Wednesday, August 26, 2009
ရှင်မဟာကဿပရဲ့ ရုပ်ကလပ်တော်
               မြန်မာနိုင်ငံတွင် အရှင်မဟာကဿပရဲ့အလောင်းတော်ရှိရာ ဂူဆိုပြီးတော့တည်ရှိပါတယ် ။
လူအများကလည်း လက်ခံယုံကြည်ကြပါတယ် ။
               ရှင်မဟာကဿပ ရဲ့ အလောင်းတော်ကို အရိမေတ္တေယျဘုရားရှင်က သဂြိုဟ်မည်ဆိုတာ
ဟုတ်လား ၊ မဟုတ်ဘူးလားဟု ဝေဖန်သံတွေလည်း ထွက်ပေါ်လျက်ရှိပါတယ် ။ ဒီအကြောင်းအရာနဲ့ 
ပတ်သက်ပြီး ထီးချိုင့်မြို့တည်တောဆရာတော် ရဲ့ ရှင်းလင်းချက် ကို တင်ပြပါမယ် ။
                " ရှေးရှေးတုန်းက အရိမေတ္တေယျအလောင်းက ဆင်ထိန်းဖြစ်ပြီး အရှင်မဟာကဿပ ရဲ့
အလောင်းက ဆင်ဖြစ်သတဲ့ ။ ဆင်ထိန်းဟာ ဆင်ကို ပန်းပဲဖိုအနီးမှာ လွှတ်ထားတယ် ။ ဖိုသူကြီးက
ဆင်ကို ဖိုတဲအနီး မလွှတ်ပါနှင့် လို့ပြောတယ် ။ ဆင်ထိန်းက ငါ့ဆင်ဟာ လူစကားကို နားလည်တဲ့ ဆင်
ယဉ် ဖြစ်ပါတယ် ။ ဖိုတဲအနီးမှာ နေပေမယ့် ဘာအန္တရာယ်မှ ပြုလုပ်မှာ မဟုတ်ပါဘူး လို့ပြောတယ် ။
ဖိုသူကြီးက ဆင်ဆိုတာ တိရစ္ဆာန်မို့ ယဉ်သည်ဖြစ်စေ ၊ ရိုင်းသည်ဖြစ်စေ စိတ်မချရဘူး ၊ ဒါကြောင့်
ဝေးဝေးမှာ လွှတ်ထားပါလို့ပြောတယ် ၊ ဆင်ထိန်းက ကိစ္စမရှိပါဘူး ၊ ကျုပ်ဆင်ကို ကျုပ်တာဝန်ယူပါ
တယ် ။ မပူပါနှင့်လို့ ပြောတယ် ။ ဒီတော့ ပန်းပဲသူကြီးက ခင်ဗျားဆင် အမှန်တစ်ကယ် လူစကား နား
လည်လျှင် သံတွေခဲကို အကိုင်ခိုင်းလို့ ဖြစ်ပါ့မလား လို့ပြောတယ် ။ ဆင်ထိန်းက ဖြစ်တယ်လို့ ပြော
တာကြောင့် သံတွေခဲကို မီးဖုတ်ပြီး ဆင်ကို အကိုင်ခိုင်းသတဲ့ ၊ ဆင်ဟာ အလွန်ပူတဲ့ သံတွေခဲကို
နှာမောင်းဖြင့် ကိုင်တဲ့ အပူဒဏ်ကြောင့် သေလွန်ရှာသတဲ့ ။ အဲဒီ မကောင်းမှု အကုသိုလ်ကံကြောင့်
အရိမေတ္တေယျဘုရားရှင်ဟာ ရှင်မဟာကဿပ ရဲ့ ရုပ်ကလပ်တော်ကို လက်ဝါးပြင်ပေါ်မှာတင်ပြီး
မီးသဂြိုဟ်ပြုရာမှ လက်ဝါးတော်ကို မီးစွဲပြီး ပရိနိဗ္ဗာန် ၀င်စံရလိမ့်လို့ သမိုင်းမှာဆိုတယ် ။ သမိုင်း
ဟောင်းတစ်ခုမှာ ဆိုတာက ဆင်ထိန်းဟာ ဆင်ကို သံတွေခဲ အကိုင်ခိုင်းရုံမျှမက အမြိုခိုင်းတဲ့အတွက်
အဖန်ငါးရာဝိပါက်လိုက်ပြီး အကျိုးကြွင်းအားဖြင့် အရိမေတ္တေယျဘုရားဖြစ်တဲ့အခါ ရှင်မဟာကဿပ
အလောင်းတော်ကို လက်ဝါးပြင်ပေါ်တင်ပြီး မီးသဂြိုဟ် ရာက လက်တော်ကို တေဇောဓာတ်လောင်
ပြီး ပရိနိဗ္ဗာန် ၀င်စံရလိမ့်မယ်လို့ ဆိုထားတယ် ။
                 သည်အဆိုများဟာ ခိုင်မာတဲ့ အဆိုများ မဟုတ်ကြပါဘူး ။ ပုံပြင်မျှသာ ဖြစ်ကြပါတယ် ။
ပုံပြင်ဆိုတာ အမှန်တစ်ကယ်မဟုတ် ၊ တစ်ထောင့်တစ်ညပုံပြင်လို နားထောင်ကောင်းအောင် ပြော
ဆိုခြင်းသာ ဖြစ်တယ် ။ ဒါကြောင့် အမှန်မဟုတ်ပါဘူး ၊ အမှန်မဟုတ်တဲ့အကြောင်းကိုလည်း ပြောပြ
ပါဦးမယ် ။"
                 " သည်ကမ္ဘာမြေကြီးဟာ ဘုရားတစ်ဆူနဲ့ တစ်ဆူကြား တစ်ယူဇနာ မြေသားတက်ကြောင်း
( ဧတ္တာဝတာ ကိရ ဒွိန္နံ ဗုဒ္ဓါနံ အန္တရေ ယောဇနံ ပထ၀ီ ဥဿန္နံ ) လို့ နိဒါန၀ဂ္ဂဋ္ဌကထာ - ၁၄၉ မှာ ဖွင့်ပြ
ထားတယ် ၊ သည်အဖွင့်အရ ဆိုလျှင် အရိမေတ္တေယျဘုရား ပွင့်တော်မူတဲ့အချိန်မှာ ရှင်မဟာကဿပ
ရဲ့ အလောင်းတော်ဟာ မြေအတွင်း တစ်ယူဇနာအောက်မှာ နစ်မြုပ်နေပြီ ၊ မြေအတွင်းက ဖော်
ထုတ်ယူလို့ မဖြစ်နိုင်တော့ဘူးပေါ့ ။ ဖော်ထုတ်လို့ မဖြစ်နိုင်သည့်တိုင်အောင် အဲသည်အချိန်မှာ
အလောင်းတော်ဟာ ဆွေးမြည့်ပြီး မြေကြီးသြဇာဓါတ် ဖြစ်သွားလောက်ပြီမို့ ဖော်ထုတ်ဖို့ အလောင်း
လည်း ရှိမှာ မဟုတ်ဘူး ။ ပြောစရာ ရှိသေးတာက ရှင်မဟာကဿပက သူ့ရဲ့အလောင်းဟာ
အရိမေတ္တေယျဘုရားရှင် လက်ထက်တိုင်အောင် မပျောက်မပျက် တည်ပါစေလို့ အဓိဋ္ဌာန်ပြုခဲ့လျှင်
အဓိဋ္ဌာန်အလျောက် တည်မည်ဆို တည်နေနိုင်တာပေါ့ ၊ သို့သော် လည်း အလောင်းတော် မပျက်မစီး
တည်နေပါစေလို့ အဓိဋ္ဌာန်တာက ဘယ်အကျိုးကို မျှော်ကိုးလို့လည်း လို့ ၊ အဓိဋ္ဌာန်ခြင်းရဲ့အကြောင်း
ကို ထောက်မျှော်ကြည့်သင့်သေးတယ် ။ သည်နေရာမှာ ဘုရားရှင် ခန္ဓပရိနိဗ္ဗာန် စံတော်မူစဉ်
အဓိဋ္ဌာန်ပြုတော်မူပုံကို ပြောပြရဦးမယ် ။ "
                   " ဂေါတမဘုရားရှင်ဟာ သက်တော်အလွန်တိုတော်မူတယ် ။ ဘုရားဖြစ်သည်ကစပြီး
၄၅ နှစ်ကြာအောင် မနေမနား တရားဟောပြတော်မူခဲ့သော်လည်း သာသနာတော်ဟာ မပျံ့နှံ့
သေးဘူး ။ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ် အတော်များများ ကျန်နေသေးတယ် ။ ဒါကြောင့် ငါ ပရိနိဗ္ဗာန်
ဝင်စံပြီးသည့်နောက် ငါ့ရဲ့ခန္ဓာတော်ဟာ ဓာတ်တော် အစိတ်စိတ်ဖြစ်ပြီး ငါ့ရဲ့သာသနာတော်
အကွယ်သမျှ လူနတ်ဗြဟ္မာ သတ္တ၀ါတို့ရဲ့ ကိုးကွယ်ရာ ဖြစ်ပါစေလို့ အဓိဋ္ဌာန်တော်မူတယ် ။
အဲသည် အဓိဋ္ဌာန်ချက်ကြောင့် မုန်ညင်းစေ့မျှ ရှိ၍ မြတ်လေးငုံ အဆင်းရှိတဲ့ အငယ်စားဓာတ်တော်
ခြောက်ပြည်သား ၊ ဆန်ကျိုးခန့် ပမာဏရှိ၍ ပုလဲအဆင်းရှိသော အလတ်စား ဓာတ်တော် ငါးပြည်
သား ၊ ပဲနောက်စေ့ခန့် ပမာဏရှိ၍ ရွှေအဆင်းရှိသော အကြီးစားဓာတ်တော် ငါးပြည်သား ၊ ပေါင်း
ဓာတ်တော် ၁၆ ပြည်သား ကျန်ရစ်တော်မူတယ် ။  ( သုတ်မဟာဝါ အဋ္ဌကထာ ) ၊ ဘုရားရှင်ရဲ့ဓာတ်
တော်များဟာ အဓိဋ္ဌာန်တော်အတိုင်း ကိုးကွယ်မည့်သူရှိရာ ဌာန လှည့်လည်ပြီး သာသနာတော်
မကွယ်သမျှ ကာလပတ်လုံး တည်တော်မူနေကြမယ် ။ သာသနာတော်ကွယ်လို့ ကိုးကွယ်မည့်သူမရှိ
တဲ့အခါမှာ ဓာတ်တော်အားလုံး ဓာတုပရိနိဗ္ဗာန် ၀င်စံတော်မူကြမယ် ။ ဘုရားရှင်ရဲ့ အဓိဋ္ဌာန်တော်
မူချက်ဟာ အခုပြောပြီးတဲ့အတိုင်း အကြောင်းရှိတယ် ။ ဓာတ်တော်ကျန်ရစ်ခဲ့တဲ့အတွက်ကြောင့်
လည်း လူနတ်ဗြဟ္မာတွေမှာ အကျိုးရှိတယ် ။
ရှင်မဟာကဿပ ဟာမိမိခန္ဓာတော်ကို မပျက်မစီး
တည်ရစ်ပါစေလို့ အဓိဋ္ဌာန်ခဲ့လျှင် အဓိဋ္ဌာန်ခဲ့တဲ့ အကြောင်းက ဘာလဲ ၊ ဘုရားရှင်လို ခန္ဓာတော်ကို
ဖူးကြရတဲ့ လူနတ်ဗြဟ္မာတွေ ကုသိုလ်တရား တိုးပွားကြပါစေဆိုတဲ့ အကြောင်းလား ။
သည်အကြောင်းမှန်ခဲ့လျှင် ခန္ဓာတော်ကို လူသားများ ၀င်ရောက် မဖူးမြော်နိုင်တဲ့ တောင်ခေါင်း
အတွင်း ဘာကြောင့် ထားခဲ့ရသလဲ ။ လူမရောက်သော တောင်ခေါင်အတွင်း ခန္ဓာတော်ကို ချထား
တဲ့အတွက် ခန္ဓာတော်ချထားခဲ့ခြင်းဟာ လူသားများအတွက် မဟုတ်ဘူး လို့ အဓိပ္ပာယ်သက်ရောက်
ပါတယ် ။ "
           " လူသားများအတွက် မဟုတ်လျှင် ဆင်ဘ၀ က သူ့ကို နှိပ်စက်သော ဆင်ထိန်း အရိမေတ္တေယျ
ဘုရားဖြစ်သောအခါ ကလဲ့စားချေဖို့ ဆိုရအောင်ကလည်း ရဟန္တာ မှာ သည်သဘော လုံးဝ မဖြစ်သင့်
လို့ သည်စကားကိုလည်း အတည်ယူလို့ မဖြစ်ပါဘူး ။ ပြီးတော့ ဘုရားရှင်မှန်သမျှ သူတစ်ပါး လုံ့လ
ကြောင့် ပရိနိဗ္ဗာန် ၀င်စံရိုး မရှိပါဘူး ။ ( ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ ) လို့
ဓာရဏပရိတ်မှာ ရှိတယ် မဟုတ်လား ။ ဒါကြောင့် အတိတ်ဘ၀က ရန်ငြိုးကြောင့် ခန္ဓာတော်က မီး
အရိမေတ္တေယျဘုရားကို ကူးစက်လောင်ပြီး အရိမေတ္တေယျဘုရား ပရိနိဗ္ဗာန်စံရမယ်လို့ ဆိုတာက
လည်း အာဂမယုတ္တိ - သဘာဝ ယုတ္တိ မရှိပါဘူး ။ ဒါကြောင့် ရှင်မဟာကဿပအလောင်းတော်
တောင်ခေါင်းအတွင်း တည်ရှိခြင်း ၊ အလောင်းတော်ဟာ အရိမေတ္တေယျ လက်ထက်တော်အထိ
တည်နေနိုင်ခြင်း ၊ အလောင်းတော်ကို အရိမေတ္တေယျဘုရားရှင်က လက်တော်ပေါ် တင်ပြီး
မီးသဂြိုဟ်ခြင်း ၊ ထိုမီးက ကူးစက်၍ အရိမေတ္တေယျဘုရားရှင် လက်တော်ကို လောင်ကျွမ်းခြင်း ၊
ထိုမီးဒဏ်ကြောင့် အရိမေတ္တေယျဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း ဆိုတာတွေဟာ နားကြား
သူများ စိတ်ပါဝင်စားဖွယ်ကောင်းတဲ့ ပုံပြင်မျှသာ ဖြစ်တယ် ၊ အာဂမယုတ္တိ - သဘာဝယုတ္တိ နှင့်
ညှိလိုက်တော့ ဘယ် ယုတ္တိ နှင့်မျှ မကိုက်ဘူး ဆိုတဲ့အကြောင်း "  ဆရာတော်က မိန့်ကြားတော်မူ
ခဲ့ပါတယ် ။
                     ဘာသာရေးနဲ့ပတ်သက်ပြီး ဘယ်ကိစ္စမဆို မျက်စိမှိတ် ယုံကြည်လို့ မရပါဘူး ။ ပြော
တိုင်းယုံ ပြီး အကန်း ယုံကြည်မှုဟာ ဗုဒ္ဓဘာသာမှာ မရှိပါဘူး ၊ ဘာသာခြားတွေမှာပဲ ရှိတယ်
ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ် ။
.....................................................................................................................................................................
Monday, August 24, 2009
အိမ်သုံးမဂ္ဂင် ရှစ်ပါး
                                                                         မဂ္ဂင်ရှစ်ပါး
သမ္မာဒိဋ္ဌိ                     = ကောင်းသော အလိမ္မာ ဥာဏ်ပညာ
သမ္မာသင်္ကပ္ပ               = ကောင်းသော အကြံအစည်
သမ္မာဝါစာ                   = ကောင်းသော စကားကို ဆိုခြင်း
သမ္မာကမ္မန္တ                  = ကောင်းသော အမှုကို ပြုခြင်း
သမ္မာအာဇီဝ                = ကောင်းသော အသက်မွေးခြင်း
သမ္မာဝါယာမ                = ကောင်းသော အားထုတ်ခြင်း
သမ္မာသတိ                   = ကောင်းသော အမှတ်ရခြင်း
သမ္မာသမာဓိ                = ကောင်းသော တည်ကြည်ခြင်း ။
( အပြစ်ကင်း၍ ကုသိုလ်ကြိယာနှင့် ဆိုင်သမျှကို " အကောင်း " ဟု ဆိုလိုသည် ။ )
             ဒုက္ခများစွာ သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန် ရောက်ဖို့ရာ တဏှာလောဘကို တစ်စတစ်စ ပယ်ရှားလျက်
မဂ္ဂင်ရှစ်ပါးတည်းဟူသော လမ်းကောင်းကြီးကိုသာ လိုက်သွားမိအောင် သတိတရား ကောင်းစွာထား၍ ကြိုးစား
သင့်ကြသည် ။ ထိုသို့ ကြိုးစားရာ၌ တစ်ကယ်တမ်း အားတက်သရော မလိုက်နိုင်သေးလျှင် အိမ်သုံးမဂ္ဂင် များကို
ကြိုးစားပါ ။
                                                                   အိမ်သုံးမဂ္ဂင်ရှစ်ပါး
သမ္မာဒိဋ္ဌိ ။               ။ ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမှု မကောင်းမှု ကံတွေသည် ငါ၏ သန္တာန်၌ အဖတ်တင်ရစ်
သည် ။ နောင် အခါအခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည်ဟု ကံနှင့်ကံ၏အကျိုးကို
နားလည်သောဥာဏ် ဖြစ်ပါစေ ။ တစ်ခါတစ်ရံ၌ကား ရုပ် နာမ် နှစ်ရပ် ပေါင်းစပ်၍ လူဟု ခေါ်ဆိုအပ်သော
ခန္ဓာကိုယ်၏ ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင်အောင် ၀ိပဿနာဥာဏ် ဖြစ်ပါစေ ။
သမ္မာသင်္ကပ္ပ ။                   ။ မိမိအတွက်ဖြစ်စေ ၊ သူများအတွက်ဖြစ်စေ စိတ်သဘောကြီးကြီးထားလျက် အပြစ်မရှိ
ဘဲ အကျိုးများမည့် အကြံကိုသာကြံပါ ။ သူတစ်ပါးကို ပျက်စီးသွားမည့်အကြံ ၊ ဆင်းရဲသွားမည့် အကြံများကို မကြံမိ
ပါစေနှင့် ။ မေတ္တာ ၊ ကရုဏာထား၍ သနားပါ ၊ စောင့်ရှောက်ပါ ။ တစ်ခါတစ်ရံ၌ကား " လူ့လုပ်ငန်း ကိစ္စစုကို ဖြတ်
၍ သင့်တော်ရာအရပ်၌ ( ဥပုသ်ရက်ရှည်စောင့်ကာ ) ဆိတ်ဆိတ်ငြိမ်ငြိမ် တရားကျင့်မည် " ဟု ကြံပါ ။
သမ္မာဝါစာ ။                ။ မိမိမှာဖြစ်စေ ၊ သူတစ်ပါးမှာဖြစ်စေ အကျိုးများမည့် စကားကိုသာ ပြောပါ ။ မုသားစကား ၊
ကြမ်းတမ်းသောစကား ၊ အပျက်အချော် အပြောင်အလှောင် စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့် ။
အိပ်ရာဝင် အိပ်ရာထသောအခါတို့၌ မိမိကျက်မှတ်ထားသော ဘုရားနှုတ်ထွက်တော် တရားစာများကို ရွတ်နိုင်
လျှင် သာ၍ ကောင်းပါသည် ။
သမ္မာကမ္မန္တ ။                ။
မိမိမှာဖြစ်စေ ၊ သူတစ်ပါးမှာဖြစ်စေ  အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့်
ပြုလုပ်မိပါစေ ။ သတ်မှု ၊ ခိုးမှု စသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့် ။ အိပ်ရာဝင် ၊ အိပ်ရာ
ထ၌ ဘုရားကိစ္စ ( ရေလဲ ၊ ပန်းကပ် ) စသည်ကို နေ့စဉ် ပြုမိပါစေ ။
သမ္မာအာဇီဝ ။              ။ မိမိ၏အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ ။ သူတစ်ပါး
မျက်ရည်ကျမှ မိမိဝမ်းဝမည့် အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ ။ စွမ်းနိုင်လျှင် ရောင်းရေး ၊ ၀ယ်ရေး၌ ဆင်းရဲ
သူများကို ညှာနိုင်သမျှ ညှာပါ ။
သမ္မာဝါယာမ ။               ။ စီးပွားရှာရာ၌ဖြစ်စေ ၊ ကုသိုလ်ကိစ္စ၌ဖြစ်စေ ၀ီရိယအမြဲရှိပါစေ ။ လောကီစီးပွားရေး
ဖြစ်စေ ၊ သံသရာကြီးပွားရေး ဖြစ်စေ ၊ မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ အရေးဖြစ်စေ ၊ " အေးအေးစက်စက်နှင့် ကံစီမံသလို
ဖြစ်လိမ့်မည် " ဟု ကံတစ်ခုကို အားကိုးလို့ ရနိုင်ရိုး မရှိပါ ။ ရေလာမြောင်းပေး ဆိုသလို ၀ီရိယဖြင့် ကူညီပေးမှ
ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည် ။
သမ္မာသတိ ။               ။ နေ့စဉ် ပြုစုနေကြဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့် ၊ အမြဲသတိရပါစေ ။ သေခါနီးတိုင်
အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချ ရပါတော့မည် ။
သမ္မာသမာဓိ ။              ။ စိတ်နေစိတ်ထား တည်ကြည်ပါစေ ၊ နှုတ်အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက်
တည်ကြည်စွာ ပြောပါ ။ မျက်နှာ အနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက် တည်ကြည်နေ
လျှင် မြင်သူ လူအများက ခန့်ညားကြည်ညို လျက် ( မျက်နှာအနေ မတင်းသည့်အတွက်လည်း ) တစ်မျိုး
ကျက်သရေတိုးကာ ချစ်ခင်စရာ ဖြစ်လာပါလိမ့်မည် ။
                    ဤသို့လျှင် အိမ်မှာပင် နေထိုင်ရင်း ဖြစ်နိုင်သော မဟာကုသိုလ်အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါးမှ
အဆင့်ဆင့်တက်၍ ဈာန် မဂ်ဖိုလ် မဂ္ဂင်များသို့ ရောက်အောင် သမ္မာသတိ ကြီးစွာထားလျက် သမ္မာဝါယာမဖြင့်
ကြိုးကြိုးစားစား အားထုတ်နေကြသူတို့မှာ အိပ်ရာဝင် ၊ အိပ်ရာထ၌ ဘုရားအာရုံပြုခြင်း ၊ ဘုရားရှိခိုးခြင်း ၊ ရေတော်
ပန်းတော် ဆီမီးတော်ကပ်ရင်း ဗုဒ္ဓါ နုဿတိကမ္မဋ္ဌာန်း ဖြစ်၍ ထိုကမ္မဋ္ဌာန်းတွင် မဂ္ဂင်ရှစ်ပါး ပါဝင်နေပုံကို ဆက်
လက် ဖော်ပြပါဦးမည် ။
............................................................................................................................................................................
ဗုဒ္ဓါနုဿတိ မဂ္ဂင်ရှစ်ပါး
                                                           ဗုဒ္ဓါနုဿတိ မဂ္ဂင်ရှစ်ပါး
     " အမျိုးသား ၊ အမျိုးသမီး လူကြီးသူမတစ်ယောက်သည် ဘုရားကို ပန်း ၊ ရေချမ်းတို့ဖြင့် ရွှင်လန်းကြည်ဖြူ ပူဇော်
ကန်တော့နေသည် " ဟု ဆိုကြပါစို့ ။ ထိုအချိန်မှာ ထိုသူတော်ကောင်း၏ စိတ်ဝယ် နိဗ္ဗာန်ရောက်ကြောင်း လမ်း
ကောင်း မဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေပုံကား --------
သမ္မာဒိဋ္ဌိ ။               ။ ဘုရားရှင်သည် ငါတို့လို သတ္တ၀ါတွေအပေါ်မှာ မေတ္တာ ကရုဏာ ကြီးမားတော်မူသော
ကြောင့် ၄၅ ၀ါ ကာလကြာအောင် မနေမနား တရားတော်များကိုလည်း ဟောပြ ဆုံးမတော်မူခဲ့ပေ၏ ။ ငါသည်
ထိုတရားတော်များကို တစ်ဆင့်ကြားနေရသဖြင့် မကောင်းမှုများကို ရှောင်ရှား၍ ကောင်းမှု ကုသိုလ်များကို ပြု
တတ်ပေသည် ။  ရှင်တော်မြတ်ဘုရား၏ တရားတော်များကြောင့် ငါသည် အပါယ် ၄ ပါးမှ လွတ်၍ ကောင်းရာ ဘဝ
နှင့် နိဗ္ဗာန်ကို အမှန်ရတော့မည် ။ ဘုရားရှင်သည် ငါ၏ ကျေးဇူးတော်ရှင် အစစ်ပေတည်း ။ ငါ့ကျေးဇူးရှင်ကို
ရည်မှန်း၍ ငါသည် ပန်း ၊ ရေချမ်း တို့ကို လှူဒါန်း ပူဇော်နေပါတကား ။ ဤသို့ စိတ်ထဲ၌ အသိဥာဏ် ဖြစ်နေခြင်း
သည် သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်နေခြင်းပင်တည်း ။
သမ္မာသင်္ကပ္ပ စသည် ။              ။ ပြခဲ့သည့်အတိုင်းပင် ဘုရားရှင်၏ ကျေးဇူးတော်များကို စဉ်းစားကြံစည်၍ နေခြင်း
သည် မိမိ၏စိတ်၌ သမ္မာသင်္ကပ္ပမဂ္ဂင်ဖြစ်နေ၏ ။ ဘုရားဂုဏ်တော်များကို ရွတ်ဆိုရှိခိုးနေခြင်းသည် သမ္မာဝါစာမဂ္ဂင်
ဖြစ်နေ၏ ။ ပန်း ၊ ရေချမ်း ၊ အမွှေးတိုင် ၊ ဆီမီးတို့ကို သန့်ရှင်းအောင် ၊ သားနားအောင် ၊ လှပအောင် ပြုလုပ်နေခြင်း
သည် သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်နေ၏ ။ ဘုရားကိစ္စကို ပြုလုပ်နေချိန်ဝယ် အသက်မွေးဝမ်းကျောင်းအတွက် မကောင်း
သော စီးပွားရှာမှု မရှိသောကြောင့် သမ္မာအာဇီဝမဂ္ဂင်လည်း ဖြစ်နေသည် ဟု ဆိုသင့်ပေ၏ ။ ဘုရားကိစ္စကို ပြုလုပ်
အားထုတ်နေခြင်းသည်ပင် သမ္မာဝါယာမမဂ္ဂင် ဖြစ်နေ၏ ။ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်များကို သတိရ
နေခြင်းသည် ( ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပွားများနေခြင်းသည် ) သမ္မာသတိ မဂ္ဂင် ဖြစ်နေ၏ ။ ( တစ်ခြားကိစ္စကို
အမှတ်မရတော့ပဲ ) ဘုရားကိစ္စ တစ်ခု၌သာ စိတ်တည်နေခြင်းသည် သမ္မာ သမာဓိ မဂ္ဂင် ဖြစ်နေ၏ ။
                     ဤသို့လျှင် ဘုရားကို ရှိခိုး ကန်တော့သောအခါ ပန်း ၊ ဆီမီး စသည်ဖြင့် ပူဇော်နေသောအခါ ဘုရား
ကို အာရုံပြု၍
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း  စီးဖြန်း ပွားများလျက် နေသောအခါ တို့၌ ထိုသူတော်ကောင်း၏ စိတ်တွင်
မဂ္ဂင်ရှစ်ပါးကား နိဗ္ဗာန်ကို ( မျက်စိဖြင့် မြင်ရသလို ) မျက်မှောက်ပြုနိုင်ကြောင်း လမ်းကောင်းအမှန်ပင် ဖြစ်၏ ။
မှန်သောလမ်းကို မှန်မှန်သွားနေသူသည် ထိုအလမ်းအဆုံးတွင် နိဗ္ဗာန်ကို မြင်ရတော့မည်သာ ။ ဤနေရာဝယ်
ဘုရားအာရုံပြုသော မဂ္ဂင်လမ်းဖြင့် နိဗ္ဗာန်မြင်ရသော " ဖုဿဒေ၀ " ရဟန်းတော်၏ ၀တ္ထုကို သတိပြုပါ ။
..................................................................................................................................................................................
ဦးပိန်တံတား ဆောက်ခြင်း အကြောင်း
      ဘိုင်ဆပ်၏လက်ထောက် မြို့စာရေးငပိန်က တောင်သမန်အင်းကိုဖြတ်ကူးသောသစ်
သားတံတားကြီးကို ဆောက်လုပ်ခဲ့သည်မှာလည်း ငွေကြေးစိုက်ထုတ်ခြင်း ၊ စေတနာအရင်း
ခံခြင်းရှိဟန်မတူချေ ။ စစ်ကိုင်းနှင့်အင်းဝ အရပ်တို့ရှိ နန်းတော်ဟောင်းများမှ သစ်များကို
အခမဲ့ ဖျက်ယူကာ တံတားဆောက်ခြင်းဖြစ်၏ ။ တောင်သမန် တစ်ဖက်တွင် ကုလား
အများစု နေထိုင်ကြသည်ဖြစ်၍ ဘိုင်ဆပ်တို့က ရွှေမြို့တော်တွင် အာဏာသိမ်းလိုသောအခါ
အလွယ်တစ်ကူ ထိုတံတားမှ လာရောက်ကူညီနိုင်ရန် ဖြစ်သည်ဟုဆိုသည် ။
( ၁၉၅၆ ခု ၊ သြဂုတ်လထုတ် ၊ ယဉ်ကျေးမှုစာစောင်ပါ စမ်းယုအောင် ၏ဆောင်းပါးမှ )
    မြန်မာဘုရင်၏ အရေးပေးမှုကို ဘိုင်ဆပ်၏ အမျိုးအဆက်ဆက်ကပြန်၍ကျေးဇူးဆပ်ကြ
သည်မှာ ဒုတိယကမ္ဘာစစ်မဖြစ်မီ ကာလအတွင်းတွင် ဗုံးအိုရွာမှ ဘကြီးတော်မင်းတရားကြီး
တည်ထားခဲ့သော ပုထိုးတော်ကြီးစေတီ တော်ထိရောက်အောင် မြေအောက်မှ တစ်မိုင်ကျော်
သော ဥမင်လိုဏ်ခေါင်းကြီးဖောက်၍ ဌာပနာများကို ခိုးယူကြသည် ။
          ပုထိုးတော်ကြီးနှင့်အတူ တခြားစေတီတော်များမှ ဌာပနာများ ကုန်သွားသောအခါမှ
သာ မြန်မာများကသိကြသည် ။ နောက်ဆုံး ဘိုင်ဆပ်၏ ယုတ်မာရက်စက်ပုံများကို နတ်များ
ကိုယ်တိုင် အိပ်မက်ပေးမှ ပုဂံမင်း ကိုယ်တိုင် ဘိုင်ဆပ်နှင့်အပေါင်းအပါလေးဦးကို ကွပ်မျက်
ခဲ့ရသည် ။
          နိုင်ငံ့အရေးကိုမကြည့်ဘဲ  မိမိသား ဘုရင်ဖြစ်ရေးတစ်ခုကိုသာကြည့်လိုက်မိသော
ကျပင်းမင်းသမီး၏ လုပ်ဆောင်ချက်ကြောင့် အမရပူရတစ်မြို့လုံး ကုလားရန်ကြောင့်ကြိမ်
မီးအုံးသလိုဖြစ်ခဲ့ကြရသည် ။ နိုင်ငံနှင့်လူမျိုးနစ်နာခဲ့ရသည် ။ ကြက်တိုက်ပွဲ ၊ ဆိတ်တိုက်ပွဲ
စသောတိရစ္ဆာန်တိုက်ပွဲများအတွက် စီစဉ်ပေးနိုင်ရုံသက်သက်မျှဖြင့် ဘိုင်ဆပ် ကို မြို့ဝန်
ရာထူးပေးခဲ့သည့် ပုဂံမင်း၏ အမည်းကွက်ကြီးမှာလည်း မြန်မာ့သမိုင်းတွင် ချေဖျက်၍ရမည်
မဟုတ်တော့ပါ ။
       ဤအချက်ကို သင်ခန်းစာယူ၍ ဗုဒ္ဓဘာသာဝင် မိဘများသည် လူရည်ချွန်သားသမီးများ
သာသနာ့ဘောင်မှာ ပျော်နေပြီဆိုလျှင် မြဲအောင်အားပေးသင့်ပါသည် ။ သာသနာရေးကို
မထမ်းဆောင်နိုင်သော စွမ်းမရှိသည့် သားသမီးများကိုလည်း သာသနာ့ဘောင်သို့ ဇွတ်ဆွဲ
၍ မသွင်းသင့်ပါ ။
         အဘယ်ကြောင့်ဆိုသော် သဒ္ဒါ ၊ ပညာ မပါဘဲ သာသနာ့ဘောင်ရောက်လာသောသူ
များသည် များသောအားဖြင့် သာသနာဂုဏ် တက်အောင်မလုပ်နိုင်ကြဘဲ ဂုဏ်ပျက်အောင်
သာလုပ်တတ်သောကြောင့် ပါတည်း ။ ဆက်စပ်မှုရှိ၍ အရေးကြီးသောအချက်တစ်ခုကိုဆက်
၍ဆိုရလျှင် မြန်မာပြည်၌ သံဃာတော်များ စဉ်ဆက်မပြတ် ဆက်၍ ဖြစ်ပေါ်နေခြင်းမှာ
တောရွာက မိဘများကြောင့်သာဖြစ်ပါ၏ ။
          မြို့မိဘများ၏ အနေအထားအရဆိုလျှင် မြန်မာပြည်၌ သံဃာ အဆက်ပြတ်၍
သာသနာပင် ကွယ်လောက်ပေပြီ ။ တောရွာက မိဘများကား မိမိတို့သား ကိုရင်ဝတ်ပြီးသည်
နှင့် သာသနာ့ဘောင်မှာ တစ်လုံးပျော်သွားအောင် အမျိုးမျိုးအားပေးကြသည် ။ မြို့က မိဘ
များကားအားပေးဖို့နေနေသာသာ သာသနာ့ဘောင်မှာ ပျော်နေသော သားသမီးများကိုပင်
လူမထွက် ထွက်အောင် သွေးဆောင်ဖြားယောင်းကြသည် ။
မှတ်ချက် ။   ။ဒီအကြောင်းကိုဖတ်ပြီးရင် " ယုတ်မာရက်စက်သော ပုဂံမင်းနှင့် မြို့တော်ဝန်
                 ဘိုင်ဆပ်" အကြောင်းကို ဆက်လက်ဖတ်ရှု ပါရန်ပန်ကြားအပ်ပါသည် ။
(မေတ္တာရှင် ( ရွှေပြည်သာ ) ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ )-စာ-၉၇
............................................................................................................................................................     
ကောင်းတာလည်းကျောင်းပို့ပါ
        " မကောင်းကျောင်းပို့ " ဟူသောစကားသည် ဗုဒ္ဓဘာသာလောကတွင် ထင်ရှားလွန်း
သည် ။ ပစ္စည်းရော ၊ လူပါ မကောင်းမှ ကျောင်းပို့တတ်ကြသည် ။ ကောင်းတာပို့သည့်ပုဂ္ဂိုလ်
ရှိတော့ရှိသည် ။ သို့သော်နည်းနေသည် ။ မကောင်းပစ္စည်း ကျောင်းပို့မှုနှင့်ပတ်သက်၍မှတ်မိ
နေသည်မှာ........
        " ပရိသတ်များ မကောင်းရင်ဘာတဲ့တုန်း "
       "  ကျောင်းပို့ပါဘုရား "
       " အင်း......လုပ်နေကြဆိုတော့ ၊ မပြောဘဲသိနေပြီ ။ အိမ်ထောင်စုတစ်ခုက လူတစ်
ယောက်သေသွားပြီးဆိုရင် ကျောင်းကိုလာလှူကြပါတယ် ။ အသုဘပြင်တဲ့ကုတင်ရယ် ၊
သေသူဝတ်သွားတဲ့ ပုဆိုးတွေ ၊ ထမီတွေကိုချုပ်ထားတဲ့ လိုက်ကာတွေ ၊ နေရာထိုင်တွေရယ်
ပေါ့ ။ လျှောက်ပုံလေးကတော့သင်းပါတယ် ။"
        " သေသူကုသိုလ်ရအောင် အလှူခံတော်မူပါ ဘုရားတဲ့ ။ တကယ်ကျတော့ အဲဒီ
ကုသိုလ်ရဖို့ ရည်ရွယ်ချက်ထက် ကြောက်လို့လှူတဲ့ ရည်ရွယ်ချက်က ပိုများတယ် ။သေသူ
ကုသိုလ်ရအောင် သူအသုံးပြုသွားတာလေးတွေ လှူမယ်ဆိုရင် ပရိတ်သတ်များရေ သေသူ
ဟာ လက်စွတ်ဝတ်ရင်းရော မသေဘူးလား ။"
          " သေပါတယ်ဘုရား "
           " လက်ကောက်ဝတ်ရင်းရောမသေဘူးလား "
        "သေပါတယ်ဘုရား "
           " ဆွဲကြိုးဝတ်ရင်းရော မသေဘူးလား "
            "သေပါတယ် ဘုရား "
           "  သေသူကုသိုလ်ရအောင်ဆိုပြီး အဲဒီ လက်စွပ်တို့ ၊ လက်ကောက်တို့ ၊ ဆွဲကြိုးတို့
ကျတော့ ကျောင်းကို ဘယ်သူမှ မလှူကြဘူး ။ ဟုတ်လား ။ ဒါ့ကြောင့် ဒကာဒကာမအများ
စုက လူမပြောနဲ့ ပစ္စည်းတောင် မကောင်းမှ ကျောင်းပို့တာ "
           ဤနေရာ၌ သာသနာရေးကိုကြည့်ပြီး ဗုဒ္ဓဘာသာအများစုအနေဖြင့် လူတော်လူချွန်
သားလိမ္မာများကိုလည်း ကျောင်းကိုပို့ပေးကြပါဟု တိုက်တွန်းချင်ပါသည် ။ သာသနာ့ဘောင်
မှာမြဲအောင် အားပေးစေချင်သည် ။ ယခုအများစုဖြစ်နေကြသည်မှာ လူ့ဘ၀မှာ သုံးမရသော
အ, အ ၊ အ,န သားသမီးများကိုသာ သာသနာ့ဘောင်သို့ သွတ်သွင်းပေးနေကြသည် ။
           သားသမီးများ အနေချောင် ၊ အစားချောင် ရေးတစ်ခုကိုသာကြည့်ပြီး သာသနာ့
မျက်နှာ ၊ ဘုရားမျက်နှာ ကို မကြည့်ခြင်းပင်ဖြစ်ပါ၏ ။ လူ့ဘ၀မှာ သုံးမရသော သူများသည်
ရဟန်းဘ၀မှာလည်း သုံးမရသည်သာဖြစ်ပါ၏ ။  သုံးမရသောရဟန်းတွေဖြင့် များပြားနေ
သည်ကို အတွေးအခေါ်မရှိသူ အချို့က သာသနာစည်ကားတိုးတက်နေသည်ဟု ချီးကျူး
ပြောကြားတတ်သည် ။
           အမှန်ကား သာသနာစည်ကားတိုးတက်ခြင်းမဟုတ် ။ ပေါက်ကွဲထွက်ပြီး သူတစ်ပါး
တံတွေးခွက်ထဲ ပက်လက်မျောဖို့ ပုပ်ပြီးယောင်ကားနေခြင်းသာဖြစ်ပါ၏ ။ သဒ္ဒါပဗ္ဗဇိတ
လူချွန်လူမွန် ရဟန်းတော်တစ်ချို့ ရှိနေ၍သာ  သာသနာတော်ကြီး ယခုအချိန်တိုင်အောင်
သက်တမ်းရှည် နိုင်ခြင်းဖြစ်၏ ။
( မေတ္တာရှင် ( ရွှေပြည်သာ ) ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ )-စာ-၉၄
.............................................................................................................................................................
ယုတ်မာရက်စက်သော ပုဂံမင်းနှင့် မြို့တော်ဝန် ဘိုင်ဆပ်
         သာယာဝတီမင်းသည် ဆေးခတ်ခံရပြီး စိတ္တဇဝေဒနာ စွဲကပ်နေသည် ။ ထိုအချိန်တွင်
ထီးမွေနန်းမွေခံနိုင်မည့်သားတော် ၆ ပါးနှင့် တူတော်တစ်ပါးရှိနေသည် ။ စစ်ကိုင်းမင်း ခေါ်
ဖလ်နန်းရှင်ခေါ် ဘကြီးတော်မင်းတရား၏သားတော် စကြာမင်းလေး ခေါ် ညောင်ရမ်း
မင်းသားလေး မှာ အသက် (၂၆) နှစ်အရွယ်မှာပင် မင်းအဖြစ်ကို မတန်မရာကြံစည်သည်
ဟူသော ဂုံးစကားအရ သာယာဝတီမင်းကိုယ်တိုင် ရေချပြီး သတ်ဖြတ်ပစ်ခဲ့သည် ။
          သို့အတွက် အလယ်နန်းမိဖုရားကဖွားသော ပြည်မင်းသားနှင့် ပခန်းမင်းသား ၊
တောင်နန်းမိဖုရားခေါင်  ကျပင်းမင်းသမီးမှ ဖွားသော ပုဂံမင်းသား ၊ တောင်ဆောင်တော်
မိဖုရားမှဖွားသော  မင်းတုန်းမင်းသား နှင့် ကနောင်မင်းသား ၊ ကိုယ်လုပ်တော်တစ်ဦးမှ
ဖွားသော  တရုတ်မော်မင်းသား  စုစုပေါင်း  ၆ ဦးရှိသည် ။
           ထို ၆ ဦး ထဲတွင် ထီးနန်းနှင့် မထိုက်တန်ဆုံးမင်းသားကား ပုဂံမင်းသားဖြစ်၏ ။
ကျောက်ရူးရောဂါ ရှိသည့်အပြင် ကြက်ငှက်တိရစ္ဆာန်တိုက်ပွဲများကိုသာ ပြုလုပ်နေခြင်း ၊
အပျော်အပါးလောင်းကစားလုပ်ခြင်း ဖြင့်သာ အချိန်ကိုကုန်လွန်စေသူဖြစ်သည် ။ ကျပင်း
မင်းသမီးကား နိုင်င့အတွက်မကြည့် ၊ သူ့သားအာဏာရဖို့ တစ်ခုသာကြည့်ပြီး ကျန်သည့်
မင်းသားတို့ကိုသတ်၍ မျိုးဖျက်သားကိုနန်းတင်ခဲ့သည် ။
             မင်းတုန်းမင်းသားနှင့်ကနောင်မင်းသားတို့ပင် အရှောင်ကောင်း၍လွတ်သွားကြ
ခြင်းဖြစ်သည် ။ ပုဂံမင်းနန်းရသည်နှင့် သုံ့ပန်းမူဆလင်ကုလားများထားရာ ဗုန်းအိုရွာမှ
ဘိုင်ဆပ်ကို  အမရပူရမြို့ဝန် ခန့်လိုက်သည် ။ သူခိုးကို ရွှေတိုက်စိုးခန့်လိုက်ခြင်း ဖြစ်ပါသည်။
တစ်နည်း ကာမရာဂသောင်းကျန်းသူကို လိင်စိတ်ကြွဆေးကျွေးလိုက်ခြင်းပါတည်း ။
          ဘိုင်ဆပ် အမရပူရမြို့ဝန်ဖြစ်သည်နှင့် သူ့တပည့်လူမိုက် လေးဦး ကို ရာထူးကောင်း ၊
နေရာကောင်းများ ပေးထားပုံမှာ ---
 ( ၁ )   မြို့စာရေး မောင်ပိန်
 ( ၂ )   တံခါးနီမှူး ရွှေဘော်
 ( ၃ )   ဈေးခေါင်း ငမှုံ
 ( ၄ )   ထန်းခေါင်း ငရှင်ကလေး
           တို့ဖြစ်သည် ။ သူတို့လေးယောက်သည် ဘိုင်ဆပ်ခြေတော်တင် ဖျက်ဆီးဖို့ရန်
ဗုဒ္ဓဘာသာမြန်မာအမျိုးသမီး ပျိုလေးများကို တစ်နေ့တစ်မျိုး မရိုးရအောင် ရှာဖွေပေးကြရ
သည် ။ သူတို့အဖွဲ့က ငွေလိုချင်ငွေ ၊ ရွှေလိုချင်ရွှေ ၊ သမီးပျိုလိုချင် သမီးပျိုကို ပေးကြရ
သည် ။ အသာတကြည်မပေးလျှင် ထိုအိမ်ထဲသို့  ဘိန်းထုပ်ပစ်ချ၍ အမှုဆင်ဖမ်းကာ လိုတာ
ရအောင် ညှင်းဆဲကြသည် ။
          ထို့ကြောင့် ဘိုင်ဆပ်နှင့်ပတ်သက်၍ နေပြည်တော်တွင် မကြာခဏ စာချိုးကြသည်
မှာ ---
                "  မျိုးနွယ်မတူ ၊ ဘယ်ကလူ
                   ပြည်သူပွက်အောင် ထားပါလိမ့်
                   ချိုးကြက်တည်ရာ  တွေ့ခဲ့ပါ
                   ပြည်တော်ဘယ်မှာ  သာပါလိမ့်  "
           အမရပူရ မြို့သူများမှာလည်း ဘိုင်ဆပ်တို့အဖွဲ့ မသိအောင် အိမ်တွင်းပုန်းကြရသည်။
တစ်ချို့ မြို့တော်မှပင် ရှောင်တိမ်းသွားကြရသည် ။ ခြေက်နှစ် နီးပါးမျှ မြို့ဝန်ရာထူးရခဲ့သော
ဘိုင်ဆပ်အနေဖြင့် သူဖျက်ဆီးခဲ့သော မြန်မာ ဗုဒ္ဓဘာသာ သမီးပျိုလေးများမှာ ရာနှင့်ချီ၍
ရှိခဲ့ပေလိမ့်မည် ။ ထို့ကြောင့်လည်း --
                "  အမရပူရ ၊ ပြည်ဌာန ၊
                   သည်အလှခက်တယ် ၊
                   ကုလားကအားရမှ ၊
                   လွှတ်တော်မူတယ် ၊
                   မလွှတ်သူ ရှေးကံအကြောင်း "
           ဟူ၍ ထိုခေတ်မှီသူများက မှတ်တမ်းတင်ခဲ့ကြသည် ။ ဘိုင်ဆပ် မြို့ဝန်ဖြစ်ချိန်
အတွင်း မြန်မာအမျိုးသမီးများကို ခြေတော်တင်ရုံတင်မက မြန်မာအမျိုးသား သုံးထောင်ခန့်
ကိုလည်းညှင်းပန်းသတ်ဖြတ်ခဲ့သည် ။               ( ကုန်းဘောင်ရှာပုံတော် - စာ- ၃၁၇ )
            ဘိုင်ဆပ်သည် မည်မျှလူလည်ကျသနည်းဆိုလျှင် သူ၏နာမည်ကိုပင် သူများအပေါ်
စီးစီးပိုးပိုးဖြစ်အောင် မှည့်ထားသည် ။ ဘိုင် ဆိုသည်မှာ ဆရာ  ၊ ဆပ်ဆိုသည်မှာ အရှင်သခင်
ထို့ကြောင့် ဘိုင်နှင့်ဆပ်ပေါင်းသောအခါ ဆရာသခင် ဟု မြန်မာလို အဓိပ္ပာယ်ရ၏ ။ သူ့နာမည်
ရင်း မည်သို့ဖြစ်ကြောင်း မည်သူမှ မသိခဲ့ကြ ။
          တစ်ကယ်ဆိုလျှင် သူ့နာမည်ရင်းသည် အီစွတ် သော်လည်းကောင်း ၊ မာမွတ် သော်
လည်းကောင်း ၊ ဒူလဇစ် သော်လည်း များစွာသော ကုလားနာမည်များမှ တစ်ခုခုဖြစ်ရပေ
လိမ့်မည် ။ မြန်မာတို့အပေါ် နာမည်နှင့်ပါ နှိပ်စက်ခဲ့သော ကုလားတစ်ယောက်ပါပေ ။
မှတ်ချက် ။     ။  ဒီအကြောင်းဖတ်ပြီးရင် " ဦးပိန်တံတားဆောက်ခြင်းအကြောင်း " ဆက်၍
                    ဖတ်ပါရန်နှိုးဆော်အပ်ပါသည် ။ ဒီအကြောင်းအရာနှစ်ခုကဆက်စပ်နေလို့ပါ။
( မေတ္တာရှင် ( ရွှေပြည်သာ ) ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ )စာ-၉၅
...............................................................................................................................................................
ဗုဒ္ဓမဖြေသောမေးခွန်းများ -၁
         ဗုဒ္ဓကိုအနောက်နိုင်ငံသား ဒဿနဆရာတွေကစွပ်စွဲကြတာဖတ်ရတော့ အစာမကြေ
ရင်မချောင်ဖြစ်သွားတယ်ဗျာ ။အနောက်တိုင်းဒဿနဆရာတွေကဘာတွေစွပ်စွဲကြလည်းဆို
တော့ " မဇ္ဈိမပဏ္ဍာသ ပါဠိတော်ထဲက စူဠမာလုကျပုတ္တသုတ် " ကိုစွပ်စွဲတာ ။
           မာလုကျရဲ့သား ရဟန်းက အခါတစ်ပါးမှာ မြတ်စွာဘုရားကို လောကလွန် တက္ကိက
ဝါဒမေးခွန်း Meta-physical Question တွေကို မေးပါတယ် ။အဲဒီမေးခွန်းတွေက ဒဿန
ပညာမှာတော့ တော်တော်အရေးပါတဲ့ မေးခွန်းတွေဖြစ်ပါတယ် ။ ဒါပေမယ့် မြတ်စွာဘုရား
က မာလုကျပုတ္တ ရဟန်းမေးတဲ့ မေးခွန်းတွေကို မဖြေဘူး ၊အဖြေမပေးဘူး ။ဗုဒ္ဓ က သဗ္ဗညု
တဥာဏ် ရတယ်ဆိုပြီး ဒီမေးခွန်းတွေကို မဖြေဘဲ ထားတော့ ဗုဒ္ဓ ဟာ ဒီမေးခွန်းတွေကို
မဖြေတတ်ဘူး ။ မဖြေနိုင်လို့ မဖြေဘဲ ဆင်ဝှေ့ရန်ရှောင် လုပ်တာ ။ အလုံးစုံသောတရားကို
ဆရာမကူ သယမ္ဗူဥာဏ် နဲ့ သိတော်မူတယ်ဆိုရင် ဖြေနိုင်ရမယ်ပေါ့ ။ ခုဖြေတာဟာ မဖြေ
တတ်လို့ မဖြေတာပဲ ။ ဗုဒ္ဓ ဥာဏ်လောက်နဲ့ မဖြေနိုင်ဘူး ဆိုပြီး စွပ်စွဲနေကြပါတယ် ။
             အမှန်ကတော့ အနောက်နိုင်ငံသား ဒဿနဆရာတွေဟာ ဗုဒ္ဓ ရဲ့ အတွေးအမြင်
အယူအဆတွေကို နားလည်နိုင်တဲ့ ဥာဏ်မရှိလို့ ပြောနေကြတာပါ ။ဒီပြဿနာဟာလည်း
ခုမှပေါ်ပေါက်လာတဲ့ ပြဿနာမဟုတ်ပါဘူး ။မိလိန္ဒမင်းကြီးကလည်း အရှင်နာဂသိန် ကို
ဒီပြဿနာ မေးခဲ့ဖူးပါတယ် ။ " မိလိန္ဒပဥှာကျမ်း "
            မိလိန္ဒမင်းကြီးဟာ ဥာဏ်ပညာကြီးမားတယ် ၊ ဗုဒ္ဓဘာသာကိုလည်း ကျွမ်းကျင်
နှံ့စပ်တယ် ။ ပြီးတော့ မေးခွန်းမေးတာလည်းသိပ်ပိုင်တာပဲ ။ သူကဂရိလူမျိုး ၊ ဒဿနပညာ
မှာလည်း ကျွမ်းကျင်တယ် ။ ယုတ္တိဗေဒကိုလည်း နိုင်နင်းပါတယ် ။မင်းကြီးမေးပုံက---------
             မင်းကြီးက " မြတ်စွာဘုရားက နတ္ထာနန္ဒ တထာဂတဿ ဓမ္မေသု ၊ အာစရိယမုဋ္ဌိ"
ဆိုပြီး ဟောတော်မူတယ် ။ အဓိပ္ပာယ်ကတော့ :"အာနန္ဒာ ၊ လာခြင်းကောင်းသော မြတ်စွာ
ဘုရားမှာ ဆရာစားချန်ပြီး ဟောတော်မူတဲ့  တရားဆိုတာမရှိဘူး " လို့လည်းဆိုတယ် ။ပြီး
တော့  မာလုကျရဲ့သား မထေရ်ကိုကျတော့ ပြဿနာမေးတဲ့အခါမဖြေဘူး။  ဆရာစားချန်ထား
တယ် ။အဲဒီတော့ ဆရာစားမချန်ဘူး ၊ အကုန်ဟောတယ်လည်းပြောတယ် ၊ မဖြေဘဲနဲ့လည်း
ဆရာစားချန်ထားပြန်တယ် ။ ဒါဟာ အစွန်းနှစ်ဘက်ထွက်နေပါတယ် ။ ယုတ္တိဗေဒနဲ့ပြောရင်
တော့ နှစ်စွန်းထွက်ဆင်ခြေ Dilemma ဖြစ်နေတယ် ။ ဒါကြောင့် " အာနန္ဒာ. လာခြင်းကောင်း
သော မြတ်စွာဘုရားမှာ  ဆရာစားချန်ထားအပ်သော တရားဆိုတာမရှိဘူး " ဆိုတဲ့ စကားမှန်
ရင် , အဲဒီ စကားကို အမှန်ယူလို့ရှိရင် မာလုကျပုတ္တမထေရ် မေးတဲ့ ပြဿနာကို မဖြေဘဲ
နေတော်မူတာဟာ " သိတော်မမူလို့များ မဖြေတာလား " ။ ဒါမှမဟုတ် သိတော်မူပါလျက်
တမင်မဖြေဘဲနေတယ်ဆိုရင် " ဆရာစားချန်သလို ဖြစ်နေပါတယ် " ။ အဲဒီလို အစွန်းမလွတ်
ဖြစ်နေတယ်လို့ မေးပြီး အဲဒီပြဿနာကိုပြေလည်အောင် ဖြေရှင်းပါလို့  မင်းကြီး က အရှင်
နာဂသိန်ကိုလျှောက်ထားပန်ကြားခဲ့ပါတယ် ။
            ဗုဒ္ဓ ဟာ ၀ိဘဇ္ဇ၀ါဒီ ပဲ ။ဘယ်ပြဿနာကိုမဆို ဝေဖန်ပိုင်းခွဲပြီး ဖြေရှင်းနိုင်တယ် ။
ဒီပြဿနာကိုခုမှ အနောက်တိုင်းသားတွေ မေးတာမဟုတ်ဘူး ။ မိလိန္ဒမင်း လက်ထက်
ကတည်းက မေးပြီးဖြေပြီးသားပြဿနာပါ ။
            မာလုကျပုတ္တ သိချင်တဲ့ ပြဿနာတွေက " လောကဟာ မြဲသလား ၊ ဒါမှမဟုတ်
လောကဟာ မမြဲဘူးလား "  " လောကသည် အဆုံးရှိသလား ၊ ဒါမှမဟုတ် အဆုံးမရှိဘူး
လား "  " အသက် (အတ္တလိပ်ပြာ)နဲ့ ကိုယ်ဟာ တစ်ခုတည်းလား ၊ ဒါမှမဟုတ် အသက်(အတ္တ
လိပ်ပြာ) နဲ့ ကိုယ်ဟာ တစ်ခြားစီလား "   " သတ္တ၀ါ ဟာ သေပြီးတဲ့နောက် ဖြစ်သေးလား ၊
ဒါမှမဟုတ် သတ္တ၀ါ ဟာ သေပြီးတဲ့နောက်  ဘာမျှ မဖြစ်တော့ဘူးလား "  " သတ္တ၀ါ ဟာ
သေပြီးတဲ့နောက် ဖြစ်လည်းဖြစ်တယ် ၊ မဖြစ်လည်းမဖြစ်ဘူးလား  ။ ဒါမှမဟုတ် သတ္တ၀ါဟာ
သေပြီးတဲ့နောက် ဖြစ်သည်လည်းမဟုတ် ၊ မဖြစ်သည်လည်းမဟုတ်ဘူးလား ။"  ဆိုတဲ့
ပြဿနာပါ ။ အဲဒီ ရုပ်လောက ကိုလွန်တဲ့ တက္ကိက၀ါဒ ပြဿနာတွေကို သူက ဆုပ်ကိုင်ပြီး
မြတ်စွာဘုရား ကို ခြိမ်းခြောက်ပါသေးတယ် ။ သဗ္ဗညုမြတ်စွာဘုရား က ဒီပြဿနာတွေကို
အဖြေပေးရင်ပေး ၊ မပေးရင် ချက်ချင်း ဒီသာသနာက လျှောပြီး ငါ လူထွက်မယ်လို့လည်း
ပြောသေးတယ် ။
          မေးခွန်းကတော့ အနောက်တိုင်းသား ဒဿနဆရာတွေ တစ်သက်လုံး မေးပြီးတိကျ
တဲ့အဖြေမရဘဲ ၀ိဝါဒသံသရာမှာ ချာချာလည် ခံရတဲ့  ပြဿနာတွေပါ ။
          ကဲ..... အဲဒီပြဿနာတွေကို ဘယ်သူကျေနပ်အောင်အဖြေပေးနိုင်သလဲ ။ ဘယ်
ဒဿနဆရာကကော လူတိုင်း လက်ခံနိုင်တဲ့ အဖြေကို ပေးခဲ့နိုင်သလဲ ။ အဲဒီပြဿနာတွေကို
လူ့ဘ၀မှာ အဖြေရှာနေရင်း အချိန်တွေ ကုန်သွားရင်း ဘ၀အတွက် ဘာအကျိုးရှိသလဲ ။
ရှင်းတယ် ။ ဘယ်သူမှ လူတိုင်း လက်ခံနိုင်တဲ့ အဖြေကို မပေးနိုင်ဘူး ။ အဲဒါ မြတ်ဗုဒ္ဓ က
မဖြေတဲ့ အကြောင်းပဲ ။
         ဗုဒ္ဓကလည်း မာလုကျပုတ္တ ကိုမေးတယ် ။ " မာလုကျပုတ္တ... အဲဒီမှားယွင်းတဲ့ အယူ
၁၀ ခုထဲက တစ်ခုခုကိုယူထားတဲ့ ပုဂ္ဂိုလ်ဟာ ဒီသာသနာမှာ မဂ်ဖိုလ်ရကြောင်း အကျင့်
ကောင်းကို ကျင့်သုံးနိုင်ပါတော့မလား  , အဲဒီမိစ္ဆာအယူ ၁၀ ခုထဲက တစ်ခုခုရှိတဲ့ ပုဂ္ဂိုလ်ဟာ
 ဒီမေးခွန်းပုစ္ဆာတွေကို မြတ်စွာဘုရားက ငါ့ကိုအဖြေမပေးသရွှေ့ ငါဟာ မြတ်သော  ရဟန်း
အကျင့်မကျင့်ဘဲနေအံ့ လို့ ဆိုရင် အဲဒီလိုမကျင့်ရသေးခင် သေသွားတယ် ဆိုပါစို့ ။ ဘယ်သူ
ဆုံးရှုံးမလဲ ။ သင်ဟာ မြားမှန်ခံထားရတဲ့ ယောက်ျားနဲ့တူတယ် ။ မြားမှန်ခံထားရတဲ့
ယောက်ျား ဟာ မြားကိုဦးစွာထုတ်ပြီး ရောဂါဝေဒနာပျောက်ကင်းအောင် ဆေးကိုမကုဘဲ
ဒီမြားကို ဘယ်သူပစ်သလဲ ။ ဒီမြားပစ်တဲ့လူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ငါမသိရသေး
သရွေ့ မြားကိုမနှုတ်ဘူးဆိုလျှင် မနှုတ်ရခင်မှာပဲ သေဆုံးခြင်းသို့ ရောက်သွားမှာပဲ ။ အလား
တူစွာပဲ  မာလုကျပုတ္တ မေးတဲ့  တက္ကိက၀ါဒမေးခွန်း ပြဿနာတွေကို အဖြေပေးနေရင်ဝိ၀ါဒ
အမျိုးမျိုးဖြစ် ၊ အငြင်းအခုံဖြစ်ရင်းသာ အချိန်ကုန်သွားမယ် ။ သက်သေခံအထောက်အထား
တိကျစွာရှိတဲ့ အဖြေကိုတော့ မရနိုင် ။ ထိုပြဿနာမျိုးကို  ဖြေဆိုလို့လည်း အကျိုးတစ်စုံတစ်
ရာ မရှိ ။ ရဟန်းကိစ္စ ပြီးခြင်းအတွက် အထောက်အပံ့ မဖြစ် ။ ထိုကဲ့သို့သော ပုစ္ဆာမျိုး ကို
ဗုဒ္ဓသည် ဖြေဆိုတော်မမူခဲ့ပါဘူး " ။
           ဒီလို တက္ကိက၀ါဒပုစ္ဆာမျိုး ကို အဖြေရှာခြင်း၏ အကျိုးမဲ့သဘောကို ၂၀ ရာစုဒဿန
ဆရာတွေလည်း သိမြင်ခဲ့ကြတယ် ။ ဒါကြောင့် ၂၀ ရာစုမှာ တက္ကိက၀ါဒ ကိုပယ်ပြီး ၀ိဘဇ္ဇ၀ါဒ
ကိုသာ အနောက်တိုင်းသား ဒဿနပညာရှင်တွေလည်း လက်ခံခဲ့တယ် ။
          မြတ်ဗုဒ္ဓ ကတော့ သူတို့ထက် ရာစုနှစ်ပေါင်း များစွာစောပြီး တက္ကိက၀ါဒ ကို ပယ်ချ
တော်မူခဲ့ပြီးဖြစ်ပါတယ် ။ ဒီနေရာမှာ မိလိန္ဒမင်းရဲ့အမေးကို ရှင်နာဂသိန်ဖြေတဲ့ အဖြေကို
လည်း ပြည့်စုံသွားအောင် ဖော်ပြပါမယ် ။
               ရှင်နာဂသိန်အဖြေက----------
       ရှင်နာဂသေနက မင်းကြီး ဘုရားရှင်က " အာနန္ဒာ လာခြင်းကောင်းသော ဘုရားရှင်တို့
၌ ဆရာစားချန်ထားသော တရားတို့သည်မရှိ "  ဟု ဟောတော်မူခြင်းလည်းမှန်၏ ။ မာလုကျ
၏သား ရဟန်း မေးအပ်သော ပြဿနာကို ဖြေကြားတော်မမူသည်လည်းမှန်၏ ။ ဤသို့မဖြေ
ဘဲ နေခြင်းသည် မသိသောကြောင့် မဖြေသည်လည်း မဟုတ် ။ လျှို့ဝှက်အပ်သောကြောင့်
လည်းမဟုတ် ။
          မင်းကြီး ပြဿနာရဲ့ သဘောသည် လေးမျိုးရှိ၏ ။ လေးမျိုးဆိုသည်ကား--------------
          (၁) ဧကံသ ဗျာကရဏ ပဥှာ လည်းတစ်မျိုး ၊
          (၂) ၀ိဘဇ္ဇ ဗျာကရဏ ပဥှာ လည်းတစ်မျိုး ၊
          (၃) ပဋိပုစ္ဆာ ဗျာကရဏ ပဥှာ လည်းတစ်မျိုး ၊
          (၄) ထပနီယ  ပဥှာ လည်းတစ်မျိုး ...................ဖြစ်၏ ။
       မင်းကြီး လေးမျိုးတို့တွင်  ဧကံသ ဗျာကရဏ ပဥှာ ဆိုသည်ကား ရူပံ ၊ အနိစ္စံ ၊ရူပက္ခန္ဓာ
သည် အနိစ္စလော ၊ ဝေဒနက္ခန္ဓာသည် အနိစ္စလော ၊ သညက္ခန္ဓာသည် အနိစ္စလော ၊ သင်္ခါရ
က္ခန္ဓသည် အနိစ္စလော ၊ ၀ိညာဏက္ခန္ဓာသည် အနိစ္စလော  ဟူ၍မေး ကြားရာ၌ စကား
အတွင်းပင် အဖြေ တစ်စိတ်တစ်ပိုင်း ပါဝင်ပြီးဖြစ်သောကြောင့်  ဧကံသ ဗျာကရဏ ပဥှာ
မည်၏ ။
ဝေဒနက္ခန္ဓာလော ၊သညက္ခန္ဓာလော ၊ သင်္ခါရက္ခန္ဓာလော ၊ ၀ိညာဏက္ခန္ဓာလော  ဟူသော
အမေး၌  ဝေဖန်ခွဲခြား၍ ဖြေအပ်သော စကား အမေးအတွင်း၌ ပါလေပြီးဖြစ်သောကြောင့်
           ပဋိပုစ္ဆာ ဗျာကရဏ ပဥှာ   ဆိုသည်ကား စက္ခုဝိဥာဏ်ဖြင့် အလုံးစုံကို သိသလား
ဟူသော အမေး၌ စက္ခုဝိဥာဏ်ဖြင့် အလုံးစုံကို မသိနိုင်သည်ဖြစ်၍ စက္ခုဝိဥာဏ် သည် ရူပါရုံ
ကိုသာ သိခြင်း လက္ခဏာရှိသည် မဟုတ်လော ဟု တစ်ဖန်ပြန်၍မေး၍ ဖြေရသည်ဖြစ်သော
ကြောင့်  ပဋိပုစ္ဆာ ဗျာကရဏ ပဥှာ  မည်၏ ။
          ထပနီယ  ပဥှာ  ဟူသည်ကား လောကသည် မြဲသလား ၊ လောကသည် မမြဲသလား၊
လောကသည်အဆုံးရှိသလား ၊ လောကသည်အဆုံးမရှိသလား ၊ လောကသည်အဆုံးလည်း
ရှိ , အဆုံးလည်းမရှိသလား ၊ လောကသည် အဆုံးရှိသည်လည်းမဟုတ် , လောကသည်
အဆုံးမရှိသည်လည်းမဟုတ်သလား ၊ အသက်နဲ့ကိုယ်သည် တစ်ခုတည်းလား ၊ အသက်
တစ်ခြားကိုယ်တစ်ခြားလား ၊ သတ္တ၀ါသည် သေသည်၏နောက်၌ မဖြစ်သလား ၊ သတ္တ၀ါ
သည်သေသည်၏နောက်၌ ဖြစ်သည်လည်းမဟုတ် , မဖြစ်သည်လည်းမဟုတ်သလား-----
ဟူသော အမေးမျိုးကိုကား မေးသောအတိုင်းမဖြေဘဲထားအပ်သော အမေးမျိုးဖြစ်သော
ကြောင့် ထပနီယ  ပဥှာ ဟု ဆိုအပ်၏ ။
            မင်းကြီး မြတ်စွာဘုရားသည် မာလုကျ၏သား ရဟန်းမေးသော အမေးကို ထပနီယ
ပြဿနာဟု သတ်မှတ်သောကြောင့်လည်းဖြေတော်မမူ ။ ထိုပြဿနာသည် အဘယ်ကြောင့်
ထပနီယပြဿနာ မည်သနည်း ဟူမူကား  ၊ ထိုအမေးကိုဖြေအံ့သောငှါ အကြောင်းလည်းမရှိ
ပြုဖွယ်ကိစ္စလည်းမရှိ ။  ထို့ကြောင့် ထပနီယ  ပဥှာ မည်၏ ။ မင်းကြီး မြတ်စွာဘုရားအား
အကြောင်းပြုဖွယ်ကိစ္စ ( အထောက်အထားမရှိ ၊အကျိုးမရှိ ) သော ပြဿနာကို အသံတော်
ဖြင့် မြွက်ဆိုတော်မူခြင်း မရှိ ဟု ရှင်းလင်း ဖြေကြားခဲ့သည် ။
              အတွေးအခေါ်တစ်ခုမှာ ပြုဖွယ်ကိစ္စရှိရမယ် ။ ပြုဖွယ်ကိစ္စမရှိရင် အဲဒီဒဿနမျိုးကို
မြတ်စွာဘုရားက အကျိုးမရှိမှန်း သိတော်မူလို့မဖြေဘူး။ အဲဒါဟာလည်း ၀ိဘဇ္ဇ၀ါဒရဲ့သဘော
လက္ခဏာ တစ်ခုပဲ ။ဒီအကြောင်းတွေနဲ့ပတ်သက်ပြိး အကျယ်ဆွေးနွေးဖို့ကောင်းတဲ့
အကြောင်းတွေ ရှိပါသေးတယ် ။ " ဒီဃနိကာယ် သီလက္ခန္ဓ၀ဂ် ပေါဋ္ဌပါဒ ပရိဗိုဇ် " ၀တ္ထုကို
ဖတ်ကြည့်ပါ ။ အဲဒီမှာ ဘယ်လိုဒဿနပုစ္ဆာမျိုးကို မြတ်ဗုဒ္ဓ အဖြေပေးတော်မူတယ်ဆိုတာ
တွေ့ရလိမ့်မယ် ။         ။
............................................................................................................................................................
သရဏဂုံပျက်ခြင်းအကြောင်း
         ဘုရား ၊ တရား ၊ သံဃာ မှတစ်ပါး  အခြားသော ဘိုးတော် ၊ မယ်တော် ၊ အတွင်း (၃၇) ၊
အပြင် (၃၇) မင်းစသော နတ်စိမ်းတို့ ရှေ့၌ အကျွန်ုပ်၏ အသက်နှင့် ခန္ဓာကိုယ်ကို အရှင်ကြီး
အရှင်ကောင်းတို့အား အပ်နှင်းလှူဒါန်း ကိုးကွယ်ပါ၏ ဟု ဆို၍ ဦးချလိုက်လျှင် သရဏဂုံ
ပျက်၏ ။ ဤကဲ့သို့ ပျက်ခြင်းသည် အပြစ်လည်းရှိ၏ ။ အကုသိုလ်လည်းဖြစ်၏ ။ တစ်ခြား
ဘာသာသို့ပြောင်း၍ သရဏဂုံ ပျက်ခြင်း၌ အပြစ်ရှိပုံ ၊ အကုသိုလ် ဖြစ်ပုံကား ပြောဘွယ်
ရာပင် မလိုတော့ပေ ။
            ရတနာသုံးပါး၏ ကောင်းကျိုးများကို  ကျကျနန မသိကြသူအများစုသည် တစ်ခဏ
တာ စီးပွားရေးအဆင်ပြေမှု ၊ ရာထူးတက်မှုလေးကို မက်ပြီး သရဏဂုံအပျက်ခံတတ်ကြ၏ ။
ပြိတ္တာအနွယ်ဝင်  နတ်စိမ်းမျိုးစုံ ၊ ဘိုးတော် ၊ မယ်တော် မျိုးစုံကို ကိုးကွယ်ကြသည် ။
နတ်ကနား ပေးကြသည် ။
           ဘိုးတော် ။ မယ်တော် ကိုးကွယ်တိုင်း ၊ နတ်ကနားပေးတိုင်း ၊ စီးပွားရေးပြေလည်
သည်လည်းမဟုတ်ပါ ။ ရာထူးတက်သည်လည်းမဟုတ်ပါ ။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်
ဖြစ်ပြီး စီးပွားရေး ပြေလည်သွား ၊ ရာထူးတက်သွားသည်လည်း တစ်ရာမှာ တစ်ယောက်
တော့ရှိပါလိမ့်မည် ။ တစ်ရာနှင့် တစ်ယောက်ကား စာဖွဲ့လောက်သည်တော့မဟုတ် ။
         သို့သော် အဖိုးတန် တွေးအခေါ် တစ်ခုကို စာရှုသူတို့အားပေးရန်အတွက် ဘိုးတော် ၊
မယ်တော် ၊ နတ်စိမ်းတို့ကို ကိုးကွယ်လိုက်လျှင်  စီးပွားရေးအဆင်ပြေသည် ၊ ရာထူးတက်
သည်ပဲ ထားလိုက်ပါ ။
              ဘိုးတော် ၊ မယ်တော် ။ နတ်စိမ်းတို့ကို ကိုးကွယ်လိုက်သည့် အတွက် ပေါများ
သော စီးပွားဥစ္စာသည် တစ်ခဏတာ သို့မဟုတ် အလွန်ဆုံးတစ်ဘ၀သာ သုံးရမည်ဖြစ်၏ ။
အပ်ဝင်ပုဆိန်ထွက် ဟူသော စကားအတိုင်း ထိုကဲ့သို့တစ်ဘ၀တာ သုံးစွဲစရာ ဥစ္စာငွေကြေး
လေးရလာခြင်းသည် အပ်တစ်ချောင်းဝင်လာတာနှင့်တူ၏ ။
           ထိုသူသည် သရဏဂုံပျက်သွားသည့်အတွက် (၉၁) ကမ္ဘာအပါယ်မလားရခြင်း ၊
အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း စသော ကောင်းကျိုးများ မရရှိတော့ခြင်းသည် မိမိထံ
မှ ပုဆိန်တစ်ချောင်း ထွက်သွားသည်နှင့်တူလှ၏ ။ လောကအလိုကြည့်လျှင်ပင် အပ်လေး
တစ်ချောင်းဝင်လာဖို့အတွက် ပုဆိန်တစ်ချောင်း အထွက်ခံရခြင်းသည် အင်မတန် နစ်နာ
လှ၏ ။
            ထို့ကြောင့် တစ်ဘ၀တာ ချမ်းသာမှုလေးကို ကြည့်ပြီး သရဏဂုံပျက်သူများမဖြစ်
အောင် ထိန်းသိမ်းဖို့ကား ဗုဒ္ဓဘာသာဝင်တိုင်း၏ တာဝန်ပင်ဖြစ်သည် ။
မေတ္တာရှင် ( ရွှေပြည်သာ ) ဘသနှင့်ရင်းရသောအတွေးအမြင်များအတွဲ(၂) --စာ--၅၅
.......................................................................................................................................................
လူတိုင်းနဲ့သင့်တော်တဲ့ "အာဇီဝဋ္ဌမက သီလ " မိတ်ဆက်
  ဤအာဇီဝဋ္ဌမကသီလ ကို ကျွန်တော်တို့လို အိမ်ထောင်ကျပြီး စီးပွားရေးနှင့် ရုန်းကန်
နေသူများအတွက် အလွန်သင့်လျော်လှပေသည် ။ သီလထဲကတစ်ပါးကျိုးပေါက်သွားရင်
အကုန်လုံးမကျိုးပေါက်ပါဘူး ။ အဲဒီ ကျိုးပေါက်သွားတဲ့ တစ်ပါးကို ပဲ ပြန်တည်ဆောက် ရင်
သီလပြန်တည်တယ်လို့သိရပါတယ် ။
        ဤအာဇီဝဋ္ဌမကသီလသည် တစ်ကြိမ်လောက် ဆောက်တည်ပြီးဖြစ်လျှင် အသက်မွေး
စင်ကြယ်သမျှ  ပိသုဏ၀ါစာ စသည်ကို မပြောဆိုသမျှ သီလမပျက်သောကြောင့် နေ့စဉ်
ဆောက်တည်ဖွယ် မလို ။ အခြားသော ၅ပါး ၈ပါးသီလများလည်း မကျိုးမပျက်သမျှ ထပ်၍
ဆောက်တည်ဖွယ် မလို ။ သို့သော် ထပ်၍ ဆောက်တည်ခြင်းကြောင့်ကား အပြစ်မဖြစ်ပါ ။
အာဇီဝဋ္ဌမက ။     ။  အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်
အကိုင် အရောင်းအ၀ယ် ဟူသမျှကို ပါဠိလို " အာဇီဝ " ဟုခေါ်၏ ။ မတရားသော ပစ္စည်း
ရှာဖွေမှုကို " မိစ္ဆာဇီဝ " ဟုခေါ်၏ ။ ထိုမိစ္ဆာဇီဝ မှ ရှောင်ကြဉ်လျက် တရားသဖြင့် ပစ္စည်းရ
အောင် ရှာဖွေမှုကို " သမ္မာအာဇီဝ " ဟုခေါ်၏ ။ ၈ပါး မြောက် သိက္ခာပုဒ်တော် ကို ပါဠိလို
" အဋ္ဌမ " ဟုခေါ်၏ ။ ပါဏာတိပါတာ ဝေရမဏိမှစ၍ ရေတွက်လျှင် မိစ္ဆာဇီဝါ ဝေရမဏိသည်
၈ပါး မြောက် သိက္ခာပုဒ်တည်း ။ ထို့ကြောင့် မိစ္ဆာဇီဝမှ ရှောင်ကြဉ်မှုလျှင် ၈ပါးမြောက်ရှိသော
သီလကို " အာဇီဝဋ္ဌမကသီလ " ဟုခေါ်သည် ။
           ငါးပါးသီလကို ဆောက်တည်သည်ဖြစ်စေ ၊ မဆောက်တည်သည်ဖြစ်စေ လွန်ကျူး
လျှင်အပြစ်ရှိသကဲ့သို့ ဤ အာဇီဝဋ္ဌမကသီလ ကိုလည်း ဆောက်တည်သည်ဖြစ်စေ ၊
မဆောက်တည်သည်ဖြစ်စေ လွန်ကျူးမိလျှင် အပြစ်ရှိ၏ ။ ငါးပါးသီလသည် သူတော်ကောင်း
တို့ အမြဲစောင့်ထိန်းရမည့် ကိုယ်ကျင့်သီလ ဖြစ်သကဲ့သို့ ဤ အာဇီဝဋ္ဌမကသီလလည်း
အထက်တန်း သူတော်စင်တို့ အမြဲထိန်းရမည့် ကိုယ်ကျင့်သီလ ဖြစ်သည် ။ ဤအာဇီဝဋ္ဌမက
သီလ လုံခြုံမှ မဂ်ဖိုလ် ကို ရနိုင်၏ ။ အာဇီဝဋ္ဌမကသီလ မလုံခြုံလျှင် မဂ်ဖိုလ် မရနိုင် ။
ထို့ကြောင့် " ဤ အာဇီဝဋ္ဌမကသီလ သည် မဂ် ဟူသော မြတ်သောအကျင့်၏ အစ အခြေခံ
သီလ ဖြစ်သည် " ဟုမှတ်ပါ ။ ( အရှင်ဇနာကာဘိဝံသ ၏ ပထမကျမ်းစာ ရတနာ့ဂုဏ်ရည် )
                                 အာဇီဝဋ္ဌမကသီလ
အဟံ ဘန္တေ တိသရဏေန သဟ ၊ အာဇီဝဋ္ဌမကသီလံ ဓမ္မံယာစာမိ ၊ အနုဂ္ဂဟံ ကတွာ ၊
သီလံ ဒေထ မေ ဘန္တေ ၊
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ၊ အာဇီဝဋ္ဌမကသီလံ ဓမ္မံယာစာမိ ၊ အနုဂ္ဂဟံ
ကတွာ ၊ သီလံ ဒေထ မေ ဘန္တေ ၊
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ၊ အာဇီဝဋ္ဌမကသီလံ ဓမ္မံယာစာမိ ၊ အနုဂ္ဂဟံ
ကတွာ ၊ သီလံ ဒေထ မေ ဘန္တေ ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ၊
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ၊
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊တတိယမ္ပိ သံဃံ သရဏံ
ဂစ္ဆာမိ ၊
၁ ။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၂ ။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၃ ။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၎ ။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၅ ။ ပိသုဏ၀ါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၆ ။ ဖရုသ၀ါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၇ ။ သမ္ဖပ္ပလာပ၀ါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ၊
၈ ။ မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
                          ( ကြည့်ရှုရန် အဓိပ္ပာယ် )
 အရှင်ဘုရား တပည့်တော် ( တပည့်တော်မ ) သည် ၊ သရဏဂုံသုံးပါးနှင့်တကွ အာဇီဝဋ္ဌမက
သီလ ဟူသော သိက္ခာပုဒ်အကျင့်ကို တောင်းပါ၏ ။
၁ ။ ပါဏာတိပါတာ  = သူတစ်ပါး အသက်ကိုသတ်ခြင်းမှ ရှေင်ကြဉ်ပါ၏ ။
၂ ။ အဒိန္နာဒါနာ      = သူတစ်ပါး ပစ္စည်းဥစ္စာ ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏ ။
၃ ။ ကာမေသုမိစ္ဆာစာရာ  = သူတစ်ပါးသားမယား ကို ကျူးလွန်ခြင်းမှရှောင်ကြဉ်ပါ၏ ။
၎ ။ မုသာဝါဒါ          = မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏ ။
၅ ။ ပိသုဏ၀ါစာ       = ချောပစ် ကုန်းတိုက်မှု မှ ရှောင်ကြဉ်ပါ၏ ။
၆ ။ ဖရုသ၀ါစာ         = အယုတ်တမာဆဲဆိုမှု မှ ရှောင်ကြဉ်ပါ၏ ။
၇ ။ သမ္ဖပ္ပလာပ၀ါစာ  = ပြိန်ဖျင်းသော စကားကို ပြောဆိုမှုမှရှောင်ကြဉ်ပါ၏ ။
၈ ။ မိစ္ဆာဇီဝါ             = မတရားသောဥစ္စာပစ္စည်းရှာဖွေမှုမှ ရှောင်ကြဉ်ပါ၏ ။
သတိပြုရန် ။           ။ ရဟန်းများထံ သီလမတောင်းဘဲ မိမိဘာသာ ရုပ်ပွားတော် ၊ စေတီ
                             ရှေ့ဝယ် ဆောက်တည်ကြရာ၌ " အဟံ ဘန္တေ " စသော သီလ
                             တောင်းများကို ဆိုစရာမလိုပါ ။ " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " ကစ၍
                             " မိစ္ဆာဇီဝါ ဝေရမဏိ " တိုင်အောင် ဆိုပါလေ ။
အာဇီဝဋ္ဌမကသီလ ကို အသက်ထက်ဆုံး ဆောက်တည်နိုင်သော ပုဂ္ဂိုလ်ထူး ၊ ပုဂ္ဂိုလ်မြတ်
 ဖြစ်ပါစေသတည်း ။
.........................................................................................................................................................   
ဥတ္တရိမနုဿဓမ္မ ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်သနည်း - ၁
       သြစတြေးလျ နိုင်ငံမှ ဒေါက်တာဟေသာစပင့် ဆိုသူ အမျိုးသမီးအဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံ
သို့ရောက်လာစဉ်အခါက သူတို့ပြောဆိုသွားသောစကားများမှာ စိတ်ဝင်စားစရာကောင်းလှပါ
သည် ။သူတို့က မိမိတို့မှာ ခရစ်ယာန်ဘာသာကို လွန်ခဲ့သော ၁၅ နှစ်ခန့်ကပင် စွန့်ခဲ့ပြီးဖြစ်၍
ယခုအခါ ဘယ်ဘာသာကိုမျှ ကိုးကွယ်ခြင်းမရှိကြောင်း ၊ မိမိတို့ဘာသာကောင်းအောင်နေ
သွားလျှင်လည်း ပြီးတာပဲ မဟုတ်လားဟု ရှင်အာဒိစ္စရံသီ ကို လျှောက်ထားလေသည် ။
ရှင်အာဒိစ္စရံသီ က သူတို့ကို နံရံပေါ်မှာ အသင့်ပန်းချီ ဆေးရေးထားသော အင်္ဂလိပ်ဘာသာ
ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကို ပြပြီး ဤတရားသည် ဗုဒ္ဓဘာသာ၏ အနှစ်သာရ တရားဖြစ်
ကြောင်း ၊ ဤတရားကိုနားလည်ပြီဆိုလျှင် မိမိဘာသာ ကောင်းအောင် နေသွားရုံဖြင့်
သံသရာ ၀ဋ်ဒုက္ခ မှ မလွတ်နိုင်ကြောင်း ရှင်းပြရာ သူတို့ကို ထိုတရားအနှစ်ချုပ်ကို ပြပါဟု
တောင်းပန်လာကြလေသည် ။ ရှင်အာဒိစ္စရံသီ လည်း သူတို့နားလည်လွယ်အောင် ပစ္စုပ္ပာန်
ခန္ဓာ ပဋိစ္စသမုပ္ပာဒ် ကို ပြလိုက်ရသည် ။ ဖဿဖြစ်လာပုံမှ ၊ ဝေဒနာ ၊ တဏှာ ၊ ဥပါဒါန် ၊
ကံမ္မဘ၀ ဖြစ်သွားပုံ ၊ သံသရာလည်ပုံ ကို ခပ်ရှင်းရှင်း ပြလိုက်ရလေသည် ။
             ထိုအခါ ဒေါက်တာဟေသာစပင့် က " တော်တော် စိတ်ဝင်စားဖို့ကောင်းတယ် ၊
ဗုဒ္ဓဘာသာ က တော်တော် သိပ္ပံနည်းကျတာပဲ ၊ ယုတ္တိရှိလိုက်တာ ၊ ကျွန်မတို့ပိုပြီး သိခွင့်ရ
အောင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သတင်းစကား ( message ) ပေးပါလား ၊ ဘယ်စာအုပ်
ဖတ်သင့်သလဲ " ဟုမေးလေသည် ။
          ရှင်အာဒိစ္စရံသီ လည်း ဖတ်လက်စဖြစ်သော အမေရိကန် မနုဿတ္တဗေဒပါမောက္ခ
မယ်လ်ဖုဒ်၊အီးစပီရို ၊ရေး BUDDHISM AND SOCIETY ( ဗုဒ္ဓဘာသာနှင့်လူ့အဖွဲ့အစည်း)
ဆိုသော စာအုပ်ကို မြန်မာဗုဒ္ဓဘာသာ အကြောင်း အကြမ်းဖျင်းသိရအောင် ပေးလိုက်ရပါ
သည် ။ သူမ က " ညပိုင်းကျရင် ဆွေးနွေး လို့ရမလား " ဟုမေးလေသည် ။ ရှင်အာဒိစ္စရံသီ
ကလည်း ည ၇ နာရီမှာ ဆွေးနွေးဖို့ သဘောတူလိုက်သည် ။
           ည ၇ နာရီအချိန်တွင် သူတို့နှင့်ပြန်ဆုံလေသည် ။ ထိုအခါ ဒေါက်တာဟေသာစပင့်
က အောက်ပါရေးသားချက်များကို ထောက်ပြပြီး ပြောသည် ။
            " I know of no layman who has attained the state of insight(vipassana).
Those few monks who hinted that they had achieved such a state either would
not describe it, claiming that to do so would be in violation of their vows, or
could not described it, it is an ineffable experience. As one put it to me, "It's
like sexual intercourse; unless you have had the experience yourself, it can-
not be explained"  ဟု ရေးထားသည်ကို တွေ့ရသည် ။
          ထိုစာကိုဖတ်ပြီးနောက် ထိုအမျိုးသမီးကြီးက မေးလေသည် ။ " အရှင်ဘုရား ဒီစာ
ထဲမှာ ပြောထားသလိုဆိုရင် မဂ်ဥာဏ် ဖိုလ်ဥာဏ် ဆိုတာကို ရတဲ့လူမရှိသလောက်ပဲ ၊
ရထားတဲ့ ရဟန်းပုဂ္ဂိုလ်တွေကျတော့လည်း ထုတ်ဖော်ပြီး မပြောဆိုရဘူး လို့ ဆိုထားတယ် ၊
ဟုတ်ပါသလားဘုရား "
        " ဟုတ်တယ် ၊ ဘုရားက ဒီတရားတွေဟာ ဥတ္တရိမနုဿဓမ္မ ဖြစ်လို့ လူသာမန်တွေကို
တရားရထားသူဖြစ်သော်လည်း ရဟန်းဆို ရင် ထုတ်ဖော်ပြောဆိုခြင်း မပြုရဘူးလို့ ပညတ်
ထားတယ် "
          " ဟာဒါဆိုရင်တော့ အရှင်ဘုရားတို့ အနေနဲ့ တပည့်တော်တို့ အနောက်တိုင်းနိုင်ငံ
တွေကိုလာပြီး သာသနာမပြုပါနဲ့ ၊ အရှင်ဘုရားတို့တရားကို ဘယ်သူကမှ လက်ခံမှာမဟုတ်
ဘူး "
        " ဘာဖြစ်လို့လည်းဒကာမကြီး "
    " တပည့်တော်တို့ အနောက်တိုင်းသားတွေရဲ့ စိတ်ထဲမှာ " To be is to be perceived "
" ရှိရင် သိကို သိရမယ် " ၊  သိအောင်လည်း ထုတ်ဖော်ပြီး ကြေငြာရမယ် ၊ ဒါမှ အများ
တကာ စိတ်ဝင်စားသူများက ဟုတ်မဟုတ် ၊ မှန်မမှန်ကို သူပေးတဲ့ ဖော်မြူလာအရ စမ်းသပ်
ကြည့်မယ် ၊ သူတို့က ဒီဖော်မြူလာ အတိုင်း စမ်းသပ်လို့ မှန်ကန်ကြောင်း ကိုယ်တွေ့သိရမှ
သာ လက်ခံမယ် ၊  ခုဒီစာထဲမှာ ပါသလိုပြောလို့တော့ မရဘူး ၊ ဒီနေရာမှာ အဆင့်နှစ်ဆင့်
ထားပြီး လေ့လာကြမှာပဲ ၊ ပထမအဆင့်က အရှင်ဘုရား ရထားတဲ့တရားကို ဘယ်လိုစမ်း
သပ်ရင် သိနိုင်မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောရမယ် ၊ ပြီးတော့မှ သူတို့ကိုလက်
တွေ့စမ်းသပ်ခွင့် ပေးရမယ် ။ သူတို့တွေ့ရှိတဲ့ တရားနဲ့ အရှင်ဘုရား ရထားတဲ့တရားနဲ့ တူ
ကြောင်း ထင်ရှားမှသာ လက်ခံကြမှာပါ ၊ ဒီလို လျှို့ဝှက်ထားလို့တော့ တပည့်တော်တို့ဆီက
လူတွေက လက်မခံဘူး ။ တပည့်တော်တို့ဆီကို မဟာယာနဘုန်းကြီးတစ်ပါးလာပြီး တရားရ
ထားတဲ့ ပုဂ္ဂိုလ်တစ်ပါးရဲ့ ဓာတ်တော်တွေဆိုပြီး ပြဖူးတယ်၊ ဟိုက လူတွေက ရယ်ကြတယ် ၊
ဒီလိုမရဘူးဘုရား ၊ ကမ္ဘာကို သာသနာပြုမယ်ဆိုရင် ကမ္ဘာက လူတွေရဲ့ စိတ်သဘောထား
ကိုလည်း သိထားမှ အဆင်ပြေလိမ့်မယ် " ဟုလည်း သူက အကြံပေးသွားသည် ။
        ဤ ကိစ္စကို ကြားရပြီးနောက်ပိုင်း ခေါင်းထဲတွင် စိတ်ကူး နှစ်ခု ပေါ်လာသည်။
(က) ဥတ္တရိမနုဿဓမ္မ သည် ဘာလဲ နှင့်
(ခ) ဥတ္တရိမနုဿဓမ္မ ကို ကမ္ဘာ နားလည် လက်ခံ ယုံကြည်လာအောင် ဘယ်လို လုပ်ပြီး
      သာသနာပြုမလဲ ဆိုသော ပုစ္ဆာကြီး နှစ်ခု ဖြစ်ပါသည် ။ ထိုပုစ္ဆာတွေကို မရှင်းနိုင်ဘဲနှင့်
   ဗုဒ္ဓဘာသာ၏ goal ပန်းတိုင် ဖြစ်သော " နိဗ္ဗာန် " ကို ကမ္ဘာက လူတွေ နားလည်ပြီး
လက်ခံလာအောင် ဘယ်လို သက်သေထင်ရှားပြမလဲ ဆိုသော ဧရာမပုစ္ဆာကြီး ကို ရှင်းနိုင်
မည်မဟုတ်ပါ ။
        ပထမဦးစွာ " ဥတ္တရိမနုဿဓမ္မ " ကို နားလည်အောင် ရှင်းရှင်းလင်းလင်း သိမြင်
သဘောပေါက်အောင် လုပ်ဖို့လိုပါသည် ။
          ဥတ္တရိမနုဿဓမ္မ ဆိုတာဘာလဲ ။
ပါဠိစာပေ နှင့် အကျွမ်းမ၀င်သူ များအနေဖြင့် ဤ စကားလုံး ၏ အနက်အဓိပ္ပာယ် ကို
နားလည်ကြမည် မဟုတ်ပေ ။ ရဟန်းသံဃာများ ( ပရိယတ္တိကျွမ်းဝင်သော ) သံဃာတော်
များကတော့ အများအားဖြင့် သိကြပါလိမ့်မည် ။ သို့သော် သိပုံသိနည်းက တစ်မျိုးတစ်ဘာ
သာစီ ဖြစ်နေလေသည် ။ ဘယ်လို တစ်မျိုးတစ်ဘာသာစီ ဖြစ်နေကြတာလဲ ။ဤ မေးခွန်း
လည်း ပေါ်ပေါက်သင့်ပါ၏ ။
         ပြောပြပါမည် ။
        ထေရ၀ါဒ ချင်းတူသော်လည်း သီရိလင်္ကာ ( သီဟိုဠ် ) သံဃာများ အဓိပ္ပာယ် ယူပုံနှင့်
မြန်မာရဟန်းသံဃာများ အဓိပ္ပာယ်ကောက်ယူပုံ ကွာခြားနေခြင်း ကို ဆိုလိုပါသည် ။
ဤမေးခွန်းလည်းမေးသင့်၏ ။
အပိုင်း -၂ ကိုဆက်လက်ဖတ်ရှုပါရန်
.............................................................................................................................................................
ဥတ္တရိမနုဿဓမ္မ ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်သနည်း - ၂
   ထေရ၀ါဒချင်း တူသော်လည်း ဘာကြောင့် အဓိပ္ပာယ်ကောက်ယူပုံ ကွာခြားရသနည်းဟုဆို
သော် " ဥတ္တရိ မနုဿဓမ္မ " ဆိုသော စကားလုံးသည် အနက်နှစ်မျိုးထွက်နိုင်သည် ။
အဘယ်ကြောင့်ဆိုသော် " ဥတ္တရိ " ဆိုသော နာမ၀ိသေသနပုဒ် ကို မနုဿ ဆိုသော နာမ်
နှင့် တွဲလျှင် အဓိပ္ပာယ်တစ်မျိုး ၊ ဓမ္မ ဆိုသော နာမ်နှင့် တွဲလျှင် အဓိပ္ပာယ်တစ်မျိုး ဖြစ်ပါ
သည် ။ တွဲပုံမှာ ဤသို့ဖြစ်ပါသည် ။
၁ ။ ဥတ္တရိ + မနုဿဓမ္မ  ဆိုလျှင် ဓမ္မ ( တရား ) နာမ်ကို အထူးပြုပြီး
၂ ။ ဥတ္တရိမနုဿ + ဓမ္မ  ဆိုလျှင် လူပုဂ္ဂိုလ်နာမ်ကို အထူးပြုပုဒ် ဖြစ်သွားပါသည် ။
ဤအကြောင်းကို မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနာကာဘိဝံသ ၏ ပါတိမောက်
ဘာသာဋီကာ နှင့် ပါရာဇိကဏ် အဋ္ဌကထာ ၊ ဘာသာဋီကာ ( တတိယတွဲ ) တွင် ဤသို့
လေ့လာ တွေ့ရှိနိုင်ပါ၏ ။
ဥတ္တရိမနုဿဓမ္မ = " ဥတ္တရိ - မြတ်ကုန်သော ၊ မနုဿ - လူတို့တည်း ၊ ဥတ္တရိမနုဿ -
" မြတ်သောလူ " ဟူသည် ရိုးရိုးပုထုဇဉ် လူများထက် သာလွန်သော ဈာယီ ( ဈာန်ရသူ )
နှင့် အရိယာ ( မဂ်ဖိုလ်၇သူ ) များတည်း ။ ထို့ကြောင့် ဥတ္တရိမနုဿဓမ္မ သည် " ထိုသူတို့
တရား " ဟု အနက်ရသည် ။ " ထိုသူတို့၏တရား " ဟူသည် ထိုသူတို့ သန္တာန်၌ ထင်ရှားရှိ
သော ( ထိုသူတို့အပိုင်ဖြစ်သော ) ဈာန်တရား ၊ မဂ်ဖိုလ်တရားများတည်း ။ ဤတရားကား
" အလမရိယဥာဏဒဿနံ " လည်း ဖြစ်၏ ။ ( အလံ - စွမ်းနိုင်သော - အရိယံ - ကိလေသာ
တို့မှ စင်ကြယ်သော ၊ ဥာဏ - ကသိုဏ်းစသော ၊ အာရုံ ၊ သစ္စာလေးပါးအာရုံကိုသိတတ် +
ဒဿန - မျက်စိ ဖြင့် မြင်သကဲ့သို့ ထိုအာရုံများကိုမြင်တတ်သော ဥာဏ် ။ ဤပုဒ်အပေါင်း
ကို ဗဟုဗ္ဗီဟိသမာသ်တွဲ ၍ ဥတ္တရိမနုဿဓမ္မ ကိုရစေသည် ) အလံအရ " စွမ်းနိုင် " ဟူသည်
ကိလေသာ ကို ဖျက်ဆီးခြင်းကိစ္စ၌ စွမ်းနိုင်ခြင်းတည်း ။ ထိုကဲ့သို့ စွမ်းနိုင်သော တရားဟူ
သည် ဈာန်မဂ်ဖိုလ် နှင့် ယှဉ်သော ဥာဏ်တည်း ။ ( ထို ဈာန်မဂ်ဖိုလ် တို့က ကိလေသာကို
ဖျက်ဆီးခြင်း၌ စွမ်းနိုင်ပုံကို အဘိဓမ္မာလေ့လာ သူတိုင်း သိနိုင်ပါသည် ။ ဤကား အနက်
တစ်မျိုးဖြစ်သည် ။ ( အရှင်ဇနကာဘိဝံသ - ပါတိမောက်ဘာသာဋီကာ - နှာ ၅၀ - ၅၁ )
             ဤ ဥတ္တရိမနုဿဓမ္မ ကိုပင် ပါရာဇိကဏ် အဋ္ဌကထာ ဘာသာဋီကာ တွင် ဤသို့
ပြတော်မူပါသည် ။
            ဥတ္တရတိ + ဧတောနာတိဥတ္တရိ ၊ ဥ  ပုဗ္ဗတရဓာတ် က္ကပစ္စည်း ဟု ကြံပါ ။
( ပါပနက - ဟူသော ကာရိတ် အဖွင့်ကို ကြည့်၍ ဥတ္တရိ ကို ကရဏသာဓ် ကြံသည် )
" မနုေဿ + ဥတ္တရိ ( မနုဿဥတ္တရိ ဟု ဆိုလိုလျက် ရှေ့နောက်ပြန်၍ ) " ဥတ္တရိမနုေဿာ "
ဟူ၍ဖြစ်၏ ။ " ဥတ္တရိမနုေဿစ + သော + ဓမ္မော ဓာတိ ဥတ္တရိမနုဿဓမ္မော " ဟုပြု ၊
မနုဿကိုလွန်ပုံပြလို၍ " မနုေဿ ၊ ပေ ၊ အတ္ထော " အဓိပ္ပာယ်ဖွင့်ပြသည် ။ " လူတို့ကို
လွန်မြောက်ကြောင်းဖြစ်သော ဈာန်မဂ်ဖိုလ်တရားဟုပေး ။
        တစ်ဖန် တောင်မြို့ဆရာတော်ဘုရားကြီးက " ဥတ္တရိမနုဿဓမ္မ " ကို ဤသို့လည်း
ဖွင့်ပြပြန်သည် ။
           ဥတ္တရိသဒ္ဒါသည် သေဋ္ဌအနက်ဟော နိပါတ်ပုဒ်တည်း ။ ထို့ကြောင့် ဥတ္တရိကို သေဋ္ဌ
ဟု ဖွင့်သည် ။ " မနုဿ " အရ ယောက်ျား ၊ မိန်းမအားလုံး ကို ရသော်လည်း ပဓာနနည်း
အားဖြင့် ပုရိသာနံ ဟုဖွင့်သည် ။ ဥတ္တရိမနုဿနံ ကို " ဈာယီနဉ္စ ၊ အရိယာနဉ္စ " ဟုသရုပ်
ဖော် ထုတ်ပြသည် ။ " ဥတ္တရိစ + တေ + မနုဿဓာတိ ဥတ္တရိမနုဿ ၊ ဥတ္တရိမနုဿနံ +
ဓမ္မော ၊ ဥတ္တရိမနုဿ ဓမ္မော " ဟု ပြု ၊ မြတ်သောလူဟူသော ဈာယီအရိယာပုဂ္ဂိုလ်တို့၏
ဈာန်မဂ်ဖိုလ်တရားဟုပေး ။
          ဤကား ပါရာဇိကဏ်အဋ္ဌကထာ ၊ ဘာသာဋီကာ ၊ စတုတ္ထပါရာဇိက အဖွင့်၏
အောက်ခြေမှတ်ချက်များ ဖြစ်ကြပါသည် ။ စတုတ္ထပါရာဇိကကိုဖွင့်ဆိုပုံ၌ -
     " ဥတ္တရိမနုဿ ဓမ္မဿာတိ -ကား ၊ မနုေဿ - လူတို့ကို ၊ ဥတ္တိဏ္ဏဓမ္မဿ ၊ လွန်မြောက်
ကြောင်းတရား၏ ၊ မနုေဿ - လူတို့ကို ၊ အတိက္ကမိတွာ - ကျော်လွန်၍ ၊ ဗြဟ္မတ္တံဝါ - ဗြဟ္မာ
၏အဖြစ်သို့သော်လည်းကောင်း ( ဈာန်တရားကို ရည်ရွယ်သည် ) နိဗ္ဗာနံဝါ - နိဗ္ဗာန်သို့ သော်
လည်းကောင်း ( မဂ်တရားကို ရည်ရွယ်သည် ) ပါပနကဓမ္မဿ - ရောက်စေတတ်သော
တရား၏ ။ ( ၀ဏ္ဏံ - ကို ၊ ဘာသိဿမန်စို့ ) က္ကတိအတ္ထော - နက် ၊ ၀ါ - တစ်နည်းဥတ္တမပုရိ
သာနံ - မြတ်သောလူဖြစ်ကုန်သော ၀ါ - လူထူးလူမြတ် ဖြစ်ကုန်သော သေဋ္ဌပုရိသာနံ - မြတ်
သောယောက်ျား ဖြစ်ကုန်သော ၊ ဈာယီနဉ္စ - ဈာန်ဝင်စားနိုင်သော ပုဂ္ဂိုလ်တို့၏လည်းကောင်း
ဝါ - ဈာန်ရ ပုဂ္ဂိုလ်တို့၏ လည်းကောင်း ၊ အရိယာနဉ္စ - မဂ်ရဖိုလ်ရ ပုဂ္ဂိုလ်တို့၏လည်းကောင်း
ဓမ္မဿ - တရားဖြစ်၏ ။
        ဤကား ဥတ္တရိမနုဿဓမ္မ ၏ အနက်ရပုံဖြစ်၏ ။ မြန်မာကျမ်းဂန်များတွင် ဆိုသည်
ကား ဥတ္တရိမနုဿဓမ္မ ကို အနက်ပြန်ရာ၌ ဥတ္တရိ + မနုဿဓမ္မ ဟူသော အနက်ကို အစဉ်
အလာအားဖြင့် အများလက်ခံထားကြသည်ကို တွေ့ရှိရပါသည် ။
         ထိုအနက်ဖြင့်ယူလျှင် ဥတ္တရိ + မနုဿဓမ္မ သည် လူပုဂ္ဂိုလ် ကိုအထူးမပြုဘဲ ( ဓမ္မ )
တရားကိုသာ အထူးပြု ပြောဆိုသော ပုဒ်ဖြစ်သွား၏ ။
          ဆရာကြီးဦးဟုတ်စိန် ၏ ပဒတ္ထမဉ္ဖူသာ ခေါ် ပါဠိ မြန်မာအဘိဓာန်တွင် ဥတ္တရိမနုဿ
ဓမ္မကို " လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို လွန်သော ဈာန်မဂ်ဖိုလ်တရား " ဟုပြ
ထား၏ ။ ဤအနက်ကိုပင် စာသင်သား အများလည်း နားလည်ထားကြ၏ ။
           ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘု၇ားကြီး ၏ ၀ိနယ၀ိနိစ္ဆယ သင်္ဂဟကျမ်း ၊
နှာ - ( ၁၈၇ ) တွင်လည်း ဥတ္တရိမနုဿဓမ္မ ကို -
           " ဥတ္တရိမနုဿဓမ္မော - လူတို့၏ သာမန်ကုသိုလ်ထက် လွန်ကဲသော တရားထူး
တရားမြတ်ကို ( ၀ါ ) လူမြတ်တို့၏ တရားထူးတရားမြတ်ကို နဥလ္လ ပိတဗ္ဗော - ၀ါကြွား၍
မပြောအပ် ဟု ပြထားပါ၏ ။ တရား (ဓမ္မ ) ကိုပင် အထူးပြု၍ ဖွင့်ဆိုထားပါ၏ ။ ဤစကားအရ
ဆိုလျှင် " မနုဿဓမ္မ " ကို ဦးစွာ အဓိပ္ပာယ် ( အနက် ) ကြံသင့်၏ ။
          မနုဿပုဒ်သည် ဘာကိုဟောသနည်း ။ ပဒတ္ထမဉ္ဇူသာ ပါဠိမြန်မာ အဘိဓာန်တွင်
မနုဿသည် လူကိုပင်ဟော၏ ။
            အကယ်၍ လူဟူ၍လည်းကောင်း ၊ ယောက်ျား ဟူ၍လည်းကောင်း ဟောသော
အနက်ကို ယူမည်ဆိုလျှင် ရဟန်းဘိက္ခု ( သာမန်ပုထုဇဉ်ရဟန်း ) သေက္ခ - ကျင့်ဆဲပုဂ္ဂိုလ်
များအားလုံး ပါဝင်သင့်၏ ။ ထိုသို့ပါဝင်လျှင် မနုဿဓမ္မ သည် ကုသိုလ်ကမ္မပထတရား
ဆယ်ပါးထက် များစွာ ကျယ်ပြန့်နိုင်မည် ထင်ပါ၏ ။ ကုသိုလ်ကမ္မပထတရားဆယ်ပါး (၀ါ )
ပုညကြိယာတရားဆယ်ပါး ဆိုသည်ကား -
၁ ။ ဒါန
၂ ။ အပစာယ
၃ ။ ဝေယျာဝစ္စ
၎ ။ သီလ
၅ ။ ပတ္တိဒါန
၆ ။ ပတ္တနုမောဒနာ
၇ ။ ဓမ္မဒေဿနာ
၈ ။ ဘာဝနာ
၉ ။ ဓမ္မသ၀န
၁၀ ။ ဒိဋ္ဌိဇုကမ္မ   တို့ဖြစ်၏ ။
        အနာဂတ ဘယသုတ် ( အင်္ဂုတ္ထိုရ် ) တွင် မြတ်ဗုဒ္ဓ က သာသနာတော် ၏ အနာဂတ်
ဘေးအန္တရာယ်များကို မြင်၍ အနာဂတ ဘယသုတ် ဒေသနာတော်မြတ်ကြီး ကို လေးပိုင်း
ခွဲပြီး ဟောကြားဆုံးမထားတော်မူပါသည် ။ ဤဟောကြားချက်များသည် ယခုလေ့လာနေ
သော ကိစ္စတွင် ထည့်သွင်း စဉ်းစားအပ်သောကြောင့် ဤတွင် မူရင်းအတိုင်း ထုတ်နှုတ်
ဖော်ပြရလျှင် သင့်တော်မည်ဟု ထင်မြင်မိပါသဖြင့် ထုတ်နှုတ်တင်ပြအံ့ ။
အပိုင်း - ၃ ကို ဆက်လက်ဖတ်ရှုပါရန်
........................................................................................................................................................
ဥတ္တရိမနုဿဓမ္မ ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်သနည်း - ၃
  အနာဂတ ဘယသုတ် ( အင်္ဂုတ္ထိုရ် ) တွင် မြတ်ဗုဒ္ဓက သာသနာတော်၏ အနာဂတ် ဘေး
အန္တရာယ်များကို မြင်၍ အနာဂတ ဘယသုတ် ဒေသနာတော်ကြီးကို ဤသို့ဟောတော်မူ၏ ။
( ၁ )  ရဟန်းတို့ ၊ အနာဂတ်ကာလ၌ ရဟန်းတို့သည် ကိုယ်ကို မပွားများသူ ၊ စိတ်သမာဓိကို
မပွားများသူ ၊ ပညာကို မပွားများသူတို့ ဖြစ်ကြလိမ့်မည် ။
        ထိုရဟန်းတို့သည် ( မိမိတို့က ) ကိုယ်ကိုမပွားများ ၊ စိတ်သမာဓိကိုမပွားများ ၊ ပညာ
ကို မပွားများကြကုန်သည် ဖြစ်ပါလျက် ၊ သူတစ်ပါးကို ဥပဇ္ဈာယ်ပြု၍ ပဉ္ဇင်းခံ ပေးကြလိမ့်
မည် ။ ( ဥပဇ္ဈာယ်ပြု၍ ပဉ္ဇင်းခံပေးသော ) ထိုဆရာတို့သည်လည်း လွန်မြတ်သောသီလ ၊
လွန်မြတ်သောစိတ် ၊ လွန်မြတ်သောပညာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ကြလိမ့်မည် မဟုတ်ကုန် ။
( ဤသို့သော ဆရာတို့ထံ ပဉ္ဇင်းခံကြကုန်သော ) ထိုတပည့်ရဟန်းတို့ သည်လည်း ကိုယ်ကို
မပွားသူ ၊ သီလကိုမပွားသူ ၊ စိတ်ကိုမပွားသူ ၊ ပညာကိုမပွားသူများ ဖြစ်ကြကုန်ပေလိမ့်မည်။
          ထိုတပည့်ဖြစ်သူ ရဟန်းတို့သည် ( မိမိတို့က ) ကိုယ်ကိုမပွား ၊ စိတ်ကိုမပွား ၊ ပညာ
ကိုမပွားများကြကုန်သည်ဖြစ်ပါလျက် တခြားလူတို့ကို ဥပဇ္ဈာယ်ပြု၍ ပဉ္ဇင်းခံ ပေးကြလိမ့်
ဦးမည် ။
          ထိုရဟန်းတို့သည် လွန်မြတ်သော သီလ ၊ လွန်မြတ်သောစိတ် ။ လွန်မြတ်သော
ပညာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ကြလိမ့်မည် မဟုတ်ကုန် ။
           ထိုတပည့် ရဟန်းတို့သည်လည်း ကိုယ်ကိုမပွားသူ ၊ သီလကိုမပွားသူ ၊ စိတ်ကိုမပွား
သူ ၊ ပညာကိုမပွားသူများ ဖြစ်ကြလိမ့်ဦးမည် ။
          ရဟန်းတို့ ၊ ဤပထမအနာဂတ်ဘေးသည် ယခုအခါ မပေါ်သေး ၊ နောင်အခါ၌ ဖြစ်
ပေါ်လိမ့်ဦးမည် ။ ထိုဘေးကို သင်တို့သိရမည် ။ သိပြီး၍လည်း ထိုဘေးကို ပယ်ရန်
အားထုတ်ရမည် ။
( ၂ ) ရဟန်းတို့ ၊ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ကိုယ်ကိုမပွား
သူများ ၊ သီလကိုမပွားသူများ ၊ စိတ်ကိုမပွားသူများ ၊ ပညာကိုမပွားသူများ ဖြစ်ကြလိမ့်မည်။
                ထိုရဟန်းတို့သည် ( မိမိတို့က ) ကိုယ်ကိုမပွားများ ၊ သီလကိုမပွားများ ၊ စိတ်ကို
မပွားများ ၊ ပညာကိုမပွားများကြကုန်သည် ဖြစ်ပါလျက် အခြားသူတို့အား နိဿရည်း ပေး
ကြလိမ့်ဦးမည် ။
               ထိုရဟန်းတို့သည် ( မိမိတို့က ) ကိုယ်ကိုမပွားများသူ ၊ သီလကိုမပွားများသူ ၊
စိတ်ကိုမပွားများသူ ၊ ပညာကိုမပွားများသူများ ဖြစ်ကြပါကုန်လျက် တခြားသူတို့ကို
နိဿရည်း ပေးကြကုန်လိမ့်ဦးမည် ။
             ထိုရဟန်းတို့သည်လည်း လွန်မြတ်သောသီလ ၊ လွန်မြတ်သောစိတ် ၊ လွန်မြတ်
သောပညာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ကြလိမ့်မည် မဟုတ်ကုန် ။
             ထိုတပည့်ရဟန်းတို့သည်လည်း ကိုယ်ကိုမပွားသူ ၊ သီလကိုမပွားသူ ၊ စိတ်ကို
မပွားသူ ၊ ပညာကိုမပွားသူများ ဖြစ်ကြကုန်ပေလိမ့်ဦးမည် ။
            ရဟန်းတို့ ဤသို့လျှင် တရားပျက်စီးခြင်းကြောင့် ၀ိနည်းပျက်စီး၏ ။ ၀ိနည်းပျက်စီး
ခြင်းကြောင့် တရားပျက်စီး၏ ။
          ရဟန်းတို့ ၊ ဤဒုတိယအနာဂတ်ဘေးသည် ယခုအခါ မပေါ်သေး ၊ နောင်အခါ၌ ဖြစ်
ပေါ်လိမ့်ဦးမည် ။ ထိုဘေးကို သင်တို့သိရမည် ။ သိပြီး၍လည်း ထိုဘေးကို ပယ်ရန်
အားထုတ်ရမည် ။
( ၃ )    ရဟန်းတို့ ၊ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ကိုယ်ကိုမပွား
သူ ၊ သီလကိုမပွားသူ ၊ စိတ်ကိုမပွားသူ ၊ ပညာကိုမပွားသူများ ဖြစ်ကြကုန်လိမ့်ဦးမည် ။
            ရဟန်းတို့သည် ( မိမိတို့က ) ကိုယ်ကိုမပွားများ ၊ သီလကိုမပွားများ ၊ စိတ်ကိုမပွား
များ ၊ ပညာကိုမပွားများကြကုန်သည် ဖြစ်ပါလျက် ( သီလစသော ) အဘိဓမ္မကထာ နှင့်
ဝေဒလ္လကထာ တို့ကို ပြောဟောကြကုန်လျက် ၊ မည်းညစ်သောအကုသိုလ်တရားတို့
သက်ရောက်ကုန်သည်ဖြစ်၍ သိမြင်နိုင်ကြလိမ့်မည် မဟုတ်ကုန် ။ ရဟန်းတို့ ဤသို့လျှင်
တရားပျက်စီးခြင်းကြောင့် ၀ိနည်းပျက်စီး၏ ။ ၀ိနည်းပျက်စီးခြင်းကြောင့် တရား ပျက်စီး၏ ။
        ရဟန်းတို့ ၊ ဤတတိယအနာဂတ်ဘေးသည် ယခုအခါ မပေါ်သေး ၊ နောင်အခါ၌ ဖြစ်
ပေါ်လိမ့်ဦးမည် ။ ထိုဘေးကို သင်တို့သိရမည် ။ သိပြီး၍လည်း ထိုဘေးကို ပယ်ရန်
အားထုတ်ရမည် ။
( ၄ )    ရဟန်းတို့ ၊ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ကိုယ်ကိုမပွား
များ ၊ သီလကိုမပွားများသူ ၊ စိတ်ကိုမပွားများသူ ၊ ပညာကိုမပွားများသူတို့ ဖြစ်ကြကုန်
လိမ့်မည် ။
            ထိုရဟန်းတို့သည် ( မိမိတို့က ) ကိုယ်ကိုမပွားများ ၊ သီလကိုမပွားများ ၊ စိတ်ကို
မပွားများ ၊ ပညာကိုမပွားများကြကုန်သည် ဖြစ်ပါလျက် မြတ်စွာဘုရား ဟောတော်မူအပ်
ကုန်သော ၊ နက်နဲကုန်သော ၊ နက်နဲသောအနက်ရှိကုန်သော ၊ လောကမှ ထွက်မြောက်
ကြောင်း ဖြစ်ကုန်လျက် ( သတ္တမှ ) ဆိတ်သုဉ်းခြင်း နှင့် ယှဉ်ကုန်သော ၊ သုတ္တန်တရားတို့ကို
ဟောအပ်ကုန်သည်ရှိသော် ကောင်းစွာ နာယူကြလိမ့်မည် မဟုတ်ကုန် ။ နားထောင်ကြလိမ့်
မည် မဟုတ်ကုန် ။ သိနားလည်လိုစိတ် ဖြစ်ကြလိမ့်မည် မဟုတ်ကုန် ။ ထိုသုတ္တန်တရားတို့ကို
သင်ယူအပ် အဖန်တလဲလဲ လေ့လာအပ်၏ ဟူ၍ မှတ်ထင် ကြလိမ့်မည် မဟုတ်ကုန် ။
            ကဗျာဆရာတို့ ပြုအပ်ကုန်၍ ကဗျာဆရာတို့၏ ဥစ္စာဖြစ်ကုန်သော ဆန်းကြယ်သော
အက္ခရာ သဒ္ဒါပုဒ်ဗျည်း ရှိကုန်လျက် ( သာသနာတော်မှ ) အပ ဖြစ်ကုန်၍ ( သာသနာပဆရာ
တို့၏ ) တပည့်ဟော သုတ္တန်ပါဠိ တို့ကို ဟောကုန်အပ်သည်ရှိသော် ကောင်းစွာ နာယူကုန်
ကြလိမ့်မည် ။ နားထောင်ကြကုန်လိမ့်မည် ။ ထိုသုတ္တန်တရားတို့ကို သင်ယူအပ် ၊ အဖန်တလဲ
လဲ လေ့လာအပ်၏ ဟူ၍ မှတ်ထင် ကြလိမ့်မည် ။
              ရဟန်းတို့ ၊ ဤသို့လျှင် တရားပျက်စီးခြင်းကြောင့် ၀ိနည်းပျက်စီး၏ ။ ၀ိနည်း
ပျက်စီးခြင်းကြောင့် တရား ပျက်စီး၏ ။
         ရဟန်းတို့ ၊ ဤစတုတ္ထအနာဂတ်ဘေးသည် ယခုအခါ မပေါ်သေး ၊ နောင်အခါ၌ ဖြစ်
ပေါ်လိမ့်ဦးမည် ။ ထိုဘေးကို သင်တို့သိရမည် ။ သိပြီး၍လည်း ထိုဘေးကို ပယ်ရန်
အားထုတ်ရမည် ။
( ၅ )  နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည်  ကိုယ်ကိုမပွားများသူ ၊
စိတ်ကိုမပွားများသူ ၊ ပညာကိုမပွားများသူတို့ ဖြစ်ကြလိမ့်ဦးမည် ။
             ထိုရဟန်းတို့သည် ( မိမိတို့က ) ကိုယ်ကိုမပွားများ ၊ စိတ်ကိုမပွားများ ၊ ပညာကို
မပွားများကြကုန်သည် ဖြစ်ပါလျက် မထေရ်ကြီး ရဟန်းကြီးတို့သည် ပစ္စည်းများရန်သာ
ကျင့်ကြလိမ့်မည် ။ ( သိက္ခာကို ) လျော့လျော့ပေါ့ပေါ့သာ ကျင့်ကြလိမ့်မည် ။ အောက်သို့
သက်စေတတ်သောတရား ရှေ့သွားဖြစ်ကြကုန်လိမ့်မည် ။ ဥပဓိဝိဝေက ( နိဗ္ဗာန် ) ၌ တာဝန်
မဲ့ ဖြစ်ကြကုန်လိမ့်မည် ။
          မရောက်သေးသော ( ဈာန်မဂ်ဖိုလ် ) သို့ရောက်ရန် ၊ မရသေးသည့် ( ဈာန်မဂ်ဖိုလ် )
ကို ရရန် ၊ မျက်မှောက်မပြုရသေးသည့် ( နိ ဗ္ဗာန် ) ကို မျက်မှောက်ပြုရန် လုံ့လ၀ီရိယကို
အားထုတ်ကုန်ကြလိမ့်မည် မဟုတ်ကုန် ။
              နောင်လာနောက်သား လူအများတို့သည် မြင်ရသော ဆရာ့အပြုအမူသို့ အစဉ်
တစိုက် လိုက်ကြကုန်လိမ့်မည် ။ ထိုနောင်လာနောက်သား လူအများသည်လည်း ပစ္စည်း
ပေါများရန်သာ ကျင့်ကြကုန်လိမ့်မည် ။ အောက်သို့ သက်စေသော တရား နှင့် ရှေ့သွား
ဖြစ်ကြလိမ့်မည် ။ မရောက်သေးသော ( ဈာန်မဂ်ဖိုလ် ) သို့ရောက်ရန် ။ မရသေးသည့်
( ဈာန်မဂ်ဖိုလ် ) ကိုရရန် ၊ မျက်မှောက်မပြုရသေးသည့် ( နိဗ္ဗာန် ) ကို မျက်မှောက်ပြုရန်
လုံ့လ၀ီရိယကို အားထုတ်ကြလိမ့်မည် မဟုတ်ကုန် ။
            ရဟန်းတို့ ၊ ဤသို့လျှင် တရားပျက်စီးခြင်းကြောင့် ၀ိနည်းပျက်စီး၏ ။ ၀ိနည်းပျက်
စီးခြင်းကြောင့် တရားပျက်စီး ၏ ။
           ရဟန်းတို့ ၊ ဤပဉ္စမအနာဂတ်ဘေးသည် ယခုအခါ မပေါ်သေး ၊ နောင်အခါ၌ ဖြစ်
ပေါ်လိမ့်ဦးမည် ။ ထိုဘေးကို သင်တို့သိရမည် ။ သိပြီး၍လည်း ထိုဘေးကို ပယ်ရန်
အားထုတ်ရမည် ။ ( အင်္ဂုတ္ထိုရ်ပါဠိတော် မြန်မာပြန် - ဒု - တွဲ - နှာ - ၁၁၃ - ၁၁၅ )
          ဒါကတော့ သာသနာတော်မှာ အနာဂတ်ကာလ၌ ဆိုက်ရောက်လာမည့်ဘေးများကို
မြတ်စွာဘုရား သဗ္ဗညုတဥာဏ် ၌ သိမြင်တော်မူခြင်းကို ကြိုတင်၍ ဟောတော်မူခဲ့ခြင်း ဖြစ်
ပါ၏ ။ သာသနာတော် အနှစ် ၂၅၀၀ ကျော်လာသော ကာလ၌ မြတ်စွာဘုရား ကြိုတင်
သိမြင်ပြီး ၊ သတိပေးဟောကြားတော်မူခဲ့သော ဘေးများ ယခုအခါ ဆိုက်ရောက်လျက်
ရှိပြီ ဖြစ်ပါ၏ ။
             စတုတ္ထပါရာဇိက သိက္ခာပုဒ်သည် " ဥတ္တရိမနုဿဓမ္မ " နှင့် စပ်ဆိုင်သော သိက္ခာ
ပုဒ် ဖြစ်၏ ။ ကျမ်းဂန်၌မူ -
           ငါသည် သောတာပန်ဖြစ်သည် ၊ သကဒါဂါမ် ဖြစ်သည် ၊ အနာဂါမ် ဖြစ်သည် ၊
ရဟန္တာ ဖြစ်သည် ဟု ပြောလျှင်လည်းကောင်း ၊ ၀ိဇ္ဇာသုံးပါး ၊ သတိပဋ္ဌာန်လေးပါး ၊
သမ္မပ္ပဓာန်လေးပါး ၊ က္ကဒ္ဓိပါဒ်လေးပါး ၊ က္ကနြေ္ဒငါးပါး ၊ ဗိုလ်ငါးပါး ၊ ဗောဇ္ဈင် ၇ ပါး ၊ မဂ္ဂင် ၈
ပါး ကို ရသည် ။ ၀င်စားနိုင်သည် ၊ မျက်မှောက်ပြုအပ်သည် ဟု -
( က ) မဟုတ်မမှန် ( ၀ါကြွားလိုသော ပါပစ္ဆတ အလိုဆိုးဖြင့် ) ပြောဆိုလျှင် သူပြောဆိုသော
        စကား၏ အနက်အဓိပ္ပာယ်ကို နားထောင်သူက " ချက်ခြင်းနားလည်လျှင် " ပါရာဇိက
         ကျ၏ ။
( ခ )   နားထောင်သူက ချက်ခြင်း နားမလည် ၊ မသိ ၊ နောက်မှ မိမိဘာသာ ဖြစ်စေ ၊ သူ
         များပြောမှ ဖြစ်စေ ၊ နားလည်ပါက ပါရာဇိက မကျ ၊ တုလ္လစ္စဉ်း အာပတ် သာ သင့်၏ ။
         ဤစကားအသွားအလာကို ထောက်ရှုခြင်းအားဖြင့် " ဥတ္တရိမနုဿဓမ္မ " ကို ရဟန်း
သံဃာများ ( လူများမပါ ) သည် လျှို့ဝှက်ထားအပ်သည် ဟူသော အနက်အဓိပ္ပာယ်သည်
ပေါ်လွင်လျက်ရှိ၏ ။
          ရှေးအခါကကမူ ရှေးလူကြီး မြန်မာဗုဒ္ဓဘာသာများကား အစဉ်အလာ ကိစ္စများ၌
စောဒကမတက် ၊ လွယ်လွယ်ကူကူ လက်ခံတတ်ကြ၏ ။
           ယခုခေတ် လူငယ်များ ၊ သိပ္ပံပညာ နှင့် အနောက်တိုင်း ယဉ်ကျေးမှု သြဇာခံများက
မူ အစဉ်အလာ ဓလေ့ထုံးစံကို လေးစားလိုက်နာလိုစိတ် လျော့ပါးလာကြ၏ ။ ဓလေ့ထုံးစံ
များကို ယုတ္တိမရှိ ၊ ခေတ်မမီ ၊ ခေတ်ကုန်သွားပြီ ( Out of Date ) ဟု သဘောထားလာကြ
ပါ၏ ။ အနောက်တိုင်းသားများကိုကား ပြောဖွယ်မရှိပေ ။ ထိုခေတ် ပညာတတ် အနောက်
တိုင်းသြဇာခံ လူငယ် လူလတ် အသိပညာရှင် ၊ အတတ်ပညာရှင်များ ၊ ဗုဒ္ဓဘာသာ၏ သင်
ကြားချက်များ နှင့် အလှမ်းဝေးနေကြသော ၊ မိရိုးဖလာမို့သာ ဗုဒ္ဓဘာသာ အမည်ခံနေကြ
ရစေကာမူ မိမိကိုယ် မိမိ ဘာမှန်းမသိသူများ ၊ ကုသိုလ် အကုသိုလ် ၊ ပညတ် ပရမတ် ၊
သီလ ၊ သမာဓိ ၊ ပညာကိုပင် မခွဲခြားတတ်သူများ ၊ ခေတ်ကာလသားများကမူ " ယုတ္တိမရှိ "
ဆိုသော စကားကို လက်ကိုင်ဓား အဖြစ် အသုံးပြုနေကြလေသည် ။ ထိုသူတို့ကို ဗုဒ္ဓ ဓမ္မ
များကို နားလည်ပြီး သက်ဝင် ယုံကြည်လာအောင် တရားဟော ၊ တရားပြ လုပ်သောအခါ
ကျမ်းဂန်ထဲက ပါဠိတော်တွေကို ရွတ်ဖတ်ပြပြီး ယုံကြည်အောင် ပြော၍ မရပါ ။ " ယုတ္တိ " ကို
( သဘာဝယုတ္တိ ၊ အာဂမ္မယုတ္တိ ၊ သာဓကယုတ္တိ ) ကိုပြပြီး ပြောမှ ရပါ၏ ။
       " ဥတ္တရိမနုဿဓမ္မ " ကို မြန်မာနိုင်ငံမှာ အများနားလည်နေကြတဲ့ အဓိပ္ပာယ်က
လူတို့ရဲ့ကုသိုလ် ကမ္မပထတရား ၁၀ ပါး ထက် လွန်မြတ်တဲ့ ဈာန်မဂ်ဖိုလ်တရားကို ပြောတာ
ဒီတရားကို ရဟန်းက ရလို့ရှိရင် မိမိမှာ ဒီတရားရကြောင်းကို ၀ါကြွားလိုတဲ့သဘောနဲ့ ( ၀ါ )
အလိုဆိုးနဲ့ ထုတ်ဖော်ပြောကြားခြင်း မပြုရဘူးလို့ မြတ်စွာဘုရားက စတုတ္ထပါရာဇိက သိက္ခာ
ပုဒ်မှာ ပညတ်တော်မူတယ် ။ ဒါကလည်း ယေဘုယျကိုပြောတာ ၊ လုံးဝ မပြောရဘူး ၊ပြော
ရင် ပါရာဇိကကျတယ် ဆိုတဲ့ အဓိပ္ပာယ်လည်း မဟုတ်ပါဘူး ။ ပြောနိုင်တဲ့ ပုဂ္ဂိုလ် ၊ ပြောပုံ
ပြောနည်းအပေါ်တည်ပြီး ဘာ အာပတ်မှ မသင့်တာလည်း ရှိတယ် ။ ဥတ္တရိမနုဿဓမ္မ ကို
ပြောရာမှာ အင်္ဂါ ငါးပါး နှင့် ပြည့်စုံမှလည်း အာပတ် သင့်တာပါ ။
          ဒီနေရာမှာ အကျယ်တော့ မရေးတော့ပါဘူး ၊ ဖတ်ပြီးနားလည်နိုင်တဲ့ စာအုပ်ရှိပါ
တယ် ၊ သာသနာရေးဦးစီးဋ္ဌာန ကထုတ်တဲ့ " ရဟန်းကျင့်ဖွယ် ၂၂၇ သွယ် " ဆိုတဲ့ကျမ်းကို
ရှာဖတ်နိုင်ရင်တော့ ပိုအဆင်ပြေလိမ့်မယ် ။
          ပါရာဇိက အင်္ဂါငါးပါးကို  အပိုင်း -၄ တွင် ဆက်လက်ဖတ်ရှုပါရန်
.........................................................................................................................................................