ဗေဒင်နှင့်ကံတရားတို့၏ စစ်ပွဲ
သဗ္ဗေဘာယန္တိ မစ္စုနော ဟူသောဒေသနာအရ ပုထုဇဉ်မှန်သမျှ များသောအားဖြင့်
သေခြင်းတရားကို ကြောက်လန့်ကြသည် ဖြစ်သော်လည်း မကြောက်လန့်သော ပုဂ္ဂိုလ်ထူး
တစ်ယောက်လည်း ထူးထူးခြားခြား ရှိပါသည် ။ ထိုပုဂ္ဂိုလ်မှာ လှိုင်မြို့နယ်မှ စာချဘုန်းကြီးတစ်ပါးပင် ဖြစ်၏ ။ တစ်နေ့တွင် နာမည်ကြီး
ဗေဒင်ဆရာတစ်ဦး ထိုကျောင်းတိုက်သို့ စာသင်သားရဟန်းတစ်ပါး၏ အသိမိတ်ဆွေအဖြစ် ခေတ္တ
တည်းခိုရန် ရောက်ရှိလာပါသည် ။
စာသင်သားရဟန်းများ မေးမြန်း၍ အားရသောအခါ သူတို့ချစ်ခင်လေးစားသော
စာချဘုန်းကြီးထံ ခေါ်ခဲ့ကြသည် ။ စာချဘုန်းကြီး၏ ဇာတာကို စစ်ဆေးပေးရန် ဖြစ်၏ ။ စာချ
ဘုန်းကြီးမှာ သူ့အလုပ်နှင့်သူ အချိန်ပြည့်ဖြစ်နေသော်လည်း တပည့်များ၏ စေတနာကို
လေးစားသောအားဖြင့် ဗေဒင်ဆရာကို လက်ခံတွေ့ဆုံခဲ့ပါသည် ။ စာချဘုန်းကြီး၏ဇာတာကို
ကြည့်ရှုပြီးသည်နှင့် ဗေဒင်ဆရာက အရှင်ဘုရားမှာ ခန္ဓာပျက်ကိန်းရှိနေပါတယ် ။ ယတြာမချေ
လို့ မရပါဘူးဟု လျှောက်ထားလိုက်ရာ တပည့်တွေမှာ တုန်လှုပ်ချောက်ချားသွားသော်လည်း
စာချဘုန်းကြီးက အလျှင်းတုန်လှုပ်ခြင်း မရှိပေ ။
အေးမြကြည်လင်သောမျက်နှာက တစ်ချက်လေးမှ ပျက်သွားခြင်း မရှိ ၊ ပကတိအတိုင်း
သာ ။ တပည့်များရော ဗေဒင်ဆရာရော စာချဘုန်းကြီးလေးပြောလာမည့် စကားကို ဂရုစိုက်
နားထောင်နေကြသည် ။ ရဟန်းဖြစ်စေ ၊ လူဖြစ်စေ ခန္ဓာပျက်ကိန်းအကြောင်းသာ ဟောလိုက်
လျှင် ဣနြေ္ဒမရအောင် ကြောက်လန့်တတ်သည် ဖြစ် ရာ ၊ ယခုစာချဘုန်းကြီး ငယ်ငယ်လေး
ကျမှ ဘာမှမဖြစ်သလို အေးဆေးတည်ငြိမ်နေသည်ကို တွေ့မြင်နေရသော ဗေဒင်ဆရာအဖို့
စိတ်ထဲတွင် မရိုးမရွ ဖြစ်နေပါတော့သည် ။
စာချဘုန်းကြီးလေးထံမှ စကားသံအချို့ထွက်လာသည် ။
“ ဒကာကြီး ၊ အခုလိုဟောကြားသတိပေးတာ ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် ဦးပဉ္စင်းအ
တွက်ကတော့ ကိစ္စမရှိပါဘူး ”
အတ္တုက္ကံသန ၊ ပရ၀မ္ဘန သဘောမပါအောင် သူတော်ကောင်းပီပီ ပြောကြားလိုက်
သောစကားဖြစ်သော်လည်း ဗေဒင်ဆရာက နည်းနည်းမှ မကျေနပ် ၊ သူ့ပညာကို မယုံကြည်
သောကြောင့်ဟု ယူဆနေသည် ။ မကျေနပ်သည့်စိတ်ဓာတ်က မပြေပြစ်သောစကားများကို
သာ ဖန်တီးပေးလိုက်ရာ -
“ အရှင်ဘုရား ၊ တပည့်တော်ပြောတဲ့အတိုင်း ယတြာမချေဘဲ နေရဲရင်နေကြည့်ပါ ။ လေးလ
အတွင်းမှာ ခန္ဓာပျက်ရင်ပျက် ၊ ခန္ဓာမပျက်ရင်လည်း သေလောက်နီးပါး ရောဂါကို ခံစားရမယ် ။
အကယ်၍ တပည့်တော်ပြောတဲ့အတိုင်း မဖြစ်ဘူးဆိုရင် တပည့်တော်ရဲ့ ဗေဒင်ကျမ်း တွေအကုန်
မီးရှို့ပစ်မယ် “
ဗေဒင်ဆရာကလည်း တွက်နည်းမျိုးစုံတွက်ကြည့်ထားရာ ခန္ဓာပျက်ကိန်းကိုသာ တွေ့
နေရသဖြင့် ယခုလို ရဲရဲဝံ့ဝံ့ဟောလိုက်ခြင်း ဖြစ်ပေသည် ။ လူတစ်ယောက်၏ ကောင်းကျိုး ဆိုးကျိုး
ကို ကံတရားထက် ဂဏန်းသင်္ချာများက ပို၍ဖန်တီးနိုင်သည်ဟု ယူဆလိုက်လျှင် ဗုဒ္ဓဘာသာ မပီသ
နိုင်တော့ပေ ။
ဗေဒင်ဆရာက သူပြောချင်ရာပြောပြီးသည်နှင့် ဦးချပြီး ပြန်သွားသည် ။ ဗေဒင်ဆရာ ၏
အတိအကျ ဟောကြားချက်ကြောင့် တပည့်များက စိုးရိမ်သဖြင့် ယတြာချေရန် အတင်းအကျပ်
လျှောက်ထားကြရာ -
“ ငါအမြဲတမ်းယတြာချေနေတာ မင်းတို့မတွေ့ကြဘူးလား “ ဟု ပြန်မေးလိုက်ရာ တပည့်များ မှာ
မအူမလည်ဖြင့် “ တွေ့ပါတယ်ဘုရား “ ဟု လျှောက်ကာ ပြန်ခဲ့ကြရပါတော့သည် ။ ဗေဒင်ဆရာ
ဟောသော လများသို့ ရောက်လာသည်နှင့် တပည့်အများစုမှာ ပို၍ပင် စိုးရိမ်နေကြသည်။
သို့သော် အန္တရာယ်လများကို ကုန်လွန်အောင်ကျော်လာသည်အထိ ဆရာတော်ကား
ဘာရောဂါအသက်ဘေးမှ မဖြစ်သည့်အပြင် စာချဘုန်းကြီးဘ၀မှ ကျောင်းထိုင်ဘုန်းကြီးအဖြစ်သို့ပင်
ရောက်သွားပါတော့တယ် ။ ကျောင်းထိုင်ဆရာတော်ဖြစ် သောအခါကျမှပင် ဗေဒင်ဆရာဟောခဲ့
သလို အဘယ့်ကြောင့် အသက်ဘေးအန္တရာယ် မဖြစ်ရ ကြောင်း သေသေချာချာ မေးကြည့်ရပါ
တော့သည် ။
“ ရဟန်းအချင်းချင်းဆိုတော့ ပြောပြလို့ ကောင်းတာပေါ့ ။ ဒကာ ဒကာမဆိုရင်တော့
သိပ်ပြောလို့မကောင်းဘူး ၊ ကြည်ညိုအောင် ကြွားပြသလို ဖြစ်နေမှာစိုးရတယ် ။ အရှင်ဘုရား
စဉ်းစားကြည့်လေ ၊ ဗေဒင်ပညာရှင်တွေဆိုတာလည်း ပုထုဇဉ်တွေပဲ ။ အဲဒီတော့ အမှားဆိုတာ
ဘယ်ကင်းပါ့မလဲ ။ အညာသိကောဏ္ဍညမထေရ် လို တော်တဲ့ဗေဒင်ပညာရှင်တစ်ယောက် တောင်မှ
ကိုယ့်ဟောကြားချက်ကို ကိုယ်ပြန်ပြီး သံသယ၀င်ခဲ့ဖူးတယ် မဟုတ်လား ။ ဘာလည်းဆိုတော့
သူကိုယ်တိုင်ပဲ သိဒ္ဓတ္ထမင်းသားလေးကို လက်ညှိုးတစ်ချောင်းထောင်ပြီး ဘုရားဧကန်ဖြစ်ရမယ်လို့
ဟောခဲ့တယ် “
ဘုရားက မှားနေတဲ့ ဒုက္ကရစရိယာကို စွန့်ပြီး အာဟာရသပ္ပါယမျှအောင် အစားအသောက်
တွေပြန်ပြီး ဘုဉ်းပေးသုံးဆောင်ရတဲ့အခါ သူကိုယ်တိုင်ပဲ ဘုရားမဖြစ်နိုင်တော့ဘူးလို့ ယူဆပြီး
ဘုရားအလောင်းကို စွန့်ပစ်ခဲ့တယ် မဟုတ်လား ။ ဘုရား ဖြစ်ပြီးလို့ ဓမ္မစကြာတရား လာဟောတာ
ကိုတောင် မယုံမကြည်ဖြစ်နေကြသေးလို့ သေချာ ရှင်းပြပြီးမှ ဟောရတယ် ။ ဆိုလိုတာက ဗေဒင်
ဆရာကိုယ်တိုင်တောင် သူဟောတာကို သူကိုယ်တိုင် အပြည့်အ၀မယုံဘူးလို့ ဆိုလိုတာ ဖြစ်သည် ။်
ဗေဒင် ၊ နက္ခတ်ပညာဆိုတာ ကောင်းကျိုးဆိုးကျိုးကကြိုတင်သိနိုင်စွမ်းရှိတဲ့ ပညာတစ်မျိုးမို့
လေးစားအပ်တဲ့ လောကီပညာ တစ်ခုပါ ။ ဒါပေမယ့် လိမ်းဆေးကို စားဆေးအဖြစ် သုံးလိုက်ရင်
အသက်အန္တရာယ် ဖြစ်နိုင် သလို ဒီဂြိုဟ်ထဲ ရောက်နေလို့သာ ဒီလိုဖြစ်ရတာ ၊ အတိတ်ကံ ပစ္စုပ္ပန်ကံ
နှင့် ဘာမှမဆိုင်ဘူးလို့ ယူဆလိုက်ရင်တော့ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးတဲ့ အဓိကအန္တရာယ်ကြီးဖြစ်သွား နိုင်
တယ် ။
“ ဗေဒင်ဆရာ ၊ လက္ခဏာဆရာ ၊ နက္ခတ်ဆရာ အဟောမှားခြင်း အကြောင်းနှစ်ခုရှိတယ် ။
ပထမအချက်က သူတို့ကိုယ်တိုင် ပုထုဇဉ်ပီပီ အတွက်အချက်မှားပြီး အဟောမှားတာ ၊ ဒုတိယ
အချက်က အဟောခံရသူက ကောင်းတဲ့ကံသစ်တွေ အမြဲမပြတ် ပြုလုပ်နေလို့ ဟောကြားချက်မှား
သွားတာပေါ့ ။ တပည့်တော်အပေါ် ဟောကြားချက်မှားတာ ဒုတိယအချက်ကြောင့်ပဲပေါ့ ။
သူဟောတဲ့အချိန်မှာ အခြား ဘယ်ဆရာ လာတွက်တွက် ခန္ဓာ ပျက်ကိန်းပဲ ထွက်မှာပဲ ။ ဒါဆို
ဘာကြောင့် တပည့်တော်ခန္ဓာမပျက်ရသလဲ ဆိုတော့ -
“ ဓနာ ပုညာ ဓီလာဘေန
ကာလံခိယျတိ ပဏ္ဍိတော
ကီဠနေနစ ဒုမ္မေ ဓော
နိဒ္ဒါယ ကလဟေန၀ါ “
အဓိပ္ပာယ်က -ပညာရှိသူတော်ကောင်းဟာ ဥစ္စာရယ် ၊ ကုသိုလ်ရယ် ၊ ပညာဗဟုသုတ
ရယ် တစ်ခုခုကိုရခြင်းဖြင့် အချိန်ကာလကို ကုန်လွန်စေတယ် ။ ပညာမဲ့လူမိုက်ကတော့ မြူးတူး
ပျော်ပါးကစားခြင်း ၊ အိပ်ခြင်း ၊ ငြင်းခုန်ခိုက်ရန် စကားများခြင်း အချိန်ကာလကို ကုန်လွန်စေ
တယ်တဲ့ ။ အချိန်မှန်သမျှထဲက ဥစ္စာရယ် ၊ ပညာဗဟုသုတ ရယ် , ရအောင်ယူတာတော့ ဟုတ်
ပါပြီ ၊ ကုသိုလ်တရားကိုရော ဘယ်လိုရအောင်ယူမလဲလို့ မေးစရာရှိလာတယ် ။
ဒကာဒကာမများဟာ များသောအားဖြင့် ကုသိုလ်ဆိုရင် ဒါနနဲ့သီလကိုပဲ သတိထားမိ
တတ်တယ် ။ ဘာဝနာကို သတိမထားမိကြဘူး ။ တကယ်ကျတော့ ဘာဝနာကုသိုလ်ဟာ ဒါန ၊
သီလထက်သာတယ် ။ သွားရင်းလာရင်း ၊ ချက်ရင်းပြုတ်ရင်းနဲ့လူနတ်ဗြဟ္မာသတ္တ၀ါအားလုံး
စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာကြပါစေလို့ ပွားများလိုက်တာနဲ့ မေတ္တာဘာဝနာကုသိုလ် ဖြစ်တာ ပဲ ။
အရဟံ လူနတ်ဗြဟ္မာသတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏ လို့ အာရုံပြု
လိုက်တာနဲ့ ဗုဒ္ဓါနုဿတိဘာဝနာပွားများပြီးသား ဖြစ်သွားတာပဲ ။
“ အဲဒီ ဒါန ၊ သီလ ၊ ဘာဝနာကုသိုလ်ကံတွေကြောင့် တပည့်တော် ခန္ဓာပျက်ကိန်းက
လွတ်ခဲ့ရတာပေါ့ ။ လူတွေက မသိကြလို့ ကံဆိုတာ ကောင်းအောင်လုပ်လို့ရတယ် ။ ဒါန ၊ သီလ ၊
ဘာဝနာလုပ်တာဟာ ကံကောင်းအောင်လုပ်တာပဲ ။ မကောင်းကျိုးတွေ ပေးမရအောင်
အကောင်းဆုံးယတြာတွေ ချေချင်တယ်ဆိုရင်လည်း ဒါန ၊ သီလ ၊ ဘာဝနာတွေ ကြိုးစားအား
ထုတ်ဖို့ပဲ လိုပါတယ် “
ဆရာတော်၏ သြ၀ါဒဆိုလိုရင်းမှာ ကုသိုလ်ကံသစ်များကို မမေ့မလျော့ကြိုးစားအား
ထုတ်နေသမျှ အကုသိုလ်ကံဆိုးများ ခေါင်းထောင်မလာနိုင်ပဲ နောက်ဆုတ်သွားရမည်ဟု ဆိုလို
ပါသည် ။ အကုသိုလ်ကံများ နောက်ဆုတ်သွားရန်အတွက် ကုသိုလ်ကံများကို မမေ့မလျော့ဖို့
အရေးကြီးလှပါတယ် ။ ထို့ကြောင့် စံကျောင်းဆရာတော်ကြီးက -
“ ကုသိုလ်ကို ကိုယ်ကမေ့လျှင် ကုသိုလ်ကကိုယ့်ကို မေ့လိမ့်မည် ။ ကုသိုလ်ကကိုယ့်
ကိုမေ့လျှင် ဘေးတွေ့လိမ့်မည် “ ဟုသြ၀ါဒပေးတော်မူခဲ့ခြင်း ဖြစ်ပေလိမ့်မည် ။ ဗေဒင် ၊ နက္ခတ် ၊
အတိတ် ၊ နိမိတ် ၊ တဘောင် စသည်ကို ကေတုဟလမင်္ဂလာ ဟုခေါ်သည် ။ ထို
ကေတုဟလမင်္ဂလာကို ယုံကြည်ခြင်းကို မိမိကိုယ်အညံ့ဆုံး ၊ အညစ်ဆုံး ဥပါသကာထဲ ဆွဲချ
လိုက်ခြင်းနှင့်တူပေသည် ။ ဗုဒ္ဓက အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ ၊ စဏ္ဍာလသုတ်တွင် -
၁ ။ ယုံကြည်မှု သဒ္ဓါတရားလည်းမရှိ
၂ ။ စောင့်ထိန်းမှု သီလမရှိ
၃ ။ ကောတုဟလမင်္ဂလာ ကို ယုံကြည်၏
၎ ။ မင်္ဂလာကို ယုံကြည်၍ ကံကို မယုံကြည်
၅ ။ ဤသာသနာတော်မှ အပြင်ဘက်တွင်လည်း အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏ ။ ထိုသာသနာ
အပြင်ဘက်တွင်လည်း ရှေးဦးစွာ ကောင်းမှုကိုပြု၏ ။
ဤတရားငါးမျိုးနှင့်ပြည့်စုံသော ဥပါသကာသည် ဥပါသကာ ဒွန်းစဏ္ဍားလည်းမည်၏ ။
ဥပါသကာညစ်လည်းမည်၏ ။ ဥပါသကာညံ့လည်းမည်၏ ဟူ၍ ဟောကြားတော်မူခဲ့ပါသည် ။
ကျမ်းညွှန်း -
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား