အ၀ိဇ္ဇာဖုံးလွှမ်းသော အမှောင်ခေတ်၏ ပြယုဂ်များ
လူတို့သည် အသိဥာဏ်မပွင့်ထွန်းသေးသော အမှောင်ခေတ်ကြီးကို ဖြတ်သန်းခဲ့ရ၏ ။
ထိုခေတ်ကမူ လူနှင့်လောက၏ အခြင်းအရာမှန်သမျှသည် လောက၏အပြင်ဘက်ရှိ တန်ခိုးရှင်
များက ဖန်တီးခြင်းအဖြစ် ယူဆယုံကြည်ခဲ့ကြ၏ ။ သို့အတွက် အဆိုပါတန်ခိုးရှင်များအား
ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် ကိုးကွယ်ခဲ့ကြ၏ ။ လူ့လောကတွင် သဘာဝဘေးအန္တရာယ်များဖြစ်သော မိုးခေါင်ခြင်း ၊ ရေကြီးခြင်း ၊
မီးလောင်ခြင်း ၊ မြေပြိုခြင်း ၊ မီးတောင်ပေါက်ကွဲခြင်း ၊ ငလျင်လှုပ်ခြင်း ၊ တော်လဲခြင်း ၊ ဥက္ကာပျံ
ခြင်း ၊ နေကြတ်ခြင်း ၊ လကြတ်ခြင်း ၊ ရောဂါဖြစ်ပွားခြင်း စသည်တို့အပြင် လူ၏ပယောဂ
ကြောင့်ဖြစ်ရသော စစ်ဖြစ်ခြင်း ၊ မင်းပြောင်းမင်းလွဲဖြစ်ခြင်း ၊ တိုင်းပြည်ပျက်ခြင်း ၊ ငတ်မွတ်
ခေါင်းပါးခြင်း စသည်တို့သည်လည်း ပြင်ပမှ မမြင်ရသော တန်ခိုးရှင်တို့ကြောင့် ဖြစ်ရသည် ဟူ၍
လည်းကောင်း ၊ သာယာဝပြောခြင်း ၊ ငြိမ်းချမ်းခြင်း ၊ ရောဂါဘယကင်းခြင်း ၊ မိုးလေ၀သ မှန်ခြင်း ၊
သီးနှံအထွက်ကောင်းခြင်း စသည်တို့သည် တန်ခိုးရှင်တို့က မ,စ၍ ဖြစ်ရသည်ဟု လည်းကောင်း
ယုံကြည်ကြလေသည် ။
ပညာရှိသုခမိန်ဆိုသူများ ၊ နတ်ဆရာများ ၊ ယဇ်ဘုန်းကြီးများ ၊ မှော်ဆရာများသည်
မသိနားမလည်သော လူတွေကို ခြောက်လှန့်ပြီး ခေါင်းပုံဖြတ်စားကြ၏ ။ သူတို့မစွမ်းနိုင်သော
ကိစ္စကြုံလာလျှင် တန်ခိုးရှင်နှင့် လှည့်ခြောက်ကြ၏ ။ ကပ်ရောဂါတစ်ခုကျရောက်လျှင်
စုန်းကဝေတွေလုပ်သည်ဟု လွှဲချကြ၏ ။ သူတို့မဖြေရှင်းနိုင်လျှင် နတ်တွေကို လက်ညှိုးထိုးပြ ကြ၏ ။
ထိုနတ်တွေ ၊ ကဝေတွေ ၊ စုန်းတွေကို မည်သူကသွားပြီး မေးမြန်းအတည်ပြုနိုင်ပါမည် နည်း ။
ဤနည်းအားဖြင့် ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် နတ်ကိုးကွယ်မှုနှင့် အထူးထူးသော
ပူဇော်ပသမှုတွေ ပေါ်ထွန်းလာ၏ ။ အီဂျစ် ၊ ဘေဘီလုံ ၊ အဆီးရီးယား ၊ ကောလ်ဒီယား ၊ ဟစ်တိုက်
၊ ကနန်း ၊ ဖိနိရှန်း ၊ အမော်ရိုက် ၊ ဆူမားရီးယန်း ၊ အယ်လာမိုက် ၊ ကာသေ့ ၊ ရောမ ၊ ဂရိ ၊ မီးဒီး ၊
ပါရှန် ၊ အာရိယာန် စသော သမိုင်းဦးခေတ်လူမျိုးများတွင် အသီးသီးသော ကိုးကွယ်ရာနတ်များရှိ
ကြသည် ။ ခရစ်ယာန်ဘာသာပေါ်ပြီး အလယ်ခေတ်ဥရောပတွင်လည်း မကောင်းဆိုးဝါးများကို
ယုံကြည်ကြသည် ။ အိန္ဒိယနိုင်ငံတစ်ခုတည်းမှာပင် နတ်ပေါင်း ၃၃ -ကုဋေ ရှိသည်ဟု အဆိုရှိလေ
သည် ။
အဆိုပါ နတ်ဘုရားများ ကျေနပ်စေရန် လူကိုပင်သတ်၍ ပူဇော်ကြ၏ ။ တိရစ္ဆာန်များ ကား
ပြောဖို့မလိုတော့ပေ ။ မရေတွက်နိုင်သော တိရစ္ဆာန်များ၏သွေးဖြင့် ယဇ်ပူဇော်ကြ၏ ။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ကောသလမင်းကြီးသည် ကြောက်လန့်ဖွယ်
ကောင်းသော အိမ်မက်များ မြင်မက်သဖြင့် ဗြဟ္မဏပုဏ္ဏားများအား မေးမြန်းရာ များပြားလှ သော
တိရစ္ဆာန်များအားသတ်၍ ပူဇော်ရန် တိုက်တွန်းကြသည် ။ သတ်ရန်လှောင်ထားသော
တိရစ္ဆာန်များ၏ အော်ဟစ်ညည်းညူသံကိုကြားရသော မိဖုရားကြီးက မြတ်စွာဘုရားထံ
လျှောက်ထားရာမှ တရားဟောပြသောကြောင့် တိရစ္ဆာန်များ အသက်ချမ်းသာရာ ရကြလေ သည် ။
မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ်မှစ၍ ကြက်ဝက်သတ်ပြီး နတ်ပူဇော်သော အလေ့
အထထွန်းကားခဲ့သဖြင့် အနော်ရထာ ၊ ကျန်စစ်သား ၊ ဘုရင့်နောင် ၊ အလောင်းမင်းတရား
တို့လက်ထက်တွင် ပိတ်ပင်ခဲ့ရလေသည် ။
ရှေးဖားရိုးခေတ် အီဂျစ်ပြည်တွင် ဖားရိုးဘုရင်သေလွန်လျှင် သူ၏ အခြွေအရံ မိဖုရား
မောင်းမများ ၊ ကျွဲနွားမြင်း စသည့် သက်ရှိများနှင့် သက်မဲ့အသုံးအဆောင်များကို တမလွန်ဘဝ
တွင် အသုံးပြုရန်အတွက် ဘုရင့်အလောင်းနှင့်အတူ ပိရမစ်ကျောက်ဂူကြီးအတွင်း ထည့်၍
မြှုပ်နှံကြလေသည် ။ ဤသည်တို့ကား အသိမှားမှု အ၀ိဇ္ဇာဖုံးလွှမ်းသော အမှောင်ခေတ်၏
ပြယုဂ်များပင် ဖြစ်၏ ။
ကျမ်းညွှန်း -
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား