ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ခတ္တိယ ဆိုသော စစ်သူရဲ မျိုးရိုးနွယ်ဇာတ်မှ ဆင်းသက် လာသူ
ဖြစ်သည် ။ ထို့ကြောင့် သဘာဝအားဖြင့် အုပ်ချုပ်သူ မင်းမျိုးမင်းနွယ်ထဲ ကျရောက် သွားပါသည် ။
မင်းမျိုးအုပ်စိုးသူ မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သော်လည်း မြတ်ဗုဒ္ဓ ဟော ကြားတော်မူခဲ့သော
တရားတွေထဲတွင် နိုင်ငံရေး သြဇာအာဏာ ရရှိရေးကို ရည်ရွယ်ပြီး ဘယ် သောအခါမှ မဟောကြားခဲ့
ပေ ။
မိမိ၏ တရားဒေသနာများကို နိုင်ငံရေး အာဏာ ရရှိရေး ကိစ္စ တွင် တလွဲ အသုံးချသည်ကို
လည်း မည်သည့်အခါမှ ခွင့်ပြုတော် မမူခဲ့ပေ ။ သို့ရာတွင် ယခု ခေတ် ယခုအချိန်အခါတွင် လူ
အတော်များများသည် ဗုဒ္ဓ ၏ နာမည်ကို နိုင်ငံရေးထဲ ဆွဲ သွင်း လာကြသည်ကို တွေ့နေရပါသည် ။
အချို့က ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ကွန်မြူနစ် ဟု စွပ်စွဲသူ စွပ်စွဲ ၊ အရင်းရှင်ဟု စွပ်စွဲသူ
စွပ်စွဲ ၊ အချို့ကဆိုလျှင် နယ်ချဲ့သမား ဟု ရမ်းရမ်းကား ကား ပြောဆို စွပ်စွဲမှု ရှိလာကြသည် ။ မိမိတို့
၏ ကိုယ်ကျိုး ကိုယ့်ကိစ္စအတွက် မြတ်ဗုဒ္ဓ ၏ မွန် မြတ်လှသည့် နာမည် ဂုဏ်သတင်းအား အသုံးချလာ
သူတွေအနေနှင့် သိထားသင့်သည်မှာ မြတ်ဗုဒ္ဓသည် အတုမရှိသော သဗ္ဗညုတ ဉာဏ်တော်ရှင်
သမ္မာသဗ္ဗုဒ္ဓ ဖြစ်တော်မူခြင်းသည် လောကီနယ်အား လွန်မြောက်သွားခြင်း ဖြစ်သည် ဆိုသည့်
အချက်ပင် ဖြစ်၏ ။
ဘာသာရေးကို လောကီရေး ၊ နိုင်ငံရေးနှင့်ရောထွေးအောင် အားထုတ်ခြင်းသည် ပြဿနာ
ကို ဖန်တီးခြင်းပင် ဖြစ်သည် ။ ဘာသာရေး၏အခြေခံမှာ ကိုယ်ကျင့်သီလ ဖြစ်၏ ။ သန့်စင်ခြင်း
ဝိသုဒ္ဓိနှင့် ယုံကြည်ခြင်း သဒ္ဓါတရား ဖြစ်၏ ။ နိုင်ငံရေး ဆိုသည်ကား အာဏာတွင် အခြေခံ၏ ။
လူ့သမိုင်းတစ်လျှောက်တွင် အာဏာရ အုပ်စိုးသူများသည် မိမိတို့၏ အာဏာရ အုပ်စိုး
ခြင်းကိုတရားဝင်ကြောင်း ၊ ဘုရားအလိုတော်ကျ ဖြစ်လာသည် ဖြစ်ကြောင်း လူအများ ယုံကြည်
အောင်လုပ်ရာတွင် ဘာသာရေးအား ဆွဲသုံးတာတွေ ရှိခဲ့ပါသည် ။ စစ်တိုက်သည်ကိုပင် ဘာသာ
ရေးစစ်ပွဲဆိုပြီး တရားသောစစ် ၊ မွန်မြတ်သောစစ် ဟု လူအများယုံကြည်အောင်လည်း ဘာသာ
ရေးကို ခုတုံးလုပ်တတ်ကြသည် ။ ဘာသာရေး ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြ သည် ။
ရက်စက် ကြမ်းကြုတ်မှု ၊ အကြမ်းဖက်မှု ၊ ပုန်ကန်မှု ၊ ယဉ်ကျေးမှုအမွေအနှစ်များအား ဖျက်ဆီးမှု
စသည်များကိုလည်း ဘာသာရေး မျက်နှာဖုံးစွပ်ပြီး ကျူးကျူးလွန်လွန် လုပ်ခဲ့ကြ၏ ။
ဘာသာရေးအား မိမိတို့ နိုင်ငံရေးအကျိုးအတွက် လိုရာဆွဲပြီး အသုံးချခဲ့ကြသည် ။ ထို့ကြောင့်
ဘာသာတရား၏ မြင့်မားသော ကိုယ်ကျင့်တရားစံတွေသည် နိုင်ငံရေး လောဘတွေ ကြောင့် ယုတ်
ညံ့မှုတွေ ဖြစ်ကုန်ကြရတော့သည် ။
ဗုဒ္ဓဓမ္မ ၏ ရုတ်တရက် ထိုးဝင်လာမှုသည် နိုင်ငံရေးစနစ်တစ်ခုကို တီထွင်ဖို့ မဟုတ်ပေ ။ နိုင်ငံ
ရေး အစီအစဉ်များအား ချမှတ်ဖို့လည်း မဟုတ်ပေ ။ အခြေခံအားဖြင့် ဘာသာရေးသည် လူ့အဖွဲ့
အစည်း၏ ပြဿနာများအား ချဉ်းကပ်ရာတွင် လူ့အဖွဲ့အစည်း၏ ကိစ္စများကို ဆောင်ကြဉ်းနေသော
လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်သော ယေဘုယျမှုတွေကို အကြံပြုပြီး ထိုမူ
တွေအရ လူသားတစ်ရပ်လုံး၏ ဘ၀ သာယာတိုးတက် ကောင်းမွန်ရေး ၊ ရင်းမြစ်တွေကို အညီအမျှ
အကျိုးတူ ခံစားရရေးတွေကို ဖြစ်ပေါ်လာစေဖို့ပင် ဖြစ်သည် ။
နိုင်ငံရေးစနစ်တစ်ခုသည် လူသားများ၏ သာယာဝပြောမှုနှင့်ပျော်ရွှင်မှုကို လုံခြုံအောင် ကာ
ကွယ် စောင့်ရှောက်နိုင်မှုက အတိုင်းအတာတစ်ခုအထိပဲ ဖြစ်၏ ။ အကန့်အသတ်နှင့် ရှိခြင်း ပင်ဖြစ်
သည် ။ မည်သည့် နိုင်ငံရေးစနစ်မှ ၊ ဘယ်လောက်ပင် စံထားလောက်သည်ဟု ထင်ရ သော စနစ်မျိုး
မှ လူ့အဖွဲ့အစည်းထဲမှ လူတွေ လောဘ ၊ ဒေါသ ၊ မောဟ တရားများနောက် လိုက်နေကြသည်မို့ ဒီ
တရားတွေ လွှမ်းမိုးနေလျှင် လူ့အဖွဲ့အစည်း တစ်ခုကို ငြိမ်းချမ်းရေးနှင့် ချမ်းသာသုခ ရအောင်
မဆောင်ရွက်နိုင်ပေ ။ ထို့အပြင် မည်သည့်နိုင်ငံရေးစနစ်မျိုးကို လက်ခံကျင့်သုံးမလဲဆိုသည်က လို
