘုရားရှင်က ရဟန်းတော်တွေအတွက် ၀ိနည်းသိက္ခာပုဒ်တွေ ပညတ်တော်မူရာမှာ

မကြာခဏဟောကြားလေ့ရှိတဲ့ စကားနှစ်ခွန်း ရှိတယ် ။

         “ မကြည်ညိုသေးသူများ ကြည်ညိုလာစေရန် ၊

            ကြည်ညိုပြီးသူများ တိုး၍ ကြည်ညိုလာစေရန် “ တဲ့ ။

အခုကိစ္စမှာလည်း မင်းမြှောက်တန်ဆာတွေ ၀တ်ဆင်ထားတဲ့ ရုပ်ပွားတွေ ထုလုပ်ကိုးကွယ်ခြင်း

အားဖြင့် မကြည်ညိုသေးသူတွေ ကြည်ညိုလာစေရန် အကြောင်းမရှိဘူး ၊ နောက်တစ်ခါ ကြည်

ညိုပြီးတဲ့သူတွေ တိုးပြီး ကြည်ညိုလာစရာလည်း အကြောင်းမရှိဘူး ။

           အထက်ပါအချက်တွေကိုထောက်ပြီး မင်းမြောက်တန်ဆာဝတ်တဲ့ ဇမ္ဗုပတိချွတ်ခန်း

ရုပ်ပွားတွေကို မထုလုပ်တာပဲ ကောင်းတယ် “ ဟု သြ၀ါဒပေးခဲ့ပါသည် ။

 

ကျမ်းကိုး -

မင်းဘူးအရှင်ကဉ္စန - ဘာသာရေးပြဿနာအဖြေလွှာများ

မေတ္တာရှင်(ရွှေပြည်သာ) - ထေရ၀ါဒမှတ်ကျောက်

တက္ကသိုလ်သောတုဇန   - ပုဂ္ဂိုလ်ထူးဆိုလျှင်ကြည်ညိုစရာလားနှင့်ကိုးကွယ်မှုမှန်ကန်ရေးစာစု

(သာသနတက္ကသီလ မဟာဓမ္မစရိယ)

..............................................................................................

Thursday, November 19, 2009

ဆင်ခံ၊မြင်းခံဘုရားပြဿနာ




           ဆင်ခံ၊မြင်းခံဘုရားပြဿနာ

 

           ဘာသာရေးနှင့်ပတ်သက်သော အပြုအမူ ဆောင်ရွက်ချက်များကို

ထေရ၀ါဒဗုဒ္ဒအလို ကျ ဟုတ်မဟုတ် တိုက်ဆိုင်ကြည့်သော မှတ်ကျောက်တစ်ခု ရှိ၏ ။

ထိုမှတ်ကျောက်ကား  -

“ ယင်းအပြုအမူသည် လောဘ ၊ ဒေါသ ၊ မောဟ စသောကိလေသာကုန်ကြောင်း ဖြစ်လျှင်

ထေရ၀ါဒ စစ်မှန်၏ လောဘစသော ကိလေသာတိုးပွားကြောင်း ဖြစ်လျှင် ထေရ၀ါဒ

မဟုတ် ဟု မှတ်ရမည် ဖြစ်၏ ။

            ယခုခေတ်တွင် ဂိုဏ်းဆရာနှင့်ဘိုးတော်များ၏အသစ်အဆန်းထွင်မှုကြောင့်

ဆင်ခံ ဘုရား ၊ မြင်းခံဘုရားများ ပေါ်ပေါက်လာ၏ ။ ထိုထက်ပိုပြီး ဘက်စုံကြီးပွားချမ်းသာ

လိုသူများ ကား ဆင်စီးမြင်းရံဘုရားများအထိ ထုလုပ်ကိုးကွယ်လာကြ၏ ။ ကြည်ညိုသော

သဒ္ဓါစိတ်ဖြင့်ထု လုပ်ခြင်းဖြစ်သော်လည်း သင့်တော်၏ ၊ မသင့်တော်၏ကို နှိုင်းချိန်စဉ်းစား

သင့်ပါ၏ ။

            ထေရ၀ါဒနှင့် ညီ၏ ၊ မညီ၏ကိုလည်း ဆန်းစစ်သင့်၏ ။ ထိုပုံကို ထုလုပ်ကိုးကွယ်

သူ များသည် သက်တော်ထင်ရှားဘုရားရှင်ကို တိရစ္ဆာန်ဖြစ်သော ဆင်ပေါ် မြင်းပေါ်သို့

 တက်ထိုင် ခိုင်းဝံ့သည်အထိ ဂါရ၀ ၊ နိဝါတ နည်းပါးနိုင်ကြမည်လော ။ ဤသို့ဆန်းစစ်ကြည့်

လိုက်လျှင် တိရစ္ဆာန်တွေအပေါ်ထိုင်နေသော ဗုဒ္ဓရုပ်ပွားတော်များကို မထုလုပ်သင့်ကြောင်း

ထင်ရှား၏ ။

             ထိုရုပ်တုကိုထုလုပ်ခြင်းသည် သူတစ်ပါးထက် စီးပွားတက်ဖို့ဖြစ်၏ ။ စီးပွားတက်

လို သောစိတ်သည် လောဘစိတ်ဖြစ်၏ ။ စီးပွားရေးလုပ်ရင်း လောဘဖြစ်ရသည်မှာ သဘာဝ

ကျ၏ ။ သို့သော် ဗုဒ္ဓရုပ်ပွားတော်ကို အကြောင်းပြုပြီး လောဘ ဖြစ်နေသည်ကား သဘာဝ

မကျပါ ။ ဗုဒ္ဓ သည်လူသားများ လောဘ ၊ ဒေါသ ၊ မောဟကုန်ရာ နိဗ္ဗာန်သို့ရောက်စေရန်

အတွက် ပွင့်တော်မူ လာခြင်း ဖြစ်၏ ။

             ဤသို့ဆန်းစစ်ကြည့်လိုက်လျှင် ဆင်ခံ ၊ မြင်းခံစသောဘုရားပုံများထုလုပ်ခြင်း

သည် လောဘပွားစီးဖို့အတွက်သာ ဖြစ်သောကြောင့် ထေရ၀ါဒနှင့်မညီဟုလည်း သိသင့်၏

သရက် တောတိုက် ၊ ဖျာပုံတိုက်သစ်ဆရာတော်သည် အထက်ပါပြဿနာမျိုးကို သဘာဝ

ကျကျ ရှင်း လင်းပေးတော်မူဖူး၏ ။ ဆရာတော် ပြုစုရေးသားသော “ သုတေသန သမ္မာ

မဂ္ဂင်္ဂပဥှာကျမ်း “ တွင်အကျယ် ဖတ်ရှုနိုင်ပါ၏ ။ ဤ၌ကား အကျဉ်းကိုသာ ဖော်ပြပါမည် ။

              တစ်နေ့တွင် ဆူးလေဘုရားသို့ ထူးခြားသောရုပ်ပွားတော်တစ်ဆူကို ကုလား

လူမျိုး တစ်ဦးက လာလှူ၏ ။ ရုပ်ပွားပုံကား ဥဒေါင်းပေါ်တွင် ဗုဒ္ဓရှင်တော်မြတ် စံနေတော်မူ

နေပုံ ဖြစ်၏ ။ ဆူးလေဘုရားဂေါပကအဖွဲ့ဝင်လူကြီးများသည် ထိုပုံတော်မျိုးကို တစ်ခါမှ

မတွေ့ဖူးသဖြင့်ဘုရား ပေါ်တွင် အပူဇော်ခံထားသင့် ၊ မထားသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏ ။

 ထို့ကြောင့် ဆူးလေစေတီတော် သြ၀ါဒါစရိယဆရာတော်ကြီးများကို ပင့်ဖိတ်၍ ထို

အကြောင်းကို မေးမြန်းလျှောက်ထား ကြ၏ ။

             ဖျာပုံတိုက်သစ် ဆရာတော်ကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော်

သြ၀ါဒါ စရိယဆရာတော်တစ်ပါးပင်ဖြစ်၏ ။ ကျန်ဆရာတော်များက “ အပူဇော်ခံထားလိုက်

ပါ ၊တစ်ခြား ဆင်ခံဘုရား ၊ မြင်းခံဘုရားတို့တောင် ရှိနေပြီပဲ ၊ အခု ဥဒေါင်းခံဘုရား ဆိုတာ

လည်း အထူး အဆန်း မဟုတ်တော့ပါဘူး “ ဟု မိန့်တော်မူကြ၏ ။

               ကျမ်းဂန်နှံ့စပ်တော်မူလှသည့်အပြင် စာရေးဆရာတိုင်း လက်မလွှတ်တမ်းအသုံး

ပြု နေရသည့် “ သုတေသန သရုပ်ပြအဘိဓာန် “ ကျမ်းပြုဆရာတော် ၊ ဖျာပုံတိုက်သစ်ဆရာ

တော် အရှင်သြဘာသာဘိဝံသ ထံသို့ ရဟန်းပရိတ်သတ် ၊ လူပရိတ်သတ်အားလုံး၏မျက်လုံး

များက တစ်ပြိုင်နက်လို ရောက်သွားကြ၏ ။

              ဆရာတော်ကြီးထံမှ လေးနက်တည်ကြည်သောစကားများသည် တစ်ခွန်းချင်း

ထွက် ပေါ်လာ၏ ။ -

              ရဟန်းပုဂ္ဂိုလ် ၊ လူပုဂ္ဂိုလ် အားလုံးအတွက် တွေးဆစရာတစ်ခုကိုတော့

တင်ပြချင် ပါတယ် ။ ပိဋကတ်သုံးပုံ ၊ နိကာယ်ငါးရပ်ကို လျှောက်ကြည့်လိုက်တဲ့အခါ

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တိရစ္ဆာန်တစ်ကောင်ကောင် စီးပြီး ခရီးသွားတယ်ဆိုတာ

ဘယ်နေရာမှ မတွေ့ မိပါဘူး ။

             မြတ်စွာဘုရားဟာ ခရီးဘယ်လောက်ပင်ဝေးဝေး ချေချွတ်ရမယ့်

ဝေနေယျအတွက် အချိန်မီတယ်ဆိုရင် ခြေလျင်ကြွတာပဲ များပါတယ် ။ တိရစ္ဆာန်ပေါ်ကို

တက်စီးဖို့မပြောနဲ့ ၊ တိရစ္ဆာန် ဆွဲတဲ့ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ်ထားပါတယ် ။

မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိပါတယ် ။

            ဒီလို အာပတ်ပညတ်ပြီး တားတော်မူရတာက သတ္တ၀ါအားလုံးပေါ်မှာ

အညီအမျှထား တော်မူတဲ့ “ မဟာကရုဏာတော် “ ကြောင့်ပဲ ဖြစ်ပါတယ် ။ ရိုးရိုး ကရုဏာ

မဟုတ်ပါဘူး ။ မဟာတပ်ထားတဲ့ “ ကြီးကျယ်တဲ့ ကရုဏာ “ ပါ ။ ဒီ မဟာကရုဏာတော်ကြီး

ကို အလေးဂရု မပြုလို့ မရပါဘူး ။ တိရစ္ဆာန်စီးနေတဲ့ ပုံတော်တွေကို ထုလုပ်ရေးဆွဲခြင်း

အားဖြင့် မြတ်စွာဘုရား ရဲ့ သတ္တ၀ါတိုင်းအပေါ်ထားတဲ့ မဟာဂရုဏာတော်ကို ထိခိုက်စော်

ကားရာ ရောက်ပါတယ် ။

            ဘာသာခြားများကလည်း ဒီလိုပုံမျိုးတွေကိုကြည့်ပြီး “ ဗုဒ္ဓ ဟာ သတ္တ၀ါအားလုံး

အပေါ် မှာ သနားကရုဏာရှိတယ်လည်းပြောသေးတယ် ၊ တိရစ္ဆာန်ပေါ်တက်စီးတာပဲလား "

 ဆိုတဲ့ မေးခွန်းမျိုးနဲ့ ထောက်ပြလာနိုင်ပါတယ် ။

            ဒီဥဒေါင်းခံရုပ်ပွားကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင် နောင်အခါမှာ

ကျားခံတဲ့ ရုပ်ပွားမျိုးတွေ ၊ သမင်ခံတဲ့ရုပ်ပွားမျိုးတွေ အတောမသတ်နိုင်အောင်

ပေါ်လာနိုင်ပါတယ် ။ ဒီ အချက်တွေကြောင့် ဥဒေါင်းခံတဲ့ရုပ်ပွားကို ဒီအတိုင်းအပူဇော်ခံ

မထားဖို့ ပြောကြားလိုပါတယ်

              ဆရာတော်၏သဘာဝကျလှသော သြ၀ါဒကြောင့် ဂေါပကလူကြီးများသည်

ဥဒေါင်း ကိုဖယ်ထားပြီး ရုပ်ပွားတော်ချည်းသက်သက်သာလျှင် ယခုထက်တိုင်

အပူဇော်ခံထားပါသည် ။

 

ကျမ်းညွှန်း -

မေတ္တာရှင် (ရွှေပြည်သာ ) - ထေရ၀ါဒမှတ်ကျောက် စာ - ၂၂

........................................................................................

Tuesday, November 17, 2009

သာသနာနှစ်ငါးထောင်တည်မယ်ဆိုတာ ဘုရားဟောစကားဟုတ်ပါသလား?



သာသနာနှစ်ငါးထောင်တည်မယ်ဆိုတာ ဘုရားဟောစကားဟုတ်ပါသလား?

    ဒီအကြောင်းအရာ ဘယ်ကပေါ်ထွက်လာသလဲ - လေ့လာကြည့်ကြဦးစို့ ။ ရဟန်းပြုခွင့်ရရေးအတွက်

မိထွေးတော်ဂေါတမီ တောင်းဆိုလျှောက်ထားလို့ ရှင်တော်မြတ် ဘုရားက အမျိုးသမီးများကို

ရဟန်းပြုခွင့်ပေးတော်မူလိုက်ပါတယ် ။ အဲဒီစကားရပ်ကနေပေါ် ထွက်လာတာပါ ။

           ရှင်တော်မြတ်ဘုရား ကပိလ၀တ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတော်မူ စဉ်

မိထွေးတော်ဂေါတမီဟာ ရှင်ရဟန်းပြုခွင့်ရရေးအတွက် ရှင်တော်ဘုရားဆီမှာ သုံးကြိမ် တိုင်အောင်

လျှောက်ထားဖူးပါတယ် ။ ရှင်တော်မြတ်ဘုရား လက်မခံခဲ့ပါဘူး ။ အဲဒီနောက် ရှင်တော်မြတ်ဘုရား

ဝေသာလီပြည် မဟာဝုန်တောသို့ ကြွသွားပါတယ် ။ မိထွေးတော်ဂေါတမီ ဟာ

သာကီဝင်မင်းသမီးငါးရာနှင့်အတူ ရှင်တော်ဘုရား သီတင်းသုံးတော်မူရာ မဟာဝုန်တော

ကူဋာဂါရသာလာကျောင်းတိုက်သို့ လိုက်သွားပါတော့တယ် ။ ကျောင်းဝင်းအပြင်မှာ အရှင်

အာနန္ဒာမထေရ်မြတ်နှင့်တွေ့ပြီး လိုက်လာရတဲ့အကြောင်းကို လျှောက်ထားပါတယ် ။ အရှင်

အာနန္ဒာမထေရ်မြတ်က မိထွေးတော်ဂေါတမီ ရဟန်းပြုခွင့်ရရေးအတွက် ဘုရားရှင်ဆီမှာ ကူ

ညီလျှောက်ထားပေးပါတယ် ။ ရှင်တော်ဘုရားကလည်း ထပ်မံ ပယ်တော်မူပါတယ် ။

             အရှင်အာနန္ဒာမထေရ်မြတ်က ပရိယာယ်အမျိုးမျိုးနှင့် ထပ်မံလျှောက်ထားတာ ကြောင့်

နောက်ဆုံးတော့ ဂရုဓံရှစ်ပါးကို လက်ခံကျင့်သုံးရင် ရဟန်းပြုခွင့်ပေးမယ်လို့ မိန့်တော် မူလိုက်ပါတယ် ။

မိထွေးတော်ဂေါတမီက ဂရုဓံရှစ်ပါးကို ၀မ်းမြောက်ဝမ်းသာလက်ခံတာ ကြောင့် ရဟန်းပြုခွင့်ရသွားပါတယ် ။

              အဲဒီနောက် ရှင်တော်မြတ်ဘုရားက အရှင်အာနန္ဒာမထေရ်မြတ်ကို - 

             အာနန္ဒာ - အမျိုးသမီးတွေ ငါဘုရားသာသနာမှာ တကယ်လို့ ရဟန်းပြုခွင့်မရခဲ့ရင်

သာသနာတော်ဟာ နှစ်ပေါင်းတစ်ထောင် တည်နိုင်တယ် ။ အမျိုးသမီးတွေ ရှင်ရဟန်းပြုခွင့်ရ သွားတာကြောင့်

နှစ်ပေါင်းငါးရာပဲတည်တော့မယ် “ လို့မိန့်တော်မူပါတယ် ။

               အဲဒီနောက် တစ်ဆက်တည်းမှာပဲ အမျိုးသမီးများ သာသနာတွင်းဝင်ရောက်လာလို့

သာသနာသက်တမ်း ဆုတ်ယုတ်ရပုံကို ဥပမာအမျိုးမျိုးနဲ့ မိန့်ဆိုတော်မူပါတယ် ။ နောက်ဆုံး အနေဖြင့် “

အာနန္ဒာ - ရေတွေကန်ဘောင်ကိုကျော်လွန်ပြီး လျှံတက်မသွားဖို့အတွက် ပညာရှိ ယောက်ျားဟာ

ရေကန်ကြီးရဲ့ကန်ဘောင်ကို ကြိုတင်ဆည်ထား ၊ ဖို့ထားရတယ် ။ အဲဒီလိုပဲ ဘိက္ခူနီများ

မကျူးလွန်မဖောက်ဖျက်ပဲ အသက်ထက်ဆုံး လိုက်နာရေးအတွက် ဂရုဓံရှစ်ပါးကို ငါဘုရားကြိုတင်ပြီး

ပညတ်တော်မူထားခြင်းဖြစ်တယ် “ စသည်ဖြင့် မိန့်ဆိုတော်မူပါတယ် ။ အဲဒီစကားရပ်ကို စူဠ၀ဂ္ဂပါဠိတော် မှာ

တွေ့နိုင်ပါတယ် ။ ဒါဟာ သာသနာတော်သက်တမ်းနှင့် စပ်၍ ရှင်တော်ဘုရား မိန့်မြွက်တော်မူတဲ့ “ မူလ “

စကားတော်ပါပဲ ။

               ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူတဲ့ စကားတော်ရဲ့ အဓိပ္ပာယ်သက်ရောက်မှု ကို

အဋ္ဌကထာဆရာ မထေရ်မြတ် ဖွင့်ပြထားတာကြည့်ကြဦးစို့ ။

              မထေရ်မြတ်က “ ဂရုဓံရှစ်ပါးကို ကြိုတင်ပညတ်မှုမရှိဘဲ အမျိုးသမီးများကို ရှင်ရဟန်းပြုခွင့်ပေးရင်

သာသနာတော်ဟာ နှစ်ပေါင်းငါးရာပဲတည်မယ် ။ ဂရုဓံရှစ်ပါးကို ကြို တင်ပညတ်ပြီးမှ ခွင့်ပြုတော်မူတာဖြစ်လို့

နောက်ထပ်နှစ်ပေါင်းငါးရာတည်ဦးမယ် ။ဒါကြောင့် မူလအတိုင်းပဲ သာသနာတော်

နှစ်ပေါင်းတစ်ထောင်တည်မယ်လို့ ဘုရားရှင် မိန့်တော်မူလိုတာ ဖြစ်မယ် “ လို့ဖွင့်ဆိုတော်မူထားပါတယ် ။

              အဋ္ဌကထာဆရာကဆက်ပြီး “ ဘုရားရှင်မိန့်ဆိုတော်မူတဲ့ နှစ်တစ်ထောင်ဆိုတာ

ပုဂ္ဂိုလ်အားလုံးအတွက် မိန့်ဆိုတာမဟုတ်ဘူး ။ ပဋိသမ္ဘိဒါလေးပါးကို ရရှိတော်မူတဲ့ ရဟန္တာ အတွက်

ရည်ရွယ်မိန့်ဆိုတာဖြစ်တယ် ။ အဲဒါကြောင့် ဈာန်မရတဲ့ရဟန္တာအနေနှင့်နှစ်တစ် ထောင်ဆက်တည်ဦးမယ် ။

အနာဂါမ်ပုဂ္ဂိုလ်အနေနှင့်နှစ်တစ်ထောင် ၊ သကဒါဂါမ်ပုဂ္ဂိုလ်အနေ နှင့်နှစ်တစ်ထောင် ၊

သောတာပန်ပုဂ္ဂိုလ်အနေနှင့်နှစ်တစ်ထောင် ဆက်တည်ဦးမယ် ။ အားလုံး ပေါင်းရင် ပဋိဝေဓသာသနာဟာ

နှစ်ပေါင်းငါးထောင်တည်လိမ့်မယ် “ လို့ဖွင့်ပြမိန့်ဆိုထားပါ တယ် ။ ဒါဟာ “ သာသနာနှစ်ငါးထောင်

ဆိုတဲ့စကား ဖြစ်ပေါ်လာတဲ့မူလနေရာပါပဲ ။

               စူဠ၀ဂ္ဂအဋ္ဌကထာဆရာရဲ့ ဒီဖွင့်ဆိုမှုဟာ ခန္ဓကဘာဏက ( ၀ိနည်းဆောင် )ပုဂ္ဂိုလ် များရဲ့

အယူအဆကိုပြဆိုတာဖြစ်ပါတယ် ။ သာသနာသက်တမ်းနှင့်ပတ်သက်လို့ အင်္ဂုတ္တရဋ္ဌ-ကထာ ပါတိက၀ဂ္ဂဋ္ဌကထာ

ဆရာများလည်း ဖွင့်ဆိုကြပါသေးတယ် ။ ဒီအဖွင့်အားလုံးဟာ တရားသိမြင်မှုအပိုင်းအခြားနှင့်ပတ်သက်လို့

အယူအဆအနည်းငယ်ကွဲလွဲကြပေမဲ့ နှစ်ငါး ထောင်ကို အခြေခံထားပြီး ဖွင့်ပြတာချင်းကတော့ အားလုံး

တူညီကြပါတယ် ။

              အဋ္ဌကထာဆရာများရဲ့ စွမ်းဆောင်ရည်ကို ဒီနေရာမှာ သိထားဖို့လိုအပ်ပါလိမ့်မယ်။

ရှင်တော်မြတ်ဘုရား မိန့်မြွက်တော်မူတဲ့ တရားတော်များရဲ့ ဆိုလိုရင်းကို နှေင်းခေတ်လူများ

အမှန်အတိုင်းသိမြင်နိုင်ဖို့အတွက် ဘက်ပေါင်းစုံအောင်ဖေါ်ထုတ်ပေးနိုင်သူများ ဖြစ်ကြပါတယ်။

အရှင်မြတ်များဟာ ရှင်တော်မြတ်ဘုရားဆိုလိုချက်ကို အထူးသိမြင်နိုင်စွမ်းရှိကြသူတွေမို့ 

ဗုဒ္ဓမတ္တညူ “ လို့မော်ကွန်းတင်ခံတဲ့ ပုဂ္ဂိုလ်ထူးများဖြစ်ကြပါတယ် ။

            ယခုကိစ္စမှာလည်း “ ရှင်တော်မြတ်ဘုရားက ဓမ္မကထာဒေသနာတော်အရ သာသနာ

နှစ်တစ်ထောင်တည်လိမ့်မယ် - လို့မိန့်တော်မူတာဟာ ပဋိသမ္ဘိဒါပတ္တပုဂ္ဂိုလ်အတွက် ရည်ရွယ်

မိန့်ဆိုတာဖြစ်တယ် ။ ဒုတိယ ၊ တတိယ စတဲ့ ထောင်စုနှစ်တွေမှာလည်း ဘယ်လိုတရားထူး များကို

ရရှိနိုင်သေးတယ် “ စသည်ဖြင့် ဖွင့်ဆိုညွှန်ပြတာဟာ အဋ္ဌကထာဆရာရဲ့ အစွမ်းသတ္တိ ပါပဲ ။

ဒီဖွင့်ဆိုချက်တွေဟာ သဘာဝအရရော အထောက်အထားအရပါ အလွန်သင့်လျော်တာ မို့

ပညာရှင်များအားလုံးလက်ခံတဲ့ အဖွင့်စကားတွေလည်း ဖြစ်ပါတယ် ။

            သာသနာနှစ်ငါးထောင်ဆိုတာ ရှင်တော်မြတ်ဘုရား တိုက်ရိုက်ဟောစကားတော့ မဟုတ်ပါဘူး ။

အဋ္ဌကထာအဖွင့်စကားဖြစ်ပါတယ် ။ ဒါပေမဲ့ သဘာဝအရရော အထောက် အထားအရပါအလွန်သင့်လျော်ပြီး

ရှင်တော်မြတ်ဘုရား ရည်ရွယ်တော်မူချက်နှင့်အညီဖွင့်ဆိုတဲ့ စကားဖြစ်လို့ ဘုရားဟောစကားတော်လိုပဲ

လေးလေးစားစား လက်ခံကြရတဲ့ အဖွင့်စကားဖြစ် ပါတယ် ။

             ဒီနေရာမှာ မေးသင့်တာတစ်ခုရှိပါသေးတယ် ။ သာသနာတော်ဟာ နှစ်ငါးထောင်

မရောက်မီကွယ်သွားတာမျိုး ၊ နှစ်ငါးထောင်ထက်အလွန်တည်ရှိတာမျိုး မဖြစ်နိုင်ဘူးလား - ဆို တဲ့မေးခွန်းပါ ။

အလွန်မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပါတယ် ။ လူငယ်လူရွယ်တွေစိတ်ဝင် စားကြ ၊ မေးချင်ကြမယ့်

မေးခွန်းပါပဲ ။

             ဒီအဖြေအတွက် နည်းနည်းလေ့လာကြည့်ရအောင် -

သာသနာတော်နှစ်တစ်ထောင်တည်လိမ့်မယ်   ဆိုတဲ့စကားတော်ကို အသေအချာလေ့လာ ကြည့်ရင် -

ရှင်တော်မြတ်ဘုရား အချို့နေရာတွေမှာ သုံးနှုန်းတော်မူသလို “ နှစ်တစ်ထောင် တည်စေ “ လို့ ဗျာဒိတ်ပေးတဲ့

စကားတော်မျိုး မဟုတ်ကြောင်း ၊ ၀ိနည်းသိက္ခာပုဒ်ပညတ်တော် မူတဲ့အခါ သုံးနှုန်းတော်မူသလို

အမိန့်အာဏာထားတဲ့ စကားတော်မျိုး မဟုတ်ကြောင်း ၊ ဓမ္မကထာဒေသနာလို့ခေါ်တဲ့ စကားဆက်စပ်လာလို့

အကြောင်းအားလျော်စွာ မိန့်မြွက်တော်မူ တဲ့ စကားတော်မျိုးသာ ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ် ။

              ပြီးတော့ - “ ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ ၊ အသုညော လောကော အရဟန္တေဟိ

အဿ = သုဘဒ္ဒ - သောတာပန်ပုဂ္ဂိုလ်ကလည်း မိမိသိမြင်ထားတဲ့အတိုင်း ဟောပြောညွှန်ပြပြီး

အခြားသူတွေကို သောတာပတ္တိမဂ်ဖိုလ်ဥာဏ် ရရှိစေနေမယ် ။ သကဒါဂါမ် အနာဂါမ်

ရဟန္တာပုဂ္ဂိုလ်များကလည်း မိမိသိမြင်ထားတဲ့အတိုင်း ဟောပြောညွှန်ပြပြီး အခြားသူ တွေကို

သကဒါဂါမိမဂ်ဖိုလ်ဥာဏ် အနာဂါမ်မိမဂ်ဖိုလ်ဥာဏ် အရဟတ္တမဂ်ဖိုလ်ဥာဏ် ရရှိစေနေ မယ် ။

မဂ်ဖိုလ်ရရေးအတွက် ကမ္မဋ္ဌာန်းအားထုတ်နေသူကလည်း မိမိသိမြင်ထားတဲ့ နည်းလမ်း တွေကိုညွှန်ပြပြီး

အခြားသူတွေကို သောတာပတ္တိမဂ်ဖိုလ်ဥာဏ် ရရှိစေနေမယ်ဆိုရင် ကမ္ဘာ လောကကြီးမှာ

ရဟန္တာမဆိတ်သုန်းနိုင်ဘူး “ လို့ ရှင်တော်ဘုရား မိန့်တော်မူတဲ့စကားတော် မဟာပရိနိဗ္ဗာနသုတ် မှာ

အထင်အရှားရှိပါတယ် ။  ပဋိပတ္တိစွမ်းအားကို အစွမ်းကုန်ဖော်ပြထား တဲ့ စကားတော်ပါ ။

အဓိပ္ပာယ်ပေါ်လွင်လွန်းတာမို့ ရှင်တော်ဘုရားဆိုလိုချက်ကို နားလည်ကြ လိမ့်မယ် ထင်ပါတယ် ။

              ဒီလိုအချက်အလက်တွေရှိနေလို့ သာသနာတော်အရေး မြော်တွေးကြောင့်ကြတော် မူကြတဲ့

မထေရ်မြတ်ကြီးများက “ အာဏာပိုင်အသိုင်းအ၀ိုင်းနှင့် ဒကာ ဒကာမပိုင်းမှ တတ်စွမ်း

သမျှအားပေးကူညီပံ့ပိုးပေးကြမယ် ။ သာသနာ့ဝန်ထမ်းများဘက်ကလည်း အားကြိုးမာန်တက်

ကျင့်ကြံအားထုတ်ကြမယ်ဆိုရင် သာသနာတော်ဟာ နှစ်ပေါင်းငါးထောင်မက တည်ရှိနိုင်ပါ တယ် “ လို့

အားတက်သရော အသိပေး မိန့်ဆိုတော်မူကြတာ ဖြစ်ပါတယ် ။

              ဒီတော့ စကားရပ်အားလုံးကို အကျဉ်းချုပ်လိုက်ရင် “ သာသနာငါးထောင် “ ဆိုတဲ့ စကားဟာ

အဋ္ဌကထာအဖွင့်စကားဖြစ်ပေမဲ့ ရှင်တော်မြတ်ဘုရား ရည်ရွယ်တော်မူချက်နဲ့အညီ ဖွင့်ဆိုတာမို့

ဘုရားစကားတော်လိုပဲ လေးလေးစားစားလက်ခံရမယ့်စကားဖြစ်ကြောင်း ။အထူး သဖြင့် ဒီစကားဟာ

ပဋိဝေဓကို ရည်ညွှန်းတဲ့စကား ၊ လူ့အရေအတွက် နှစ်အပိုင်းအခြားကို ရည်ရွယ်တဲ့စကားဖြစ်ကြောင်း -

နားလည်နိုင်ပါပြီ ။

              ပြီးတော့ - “ နှစ်ငါးထောင်ဆိုပေမယ့် ကျင့်ကြံအားထုတ်သူ ကူညီထောက်ပံ့သူရှိနေ ရင်

နှစ်ငါးထောင်မက တည်နိုင်သလို ၊ ကျင့်ကြံအားထုတ်သူ ကူညီထောက်ပံ့သူ မရှိတော့ရင်

နှစ်ငါးထောင်မရောက်မီကြားကာလမှာပင် ကွယ်ပျောက်နိုင်ကြောင်း “ နားလည်နိုင်ပါပြီ ။

              ဒီတော့ သာသနာတော်အရေးဟာ လက်ရှိ ဗုဒ္ဓဘာသာဝင်အားလုံးနှင့်သက်ဆိုင်တဲ့

အရေးဖြစ်ပါတယ် ။ လက်ရှိ ဗုဒ္ဓဘာသာဝင်တွေ စွမ်းဆောင်မှုအားကောင်းရင် အားကောင်း သလောက်

နှစ်ငါးထောင်မက တည်ရှိနိုင်ရေးအတွက် အထောက်အပံ့ဖြစ်ပါလိမ့်မည် ။ စွမ်း ဆောင်မှုအားနည်းရင်

အားနည်းသလောက် နှစ်ငါးထောင်မရောက်မီ ကွယ်ပျောက်ဖို့ တွန်း အားပေးရာ ရောက်ပါလိမ့်မည် ။

             ဒါကြောင့် “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု “ လို့ရွတ်ဆိုနေရုံ ကြွေးကြော်နေရုံနှင့်ကျေနပ် အားရမနေဘဲ

ကိုယ်ရောစိတ်ပါ အားတက်သရော ဆောင်ရွက်ပါမှ ၊ ကူညီအားပေးပါမှ သာသနာတော် ရေရှည်တည်တံ့

တိုးတက်မှာဖြစ်ကြောင်း နားလည်သင့်ပါတယ် ။    

 

ကျမ်းကိုး -

အရှင်နန္ဒသေနာလင်္ကာရ ( သာမဏေကျော် ၊ ဓမ္မစရိယ ၊ မဟာဓမ္မာစရိယ MA )

ဘာသာရေးအနှစ်သာရများစာစဉ် ( ၂ )

..........................................................................................................

ကာမဂုဏ်



ကာမဂုဏ်

     ယနေ့မြန်မာဝေါဟာရတွင် ကာမဂုဏ်သည်အနက်တစ်မျိုးကိုဆောင်သော်လည်း မူရင်း

ပါဠိဝေါဟာရတွင် ကာမဂုဏ်သည် “ မက်မောဖွယ်ရာအစုစု “ ဟူသောအနက်ကိုဟော၏ ။

         ကာမဂုဏ်အရလည်း အာရုံ ()ပါးကိုပင်ဖော်ပြ၏ ။ သို့ရာတွင် ဒေသနာတော်တွင်

ကာမဂုဏ်ကို မာရ်နတ်၏ပထမတပ်မကြီးအဖြစ်တင်စား၍ ဆိုလေ၏ ။ အမှန်အားဖြင့်

လောက ၏အစီးအပွားအတွက် ဆောင်ရွက်သူမှန်သမျှသည် ပထမဦးစွာ မာရ်နတ်၏

ပထမတပ်မကြီးနှင့် မလွဲမသွေ တွေ့ရမည်ဖြစ်၏ ။ သူနိုင်ကိုယ်နိုင်တိုက်ခိုက် ရမည်ဖြစ်၏ ။


           ပုဗ္ဗဘာဂမဂ် ခေါ်သော သမ္မာဒိဋ္ဌိနှင့်သမ္မာသင်္ကပ္ပ ( ပညာအုပ်စု ) ၊ သမ္မာဝါယာမ

၊ သမ္မာသတိနှင့်သမ္မာသမာဓိ ( သမာဓိအုပ်စု ) တို့ဖြင့် ဒုစရိုက်များနှင့်မိစ္ဆာအာဇီဝ တို့မှ

ရှောင် ကြဉ်နိုင်သည်နှင့်သမျှ တိုက်စွမ်းရည် ထက်မြက်သောကြောင့် ကိုယ်ကနိုင်လျှင်

နောက်ထပ် မာရ်နတ်၏ တပ်မကြီး (၉)တပ်ကို ဆက်လက်တိုက်ခိုက်ရဦးမည်ဖြစ်၏ ။ အမှန်

အားဖြင့်မာရ် နတ်မှာတပ်မကြီး (၁၀)တပ်ရှိလေ၏ ။ ယင်းတို့မှာ ---

၁ ။ ကာမဂုဏ်                        ( ကာမ )

၂ ။ စိတ်ဝင်စားဖွယ်ကိုမတွေ့ခြင်း ( အရတီ )

၃ ။ ငတ်မွတ်ခြင်း                     ( ဥပ္ပိပါသ )

၎ ။ ပင်ပန်းခြင်း                       ( တန္ဒီ )

၅ ။ ငိုက်မျဉ်းခြင်း                      ( ထိန မိန္ဓ )

၆ ။ ကြောက်ရွံ့ခြင်း                   ( ဘီရူ )

၇ ။ ယုံမှားခြင်း                          ( ၀ိစိကိစ္ဆာ )

၈ ။ ကျေးဇူးမဲ့ခြင်း                      ( မက္ခ )

၉ ။ ကြွားဝါခြင်း                         ( မာန )

၁၀ ။ မိမိကိုယ်ကိုအထင်ကြီးခြင်း ၊

       သူတစ်ပါးကိုအထင်သေးခြင်း  ( အတ္တုဣံသန ပရ၀မ္ဘန )   တို့ဖြစ်ကြ၏ ။

                ယင်းတပ်မကြီး (၁၀)တပ်အနက် ပထမတပ်မကြီးဖြစ်သော ကာမဂုဏ်တွင်

ပစ္စည်း ဥစ္စာလည်းပါ၏ ။ ရာထူးလည်းပါ၏ ။ အရိုအသေခံရမှုလည်းပါ၏ ။ ထင်ပေါ်ကျော်

ကြားမှုလည်း ပါ၏ ။ များသောအားဖြင့် လောက၏ အစီးအပွားအတွက် ရွံ့ရွံ့ချွံချွံဆောင်

်ရွက်ကြသူများ သည် မာရ်နတ်၏ ပထမတပ်မကြီး ကာမဂုဏ်နှင့်ရင်ဆိုင်တွေ့ဆုံရသောအခါ

ကိုယ်ကမနိုင်ဘဲ ယင်းတပ်မကြီးတွင် ကျဆုံးသည်ကများကြလေ၏ ။

              ထို့ကြောင့် မိမိက အနိုင်မရသဖြင့် လောက၏အစီးအပွားအတွက် မဆောင်

ရွက်နိုင် တော့ပဲ မာရ်နတ်ကအနိုင်ရသဖြင့် မာရ်နတ်၏အလိုဆန္ဒအတိုင်း မာယာနှင့်

သာဌေယျဖြင့် လောက၏အစီးအပွားကို ကိုယ်ယောင်ပြပြီး မိမိ၏အစီးပွားကိုသာ ဆောင်

ရွက်မိသူဖြစ်တတ်ပါ၏ ။

              ဤသည်မှာ မိမိကရှုံး၍ မာရ်နတ်က နိုင်ခြင်းဖြစ်ပါ၏ ။ ဤတွင် “ မာယာ

ဟူသည် မိမိတွင်မရှိသော “ ဂုဏ် “ ကို ရှိဟန်ဆောင်ခြင်းဖြစ်၏ ။ “ သာဌေယျ “ ဟူသည်

မိမိတွင်ရှိ သောအပြစ်ကို မရှိဟန်ဆောင်ခြင်းဖြစ်၏ ။

             ပစ္စည်းဥစ္စာများဖြင့် သိမ်းသွင်းခြင်းခံရ၍လည်း အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။

ရာထူး ဂုဏ်ထူးများဖြင့် သိမ်းသွင်းခြင်းခံရ၍လည်း အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။

အင်နှင့်အားနှင့်စည်း ရုံးခြင်းခံရ၍လည်း အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။ လုပ်ပိုင်ခွင့်ပေးပြီး

ခေါင်းဆောင်တင်၍စည်း ရုံးခြင်းခံရသဖြင့် အရှုံးပေးရခြင်းမျိုးလည်းရှိ၏ ။

ကျော်ကြားထင်ရှားအောင် လုပ်ပေးပြီးစည်းရုံး ခြင်းခံရသဖြင့် အရှုံးပေးရခြင်းမျိုးလည်း

ရှိ၏ ။

             သို့ရာတွင် ထိုသို့ရှုံးကြသူများမှာ အနတ္တဒဿနကို မလေ့လာမိပဲ

အတ္တဒဿနကိုသာ အားကိုးတကြီး လေ့လာမိခြင်းကြောင့် ကိုယ်ကျင့်သိက္ခာ မခိုင်မာ၍

တိုက် စွမ်းရည် မထက်မြက်သောကြောင့် ရှုံးကြခြင်းမျိုးလည်း ဖြစ်နိုင်ပါ၏ ။

ပင်ကိုဗီဇကောင်းပါလျက် စာပေပညာ အပေါင်းအဖော်မှားသဖြင့်အကောင်းမှအဆိုး

ဖြစ်သွားရခြင်းဖြစ်ပါ၏ ။

            မြတ်စွာဘုရားကလည်း ရှင်အာနန္ဒာအား မိတ်ဆွေကောင်းရှိခြင်းသည်

အရာရာတိုင်း ကို ပြီးမြောက်စေသည်ဟူ၍ ဟောကြားချက်များ ရှိပါ၏ ။ ထို့ကြောင့်

ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းပေးနိုင်သော စာပေများသည်လည်း မိတ်ဆွေကောင်း

ကလျာဏမိတ္တ ဖြစ်၏ ။ အမှန် အားဖြင့် စာပေသည် “ ဥပါဒါန ပစ္စယာ ဘဝေါ "အရ

  ဒိဋ္ဌုပါဒါန်အနေဖြင့် ဘ၀၏ကောင်းကျိုး ဆိုးပြစ်ကို ဖန်တီး၏ ။

            ဗုဒ္ဓဒေသနာအရဆိုလျှင် ကိုယ်ကျင့်သိက္ခာဖြူစင်မှုအပေါ် တည်ဆောက်မထား

သော စိတ်ဓာတ်ခိုင်မာမှုသည် အန္တရာယ်ရှိသော ခေါင်းမာမှုတစ်မျိုးပင် ဖြစ်၏ ။ တစ်ဖန်

်ခေါင်းမာမှု အပေါ်တည်ဆောက်ထားသော ပညာကား ပညာစစ်မဟုတ် ။ ဗဟုသုတ သာ

ဖြစ်၏ ။ အကယ် ၍ ဗဟုသုတကို ကိုယ်ကျင့်သိက္ခာမြင့်မားမှုအပေါ်တွင် မတည်ဆောက်ပါ

က ဗဟုသုတများ လေ အမှားကို ကျူးလွန်တတ်လေ ဟူ၍ မြတ်စွာဘုရားက အရှင်သာရိပု-

ုတ္တရာအား ပါရာဇိက ကဏ္ဍပါဠိတော် ဝေရဉ္ဇကဏ္ဍသိက္ခာပဒ ပညတ္တိယာဓနကထာ တွင်

်ဟောကြားတော်မူချက် လည်းရှိပါ၏ ။

             ထို့ကြောင့် ကိုယ်ကျင့်သိက္ခာကို ခိုင်မာအောင်တည်ဆောက်ရန် မကြိုးစားပဲ

ပညာ တတ်အောင်ကြိုးစားခြင်းသည် ဖြတ်လမ်းဖြစ်သဖြင့် လောကအတွက် ကြီးမားသော

အန္တရာယ် ကိုယူဆောင်ရာ ရောက်တတ်ပါ၏ ။ ထို့ကြောင့် ဖြတ်လမ်းဟူ၍မရှိဘဲ

အစဉ်အတိုင်းသာကျင့်ရ သော ဗုဒ္ဓဘာသာကျင့်စဉ်အရ ကိုယ်ကျင့်သိက္ခာကောင်းအောင်

ပထမဦးစွာ အလေးထား၍ ကျင့်ရန်လိုလေ၏ ။

             စာပေများကို ဖတ်ရှုလေ့လာသောအခါတွင်လည်း ကိုယ်ကျင့်သိက္ခာမျက်နှာ

စာမှရပ် တည်၍ လေ့လာဖတ်ရှုအပ်၏ ။ ထိုအခါမှသာ မိမိတို့၏ ဗီဇစိတ်ဓာတ်အရ

 လူအပေါင်း၏အကျိုး စီးပွားကို ဆောင်ရွက်လိုသော သဘောထားကို မြေတောင်မြှောက်

်ရာရောက်၏ ။ ထို့ကြောင့် လောက၏ အကျိုးအစီးပွားအတွက် ဆောင်ရွက်နိုင်ရန် စာပေ

များကို လေ့လာတော့မည်ဆိုပါ က ဗုဒ္ဓစာပေသည် လေ့လာရန်အကောင်းဆုံး စာပေ

ဖြစ်၏ ။

      ဗုဒ္ဓစာပေနှင့်အခြားစာပေများတွင် ထူးခြားချက်ရှိပါ၏ ။ ဗုဒ္ဓစာပေကိုဟောကြားတော်

မူခဲ့သော ဗုဒ္ဓကား ကိုယ်ကျင့်သိက္ခာနှင့်ပတ်သက်၍ ကိလေသာလုံးဝမရှိ ။ ထို့ကြောင့် ဘက်

လိုက်သောအမြင်ဖြင့် ဖော်ပြချက်ဟူ၍လည်း လုံးဝမရှိ ။ ဥာဏ်တော်ဖြင့်သာ ဟောကြား

တော်မူ ထားခြင်း ဖြစ်သဖြင့် အမှားအယွင်းဟူ၍လည်း လုံးဝမရှိ ။ ဤသည်ကိုပင်

 “ အာဂမသုဒ္ဓိ “ ဟူ၍ ဆိုရမည်ဖြစ်၏ ။

              အာဂမသုဒ္ဓိ ဟူသည်မှာ လာရာလမ်းကြောင်း စင်ကြယ်သောစာပေ ဟူ၍ဖြစ်

၏ ။ အခြားသူများကား စာပေများကို ကိလေသာတန်းလန်းဖြင့် ရေးသားခြင်းဖြစ်၏ ။

ထို့ကြောင့် အမှားအယွင်းရှိ၏ ။ ဤခြားနားချက်အရလည်း ဗုဒ္ဓစာပေသည် လောက၏

အစီးအပွားအတွက်ဘက်မလိုက်ဘဲ ဆောင်ရွက်လိုသူများအနေဖြင့် များစွာဖတ်ရှုလေ့လာ

သင့်သောစာပေ ဖြစ်ပါ ၏ ။

            ခေတ်အဆက်ဆက်တွင်လည်း ဗုဒ္ဓဘာသာစာတတ်ပေတတ်ပုဂ္ဂိုလ်များသည် 

် အတ္တ သမားများဖြစ်သွားသည်နှင့်အမျှ တိုက်စွမ်းရည်ညံ့ပြီး မာရ်နတ်၏ ပထမတပ်မ

ကြီးဖြစ်သော ကာမဂုဏ်၏ထိုးစစ်ကို မခံနိုင်၍ ကျရှုံးသူများရှိခဲ့ပါ၏ ။ လာဘ်လာဘဖြင့်

့်ဖြားယောင်းမှုကြောင့် မဟုတ်တာကို အဟုတ်လုပ်၍ ဆိုခဲ့သူများလည်း ရှိခဲ့ပါ၏ ။

 ရာထူးဖြင့် ဖြားယောင်းမှုကြောင့် မဟုတ်တာကိုအဟုတ်လုပ်၍ဆိုခဲ့သူများလည်း

ရှိခဲ့ပါ၏ ။ အလေးအမြတ်ခံရမှုဖြင့် ဖြားယောင်း ခံရ၍ မဟုတ်တာကို အဟုတ်လုပ်၍

 ဆိုခဲ့သူများလည်း ရှိခဲ့ပါ၏ ။ ထင်ရှားကျော်ဇောမှုဖြင့် ဖြားယောင်းခံရ၍ မဟုတ်တာကို

 အဟုတ်လုပ်ပြီး ဆိုခဲ့သူများလည်း ရှိခဲ့ပါ၏ ။ မာရ်နတ်၏ " လာဘ " တပ်သည်

 ထိုးစစ်တွင်ထက်မြက်လှ၏ ။ “ သက္ကာရ “ တပ်သည်လည်း ထိုးစစ်တွင်

ထက်မြက် လှ၏ ။ “ ကိလေသာ “ တပ်သည်လည်း ထိုးစစ်တွင် ထက်မြက်လှ၏ ။

တော်ရုံတန်ရုံအင်အား နှင့်တော့ မာရ်နတ်၏ ကာမဂုဏ်တပ်မကြီးကို တွန်းလှန်ဖို့

မလွယ်ကူချေ ။

            မြန်မာနိုင်ငံသားတို့အနေဖြင့် မိမိကိုယ်ကို မိမိချစ်သည်မှာ ယုံမှားဖွယ်မရှိချေ ။

မိမိ၏ အမျိုးသား(လူမျိုး)ကို မိမိချစ်သည်မှာ ယုံမှားဖွယ်မရှိချေ ။ မိမိ၏နိုင်ငံတော်ကို

မိမိချစ်သည်မှာ ယုံမှား ဖွယ်မရှိချေ ။ သို့ရာတွင် မိမိကိုယ်ကို မိမိနှစ်ရာမရောက်ဘဲ

ချစ်ရာရောက်အောင် ၊ မိမိအမျိုး သား(လူမျိုး)ကိုမိမိနှစ်ရာမရောက်ဘဲ

ချစ်ရာရောက်အောင် ၊ မိမိ၏နိုင်ငံတော်ကို မိမိ နှစ်ရာမရောက်ဘဲချစ်ရာရောက်အောင်

မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို ဓမ္မသေနင်္ဂဗျူဟာ နှင့်အညီ လုပ်ရန် လိုပါ၏ ။

            လူကိုလူလိုမြင်ပြီး သူတစ်ပါးကို စတေးပြီးမှ ရမည့်အခွင့်အရေးမျိုးကို

မယူမိအောင် ထိန်းသိမ်းဖို့ လိုအပ်ပါ၏ ။ ထိုသို့ ထိန်းသိမ်းခြင်းသည် အတ္တကို

ပယ်သတ်ခြင်းမည်ပါ၏ ။အတ္တ ကိုပယ်သတ်ခြင်းသည် မာရ်နတ်၏ တပ်မကြီး “ ကာမဂုဏ်

ကို ဓမ္မသေနင်္ဂဗျူဟာဖြင့်နိုင် အောင်တိုက်ခြင်းမည်ပါ၏ ။ သို့ရာတွင် အတ္တကို

ပယ်သတ်ရာတွင် ရုပ်နာမ်ခန္ဓာကိုသိရုံမျှ ညာတပရိညာဖြင့် မလုံလောက်သေးပေ ။ အနိစ္စ ၊

ဒုက္ခ ၊ အနတ္တကိုသိရုံမျှ တီရဏပရိညာဖြင့် မလုံလောက်သေး ။ တဏှာ ၊ မာန ၊ ဒိဋ္ဌိတို့ကို

ပယ်သတ်နိုင်သော ပဟာနပရိညာဖြင့် အတ္တကို ပယ်သတ်နိုင်၏ ။ အတ္တသည်

တဒင်္ဂပဟာန်ဖြင့်သေသေ ၊ ၀ိက္ခမ္ဘနပဟာန်ဖြင့်သေသေ ၊ သမုစ္ဆေဒပဟာန်ဖြင့်သေသေ

အတ္တသေသည်နှင့်အမျှ မာရ်နတ်၏ပထမတပ်မကြီး ကာမဂုဏ် ကိုနိုင်သည်မည်ပါ၏ ။

ကာမဂုဏ်ကိုနိုင်သည်နှင့်အမျှ ဤလောကသည် ငြိမ်းချမ်းပေလိမ့်မည် ။

             ထို့ကြောင့် ဤလောကကို တကယ်ငြိမ်းချမ်းစေလိုပါက ကိုယ်ကျင့်စင်ကြယ်မှု

စိတ် စင်ကြယ်မှု အမြင်စင်ကြယ်မှု တို့အပေါ် အခြေခံသော ပရိညာသုံးပါးဖြင့်

မာရ်နတ်၏ပထမ တပ်မကြီးဖြစ်သော ကာမဂုဏ်ကို နိုင်အောင် တိုက်အပ်ပါ၏ ။

အမှန်အားဖြင့် အတ္တကိုနိုင်လျှင် ကာမဂုဏ်ကို နိုင်သည်မည်ပါ၏ ။             

 

ကျမ်းကိုး  -

ဦးရွှေအောင် - အမြင်များပြောင်းလဲခြင်း


.......................................................................................