ဗုဒ္ဓဘာသာသည် နိုင်ငံရေးအာဏာကို ချဉ်းကပ်ရာတွင် ကိုယ်ကျင့်တရား (မင်းကျင့်တရား)နှင့် ပြည်သူ့အာဏာကို
သုံးစွဲရာတွင် တာဝန်ယူမှုအပေါ် အခြေခံပါသည် ။ ဗုဒ္ဓ ရှင်တော်မြတ်ဘုရားက အကြမ်းမဖက်ရေးကိုသာ ဟောကြား
ဆုံးမတော်မူပါသည် ။ ငြိမ်းချမ်း ရေးကိုသာ တစ်လောကလုံးနှင့်ဆိုင်သည့် တရားအဖြစ် သတ်မှတ်ပါသည် ။
လူ့အသက်အား ဖျက်ဆီးခြင်း ၊ အကြမ်းဖက်ခြင်းကို မြတ်ဗုဒ္ဓ ခွင့်ပြုတော် မမူချေ ။ ထို့အပြင် တရားသောစစ် ဆိုသည်
ဘယ်တော့မှ မရှိဘူး ဟူ၍လည်း ပြတ်ပြတ်သားသား ကြေငြာတော်မူပါသည် ။ မြတ်ဗုဒ္ဓသင်ကြားချက်က “ အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာသည် ။ ရှုံးနိမ့်သူကား ဆင်းရဲစွာ
နေကြရသည် ။ အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်း သုခနှင့် ငြိမ်းချမ်းခြင်းကို ရနိုင်သည် ” ဟု ဓမ္မပဒ
တွင် ဟောတော်မူပါသည် ။ မြတ်ဗုဒ္ဓသည် အကြမ်းမဖက်ရေး ၊ ငြိမ်းချမ်းရေးတရားကိုသာ ဟောကြားတော်မူသည်
မဟုတ်ချေ ။ စစ်ပွဲဖြစ် သောနေရာက်ုပင် ကိုယ်တိုင်ကြွသွားပြီး စစ်မဖြစ်ကြရန် တားဆီးတော်မူသည့် ဘာသာရေး
ခေါင်းဆောင်ဖြစ်ပြီး လူ့သမိုင်းတွင် မြတ်ဗုဒ္ဓသည်သာ ပထမဆုံး ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ပါ သည် ။
သကျသာကီဝင်မင်းများနှင့် ကောလိယတွေသည် ရောဟိနီမြစ်မှရေကို ခွဲဝေရေး ကိစ္စ တွင် အငြင်းပွားပြီး
စစ်ဖြစ်ရန် တင်းမာနေကြသည် ။ သို့ဖြင့်၍ ဗုဒ္ဓရှင်တော်မြတ်ဘုရားမှ စစ်ဖြစ် ရန် ပြင်ဆင်နေသော စစ်တလင်းကို
ကိုယ်တိုင် ကြွသွားပြီး တင်းမာမှုများ ပြေပျောက်စေရန် တရားဓမ္မများကို ဟောကြား ဆုံးမတော်မူပါသည် ။ နောက်ပြီး
အဇာတသတ်မင်း မှ ၀ဇ္ဇီတိုင်း အား စစ်မတိုက်ဖြစ်ရန်လည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားမှ ဆွဲဆောင်တော်မူနိုင်ခဲ့ပါသည် ။
မြတ်ဗုဒ္ဓသည် အစိုးရကောင်းတစ်ခု၏ အရေးပါအရာရောက်ကြောင်းနှင့် အုပ်စိုးသူ အစိုးရကောင်း
ဖြစ်ရန်အတွက် ကြိုတင်ရှိအပ်သော အရည်အချင်းများကိုလည်း ထုတ်ဖော် ဟောကြားတော်မူခဲ့ပါသည် ။ နောက်ပြီး
တိုင်းပြည်တစ်ပြည်တွင် အဂတိ လိုက်စားမှုများ မည်သို့ ဖြစ်လာနိုင်သည် စသည်ဖြင့် ဟောကြားရာတွင်
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သောနိုင်ငံ အကြီးအကဲမှ အကျင့်ပျက်ပြီး အဂတိ လိုက်စား၍ မတရားပြုကျင့်သောအခါ
တိုင်းသူပြည်သား များမှလည်း အကျင့်ပျက်ပြီး အဂတိ လိုက်စားတတ်ပုံကို ဟောကြားတော်မူပါသည် ။ ဤသို့
အုပ်စိုးသူမင်းအစ ၊ မင်းလုလင်ပါမကျန် အဂတိ လိုက်စားကြပြီဆိုလျှင် တိုင်းသူပြည်သား လူ အများ စိတ်ဆင်းရဲရပုံ ၊
တိုင်းပြည် ဆုတ်ယုတ် ပျက်စီးရပုံများကိုလည်း ထုတ်ဖော်ဟောကြား တော်မူပါသည် ။ မြတ်စွာဘုရားသည်
အဂတိလိုက်စားခြင်း သဘောကို ဆန့်ကျင် ဟောကြား တော်မူခဲ့ပါသည် ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ အစိုးရသည်
လူသားချင်း စာနာ ထောက် ထား ၊ သနားငဲ့ညှာသော မူဝါဒဖြင့် အုပ်ချုပ်သင့်ကြောင်းကိုလည်း ဆုံးမတော်မူပါသည် ။
တစ်ခါသော် မြတ်စွာဘုရားမှ “ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူမှ တရားမျှတပြီး ကောင်းစွာ အုပ်ချုပ်သူ
ဖြစ်ပါလျှင် မှူးမတ် အရာရှိများလည်း တရားမျှတပြီး ကောင်းစွာ တာဝန် ထမ်းဆောင်သူများ ဖြစ်လာသည် ။ အဆင့်မြင့်
တိုင်းပြည် တာဝန်ရှိသူများမှ ကောင်း မွန်ပြီး တရားမျှတသောအခါ အရာရှိ အရာခံများ ၊ လက်အောက်ငယ်သား
မင်းမှုထမ်း မင်းလု လင်များက အစ အားလုံး ကောင်းမွန်သူများ တရားမျှတသူများ ဖြစ်လာကြပါသည် ။ ဤသို့
အုပ်စိုးသူများက တရားမျှတ ကောင်းမွန်သူများ ဖြစ်ကြပြီဆိုလျှင် တိုင်းသူပြည်သား လူအများ
သည်လည်းတရားမျှတသူတွေတိုင်းသူပြည်သားကောင်းတွေဖြစ်လာကြ၏”
(အင်္ဂုတ္တရနိကာယ်)
စက္က၀တ္တိသီဟနန္ဒသုတ်တွင် မြတ်ဗုဒ္ဓက အကျင့်ပျက်မှု ၊ ရာဇ၀တ်များ ဖြစ်ကြသော ခိုးမှု ၊ လိမ်မှု ၊ အကြမ်းဖက်
တိုက်ခိုက်မှု ၊ မုန်းတီးမှု ၊ ရက်စက်ကြမ်းကြုတ်မှုများသည် ဆင်းရဲ ကျပ်တည်းမှုကြောင့် ဖြစ်လာရကြောင်းကို
ဟောတော်မူပါသည် ။ အစိုးရမင်းများအနေဖြင့် ရာဇ၀တ်မှုများအား အပြစ်ဒဏ်ထားခြင်းဖြင့် နှိမ်နင်းကြရမည် ။
သို့သော်လည်း ရာဇ၀တ်မှု ပပျောက်အောင် အင်အားကို သုံးပြီးလုပ်ခြင်းအားဖြင့် အကျိုးမဲ့ အချည်းနှီး ဖြစ်ကြောင်းကို
ဟောတော်မူပါသည် ။
ကုတဒန္တသုတ်တွင်လည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားက အင်အားသုံး၍ ရာဇ၀တ်မှုကို နှိမ်နင်းမည့်အစား
စီးပွားရေးအဆင်ပြေလာအောင် လုပ်ပေးသင့်ကြောင်းကိုလည်း အကြံပြု ဟောကြားတော်မူပါသည် ။ အစိုးရသည်
တိုင်းပြည်၏ အရင်းအမြစ်များကို အသုံးပြု၍ ပြည်သူ များ၏ စီးပွားရေး တိုးတက် ကောင်းမွန်လာအောင် လုပ်ပေးရမည်
။ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ လူနေမှု ဘ၀ သက်သာချောင်ချိပြီး တိုးတက်ကြီးပွားလာအောင်
ဆောင်ရွက် ပေးရမည် ။ ငွေရေးကြေးရေး ၊ အကူအညီ ၊ အထောက်အပံ့များကိုလည်း စီးပွားရေးလုပ်ငန်း
စွန့်စားလုပ်ကိုင်ချင်သူများအား ပေးရမည် ။ လက်လုပ်လက်စား အလုပ်သမားများကိုလည်း သူတို့ဘ၀ အသက်ရှင်
နေထိုင်ရေးအတွက် လုံလောက်သည့် လုပ်ခလစာကို ထောက်ပံ့ပေး ကမ်းရမည် ။ ဤနည်းများဖြင့် လူ့ဂုဏ်သိက္ခာ
မကျဆင်းရအောင် စောင့်ရှောက်ပေးရမည် ဟု ဟောကြားထားပါသည် ။
ဇာတက နိပါတ်တော်တွင်လည်း မင်းကျင့်တရား(၁၀)ပါးကို အစိုးရကောင်းတို့ လိုက် နာအပ်ကြောင်း
ဟောတော်မူထားပါသည် ။ ထို မင်းကျင့်တရား(၁၀)ပါးသည် ယခုခေတ် ယခုကာလတွင်လည်း တိုင်းပြည်အား
ငြိမ်းချမ်းသာယာစွာ အုပ်ချုပ်လိုသည့် အစိုးရမင်းများ အသုံးချလျှင် အသုံးတည့်နိုင်ပါသည် ။ ထို မင်းကျင့်တရား
(ရာဇဓမ္မ) ဆယ်ပါးမှာ -
၁ ။ ရက်ရောမှု လွတ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်း မဆန်ခြင်း (ဒါန) |
၂ ။ အကျင့်သီလ အဆင့်မြင့် ကောင်းမွန်ခြင်း (သီလ) |
၃ ။ တိုင်းသူပြည်သားများ၏ ဘ၀ သက်သာချောင်ချိရေးအတွက် မိမိ၏ ကိုယ်ကျိုးအတ္တကို စွန့် လွှတ် အနစ်နာခံခြင်း (ပရိစာဂ) |
၎ ။ ရိုးသား ဖြောင့်မတ်ပြီး အကြွင်းမဲ့ ဂုဏ်သိက္ခာရှိခြင်း (အဇ္ဇ၀ံ) |
၅ ။ ကြင်နာ သနားတတ်ခြင်း (မဒ္ဒ၀ံ) |
၆ ။ တိုင်းသူပြည်သားများ အားကျလောက်အောင် မိမိ၏ ဘ၀အနေအထိုင် ရိုးသားခြင်း (တပံ) |
၇ ။ အမျက်ဒေါသ ကင်းစင်ခြင်း (အကောဓံ) |
၈ ။ အကြမ်းမဖက်ခြင်း (အ၀ိဟိံသံ) |
၉ ။ သည်းခံတတ်ခြင်း (ခန္တီ) |
၁၀ ။ ပြည်သူလူထု၏ ထင်မြင် ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနှင့် ညီညွတ်မှုကို မြှင့်တင်ခြင်း (အ၀ိရောဓနံ) |
တို့ ဖြစ်ပါသည် ။ မင်းတို့ ကျင့်အပ်သော တရားနှင့်စပ်လျဉ်း၍ မြတ်ဗုဒ္ဓက ဆက်လက်ဟောကြားတော် မူသည်မှာ -
၁ ။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် ဘက်လိုက်ခြင်း ၊ အဂတိလိုက်စားခြင်း ၊ တိုင်းသူပြည်သား
လူအများတို့အပေါ် ခွဲခြားဆက်ဆံမှု မရှိခြင်းလည်း တစ်ရပ် ။
၂ ။ အုပ်စိုးသူ မင်းကောင်း ၊ အစိုးရကောင်းတို့ မည်သည် တိုင်းသူပြည်သားတို့အပေါ် အမုန်း စိတ်ထား၍ ဆက်ဆံခြင်း
မပြုခြင်းလည်း တစ်ရပ် ။
၃ ။ အုပ်စိုးသူ မင်းကောင်း ၊ အစိုးရကောင်းတို့ မည်သည် တရားမျှတမှုရှိသော တရားဥပဒေကို ပြဋ္ဌာန်းရာတွင်
ကြောက်ရွံ့ ထိတ်လန့်မှု မရှိခြင်းလည်း တစ်ရပ် ။
၎ ။ မင်းကောင်း အစိုးရကောင်းတို့ မည်သည် မိမိတို့ ပြဋ္ဌာန်းလိုသော ဥပဒေကို ကောင်းစွာ သိ နားလည်မှု ရှိရမည် ။
ငါ့မှာ ဥပဒေပြဋ္ဌာန်းခွင့် အာဏာရှိသည် ဆိုကာမျှ သဘောထားဖြင့် ပြဋ္ဌာန်းခြင်း မပြုအပ် ။ တရားဥပဒေကို
ပြဋ္ဌာန်းရာတွင် အကြောင်း ယုတ္တိ ခိုင်လုံမှု ရှိပြီး စိတ်နှလုံးကောင်းဖြင့်သာ ပြဋ္ဌာန်းရမည် ။
(စက္က၀တ္တိသီဟနန္ဒသုတ်)
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား