Friday, August 10, 2012

(၆၂)နှစ်တာ ကာလအတွင်း တိပိဋကဓရ ၊ တိပိဋကကောဝိဒ သာသနာ့အာဇာနည်(၁၂)ပါး



          (၆၂)ကြိမ်မြောက် တိပိဋကဓရ ၊ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနား၌
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက
ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
(၀ဋံသကာ - ပါဠိသိရောမဏီ) ဖတ်ကြားတော်မူသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ သမ္မောဒနီယ
သာရဏီယဩ၀ါဒကထာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် -
             (၆၂)ကြိမ်မြောက် တိပိဋကဓရ ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာတော်ပြန်ပွဲစာမေးပွဲကြီး၌
တိပိဋကဓရ ၊ တိပိဋကကောဝိဒဘွဲ့ရ အရှင်အဘိဇာတာဘိဝံသနှင့် သဘောရေးဖြေအောင် ၁၄ပါး ၊ အာဂုံ
ဆောင် ၇၇ပါးအားဖြင့် ၉၁ ပါးသော သာသနာ့အာဇာနည် အရှင်မြတ်များနှင့်တကွ နိုင်ငံတော်အစိုးရ အမှူး 
ပြုသော ဥပါသကာ ဥပါသကာမအပေါင်းတို့အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကိုယ်စား ၀မ်းမြောက် 
ဖွယ် အမှတ်ရဖွယ်ဖြစ်သော သမ္မောဒနီယ သာရဏီယကထာနှင့်ဩ၀ါဒကထာ ပြောကြားလိုသည်မှာ - 
           ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ , မနုဿတ္တဘာဝေါ ဒုလ္လဘော , ပဗ္ဗဇိတ ဘာဝေါ ဒုလ္လဘော ,
ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ , သဒ္ဓမ္မဿဝနံ ဒုလ္လဘံ - အဋ္ဌကထာနှင့်အညီ -
(၁) လောကမှာ ဘုရားပွင့်ပေါ်ရာအခါ ရခဲ၏ ။
(၂) လူအဖြစ် ရခဲ၏ ။
(၃) ရှင်ရဟန်းဖြစ် ရခဲ၏ ။
(၄) (သဒ္ဓါစသည်နှင့်) ပြည့်စုံမှု ရခဲ၏ ။
(၅) သူတော်ကောင်းတရား နာကြားရဖို့ ရခဲ၏ ။
            ကုသိုလ်ကောင်းမှုပြုလုပ်ဖို့ မမေ့ကြနဲ့ ၊ ဒါန - သီလ - သမာဓိ - ပညာ ရွှေအိုးကြီး လေးလုံး
ကြိုးစားပြီး မြှုပ်နှံကြဟု နေ့တိုင်းနေ့တိုင်း ဘုရားရှင်ဆုံးမတော်မူသည် ။
            တိပိဋကဓရ ၊ တိပိဋကကောဝိဒ မထေရ်မြတ်များပေါ်ထွန်းရာ တိုင်းပြည်ကား ကမ္ဘာပေါ်မှာ
မြန်မာနိုင်ငံ တစ်နိုင်ငံသာရှိသည် ။ အခြားဘယ်နိုင်ငံမှာမှ မရှိချေ ။
             သာသနာတော်တွင် အဆင့်အမြင့်ဆုံးနှင့် အခက်အခဲအနက်နဲဆုံး တိပိဋကဓရ ၊ တိပိဋက
ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၁၀ ခုနှစ် (၁၉၄၈) ခုနှစ်မှစ၍ နှစ်စဉ်မပျက် ကျင်းပခဲ့ရာ
၁၃၁၅ ခုနှစ် (၁၉၅၃ ခုနှစ်) တွင် မင်းကွန်းဓမ္မနာဒကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တ၀ိစိတ္တသာရာ 
ဘိဝံသသည် ပထမဆုံး တိပိဋကဓရ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းခဲ့ပါသည် ။
၁၃၂၁ ခုနှစ် (၁၉၅၉ ခုနှစ်) တွင် ပခုက္ကူမြို့  မဟာဝိသုတာရာမတိုက်မှ ဆရာတော်ဘဒ္ဒန္တနေမိန္ဒ
သည် ဒုတိယမြောက် သာသနာ့အာဇာနည် အဖြစ်ပေါ်ထွန်းခဲ့ပါသည်။ ၁၃၂၅ ခုနှစ် (၁၉၆၃ ခုနှစ်) တွင်  
ပြည်မြို့ ပွင့်လှသိမ်ကုန်းကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တကောသလ္လသည် တတိယမြောက် တိပိဋကဓရ  
သာသနာ့အာဇာနည်အဖြစ်ပေါ်ထွန်းခဲ့
ပါသည်။
              ထို့နောက် ၁၀ နှစ်ခန့်အကြာ ၁၃၃၅ ခုနှစ် (၁၉၇၂ ခုနှစ်) တွင် ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံ
ပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရသည် စတုတ္ထမြောက် တိပိဋကဓရ
သာသနာ့အာဇာနည် အဖြစ် ပေါ်ထွန်းခဲ့ပါသည် ။ ထို့နောက် တစ် ဖန် ၁၀ နှစ်ခန့်အကြာ ၁၃၄၆ ခုနှစ်
(၁၉၈၄ ခုနှစ်) တွင် ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ဘဒ္ဒန္တသီရိန္ဒာဘိဝံသသည်
ပဉ္စမမြောက် တိပိဋကဓရ သာသနာ့အာဇာ နည် အဖြစ် ပေါ်ထွန်းခဲ့ပါသည် ။ ထို့နောက် ၁၀ နှစ်ခန့်အကြာ
၁၃၅၆ ခုနှစ် (၁၉၉၄ ခုနှစ်) တွင် စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေ တိပိဋကနိကာယ 
ကျောင်းတိုက်မှ ဘဒ္ဒန္တ၀ါယာမိန္ဒာဘိဝံသသည် ဆဋ္ဌမမြောက် တိပိဋကဓရ သာသနာ့အာဇာနည်အဖြစ်
ပေါ်ထွန်းခဲ့ပါသည် ။
              ၁၃၆၁ ခုနှစ် (၁၉၉၉ ခုနှစ်) တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် တိပိဋကကျောင်းတော်မှ
ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသနှင့် စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေ တိပိဋက နိကာယ
ကျောင်းတိုက်မှ အရှင်ဝံသပါလာလင်္ကာရ နှစ်ပါးတို့သည် ထူးထူးခြားခြား သတ္တမ မြောက် ၊ အဋ္ဌမမြောက်
တိပိဋကဓရ သာသနာ့အာဇာနည်များအဖြစ် ပေါ်ထွန်းခဲ့ပါသည် ။
             ၁၃၆၂ ခုနှစ် (၂၀၀၀ ပြည့်နှစ်) တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် တိပိဋကကျောင်းတော်မှ
ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရသည် န၀မမြောက် တိပိဋကဓရ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းခဲ့ပါသည် ။
          ၁၃၆၅ ခုနှစ် (၂၀၀၃ ခုနှစ်) တွင် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် စွန်းလွန်းဂူဝိပဿနာကျောင်း
တိုက်မှ ဘဒ္ဒန္တသုန္ဒရသည်လည်းကောင်း ၊ ဒဂုံမြို့နယ် တိပိဋကကျောင်းတိုက်မှ ဘဒ္ဒန္တက္ကန္ဒပါလသည်
လည်းကောင်း ဒသမမြောက်နှင့်ဧကာဒသမမြောက် တိပိဋကဓရ သာသနာ့အာဇာနည်များအဖြစ်
ထူးထူးခြားခြား ထွက်ပေါ်ခဲ့ပါသည် ။
             ၁၃၇၁ ခုနှစ် (၂၀၁၀ ခုနှစ်) (၆၂)ကြိမ်မြောက် တိပိဋကဓရ ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး
စာမေးပွဲကြီးတွင် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်မှ ဘဒ္ဒန္တအဘိဇာတာဘိဝံသသည်
ဒွါဒသမမြောက် တိပိဋကဓရ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာပါသည် ။ (၆၂) နှစ်တာကာလ
အတွင်း တိပိဋကဓရ ၊ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ၁၂ ပါးသာ  ပေါ်ထွန်းလာသည်ကို  
လေ့လာကြည့်ရှုခြင်းအားဖြင့် တိပိဋကဓရ ၊ တိပိဋကကောဝိဒရွေးချယ် ရေးစာမေးပွဲကြီး၏ ခက်ခဲနက်မှု 
ကို ခန့်မှန်းနိုင်ကြပါလိမ့်မည် ။
             ဘုရားဟော ပါဠိတော်တွေ ၊ ၎င်းတို့၏ အဓိပ္ပာယ်ဖွင့် အဋ္ဌကထာကျမ်းစာတွေ ၊ ၎င်းတို့၏
အဓိပ္ပာယ်ဖွင့် ဋီကာကျမ်းစာတွေ အပြည့်အစုံ မြန်မာနိုင်ငံမှာသာတည်ရှိပြီး ၎င်းကျမ်း စာများကို လေ့လာ
ကြည့်ရှုသူ ၊ ချပို့ပေးသူ ၊ သင်ယူသူများသည်လည်း မြန်မာနိုင်ငံမှာသာ တည်ရှိပေသည် ။ 
           မြတ်စွာဘုရား ဟောကြားသည့်အတိုင်း သီလ - သမာဓိ - ပညာ သိက္ခာသုံးပါးကို အပြည့်အစုံ
ကျင့်ကြံကြိုးကုတ် အားထုတ်သည့် ယောဂီသူတော်စင်များသည်လည်း မြန်မာနိုင်ငံမှာသာ အများအပြား
တည်ရှိပေသည် ။
            ဤကဲ့သို့ ဗုဒ္ဓသာသနာတော်ကြီး အရှည်ခံ့၍ တည်တံ့နိုင်သည်မှာ နိုင်ငံတော်အစိုးရ အမှူးပြုသည့်
ပြည်သူပြည်သားများ၏ သဒ္ဓါတရား ထက်သန်စွာ အားပေးချီးမြှောက်မှုကြောင့် ဖြစ်ပေသည် ။
            မြန်မာနိုင်ငံဖွား ရှေးရှေးသော ဆရာတော်ကြီး အဆက်ဆက်တို့သည် ဆရာစဉ်ဆက် စာပေ
ပရိယတ်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ချပို့သင်ပြပေးကြသည် ။ လက်ဆင့်ကမ်းပြီး
အပေးအယူထိန်းသိမ်းလာကြသည် ။
           ပဋိပတ္တိဘက်မှာလည်း ဆရာစဉ်ဆက်ကျင့်ကြံလာခဲ့သော ကျင့်စဉ်တရားများကို လက်ဆင့်ကမ်း
ပေး၍ မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လာကြသည် ။ ကမ္မဋ္ဌာန်းတိုက် တရားစခန်းတွေဖွင့်ပြီး
သင်ပြပေးနေကြသည် ။ ဤကဲ့သို့သော အစဉ်အလာကောင်းများကို မပျောက်မပျက်အောင် ဆက်လက်ပြီး
လက်ဆင့်ကမ်းအပေးအယူပြုကာ မြန်မာနိုင်ငံဖွား သားကောင်းသမီးကောင်း သူတော်ကောင်းများ
ဗုဒ္ဓသာသနာတော်ကြီးကို အားပေးချီးမြှောက်နိုင်ကြပါစေ ။ နိုင်ငံတော်အစိုးရမင်းများကလည်း နှစ်စဉ်
မပျက်ဆက်လက်ပြီး အားပေးချီး မြှောက်နိုင်ကြပါစေ ။
             မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပင် ကျော်ကြားသည့် လယ်တီဆရာတော်ဘုရား အားထုတ်
ပုံလေးကို အနည်းငယ်ပြောပါမည် ။
           လယ်တီဆရာတော်ဘုရားဟာ ပါဠိတော် (ဘုရားဟော) စာအုပ် ၄၀ - ကို တစ်အုပ်ချင်း အကုန်
ကြည့်ရှုပါသည် ။  ထို့နောက် ပါဠိတော်အုပ်ရေ ၄၀ - နှင့်၎င်းတို့၏ အဖွင့်အဋ္ဌကထာ အုပ်ရေ ၅၁ - အုပ်
တို့ကို သူ့ပါဠိတော်နှင့်သူ့အဋ္ဌကထာ တွဲတွဲပြီး စာအုပ်ရေ (၄၀+၅၁= ၉၁) အုပ်ကို တစ်ခေါက်ကြည့်ရှုပါ
သည် ။ ထို့နောက် ၎င်းပါဠိတော်အုပ်ရေ ၄၀+အဋ္ဌကထာ ၅၁+၎င်းတို့၏အဖွင့်ဋီကာ ၃၇-ပေါင်း ၁၂၈ -
 အုပ်တို့ကို ပါဠိ ၊ အဋ္ဌကထာ ၊  ဋီကာ တွဲတွဲပြီး တစ်ခေါက်ကြည့်ပါသည် ။ ၎င်းနောက် လယ်တီဆရာတော်
ဟာ တရားသဘောတွေကို သဘောပေါက်သွားပါတော့သည် ။ 
           လယ်တီဆရာတော်လိုပင် ယခုတိပိဋကဓရ တိပိဋကကောဝိဒစာအောင် အရှင်မြတ်များသည်
လည်း ယခုရပြီး အောင်ပြီး စာပေတို့သာ မကျေနပ်သေးပဲ ဘုရားဟောပါဠိတော်တွေ အုပ် ၄၀ - အားလုံး
၎င်းအဖွင့် အဋ္ဌကထာတွေအားလုံး ၅၁ - အုပ် ၊ ဋီကာအားလုံး ၃၇ - အုပ် တို့ကို အခေါက်ခေါက် အခါခါ
ကြည့်ရှုချပို့ပြီး သာသနာတော်မြတ်ကြီးကို ချီးမြှောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပြီး ဆရာတော်၏
သမ္မောဒနီယ သာရဏီယဩ၀ါဒကထာကို နိဂုံး ကမ္ပတ် အဆုံးသတ်အပ်ပါသတည်း ။         ။
         




၁၃၇၂ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၁၂ ရက် ၊ တနင်္ဂနွေနေ့
၉ - ၅ - ၂၀၁၀ ကြေးမုံသတင်းစာမှ ကူးယူတင်ပြပါသည် ။

/
.........................................................................................................................
  

(၁၀) ကာယဒုစရိုက် မကောင်းမှုကျူးလွန်ရသည်ကို မကြောက်မှု (အနောတ္တပ္ပ)


             ဒုစရိုက် မကောင်းမှုပြုရသည်ကို မကြောက်မရွံ့ဘဲ ပြုရဲခြင်းသည် အနောတ္တပ္ပ ပင်ဖြစ်၏ ။ လူ
အများကို အစုလိုက်အပြုံလိုက် လက်ရဲဇက်ရဲ သတ်ဖြတ်နေကြ၏ ။ ထိုသူတို့သည် လူတွေကို သတ်ဖြတ်
ညှဉ်းဆဲရသည်ကို ၀န်မလေးချေ ။ သူတစ်ပါးအိမ်ရာကို မီးရှို့ဖျက်ဆီးခြင်း ၊ သူတစ်ပါး သားမယားအား  
ကျူးကျော်စော်ကားခြင်းတို့အား ကျူးလွန်ရမှာ ၀န်မလေးချေ ။  အကုသိုလ်ကိုလည်း ကျူးလွန်ရမှာ  
မကြောက်တတ်ပေ ။ ၎င်းတို့သည်  အနောတ္တပ္ပသဘောပင်ဖြစ်၏ ။ အဓမ္မပြုခြင်း၌ လက်ရဲဇက်ရဲရှိကြခြင်း  
တွေသည် ထို အရှက်အကြောက် ကင်းမဲ့မှုကြောင့် လူ့ဘ၀ မငြိမ်းမချမ်း ဖြစ်နေကြရခြင်းပင်ဖြစ်၏ ။ 

ဤတွင် ကိလေသာဆယ်ပါးသဘော ပြီး၏ ။            ။

ကျမ်းကိုး -             




ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာအခြေခံအယူအဆများ

/
................................................................................................................................
  

(၉) မကောင်းမှု ပြုရသည်ကို မရှက်တတ်သည့်သဘော (အဟီရိက)


              အဟီရိက ကာယဒုစရိုက် မကောင်းမှုပြုရခြင်းကို အရှက်မရှိခြင်း ၊ မရှက်တတ်ခြင်းပင် ဖြစ်၏ ။
ဤသဘောမှာ နေ့စဉ်ဘ၀ထဲတွင် ထင်ရှား၏ ။ ယုတ်ယုတ်မာမာ အကုသိုလ်တရားများအား လွန်ကျူးရ
ခြင်းကို မရှက်တတ်ခြင်းသည် အဟီရိက ပင်ဖြစ်၏ ။ ရှက်ရကောင်းမှန်းမသိချေ ။ မိမိပြုနေခြင်း ၊ ပြောနေ
ခြင်းများသည် ရှက်စရာကောင်းနေပြီဟု မသိဘဲ ဒုစရိုက်မှု ၊ လွန်ကျူးမှုများ ပြုနေကြခြင်းသည် အဟီရိက
ပင်ဖြစ်၏ ။


ကျမ်းကိုး -             




ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာအခြေခံအယူအဆများ

/
.........................................................................................................................
  

(၈) စိတ်၏ပျံ့လွင့်မှု (ဥဒ္ဓစ္စ)


               ဥဒ္ဓစ္စ ၏ အနက်အဓိပ္ပာယ်မှာ စိတ်ပျံ့လွင့်ခြင်း ဖြစ်၏ ။ စိတ်ပျံ့လွင့်ခြင်းဟူသည် စိတ်တုန်လှုပ်
ခြင်း ၊ စိတ်မငြိမ်သက်ခြင်း ပင်ဖြစ်၏ ။ စိတ်သည် ရှုပွားခြင်းအာရုံ တစ်ခုခုပေါ်တွင် တည်ငြိမ်မနေပဲ
အထွေထွေအပြားပြား အာရုံတွေနောက်ကိုပါပြီး လေလွင့်သွားခြင်း ၊ မျောပါသွားခြင်းသည် ဥဒ္ဓစ္စ ပင်ဖြစ်၏ ။
 အမျိုးမျိုးသော အာရုံတွေနောက်ကို စိတ်ကလိုက်ပါသွားခြင်း ၊ သစ်ရွက်ခြောက် လေမှာလွင့်သလိုလွင့်
သွားခြင်းတွေသည် စိတ်မတည်ငြိမ်သောကြောင့်လည်းကောင်း ၊ မခိုင်မြဲခြင်းကြောင့်လည်းကောင်း ဖြစ်၏ ။ 
စိတ်လှုပ်ရှားသည့်အမူအရာ တစ်မျိုးပင်ဖြစ်၏ ။  


ကျမ်းကိုး -             




ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာအခြေခံအယူအဆများ

/
.........................................................................................................................
  

(၇)စိတ်၏ထိုင်းမှိုင်းမှု ကျေနပ်မှု (ထိန)

              ထိန ဆိုသည်ကား စိတ်၏မခံ့မှု ၊ မခိုင်မာမှု ၊ ထိုင်းမှိုင်းမှုပင်ဖြစ်၏ ။
စိတ်၏မခိုင်ခံ့မှုဆိုသည်ကား ကိစ္စတစ်ခုကို  ပြီးမြောက်အောင် မလိုက်လျောနိုင်ခြင်း ၊ 
 မဆောင်ရွက်နိုင်ခြင်းကို ဆိုလို၏ ။ မိမိ၌ရှိနေသော က္ကရိယာပုတ်ကို ခိုင်မြဲအောင် 
  မဆောင်ရွက်နိုင်ခြင်းသည် ပျင်းရိခြင်းဖြစ်၏ ။ ထိနပင်ဖြစ်သည် ။ စိတ်၏ မခံ့မှု
ဆိုသည်မှာ တွန့်ဆုတ်တတ်သောသဘောကို ဆိုလို၏ ။ ထိန ဆိုသည် ထို့ကြောင့်
စိတ်မကြံ့ခိုင်ခြင်း ထိုင်းမှိုင်းခြင်း  ၊ ပျင်းရိခြင်း ၊ စိတ်ဝင်စားမှု လျော့ကျသွားခြင်း ၊ 
မေ့လျော့ပေါ့ဆပြီး စိတ်ကျဲပြန့်သွားခြင်းကို ဆို၏ ။ 


ကျမ်းကိုး -             




ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာအခြေခံအယူအဆများ

/
.........................................................................................................................
  

(၆) ယံုမွားသံသယျဖစ္မႈ ( ၀ိစိကိစ ၦာ )

  ဘုရားအပေါ်တွင်ယုံမှားခြင်း ၊ သံသယဖြစ်ခြင်းသည် ၀ိစိကိစ္ဆာပင်ဖြစ်၏ ။
 ( ဗုဒ္ဓသည်ဧကန် အမှန်စင်စစ် ဖြစ်ရဲ့လားဟု မဆုံးဖြတ်နိုင်ပဲ စိတ်ပင်ပန်းစွာ 
သို့လောသို့လော ဖြစ် ခြင်း ) သို့ဖြစ်၍ - - ဓမ္မ ၊ ဘုရားဟောတရားများ
အပေါ်၌လည်း သံသယဖြစ်ခြင်း ၊ ယုံမှားခြင်းသည် ၀ိစိကိစ္ဆာ ။ - သံဃာ
အပေါ်၌လည်း ယုံမှားခြင်းဖြစ်၏ ။ အကျင့်သိက္ခာ ရှိမှရှိပါ့မလားဟု သံသယဖြစ်၍ 
 တွေးတော ခြင်းသည်လည်း ၀ိစိကိစ္ဆာ ။ - ရှေးဘ၀မှ ဖြစ်ခဲ့ပြီးသော 
ခန္ဓာတွေအပေါ်၌လည်း ဟုတ်ပါ့မလားဟုသံသယဖြစ်၏ ၊ ယုံမှား၏။ သေပြီးလျှင် နောင်ဘ၀၌ 
 ခန္ဓာတွေဖြစ်ပါဦးမလား ဟုလည်း ယုံမှား တွေးတော၏ ။ ဇရာမရဏ ဖြစ်ရခြင်းသည် 
ဇာတိဆိုသည့် ပဋိသန္ဓေနေခဲ့ရခြင်း အကြောင်းကြောင့် ဖြစ်ရသည်ဆိုခြင်းအား 
ယုံမှားသံသယဖြစ်၍ ဟုတ်ပါ့မလားဟု တွေးတော၏ ။ သဘာဝတရားကို မယုံသင်္ကာဖြစ်၍
 တွေးတောပြန်လျှင်လည်း မဆုံးဖြတ်နိုင်ခြင်းကြောင့် ပင်ပန်းခြင်းဖြစ်ရခြင်းသည် ၀ိစိကိစ္ဆာ ပင် ဖြစ်၏ ။
 ၀ိစိကိစ္ဆာ ၏သဘောမှာ အမှန်နှင့်အမှားကို ပိုင်းခြား၍ မဆုံးဖြတ်နိုင်ချေ ။ လမ်းနှစ်ခွ
 ဖြစ်နေသည့်အတွက် စိတ်မတည်မငြိမ် ဖြစ်ရသည့်သဘောပင်ဖြစ်၏ ။ ယတိပြတ် ဧကန္တအား ဖြင့် 
မဆုံးဖြတ်နိုင်ပေ ။ သို့လောသို့လောဖြစ်တတ်ခြင်းကြောင့် အာရုံမှဆုတ်နစ်တတ် သည့် သဘောသည် 
ဝိစိကိစ္ဆာ ပင်ဖြစ်၏ ။ မည်သည့်ကိစ္စ ပင်ဖြစ်စေ ယတိပြတ် ဆုံးဖြတ်ခြင်းငှာ မစွမ်းသည့် အတွက် 
တ၀ဲလည်လည် ဖြစ်၍ ဥာဏ်ဖြင့်မသက်ဝင်နိုင်ပေ ။ စိတ်ရှုပ်ထွေး၍ အာရုံထွေပြားသွားသည့် သဘောသည် 
ဝိစိကိစ္ဆာ ပဲဟု မှတ်ရမည်ဖြစ်၏ ။

ကျမ်းကိုး -             




ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာအခြေခံအယူအဆများ

/
.........................................................................................................................