Monday, January 11, 2010

ဗေဒင်ကို ဘုရားလက်မခံ







                 
            
                နက္ခတ္တံ ပဋိမာနေန္တံ

             အတ္ထော ဗာလံ ဥပစ္စဂါ

             အတ္ထော အတ္ထဿ နက္ခတ္တံ

             ကိံကရိဿန္တိ တာရကာ ။

         နက္ခတ္တံ ၊ နက္ခတ်ကို ။ ပဋိမာနေန္တံ ၊ စောင့်မျှော်နေသော ။ ဗာလံ ၊ လူမိုက်ကို ။ အတ္ထော ၊

အကျိုးစီးပွားသည် ။ ဥပစ္စဂါ ၊ စွန့်ပစ်သွားပြီး ။ အတ္ထော ၊ အလိုရှိအပ်သော အကျိုးစီးပွား သည်

အတ္ထဿ ၊ အလိုရှိသောသူ၏ ။ နက္ခတ္တံ ၊ နက္ခတ်ပင်တည်း ။ တာရကာ ၊ ကောင်းကင် တွင်

လှည့်သွားနေသော နက္ခတ်တို့သည် ။ ကိံကရိဿန္တိ ၊ အဘယ်ကို ပြုပြင်နိုင်အံ့နည်း

            ထိုပါဠိ ဂါထာသည် ဗေဒင်ကို ဘုရားလက်မခံဘူး ဆိုရာတွင် ပြသော ခိုင်မာသည့်

အထောက်အထားဖြစ်သည် ။ အဓိပ္ပာယ်အား ပိုရှင်းအောင် ပြောရမည်ဆိုလျှင် -

          နက္ခတ်ကို စောင့်မျှော်နေသော လူမိုက်အား အကျိုးစီးပွားသည် စွန့်ပစ်သွားပြီး ၊

နက္ခတ်ကို စောင့်မျှော်လျက် နက္ခတ်မကောင်းလို့ နက္ခတ်ကောင်းမည့်ရက်ကို စောင့်မျှော်လျက်

နေသော လူမိုက်သည် သူလုပ်ရမည့်အလုပ်အား အချိန်မီ မလုပ်လို့ သူလိုချင်တဲ့အကျိုးကို မရ

တော့ပေ ။ “ ထို့ကြောင့် အကျိုးစီးပွားသည် သူ့အား စွန့်ပစ်သွားပြီဟု ဆိုခြင်းဖြစ်သည် ။

            အလိုရှိအပ်သော အကျိုးစီးပွားသည် အလိုရှိသူ၏ နက္ခတ်ပင်တည်း “ ဆိုသည်မှာ

ကိုယ်လိုချင်သည်က ကောင်းတာဖြစ်လျှင် ကိုယ့်နက္ခတ် ကောင်းသည်ဟု ဆိုခြင်းဖြစ်သည် ။

ကောင်းတာလုပ်ချင်လျှင် နက္ခတ်ကောင်းသလားဟု မေးနေဖို့ မလိုတော့ပေ ။  နက္ခတ်အမြဲ

ကောင်း၏ ။ မကောင်းတာလုပ်ချင်လျှင် နေ့တိုင်းသည် နက္ခတ်မကောင်းသော နေ့တွေပဲဖြစ်၏။

နေ့ကောင်းရက်ကောင်း ရွေးနေဖို့ မလိုတော့ပေ ။ ကိုယ်လုပ်ချင်သောအလုပ်သည် ကောင်း

သောအလုပ်လား ၊ မကောင်းသောအလုပ်လားဟု စဉ်းစားဖို့ပဲလို၏ ။

          ကောင်းကင်တွင် လှည့်သွားနေသော နက္ခတ်တို့သည် အဘယ်ကိုပြုနိုင်ပါအံ့နည်း

ဆိုသည်ကား အဓိပ္ပာယ်ရှင်းပါသည် ။ နက္ခတ်က ကောင်းတာလည်းလုပ်မပေးနိုင် ၊ မကောင်း

တာလည်း လုပ်မပေးနိုင် ဟုဆိုလိုသည် ။

          ဤဂါထာအရ ဗေဒင်မေးခြင်းသည် လူမိုက်တွေ ၊ ဥာဏ်ပညာနည်းသောသူတွေလုပ်

သောအလုပ်ဟု ဆိုလိုသည် ။ လူမိုက်ဆိုသည်မှာ ဥာဏ်ပညာနည်းသောသူအားခေါ်ခြင်းဖြစ် ၏ ။

            ဥာဏ်နည်းသောကြောင့် ဗေဒင်မေးခြင်းဖြစ်၏ ။ အမှန်တကယ် ဥာဏ်ရှိသောသူ သည်

ဗေဒင်မမေးပေ ။ အကြောင်းအကျိုးကိုက်အောင် စဉ်းစားပြီး လုပ်သင့်သည်ကို အချိန် မရွှေ့ ၊

နေ့မရွေးပဲလုပ်၏ ။

            အဇ္စျေဝ ကိစ္စံ ကာတဗ္ဗံ ။ “ ပြုသင့်သော ၊ ကောင်းသော အလုပ်ကိစ္စကို ဒီနေ့ပင် ပြု

လုပ်ရာ၏ …..။ ပြုသင့်သောကိစ္စအား နေ့ကောင်းရက်ကောင်းရွေးပြီး ပြုရာ၏ “ ဟု မဟော ပေ ။

           သဘာဝတရားအား အကြောင်းအကျိုးကိုက်အောင်နားလည်သည့် ဥာဏ်မရှိသော

ကြောင့် သဘာဝမကျခြင်းတို့အား ကြောက်ကြ၏ ။ ကြောက်သောကြောင့် သဘာဝမကျခြင်း

တို့အား , အားကိုးပြန်၏ ။ အားငယ်စိတ်ကြီးသောကြောင့် မိမိဥာဏ်ကို မိမိအားမကိုးနိုင်သော

ကြောင့် အားကိုးစရာအား အပြင်မှာရှာဖွေကြ၏ ။

        အတ္တဟိ အတ္တနော နာထော ။ “ “ မိမိသည်သာလျှင် မိမိ၏ အားကိုးရာ ၊ အားထားရာ "

ဆိုသည်ကို အကြိမ်ဘယ်လောက်ပင် ကြားရကြားရ အမှန်တကယ် မယုံနိုင်ကြပေ ။ အခြားမှာပဲ

အားကိုးရာကို ရှာဖွေကြ၏ ။

           စိတ်ပညာရှင်များ သုတေသနလုပ်ပြီး တွေ့ရှိရသော အချက်တစ်ချက်ရှိ၏ ။ လူတွေ

အားငယ်လာသည့်အခါ ၊ powerless ဖြစ်လာသည့်အခါ magic ကို အားကိုးကြသည်ဟု

ဆိုပါသည် ။ အားငယ်လာသည့်အခါ ဗေဒင် ၊ ယတြာ ၊ ဘိုးတော် ၊ မယ်တော် ၊ နတ် ၊

 လက်ဖွဲ့ ၊ အဆောင် စသည်များကို အားကိုးလာကြ၏ ။ ဥာဏ်ပညာနည်းခြင်းနှင့်အားငယ်ခြင်း

သည် ဒွန် တွဲနေ၏ ။ အမှန်တကယ် ဥာဏ်ရှိသည်မှန်လျှင် ထိုအရာများကို အားမကိုးတော့ပေ ။ 

          လွန်ခဲ့သည့်နှစ်ပေါင်း ၃၀၀၀ခန့်တွင် သိပ္ပံပညာ မထွန်းကားသေးပေ ။ လူတွေသည်

သဘာဝတရားကို စိတ်ဝင်စားပေမယ့် သဘာဝကျကျ ၊ တိတိကျကျ မလေ့လာနိုင်ခဲ့ပေ ။ ဘာ

ကြောင့် ဖြစ်တာလည်း ဆိုသည့်မေးခွန်းအား အကြောင်းအကျိုးကိုက်အောင် ၊ သဘာဝကျ အောင်

မဖြေဆိုနိုင်ခဲ့ပေ ။ “ မိုးဘာဖြစ်လို့ ရွာတာလဲ “ ဟုမေးလျှင် သိကြားမင်းလုပ်သော ကြောင့်

ရွာတာဟု ဖြေကြ၏ ။ သိပ္ပံပညာ မထွန်းကားသောခေတ် ၊ သဘာဝကျကျ မစဉ်းစား

နိုင်သောခေတ်က လူတွေ၏ဘ၀တွင် အကောင်းအဆိုး တစ်ခုခုဖြစ်လာခဲ့လျှင် သဘာဝကျ သော

အဖြေကို မပေးနိုင်သောကြောင့် ကြံဖန်၍ ဖြေကြရ၏ ။ ဖန်ဆင်းရှင်ဘုရားသခင်

ဖန်ဆင်းသောကြောင့် ၊ နက္ခတ်မကောင်းသောကြောင့် ၊ ဇာတာမကောင်းသောကြောင့် ဟုဆို ပြီး

အကြံအဖန် အဖြေများပေးကြ၏ ။

          နောက်ပြီး ဘုရင်တွေသည် လူတွေရဲ့ဘ၀အား စိုးမိုးချင်သောကြောင့် စစ်တပ်အင်အား

ကိုသုံးပြီး စိုးမိုးကြ၏ ။ ပုဏ္ဏားတွေသည်လည်း လူတွေရဲ့ဘ၀အား စိုးမိုးချင်ပေမယ့် သူတို့တွင်

စစ်တပ်မရှိပေ ။ စစ်တပ်မရှိတော့ လူတွေကြောက်အောင် တစ်နည်းနည်းနှင့် လုပ်မှဖြစ်မည်ဟု

တွေးကြံကြ၏ ။ ထိုအခါ လူတွေမှာ အဆင်မပြေခြင်းများ တစ်ခုခု ဖြစ်လာခဲ့ပြီဆိုလျှင် ဘာ

ကြောင့်ဖြစ်တယ်ဆိုသည်ကို သူတို့သိသည် ။ နက္ခတ်မကောင်းသောကြောင့် ယတြာချေရမည် ဆိုပြီး

လူတွေရဲ့ဘ၀တွင် သူတို့နေရာရအောင် လုပ်ကြ၏ ။

          အဆင်မပြေခြင်းများ ဖြစ်သည်မှာ မထူးဆန်းပေ ။ ရာသီဥတုမကောင်းလို့ ၊ မိုးမမှန်လို့

အသီးအနှံတွေ အထွက်မကောင်းဘူး ။ ရေကာတာ ၊ ရေလှောင်ကန်တွေ လုပ်ဖို့လို၏ ။ ဗေဒင်

ဆရာများ ၊ နတ်ဆရာများက နတ်တင်ပါ ၊ ပူဇော်ပါ ၊ ပသပါ ၊ မိုးရွာလိမ့်မည်ဆိုပြီး သဘာဝ

မကျသော လုပ်နည်းများဖြင့် ပြောကြ၏ ။ ထိုနည်းများဖြင့် သူတို့၏ စားဝတ်နေရေးကို ရှာကြ၏ ။

လူတွေဥာဏ်နည်းလေလေ သူတို့နေရာ ရလေလေပင်ဖြစ်၏ ။

         ရောဂါဖြစ်လျှင် နတ်တွေဖမ်းစားသောကြောင့် ဗလိနတ်စာ ကျွေးရမည် ၊ နတ်တင်ရ

မည်ဆိုပြီး သဘာဝမကျခြင်းများအား လုပ်ခိုင်းကြ၏ ။ ဂြိုလ်စီးဂြိုလ်နင်း မကောင်းသောကြောင့်

ယတြာချေရမည်ဆိုပြီး ဗေဒင်ဆရာများခိုင်းကြ၏ ။

          အိမ်ထောင်ရေး အဆင်မပြေခြင်းများလည်းထို့အတူပေ ။ ယတြာချေဖို့ပဲပြောကြ၏ ။

သူတို့ပြောတတ်တာ ဒီတစ်ခုပဲ ရှိသည် ။ ဥာဏ်နှင့်ဖြေရှင်းဖို့ သူတို့ ဘယ်တော့မှ မပြောပေ ။

ဘာဖြစ်လို့မပြောတာလည်းဆိုတော့ သူတို့သည် ဥာဏ်ကို မယုံကြခြင်းပင်ဖြစ်၏ ။

          သဘာဝအားနားမလည်သည့်အချိန်နှင့်သဘာဝအားနားလည်သည့်အချိန်တွင် လုပ်ပုံ

လုပ်နည်း မတူတော့ပေ ။ နားမလည်သည့်အချိန်တွင်လုပ်ခဲ့သည်ကို အပြစ်မတင်လိုပေ ။ နား

လည်လာသည့်အခါမှာတော့ သဘာဝကျခြင်းကို လုပ်ရမည်ဖြစ်၏ ။ နှစ်ပေါင်း၃၀၀၀ခန့်ကာလ တွင်

တိုးတက်လာသည်မှာ အံ့မခန်းပင်ဖြစ်၏ ။ ယခုအချိန်တွင် သဘာဝမကျသော လုပ်နည်း များအား

စွန့်ပယ်ရမည်ဖြစ်၏ ။ ဘာဖြစ်လို့ မစွန့်ပယ်ကြတာလည်းဆိုတော့ -

          မိမိဥာဏ်ကို မိမိအားမကိုးလို့ ၊ မိမိကိုယ်ကို ဘာလုပ်ရမည်ဆိုသည်ကို မဆုံးဖြတ်နိုင်လို့

သူများအား ဆုံးဖြတ်ခိုင်းကြခြင်းဖြစ်၏ ။ သူများဆုံးဖြတ်သည်ကို လက်ခံကြ၏ ။ ဗေဒင်ဆရာ က

ဆုံးဖြတ်ချက် ချပေးရ၏ ။ မိမိကိုယ်ကို ဘာလုပ်ရမည်ကို မဆုံးဖြတ်ရဲကြပေ ။

         ဗေဒင်ဆရာများသည်လည်း လူတွေရဲ့ဘ၀မှာ နေရာအများကြီး ယူချင်ကြ၏ ။ ကလေး

မွေးလျှင် သူတို့အားပင့်ပြီး ဇာတာရေးခိုင်းကြ၏ ။ ဇာတာမှမရေးထားလျှင် တစ်ခုခုတော့ ဖြစ်

တော့မည်ထင်ကြ၏ ။ ဇာတာကောင်းသည် ၊ ရာဇဘွားဆိုလျှင် မိဘများပျော်နေကြ၏ ။ မိမိ

သားသမီး၏ဘ၀အား မွေးခါစကတည်းက ဗေဒင်ဆရာလက်ထဲ အပ်ထားလိုက်ကြ၏ ။ ရာဇ

ဘွားဖြစ်ရုံနှင့် ဘာမှဖြစ်လာမှာ မဟုတ်ပေ ။ ဥာဏ်ပညာရှိအောင် ၊ အရည်အချင်းရှိအောင် ၊

အလုပ်ကို အများလည်းအကျိုးရှိ မိမိလည်းအကျိုးရှိအောင် ကြိုးစားပါမှ ကြီးပွားမည် ဖြစ်၏ ။

လူ့လောကတွင် လူတွေ၏လေးစားမှုကိုရဖို့ဆိုသည်မှာ မွေးသောရက်နှင့်ဘာမှမဆိုင်ပေ ။

          နောက်ပြီး ကလေးနာမည်ပေးမည်ဆိုလျှင် ဗေဒင်ဆရာအား မေးကြပြန်သည် ။ မိမိ

သားသမီး နာမည်ကို မိမိစိတ်ကြိုက်ရွေးပြီး မပေးနိုင်ကြပေ ။ သားသမီး၏နာမည်လည်း

ဗေဒင်ဆရာ၏လက်ထဲ ရောက်ရပြန်၏ ။

          သားသမီးနေမကောင်းဖြစ်လျှင် ဗေဒင်ဆရာမေးကြပြန်သည် ။ ကျောင်းထားတော့မည်

ဆိုလျှင်လည်း မေးရပြန်၏ ။ သူရဿတီမယ်တော်အား ကိုးကွယ်ရပြန်လေ၏ ။ ထို့အပြင်

မင်္ဂလာဆောင်ပြန်လျှင်လည်း နေ့နာမ်သင့်ရဲ့လားဆိုပြီး မေးရပြန်လေ၏ ။ သတို့သားနှင့်

သတို့သမီး စိတ်ထားချင်း ၊ စရိုက်ချင်း ကိုက်ညီရဲ့လားဆိုတာတော့ မစဉ်းစားကြပေ ။

သဘာဝကျခြင်းအား ဘေးဖယ်ထားပြီး သဘာဝမကျခြင်းကို ရှေ့တန်းတင်ကြ၏ ။ သေတာ တောင်

ဗေဒင်ဆရာမပါဘဲ သုဿန်ကို မရောက်ပေ ။

          ဗေဒင်ဆရာတွေ ၊ ပုဏ္ဏားတွေသည် လူတွေရဲ့ဘ၀အား လွှမ်းမိုးချင်သောကြောင့် လုပ်

လာခဲ့သောနည်းတွေသည် အားငယ်တတ်သောသူတွေများတဲ့ခေတ်မှာ အလွန်ပင် ရေပန်းစား နေ၏

။ “ ခေတ်မီသူတိုင်း ဗေဒင်မေးကြသည် “ လို့တောင် ပြောရတော့မည်ဖြစ်၏ ။ တကယ် တော့

အရမ်းခေတ်နောက်ကျသောသူတွေသာ ဗေဒင်မေးကြတာဖြစ်၏ ။

            လူတွေအားငယ်နေသ၍ ၊ ဥာဏ်နည်းနေသ၍ ၊ ကိုယ့်အားကိုယ်မကိုးသ၍ ဗေဒင်

ဆရာများ ထမင်းမငတ်ကြပေ ။ ဒီလိုဆိုတော့ ဗေဒင်ဆရာများ ဘယ်တော့မှ ထမင်းမငတ်ဟု

ပြောသလို ဖြစ်သွားပြီ ဖြစ်၏ ။ လူတွေလည်း အားငယ်နေကြဦးမှာပါပဲ ။ မိမိအသိဥာဏ်မိမိ

မယုံကြသ၍ အားငယ်နေဦးမှာပါပဲ ။ အားငယ်နေရတာကို ကြိုက်တဲ့လူတေါလည်း ရှိ၏ ။

          မိမိဘ၀အား မိမိလက်ထဲမှာပဲ ထားကြပါ ။ ဘာဖြစ်လို့ သူများလက်ထဲ ထားချင်ရတာ လဲ ။

ဆုံးဖြတ်စရာရှိလျှင် မိမိဥာဏ်နှင့်မိမိ ဆုံးဖြတ်ပါ ။ ဒါမှ သတ္တိရှိသောသူ ၊ ဆုံးဖြတ်ရဲသော သူ

ဖြစ်လာမည် ဖြစ်၏ ။ မိမိကိစ္စမိမိဆုံးဖြတ်မှသာလျှင် မိမိဘ၀ကိုမိမိတာဝန်ယူတဲ့သူ ဖြစ်လာ မည် ။

တိုင်ပင်ချင်လျှင် သဘာဝကျကျ တွေးတတ် ၊ လုပ်တတ်သော သူနဲ့တိုင်ပင်ပါ ။ သို့ပေ မယ့်

နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ မိမိဆုံးဖြတ်ချက်ပဲ ဖြစ်ရမည် ။ မိမိဆုံးဖြတ်ချက် မှား လှင်လည်း

မိမိကိုယ်တိုင်ပဲ တာဝန်ယူပါ ။ ထိုအခါ တစ်နေ့တစ်ခြား ဆုံးဖြတ်ချက် ပိုမှန်လာ မည် ဖြစ်၏ ။

             ထို့ကြောင့် မိမိဘ၀နှင့်ပတ်သက်လာလျှင် သူများအားဆုံးဖြတ်ခိုင်းတာသည် မိမိ

ဘ၀ကိုမိမိ တာဝန်မယူတာပဲ ဖြစ်၏ ။ မိမိဘ၀ကိုမိမိတာဝန်မယူသောသူသည် လွတ်လပ်သော

သူဖြစ်မလာနိုင်ပေ ။

             ဗေဒင်မေးသောသူ ၊ ဗေဒင်ယုံသောသူ ၊ ဗေဒင်ဟောသောသူတွေသည် လွတ်လပ်

သောသူ ဘယ်တော့မှ ဖြစ်မလာနိုင်တော့ပေ ။

              သူများ၏ဆုံးဖြတ်ချက်နှင့်မိမိဘ၀ကိုနေချင်သောသူသည် အမြဲတမ်း ကလေးဘ၀ မှာပဲ

နေရမည်ဖြစ်၏ ။ ဘယ်တော့မှ လူကြီးမဖြစ်တော့ပေ ။

           မိမိဘ၀နှင့်ပတ်သက်သည်ကို မိမိကိုယ်တိုင်ဆုံးဖြတ်ပါ ။ မိမိဆုံးဖြတ်ချက် ၊ ရွေးချယ်မှု နှင့်

မိမိဘ၀ကို နေနိုင်မှ စိတ်ဓာတ် ရင့်ကျက်လာမည်ဖြစ်၏ ။

          

ကျမ်းညွှန်း -             


ဆရာတော်ဦးဇောတိက ၏
လွတ်လပ်သောစိတ် စာအုပ်မှ မှီငြမ်းထားသည်

...............................................................................................................

  

ဗေဒင်နှင့်ကံတရားတို့၏ စစ်ပွဲ







                      ဗေဒင်နှင့်ကံတရားတို့၏ စစ်ပွဲ

          သဗ္ဗေဘာယန္တိ မစ္စုနော ဟူသောဒေသနာအရ ပုထုဇဉ်မှန်သမျှ များသောအားဖြင့်

သေခြင်းတရားကို ကြောက်လန့်ကြသည် ဖြစ်သော်လည်း မကြောက်လန့်သော ပုဂ္ဂိုလ်ထူး

တစ်ယောက်လည်း ထူးထူးခြားခြား ရှိပါသည် ။

           ထိုပုဂ္ဂိုလ်မှာ လှိုင်မြို့နယ်မှ စာချဘုန်းကြီးတစ်ပါးပင် ဖြစ်၏ ။ တစ်နေ့တွင် နာမည်ကြီး

ဗေဒင်ဆရာတစ်ဦး ထိုကျောင်းတိုက်သို့ စာသင်သားရဟန်းတစ်ပါး၏ အသိမိတ်ဆွေအဖြစ် ခေတ္တ

တည်းခိုရန် ရောက်ရှိလာပါသည် ။

             စာသင်သားရဟန်းများ မေးမြန်း၍ အားရသောအခါ သူတို့ချစ်ခင်လေးစားသော

စာချဘုန်းကြီးထံ ခေါ်ခဲ့ကြသည် ။ စာချဘုန်းကြီး၏ ဇာတာကို စစ်ဆေးပေးရန် ဖြစ်၏ ။ စာချ

ဘုန်းကြီးမှာ သူ့အလုပ်နှင့်သူ အချိန်ပြည့်ဖြစ်နေသော်လည်း တပည့်များ၏ စေတနာကို

လေးစားသောအားဖြင့် ဗေဒင်ဆရာကို လက်ခံတွေ့ဆုံခဲ့ပါသည် ။ စာချဘုန်းကြီး၏ဇာတာကို

ကြည့်ရှုပြီးသည်နှင့် ဗေဒင်ဆရာက အရှင်ဘုရားမှာ ခန္ဓာပျက်ကိန်းရှိနေပါတယ် ။ ယတြာမချေ

လို့ မရပါဘူးဟု လျှောက်ထားလိုက်ရာ တပည့်တွေမှာ တုန်လှုပ်ချောက်ချားသွားသော်လည်း

စာချဘုန်းကြီးက အလျှင်းတုန်လှုပ်ခြင်း မရှိပေ ။

           အေးမြကြည်လင်သောမျက်နှာက တစ်ချက်လေးမှ ပျက်သွားခြင်း မရှိ ၊ ပကတိအတိုင်း

သာ ။ တပည့်များရော ဗေဒင်ဆရာရော စာချဘုန်းကြီးလေးပြောလာမည့် စကားကို ဂရုစိုက်

နားထောင်နေကြသည် ။ ရဟန်းဖြစ်စေ ၊ လူဖြစ်စေ ခန္ဓာပျက်ကိန်းအကြောင်းသာ ဟောလိုက်

လျှင် ဣနြေ္ဒမရအောင် ကြောက်လန့်တတ်သည် ဖြစ် ရာ ၊ ယခုစာချဘုန်းကြီး ငယ်ငယ်လေး

ကျမှ ဘာမှမဖြစ်သလို အေးဆေးတည်ငြိမ်နေသည်ကို တွေ့မြင်နေရသော ဗေဒင်ဆရာအဖို့

စိတ်ထဲတွင် မရိုးမရွ ဖြစ်နေပါတော့သည် ။

          စာချဘုန်းကြီးလေးထံမှ စကားသံအချို့ထွက်လာသည် ။

ဒကာကြီး ၊ အခုလိုဟောကြားသတိပေးတာ ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် ဦးပဉ္စင်းအ

တွက်ကတော့ ကိစ္စမရှိပါဘူး

           အတ္တုက္ကံသန ၊ ပရ၀မ္ဘန သဘောမပါအောင် သူတော်ကောင်းပီပီ ပြောကြားလိုက်

သောစကားဖြစ်သော်လည်း ဗေဒင်ဆရာက နည်းနည်းမှ မကျေနပ် ၊ သူ့ပညာကို မယုံကြည်

သောကြောင့်ဟု ယူဆနေသည် ။ မကျေနပ်သည့်စိတ်ဓာတ်က မပြေပြစ်သောစကားများကို

သာ ဖန်တီးပေးလိုက်ရာ -

အရှင်ဘုရား ၊ တပည့်တော်ပြောတဲ့အတိုင်း ယတြာမချေဘဲ နေရဲရင်နေကြည့်ပါ ။ လေးလ

အတွင်းမှာ ခန္ဓာပျက်ရင်ပျက် ၊ ခန္ဓာမပျက်ရင်လည်း သေလောက်နီးပါး ရောဂါကို ခံစားရမယ် ။

အကယ်၍ တပည့်တော်ပြောတဲ့အတိုင်း မဖြစ်ဘူးဆိုရင် တပည့်တော်ရဲ့ ဗေဒင်ကျမ်း တွေအကုန်

မီးရှို့ပစ်မယ်

            ဗေဒင်ဆရာကလည်း တွက်နည်းမျိုးစုံတွက်ကြည့်ထားရာ ခန္ဓာပျက်ကိန်းကိုသာ တွေ့

နေရသဖြင့် ယခုလို ရဲရဲဝံ့ဝံ့ဟောလိုက်ခြင်း ဖြစ်ပေသည် ။ လူတစ်ယောက်၏ ကောင်းကျိုး ဆိုးကျိုး

ကို ကံတရားထက် ဂဏန်းသင်္ချာများက ပို၍ဖန်တီးနိုင်သည်ဟု ယူဆလိုက်လျှင် ဗုဒ္ဓဘာသာ မပီသ

နိုင်တော့ပေ ။

            ဗေဒင်ဆရာက သူပြောချင်ရာပြောပြီးသည်နှင့် ဦးချပြီး ပြန်သွားသည် ။ ဗေဒင်ဆရာ ၏

အတိအကျ ဟောကြားချက်ကြောင့် တပည့်များက စိုးရိမ်သဖြင့် ယတြာချေရန် အတင်းအကျပ်

လျှောက်ထားကြရာ -

ငါအမြဲတမ်းယတြာချေနေတာ မင်းတို့မတွေ့ကြဘူးလား “ ဟု ပြန်မေးလိုက်ရာ တပည့်များ မှာ

မအူမလည်ဖြင့် “ တွေ့ပါတယ်ဘုရား “ ဟု လျှောက်ကာ ပြန်ခဲ့ကြရပါတော့သည် ။ ဗေဒင်ဆရာ

ဟောသော လများသို့ ရောက်လာသည်နှင့် တပည့်အများစုမှာ ပို၍ပင် စိုးရိမ်နေကြသည်။

              သို့သော် အန္တရာယ်လများကို ကုန်လွန်အောင်ကျော်လာသည်အထိ ဆရာတော်ကား

ဘာရောဂါအသက်ဘေးမှ မဖြစ်သည့်အပြင် စာချဘုန်းကြီးဘ၀မှ ကျောင်းထိုင်ဘုန်းကြီးအဖြစ်သို့ပင်

ရောက်သွားပါတော့တယ် ။ ကျောင်းထိုင်ဆရာတော်ဖြစ် သောအခါကျမှပင် ဗေဒင်ဆရာဟောခဲ့

သလို အဘယ့်ကြောင့် အသက်ဘေးအန္တရာယ် မဖြစ်ရ ကြောင်း သေသေချာချာ မေးကြည့်ရပါ

တော့သည် ။

         ရဟန်းအချင်းချင်းဆိုတော့ ပြောပြလို့ ကောင်းတာပေါ့ ။ ဒကာ ဒကာမဆိုရင်တော့

သိပ်ပြောလို့မကောင်းဘူး ၊ ကြည်ညိုအောင် ကြွားပြသလို ဖြစ်နေမှာစိုးရတယ် ။ အရှင်ဘုရား

စဉ်းစားကြည့်လေ ၊ ဗေဒင်ပညာရှင်တွေဆိုတာလည်း ပုထုဇဉ်တွေပဲ ။ အဲဒီတော့ အမှားဆိုတာ

ဘယ်ကင်းပါ့မလဲ ။ အညာသိကောဏ္ဍညမထေရ် လို တော်တဲ့ဗေဒင်ပညာရှင်တစ်ယောက် တောင်မှ

ကိုယ့်ဟောကြားချက်ကို ကိုယ်ပြန်ပြီး သံသယ၀င်ခဲ့ဖူးတယ် မဟုတ်လား ။ ဘာလည်းဆိုတော့

သူကိုယ်တိုင်ပဲ သိဒ္ဓတ္ထမင်းသားလေးကို လက်ညှိုးတစ်ချောင်းထောင်ပြီး ဘုရားဧကန်ဖြစ်ရမယ်လို့

ဟောခဲ့တယ်

           ဘုရားက မှားနေတဲ့ ဒုက္ကရစရိယာကို စွန့်ပြီး အာဟာရသပ္ပါယမျှအောင် အစားအသောက်

တွေပြန်ပြီး ဘုဉ်းပေးသုံးဆောင်ရတဲ့အခါ သူကိုယ်တိုင်ပဲ ဘုရားမဖြစ်နိုင်တော့ဘူးလို့ ယူဆပြီး

ဘုရားအလောင်းကို စွန့်ပစ်ခဲ့တယ် မဟုတ်လား ။ ဘုရား ဖြစ်ပြီးလို့ ဓမ္မစကြာတရား လာဟောတာ

ကိုတောင် မယုံမကြည်ဖြစ်နေကြသေးလို့ သေချာ ရှင်းပြပြီးမှ ဟောရတယ် ။ ဆိုလိုတာက ဗေဒင်

ဆရာကိုယ်တိုင်တောင် သူဟောတာကို သူကိုယ်တိုင် အပြည့်အ၀မယုံဘူးလို့ ဆိုလိုတာ ဖြစ်သည်

ဗေဒင် ၊ နက္ခတ်ပညာဆိုတာ ကောင်းကျိုးဆိုးကျိုးကကြိုတင်သိနိုင်စွမ်းရှိတဲ့ ပညာတစ်မျိုးမို့

လေးစားအပ်တဲ့ လောကီပညာ တစ်ခုပါ ။ ဒါပေမယ့် လိမ်းဆေးကို စားဆေးအဖြစ် သုံးလိုက်ရင် 

အသက်အန္တရာယ် ဖြစ်နိုင် သလို ဒီဂြိုဟ်ထဲ ရောက်နေလို့သာ ဒီလိုဖြစ်ရတာ ၊ အတိတ်ကံ ပစ္စုပ္ပန်ကံ

နှင့် ဘာမှမဆိုင်ဘူးလို့ ယူဆလိုက်ရင်တော့ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးတဲ့ အဓိကအန္တရာယ်ကြီးဖြစ်သွား နိုင်

တယ်

         “ ဗေဒင်ဆရာ ၊ လက္ခဏာဆရာ ၊ နက္ခတ်ဆရာ အဟောမှားခြင်း အကြောင်းနှစ်ခုရှိတယ် ။

ပထမအချက်က သူတို့ကိုယ်တိုင် ပုထုဇဉ်ပီပီ အတွက်အချက်မှားပြီး အဟောမှားတာ ၊ ဒုတိယ

အချက်က အဟောခံရသူက ကောင်းတဲ့ကံသစ်တွေ အမြဲမပြတ် ပြုလုပ်နေလို့ ဟောကြားချက်မှား

သွားတာပေါ့ ။ တပည့်တော်အပေါ် ဟောကြားချက်မှားတာ ဒုတိယအချက်ကြောင့်ပဲပေါ့ ။

သူဟောတဲ့အချိန်မှာ အခြား ဘယ်ဆရာ လာတွက်တွက် ခန္ဓာ ပျက်ကိန်းပဲ ထွက်မှာပဲ ။ ဒါဆို

ဘာကြောင့် တပည့်တော်ခန္ဓာမပျက်ရသလဲ ဆိုတော့ -

ဓနာ ပုညာ ဓီလာဘေန

  ကာလံခိယျတိ  ပဏ္ဍိတော

  ကီဠနေနစ  ဒုမ္မေ  ဓော

  နိဒ္ဒါယ  ကလဟေန၀ါ

           အဓိပ္ပာယ်က -ပညာရှိသူတော်ကောင်းဟာ ဥစ္စာရယ် ၊ ကုသိုလ်ရယ် ၊ ပညာဗဟုသုတ

ရယ် တစ်ခုခုကိုရခြင်းဖြင့် အချိန်ကာလကို ကုန်လွန်စေတယ် ။ ပညာမဲ့လူမိုက်ကတော့ မြူးတူး

ပျော်ပါးကစားခြင်း ၊ အိပ်ခြင်း ၊ ငြင်းခုန်ခိုက်ရန် စကားများခြင်း အချိန်ကာလကို ကုန်လွန်စေ

တယ်တဲ့ ။ အချိန်မှန်သမျှထဲက ဥစ္စာရယ် ၊ ပညာဗဟုသုတ ရယ် , ရအောင်ယူတာတော့ ဟုတ်

ပါပြီ ၊ ကုသိုလ်တရားကိုရော ဘယ်လိုရအောင်ယူမလဲလို့ မေးစရာရှိလာတယ် ။

            ဒကာဒကာမများဟာ များသောအားဖြင့် ကုသိုလ်ဆိုရင် ဒါနနဲ့သီလကိုပဲ သတိထားမိ

တတ်တယ် ။ ဘာဝနာကို သတိမထားမိကြဘူး ။ တကယ်ကျတော့ ဘာဝနာကုသိုလ်ဟာ ဒါန ၊

သီလထက်သာတယ် ။ သွားရင်းလာရင်း ၊ ချက်ရင်းပြုတ်ရင်းနဲ့လူနတ်ဗြဟ္မာသတ္တ၀ါအားလုံး

စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာကြပါစေလို့ ပွားများလိုက်တာနဲ့ မေတ္တာဘာဝနာကုသိုလ် ဖြစ်တာ ပဲ ။

အရဟံ လူနတ်ဗြဟ္မာသတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏ လို့ အာရုံပြု

လိုက်တာနဲ့ ဗုဒ္ဓါနုဿတိဘာဝနာပွားများပြီးသား ဖြစ်သွားတာပဲ ။

          အဲဒီ ဒါန ၊ သီလ ၊ ဘာဝနာကုသိုလ်ကံတွေကြောင့် တပည့်တော် ခန္ဓာပျက်ကိန်းက

လွတ်ခဲ့ရတာပေါ့ ။ လူတွေက မသိကြလို့ ကံဆိုတာ ကောင်းအောင်လုပ်လို့ရတယ် ။ ဒါန ၊ သီလ ၊

ဘာဝနာလုပ်တာဟာ ကံကောင်းအောင်လုပ်တာပဲ ။ မကောင်းကျိုးတွေ ပေးမရအောင်

အကောင်းဆုံးယတြာတွေ ချေချင်တယ်ဆိုရင်လည်း ဒါန ၊ သီလ ၊ ဘာဝနာတွေ ကြိုးစားအား

ထုတ်ဖို့ပဲ လိုပါတယ်

            ဆရာတော်၏ သြ၀ါဒဆိုလိုရင်းမှာ ကုသိုလ်ကံသစ်များကို မမေ့မလျော့ကြိုးစားအား

ထုတ်နေသမျှ အကုသိုလ်ကံဆိုးများ ခေါင်းထောင်မလာနိုင်ပဲ နောက်ဆုတ်သွားရမည်ဟု ဆိုလို

ပါသည် ။ အကုသိုလ်ကံများ နောက်ဆုတ်သွားရန်အတွက် ကုသိုလ်ကံများကို မမေ့မလျော့ဖို့

အရေးကြီးလှပါတယ် ။ ထို့ကြောင့် စံကျောင်းဆရာတော်ကြီးက -

          ကုသိုလ်ကို ကိုယ်ကမေ့လျှင် ကုသိုလ်ကကိုယ့်ကို မေ့လိမ့်မည် ။ ကုသိုလ်ကကိုယ့်

ကိုမေ့လျှင် ဘေးတွေ့လိမ့်မည် “ ဟုသြ၀ါဒပေးတော်မူခဲ့ခြင်း ဖြစ်ပေလိမ့်မည် ။ ဗေဒင် ၊ နက္ခတ် ၊

အတိတ် ၊ နိမိတ် ၊ တဘောင် စသည်ကို ကေတုဟလမင်္ဂလာ ဟုခေါ်သည် ။ ထို

ကေတုဟလမင်္ဂလာကို ယုံကြည်ခြင်းကို မိမိကိုယ်အညံ့ဆုံး ၊ အညစ်ဆုံး ဥပါသကာထဲ ဆွဲချ

လိုက်ခြင်းနှင့်တူပေသည် ။ ဗုဒ္ဓက အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ ၊ စဏ္ဍာလသုတ်တွင် -

၁ ။ ယုံကြည်မှု သဒ္ဓါတရားလည်းမရှိ

၂ ။ စောင့်ထိန်းမှု သီလမရှိ

၃ ။ ကောတုဟလမင်္ဂလာ ကို ယုံကြည်၏

၎ ။ မင်္ဂလာကို ယုံကြည်၍ ကံကို မယုံကြည်

၅ ။ ဤသာသနာတော်မှ အပြင်ဘက်တွင်လည်း အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏ ။ ထိုသာသနာ

အပြင်ဘက်တွင်လည်း ရှေးဦးစွာ ကောင်းမှုကိုပြု၏ ။

        ဤတရားငါးမျိုးနှင့်ပြည့်စုံသော ဥပါသကာသည် ဥပါသကာ ဒွန်းစဏ္ဍားလည်းမည်၏ ။

ဥပါသကာညစ်လည်းမည်၏ ။ ဥပါသကာညံ့လည်းမည်၏ ဟူ၍ ဟောကြားတော်မူခဲ့ပါသည် ။

   

ကျမ်းညွှန်း -             


မေတ္တာရှင် (ရွှေပြည်သာ)


မျက်ရည်မကျခင် သိစေချင်


...............................................................................................................

  

နက္ခတ် ၊ ဗေဒင်နှင့်ပတ်သက်သည့် သြ၀ါဒ







               နက္ခတ် ၊ ဗေဒင်နှင့်ပတ်သက်သည့် သြ၀ါဒ

            ကချင်ပြည်နယ် ၊ နမ္မားမြို့ ၊ မင်္ဂလာရာမကျောင်းဆရာတော် ဦးဉာဏ က တရားစစ်

တမ်း ဆွေးနွေးခန်းစာအုပ်တွင် အောက်ပါအတိုင်း သတိပေးရေးသားတော်မူခဲ့ပါသည် ။

           ဘုရားဟောထက် ဗေဒင်ကိုယုံသူတွေ ၊ နမန္တာကျမ်းကိုယုံသူတွေက များပါတယ်

တစ်နှစ်တစ်ခါထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းပြတ်ကြီးကို နတ်သမီးများ တစ်

ယောက်လက်တစ်ယောက် ကမ်းနေတာ မြင်တယ်မဟုတ်လား ။ မြတ်စွာဘုရားက နတ်ဗြဟ္မာ

များ၏ ခန္ဓာကိုယ်သည် ကမ္မဇရုပ်တွေချည်းမို့ သေလျှင် မီးတောက်သဖွယ် ပျောက်ကွယ်တတ်

တာလို့ ဟောတယ် ။ ဗေဒင်က ယခုအထိ ခေါင်းပြတ်ကြီး မပုပ်သေးဘူး ။ မြန်မာပြည်က ယုံ

ကြည်လက်ခံသမျှ ပုပ်မှာ မဟုတ်ဘူးကွဲ့ ။ “

            ဗေဒင်က ရက်ရာဇာနှင့်ပြဿဒါးကို ပဓာနထားသကွဲ့ ၊ မြတ်စွာဘုရားက ကုသိုလ်

နှင့်အကုသိုလ်ကို ပဓာနထားသကွဲ့ ။ ဗေဒင်က မဟာဘုတ်လေးပါးကို ပဓာနထား၍ ထူသကွဲ့

မြတ်စွာဘုရားက သမ္မတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့ ။ ကဲ…မဆန့်ကျင်ပါလား

မြတ်စွာဘုရားနှင့် ဆန့်ကျင်တာကိုယုံလျှင် ဘုရားတရားကို မယုံရာကျတာပေါ့ ။

မြတ်စွာဘုရားဟောတာ သဗ္ဗေကမ္မသကာ သတ္တာ ၊ ကမ္မံသတ္တေ၀ိဘဇ္ဇတိ တဲ့ ၊ ကဲ..ဘယ်မှာ

လည်းကွဲ့ ။ “

          နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်း မပါ ။ မသာကို စံချရင် တစ်လောင်း

တည်းနဲ့ကိစ္စမပြီးတတ်ဘူးလို့လည်း မပါ ။ အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်စီးတတ်

တယ်လို့လည်း မပါ ။ မင်္ဂလာဆောင်တာ ရက်မရွေးမိလို့ ပျက်စီးရတယ်လို့လည်း မပါ ။ ဓမ္မာ

သောကအင်းဝရာဇာ ကျလို့ ပျက်စီးတာလည်း မပါ ။ သားဦးစနေမီးလိုမွှေ ဆိုတာလည်း မပါ ။

တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ဆိုတာတွေဟာ ပညတ်သင်္ကေတတွေပဲ ၊ လူကို ကောင်းအောင် ၊

ဆိုးအောင် မလုပ်နိုင်ပါဘူး ။ ကုသိုလ်ကံကသာ ကောင်းအောင်လုပ်နိုင်၍ အကုသိုလ်ကံကသာ

မကောင်းအောင် လုပ်နိုင်တယ် ။ ဒီတော့ အကုသိုလ်ကံဆိုလျှင် မြွေဆိုးကင်းဆိုးကဲ့သို့

ကြောက်လန့်ပြီး ကုသိုလ်ကံကို ဣစ္ဆာသယပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံ

သရဏံ ဂစ္ဆာမိ မှာ မဟုတ်လား ။ “

         နမ္မားဆရာတော် နည်းတူ အဘိဓဇမဟာရဋ္ဌဂုရု စံကင်းဆရာတော်ဘုရားကြီးကလည်း

ကြောက်စရာ အစစ်အမှန်ကို ယခုကဲ့သို့ ထုတ်ပြခဲ့ပါသည် ။

          “ တစ်ခါတစ်ခါ စဉ်းစားကြည့်ရင် ကံတရားဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ

တစ်ယောက်နဲ့တစ်ယောက် မတူအောင် စီမံထားတယ် ။ တူတဲ့နေရာတူပေမယ့် မတူတဲ့နေရာ

တွေက အများကြီးရှိတယ် ။ ဒါကြောင့် ဘုရားရှင်က ကမ္မံသတ္တေ၀ိဘဇ္ဇလို့ ဟောတော်မူတာပါပဲ ။

မိမိကိုယ်ကို မကောင်းအောင်လုပ်တာ ဘယ်သူလဲ ၊ မိမိအလုပ်ကိစ္စမိမိကံပဲ ။ ဘေးရန်

အန္တရာယ်တွေဖြစ်အောင် ဘယ်သူလုပ်သလဲ ၊ မိမိကံက လုပ်တာပဲ ။ ဥပမာ ဧရာဝတီမြစ်ကြီးရှိ

တယ် ။ ဒီမြစ်ကြီးက ကုန်းပေါ်နေတဲ့သူကို ရေနစ်အောင် မလုပ်နိုင်ပါဘူး ။ မြစ်ထဲဆင်းတဲ့သူကို သာ

ရေနစ်စေနိုင်တယ် ။ ဒီအတိုင်းပဲ ဘေးရန်အန္တရာယ်တွေ ရှိပေမယ့်လည်း အလုပ်ကောင်း လုပ်သူ ၊

ကံကောင်းရှိသူ ဘေးရန်အန္တရာယ် မဖြစ်နိုင်ပါဘူး ။ ကံကောင်း မရှိသူသာ ဘေးရန် ဖြစ်နိုင်တယ် ။

ဒါကြောင့် မကောင်းကျိုးကို ဖြစ်စေတတ်တဲ့ မိမိရဲ့ ကံညံ့ ၊ ကံယုတ်များကိုသာ

ကြောက်စရာလိုတယ် ။ ဘေးရန်အန္တရာယ်တွေ ကြောက်စရာ မလိုပါဘူး ။ ဂြိုဟ်ကြီး ရှစ်လုံး ပူးပူး

မပူးပူး ဇာတိဇရာ မရဏ စတဲ့ ဘေးရန်တွေ သတ္တ၀ါတိုင်း တွေ့နေကြရတယ် ။ သံသရာ

ကျင်လည်ခိုက်မှာ မကောင်းမှုကံပါလာလို့ ကပ်ကြီးသုံးပါးတွေ့ကြရာ သံသရာဒုက္ခခံကြရတယ်။

             ဘေးရန်တွေက မိမိမှာ ဖြစ်လာတာ မဟုတ်ဘူး ။ ကိုယ့်ရဲ့ မကောင်းတဲ့စိတ်ကြောင့်

မကောင်းတဲ့အကျိုးတွေ ဖြစ်နေကြရတာ ။ အတိတ်နမိတ်ဆိုတာကတော့ တစ်ခါတစ်ရံတော့

ရှိတတ်ပါရဲ့ ။ ငရဲကြီးရှစ်ထပ်ရှိနေပေမယ့် ငရဲကြီးရှစ်ထပ်က ဘယ်သူ့ကိုမှ လာမခေါ်ပါဘူး ။

ကိုယ့်ရဲ့ မကောင်းတဲ့စိတ်ကသာ ငရဲကြီးရှစ်ထပ်ရှိရာကို ခေါ်သွားနိုင်တယ် “

             ဆရာတော်ကြီးနှစ်ပါးတို့၏ သြ၀ါဒဆိုလိုချက်အကျဉ်းမှာ ဗေဒင် ၊ နက္ခတ် ၊ ဂြိုဟ် ၊

ဘေးရန်တွေက ကြောက်စရာ မဟုတ် ။ မိမိပြုလုပ်သော မကောင်းမှု အကုသိုလ်ကံများသည် သာ

ကြောက်စရာ အစစ်ဟု ဆိုလိုခြင်းဖြစ်ပါသည် ။ ဒီဂြိုဟ်ထဲရောက်နေလို့ ဒီနက္ခတ်နဲ့တည် နေလို့

ဒီဆိုးကျိုးကို ခံစားရတာဟု ယူဆလိုက်လျှင် ကံ ၊ ကံ၏အကျိုးကိုယုံကြည်လက်ခံသော

ကမ္မဿကတာ သမ္မာဒိဋ္ဌိအဖြစ်မှ သွေဖယ်၍ မိစ္ဆာဒိဋ္ဌိအယူသို့ သက်ဝင်သွားလေပြီ ။

သို့အတွက်ကြောင့် ဆရာတော်ကြီးများက ယခုကဲ့သို့ အလေးထားပြီး မှာကြားနေကြခြင်း

ဖြစ်ပါသည် ။

             ဗုဒ္ဓကိုယ်တော်တိုင်ကလည်း ဧကနိပါတ် ၊ နက္ခတ္တဇာတ်တွင် -

“ နက္ခတ္တံ  ပဋိမာနေန္တံ  ၊ အတ္ထောဗာလံ  ဥပစ္စဂါ ။

  အတ္ထော  အတ္ထဿနက္ခတ္တံ ၊ ကိံကရိဿန္တိ  တာရကာ ။ “

           နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်

မြောက်၍ သွားကြသည် ။ ကောင်းသော အလုပ်ကို စလုပ်သော နေ့သည်ပင် ကောင်းသော နက္ခတ်

ဖြစ်၏ ။ ကောင်းကင်မှာ သွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားကိုမှ ပြီး

မြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ် ဟူ၍ ဟောကြားတော်မူခဲ့ပါသည် ။

          ထိုဂါထာကို ဟောကြားခြင်းအကြောင်း ဇာတ်လမ်းအချုပ်ကို-မေတ္တာရှင်(ရွှေပြည်သာ) ၏

မျက်ရည်မကျခင်သိစေချင် စာ-၂၀၃ တွင်ရှု -

          ဤနက္ခတ္တဇာတ်ဟောကြားချက်ကို ထောက်ကြည့်လျှင် ဘုရားရှင်ကိုယ်တော်တိုင် ဗေဒင် ၊

နက္ခတ်ကို လက်မခံကြောင်း ထင်ရှားလှသည် ။ ဗုဒ္ဓလက်မခံသော်လည်း ဗုဒ္ဓကို

ကိုးကွယ်ပါသည်ဆိုသော ဗုဒ္ဓဘာသာအများစုကား လက်ခံယုံကြည်မှု အားကောင်းနေဆဲပင်

ဖြစ်သည် ။ ဗေဒင်က ရာထူးကျစရာ ရှိသည်ဟု ဟောလိုက်လျှင် ဣနြေ္ဒပျက်လောက်အောင်

ဖြစ်ကာ တောင်းသမျှပေးပြီး ယတြာချေတတ်ကြသည် ။ ခန္ဓာပျက်ကိန်းရှိတယ်လို့ ဟောလိုက်

လျှင်ကား နေစရာပင် မရှိတော့ ။ သဗ္ဗေဘာယန္တိ စ္စုနော ဟူသော ဒေသနာအရ ပုထုဇဉ်မှန်သမျှ

များသောအားဖြင့် သေခြင်းတရားကို ကြောက်လန့်ကြသည် ဖြစ်၏ ။

   

ကျမ်းညွှန်း -             


မေတ္တာရှင် (ရွှေပြည်သာ)


မျက်ရည်မကျခင် သိစေချင်


...............................................................................................................

  

သာသနာနှင့်နက္ခတ်ဗေဒင်







                        သာသနာနှင့်နက္ခတ်ဗေဒင်

          ပုဂံပြည်တွင် အုပ်ချုပ်ခဲ့ဖူးသော ပုပ္ပါးစောရဟန်းမင်းသည် အရည်းကြီးလူထွက် ဖြစ် ၍

ဗေဒင်နှင့်မှော်ပညာကို ကျွမ်းကျင်လိမ္မာသည် ။ နတ်နှင့်နဂါးကိုလည်း ကိုးကွယ်သည် ။ သူ့ လက်

ထက်မှစ၍ ဗေဒင်နှင့်မှော်ပညာ အထွတ်အထိပ်သို့ရောက်၍ နတ်နှင့်နဂါး ကိုးကွယ်မှုမှာလည်း

ယခုထက်တိုင် တွင်ကျယ်လာခဲ့သည် ။ နဂါးကိုးကွယ်မှုသည် ပုပ္ပါးဘက်တွင် အကြီးအကျယ် ဖြစ်

နေသဖြင့် နှောင်းခေတ်ဘုရင်များက တိရစ္ဆာန်နဂါးကို ကိုးကွယ်တာနှင့်စာလျှင် လူကဖြစ်သော

 နတ်စိမ်းကို ကိုးကွယ်တာက တော်သေးသည်ဟု ယူဆကာ ပန်းပဲမောင်တင့်တယ်မောင်နှမ

အကြောင်း ထိုးဇာတ်တစ်ခုရေးပြီး ရုပ်တုနှင့်တကွ ဖောင်ဖြင့် မျှောလိုက်ရာမှ အစပြု၍ နဂါး

ကိုးကွယ်မှုအစား နတ်ကိုးကွယ်မှု ၀င်ရောက်လာကြောင်း စစ်ကိုင်းဦးဘိုးသင်း၏ သူ့အမြင်

သူ့အတွေးစာအုပ်တွင် ဖတ်ရှုလိုက်ရသည် ။

              အနော်ရထာမင်းလက်ထက်မှစ၍ ကွယ်ပျောက်ခဲ့ရသော နဂါးကိုးကွယ်မှုသည်

ယခုအချိန်အထိ အမြစ်ပြတ်ခြင်း မရှိသေးချေ ။ အဘယ်ကြောင့်ဆိုသော် အထက်မြန်မာပြည် ရှိ

အချို့ကျေးရွာများသည် ရှင်ပြုသည့်အခါ နဂါးကို ရှင်လောင်းပြသည်ဟုဆိုကာ ရွာအနောက်

ဘက်တံခါးသို့ သွားလေ့သွားထရှိသည်ကို တွေ့နေရသေးသောကြောင့်ပင် ။ အထင်ရှားဆုံးသော

အချက်တစ်ခုသည်ကား ခရီးသွား ၊ အိမ်အပြောင်းအရွှေ့လုပ်ကြသည့် အခါ နဂါးခံတွင်း မ၀င်မိရန်

တတ်နိုင်သမျှ ရှောင်ကြဉ်ကြခြင်းပင်ဖြစ်၏ ။

             နဂါးကိုးကွယ်သူတို့၏ အယူအဆအရ နဂါးသည် တစ်နေရာတွင် သုံးလနေပြီး

အရပ်လေးမျက်နှာသို့ လက်ယာရစ်လှည့်နေသည် ။ နဂါးခေါင်းသည် တပေါင်း ၊ တန်ခူး ၊ ကဆုန်

သုံးလတို့တွင် အနောက်ဘက်သို့လှည့်နေသည် ။ နယုန် ၊ ၀ါဆို ၊ ၀ါခေါင် သုံးလတို့တွင်

မြောက်ဘက်သို့ လှည့်နေသည် ။ နတ်တော် ၊ ပြာသို ၊ တပို့တွဲ သုံးလတို့တွင် တောင်ဘက်သို့

ခေါင်းလှည့်နေသည် ။

            တစ်စုံတစ်ယောက်သောသူသည် နဂါးခံတွင်းသို့ ၀င်သွားပါက ဆင်းရဲဒုက္ခနှင့်တွေ့ရ

လိမ့်မည် ။ နဂါးအကြေးခွံကိုလှန်သွားပါက ကံဆိုးမိုးမှောင်နှင့်တွေ့ရလိမ့်မည် ။ နဂါး၏၀မ်းကို

ဖောက်၍သွားမှသာလျှင် ကံဆိုးမှလွတ်ပြီး ချမ်းသာသုခနှင့် တွေ့ရလိမ့်မည် ။ ဥပမာအားဖြင့်

နဂါးခေါင်းအရှေ့ဘက်သို့လှည့်နေသော တော်သလင်း ၊ သီတင်းကျွတ် ၊ တန်ဆောင်မုန်းလတို့ 

တွင် အရှေ့မှ အနောက်သို့သွားခြင်းနှင့် အနောက်မှ အရှေ့သို့သွားခြင်းကို ရှောင်ရမည် ။

             တောင်မှမြောက်သို့လည်းကောင်း ၊ မြောက်မှတောင်သို့လည်းကောင်း သွားခြင်းကို

ကား ပြုလုပ်နိုင်သည် ။ အတွေးအခေါ်မရှိသော ဗုဒ္ဓဘာသာဝင်များ၏ ရယ်ရွှင်ဖွယ်ကောင်းသော

အယူအဆဖြစ်ပါသည် ။ ထို့အတူ ကောင်းကျိုးဆိုးကျိုးကို ကောင်းကံ ၊ မကောင်းကံက

ဖန်တီးမပေးဘဲ ကိတ်ဂြိုဟ်မှတစ်ပါး ဂြိုဟ်ကြီးရှစ်လုံးက ဖန်တီးပေးသည် ဟူသော ဗေဒင် ၊ နက္ခတ်

အယူအဆသည်လည်း ဗုဒ္ဓနှင့်အလွန်ပင် ဆန့်ကျင်လှပါ၏ ။

   

ကျမ်းညွှန်း -             


မေတ္တာရှင် (ရွှေပြည်သာ)


မျက်ရည်မကျခင် သိစေချင်


...............................................................................................................