ရင်းမဟုတ်ချေ ။ ဤ လူ့အဖွဲ့အစည်း က လူတွေမှာ ယေဘုယျ ကျသော သဘောတွေကို တွေ့ကြုံ
ခံစားနေကြရသည် ဆိုလျှင် ၊ ကံ ကံ၏အကျိုး ၊ ကောင်းကံ ၊ မကောင်းကံ၏အကျိုးကို ခံစားကြရ
မည် ။ စစ်မှန်သောစိတ်ကျေနပ်မှု ၊ မြဲမြံသော ချမ်းသာ သုခ ဆိုသည့် အနိစ္စသဘော ၊ ဒုက္ခသဘော
၊ အနတ္တသဘောရှိသော လောကကြီးထဲတွင် ဘယ်သော အခါမှ မပြည့်စုံနိုင်ပေ ။ အမြဲတမ်း လိုနေ
မှာပဲဟု သိနားလည်ထားကြလျှင် --
ဗုဒ္ဓဘာသာဝင်တွေ၏အမြင်မှာ သံသရာတွင် ဘယ်နေရာမှာမှ စစ်မှန်သော လွတ်လပ်ခွင့်
ဆိုသည်မရှိ ။ နတ်ပြည် ၊ ဗြဟ္မာ့ပြည်မှာပင် မရှိနိုင်ဟု နားလည်ထားပါသည် ။
ကောင်းသော နိုင်ငံရေးစနစ်တစ်ခု ၊ တရားမျှတသော နိုင်ငံရေး စနစ်တစ်ခုတွင် လူ့ အခြေခံ
အခွင့်အရေးများကို အာမခံချက်ပေးထားပြီး အာဏာကို ချုပ်ကိုင်သူများကိုလည်း ချုပ်ချယ် ကန့်သတ်
ပြီး ချိန်ခွင်လျှာ ညီမျှအောင် ထိန်းပေးထားသည့် စနစ်ဖြစ်စေကာမူ လူတွေ သည် အပြည့်အ၀ လွတ်
လပ်ခွင့်ရှိသည့် နိုင်ငံရေး စနစ်မျိုးကို အချိန်ကုန် ငွေကုန်ခံပြီး ရှာနေ ကြရပြန်၏ ။ အဘယ်ကြောင့်
ရှာနေကြသည်ဆိုလျှင် ဘယ်နိုင်ငံရေးစနစ်မှာမှ လုံးဝ လွတ်လပ်ခွင့် ဆိုသည်ကို မတွေ့နိုင်လို့ပင် ဖြစ်
သည် ။ လုံးဝ လွတ်လပ်ခွင့် ဆိုသည်ကို စနစ်ထဲတွင် ရှာလျှင် မည်သည့်အခါမှ မတွေ့နိုင်ပေ ။ စိတ်ထဲ
မှာပဲ ရှာလို့ရနိုင်သည် ။ အမှန်တကယ် လွတ်လပ်ချင် သည်ဆိုလျှင်လွတ်လပ်မှုအပြည့်အ၀ကို ရဖို့
အတွက်ဆိုလျှင် လူတွေအနေနှင့် ကိုယ့်စိတ်ထဲမှာ ပဲ စိတ်၏ လွတ်လပ်ခွင့်ကို ရှာရမည်ဖြစ်သည် ။
ဤသည်ကား မိမိ၏ စိတ်ထဲတွင် ရှိနေ သော အ၀ိဇ္ဇာနှင့်တဏှာ ဆိုသည့် သမုဒယ ကိလေသာ
တွေမှ လွတ်မြောက်အောင် အားထုတ်ရမည်ပင် ဖြစ်၏ ။
အစစ်အမှန်ဆုံး လွတ်လပ်ခွင့်အား ရနိုင်မှာက လူတွေသည် ဓမ္မ ဆိုသည့် တရားသဘော
ကိုကျင့်သုံးလာနိုင်မှ ဖြစ်မည် ဖြစ်၏ ။ မိမိတို့၏ ကာယကံ ၊ ၀စီကံ ၊ မနောကံ တွေကို ထိန်းချုပ်ပြု
ပြင်ပြီး မိမိတို့၏အကျင့်သီလ တိုးတက် ကောင်းမွန်လာအောင် လုပ်ရမည် ။ ထိုမှတစ်ဆင့် မိမိတို့၏
စိတ်အဆင့် မြင့်မားလာအောင် လုပ်ရမည် ။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရောက်အောင် ရည်မှန်းပြီး လုပ်
နိုင်မှ ရမည် ဖြစ်၏ ။
ဘာသာရေးကို နိုင်ငံရေးနှင့်ခွဲခြားထားရမည်ဆိုသည့်အချက်ကို အသိအမှတ်ပြုပြီး နိုင်ငံရေး
စနစ်ကို အကန့်အသတ်ထားပြီး ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်ရေးကို ဖော်ဆောင်ပုံနှင့် ပတ်သက်၍ ဗုဒ္ဓ၏
သင်ကြားချက်များတွင် အချက်အလက် မြောက်မြားစွာ ရှိပါသည် ။ ထိုဘုရားဟော ဒေသနာတော်
များထဲတွင် ယနေ့ ကမ္ဘာကြီးထဲမှ လူသားများအတွက် တိုက်ရိုက် အကျိုး ဖြစ်ထွန်းစေနိုင်ခြင်း ၊ နိုင်ငံ
ရေး အစီအမံများအတွက် အသုံးတည့်ခြင်းတွေ အများကြီး ပါရှိပါသည် ။
ပထမဦးစွာ မြတ်ဗုဒ္ဓက အေဗရာဟန်လင်ကွန်း မပြောမီ ရှေးပဝေသဏီ ကတည်းက လူ
သားချင်းတန်းတူညီမျှ ရှိရမည် ဆိုသည့်စကားကို မိန့်ကြားတော် မူခဲ့သည် ။ ထို့နောက် ဇာတ် ၊ လူ
တန်းစားဆိုသည့် လူ့အဖွဲ့အစည်းကြီးထဲတွင် လူတွေက တမင်ဖန်တီးခဲ့ကြသည်သာ ဖြစ်သည် ။ မြတ်
ဗုဒ္ဓက လူတွေကို ခွဲခြားသတ်မှတ်ရာတွင် သူတို့၏အကျင့်သီလအပေါ်မူတည်ပြီးမှ အယုတ် ၊ အလတ်
အမြတ် ခွဲခြားပုံကိုဟောကြားတော်မူခဲ့သည် ။
ဒုတိယအချက်မှာ လူသားအချင်းချင်း လူ့ဘောင် အကျိုးကိုဆောင်ရွက်ရာတွင် စိတ်ပါ လက်ပါ
အတူတကွ ရိုင်းပင်း ဆောင်ရွက်ကြဖို့ကို ဟောတော်မူပါသည် ။ ခေတ်သစ် လူ့အဖွဲ့အစည်းထဲတွင်
လည်း နိုင်ငံရေး ကိစ္စများတွင် ထို လူမှုရေး ပူးပေါင်း ဆောင်ရွက်မှု စိတ်ဓာတ်ကိုမြှင့်တင်ကြပါသည် ။
တတိယအချက်ကား ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ဆက်ခံသူ မည်သူ့ကိုမျှ မခန့်ထားခဲ့ချေ ။ သံဃာ
အဖွဲ့အစည်းကို ဓမ္မ၀ိနယကသာ လမ်းညျွှန် တော်မူရမှာ ဖြစ်သည် ။ ယနေ့ထက်တိုင် သံဃာတော်
များကို ၀ိနည်း ဥပဒေများကသာ ချုပ် ကိုင် လမ်းညွှန်လျက် ရှိပါသည် ။
စတုတ္ထအချက်မှာ မြတ်ဗုဒ္ဓက ဒီမိုကရေစီ ဖြစ်စဉ်အရ ညှိနှိုင်း တိုင်ပင် စည်းဝေး ဆုံးဖြတ်
လုပ်ကိုင်သည်ကို အားပေးတော်မူသည် ။ ထိုအချက်ကို သံဃာတော်များ၏ အဖွဲ့အစည်း ထဲတွင်
ပိုပြီးထင်ရှားပါသည် ။ သံဃာ အဖွဲ့အစည်းထဲတွင် သံဃာနှင့်ဆိုင်သော ကိစ္စအား သံဃာတော်
တိုင်း ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် ရှိပါသည် ။ ကြီးကျယ်သော ပြဿနာ ပေါ် ပေါက်လာမှသာ
လျှင် ပြဿနာ၏အတိမ်အနက်ကို သံဃာတော်များ ရှေ့မှောက် တင်ပြပြီး ဒီမိုကရေစီ ပါလီမန်
လွှတ်တော်တွင် ဆွေးနွေးကြသလို ဆွေးနွေးတိုင်ပင် ကြရပါသည် ။
ဤကဲ့သို့ သံဃာတော်ကို သံဃာတော်များ ကိုယ်တိုင် အုပ်ချုပ်ပုံ စနစ်မျိုး လွန်ခဲ့သည့်
နှစ်၂၅၀၀ကျော် ဗုဒ္ဓခေတ် ကတည်းက ကျင့်သုံးမှု ရှိခဲ့သည်ဟု သိရလျှင် အလွန်အံ့သြစရာ
ဖြစ်နေပါသည် ။ ပါလီမန်တွင် ဥက္ကဋ္ဌ (လွှတ်တော်ဥက္ကဋ္ဌ)အား ခန့်အပ်သလို အခမ်းအနားကို
ထိန်းသိမ်းဖို့ သံဃာ့နာယကဆရာတော်ကိုရွေးချယ်ရပါသည် ။ ဒုတိယအနေနှင့်အခမ်းအနား
အစီအစဉ်တကျဖြစ်မဖြစ်ကို ကွပ်ကဲဖို့အတွက် အကျိုးတော်ဆောင် ဆရာတော်ကိုလည်း သံဃာ
များက ခန့်အပ်ကြပါသည် ။
ထို့နောက် အမှုကိစ္စများကို အဆိုများ အဖြစ် တင်သွင်းကြရပါသည် ။ ဤအဆိုများကို
သံဃာတော်များအားလုံးမှ ၀ိုင်းပြီး ဝေဖန် ဆွေးနွေးကြပါသည် ။ အချို့ကိစ္စတွေသည် တစ်ကြိမ်
တည်းနှင့်ပြီးပါသည် ။ အချို့ကိစ္စများမှာ သုံးကြိမ်တိုင် ဆွေးနွေးပြီးမှ ဆုံးဖြတ်ကြပါ သည် ။
ဤအလေ့အကျင့်သည် ပါလီမန် စနစ် မပေါ်ပေါက်ခင်ကတည်းက ဥပဒေတစ်ခုကို
အတည်မပြုခင် သုံးကြိမ်တိုင်တိုင် ဆွေးနွေးကြရသည့် သဘောပင် ဖြစ်သည် ။ ဆွေးနွေးကြရာ
တွင်လည်း သဘောထားကွဲလွဲမှု ရှိလာလျှင် ထိုကိစ္စကို အများစု ဆန္ဒမဲဖြင့် မဲပေးပြီး ဆုံးဖြတ်
ခဲ့ကြရသည် ဖြစ်၏။
ကျမ်းညွှန်း -
ဆန်းလွင်(ရှင်အာဒိစ္စရံသီ)
|
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက
|
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား