Friday, April 2, 2010
ဘုရားလောင်း၏ကြင်ယာတော်နှင့်သားတော်များအကြောင်း ရှင်းလင်းချက်
     ဗုဒ္ဓ ဘုရားအလောင်းတော်ဘ၀မှ ကြင်ယာတော် ၊ သားတော်များအကြောင်းနှင့်ပတ်သက်
၍အငြင်းပွားနေကြသည်ကို တွေ့နေရပါသည် ။
              ပထမလူတစ်စုမှာ ဂေါတမဘုရားရှင်သည် မင်းသားဘ၀တွင် မယား ၇ ယောက် ၊ သား ၇
ယောက် ရှိကြောင်း ပြောဆိုရေးသားတင်ပြကြသည် ။ ၎င်းမယား ၇ယောက်မှာ -
၁ ။ သုဘနာ နှင့်သားတော် သမ၀တ္တက္ခန္ဓ 
၂ ။ သဗ္ဗကာမာ နှင့်သားတော် အတုလ
၃ ။ သုစိတ္တာ နှင့်သားတော် သုပ္ပဗုဒ္ဓ 
၎ ။ ရောစီနီ  နှင့်သားတော် ဥတ္တရ
၅ ။ ရုစဂ္ဂတီ  နှင့်သားတော် သတ္တ၀ါဟ 
၆ ။ သုနန္ဒ   နှင့်သားတော် ၀ိဇိတသေန
၇ ။ ယသောဓရာဗိမ္မာဒေ၀ီ နှင့်သားတော် ရာဟုလာ တို့ ဖြစ်ကြသည်ဟု ဆိုလေသည် ။
              ဒုတိယလူစုမှ ဘုရားအလောင်းတော်သည် မယား ၇ယောက် ၊ သား ၇ ယောက် ရှိသည်ဟု
မကြားဖူး ။ (ဗုဒ္ဓဘာသာအထွေထွေနိဗ္ဗာန်ပေါက်လက်စွဲကျမ်း) စာမျက်နှာ၉၀တွင် မယား ၅ ယောက်
၊ သား ၅ ယောက်ရှိ ကြောင်း ပြဆိုထားသည်ကို တွေ့ဖူး ဖတ်ဖူးကြောင်းပြောဆို ရေးသားလာကြ
ပြန်သည် ။ ၎င်း မယား ၅ ယောက် ၊ သား ၅ ယောက် အမည် များကို စာမျက်နှာ ၉၀ တွင် အောက်ပါ
အတိုင်း ရေးပြထားပါသည် ။ -
             ဗုဒ္ဓ၀င်အဋ္ဌကထာတွင် ဤသို့လာ၏ ၊ သိဒ္ဓတ္ထမင်းသားအား မြောက်သား ငါးယောက်ရှိ၏ ။
ပထမ ယသောဓရာ ၊ ထို့နောက် သုမိတ္တ ၊ ကဉ္စန ၊ မင်္ဂလ နှင့်မလ္လိကာမိဖုရား ဟူ၍ ငါးပါး
ဖြစ်သဖြင့် သားလည်း ငါးယောက် ဖြစ်လေသည် ။ ယသောဓရာ၏သားကြီး ရာဟုလာ ၊  
 သုမိတ္တာ၏သားကား ပုတ္တ ၊ ကဉ္စန၏သားကား ဥပရောဂ ၊ မင်္ဂလ၏သားကား သင်္ဃာဝရ ၊
မလ္လိကာ၏သားကား ဇာတိဝရ ဖြစ်၏ ။ ပေါင်းစုက ပဉ္စပုတ္တဘွဲ့တော်ရ၍ အရိယာငါးပါး
ဖြစ်ကြောင်း ဗုဒ္ဓ၀င်မှအကျဉ်းပြ၏ ။ အမှန်ကိုသိလိုက ဒီဃနိကာယ်အကျယ်ကျမ်း ကြည့်
ပါလေဟု ဖော်ပြထားပါသည် ။
            ၎င်းစာသည် အနာဂတ၀င်ကျမ်းငယ်မှလာသည် ဖြစ်၏ ။ အနာဂတ၀င်ကျမ်းငယ်တွင်
ထိုအကြောင်း လင်္ကာလေးနှင့် ပြဆိုထားပါသည် ။
         " ကဿပဟု ၊ ဗုဒ္ဓမြတ်စွာ ၊ သုံးရွာသခင် ၊ မြတ်ချစ်ရှင်၏ ၊ဗုဒ္ဓ၀င်မွေခံ ၊ နာမံမည်မှတ် ၊
သိဒ္ဓတ်မင်းသား ၊ မြောက်သားငါးယောက် ၊ ကြီးမြောက်ရသော် ၊ ထိုရော်သုမိတ္တ ၊ ကဉ္စနနှင့် ၊  
မင်္ဂလဟူ ၊ ဘွဲ့မူသာယာ ၊ မာလိကာမိဖုရား ၊ စဉ်လိုက်ထားမှ ၊ သားကားငါးယောက် ၊  
ကြီးမြောက်နန်းလျာ ၊ ရာဟုလာဟု ၊ ရေမှတ်ပြုမှ ၊  ထိုမှတစ်ဖန် ၊ သုမိတ္တံလျှင် ၊ မွေးမြင်သည်
သား ၊ အများခေါ်ကြ ၊ သားပုတ္တလျှင် ၊ အမည်တွင်မှ ၊ကဉ္စနမိဖုရား   မွေးသည့်သားကား ၊ 
 အများတွင်ခေါ် ၊ သားတော်ဥပယောဂ ၊ တွင်ပေစွဟု ၊ မင်္ဂလဟူ ၊ သားတော်မူလည်း ၊ 
 ထို့တူမည်ရ ၊ သင်္ဃ၀ရ ၊ ထိုမှတစ်ပါး မိဖုရားမာလ္လိကာ ၊ သားတော်မှာလည်း ၊ မည်သာတွင်သည့်
ဇာတိဝရ ၊  ပေါင်းစုကလည်း ၊ ပဉ္စဗုဒ္ဓ ၊ ဘွဲ့တော်ရ၏  ၊ အရိယာငါး ၊ ဖြစ်ကြောင်းများကို နောက် 
သားသိမြင် ၊ ဗုဒ္ဓ၀င်မှ ၊မကျဉ်းပြ၏ ၊ ထိုမှတစ်ဖန် ၊ အမှန်သိရ ၊ ဒီဃနိကာယ် ၊  အကျယ်ကျမ်းပြ ၊
သိပါရ၏ ။ လောကသခင် ၊ လူတွင်လူမြတ် ၊ သိဒ္ဓတ်မင်းသား ၊ ဘုရားအနွယ် ၊ ကျဉ်းကျယ်ထုတ်ပြ ၊
လေးရပ်သောသူ ၊ လေးမျိုးလူတို့ ၊  သိယူသောအား ၊ မှတ်သားစိမ့်ငှာ ၊ ပျို့ကဗျာနှင့် ၊သိသာစိမ့်
ကြောင်း ၊ ဉာဏ်ဖြင့်လောင်း၍ ၊ ထုံးဟောင်း သက်သေ ၊ ကျမ်းကိုဖွေမှ ၊ တွေ့ပါကလည်း ၊ ခဏမကြာ ၊  
ကဗျာစီကုံး ၊ အကျဉ်းရုံး၍ ၊ နောင်ထုံးစဉ်လာ ၊ မျိုးလေးဖြာတို့ ၊ သိသာခြားနား ၊ မှတ်သားစရာ ၊  
ကျမ်းလာအလို ၊ လင်္ကာဆိုသည် ၊ မှတ်လိုသူတို့  သိကြောင်းတည်း "
             အထက်ပါလင်္ကာကို ယူ၍ ဗုဒ္ဓဘာသာအထွေထွေနိဗ္ဗာန်ပေါက်လက်စွဲကျမ်း မှ စကားပြေ
ပြန်ရေးထားခြင်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည် ။
           ထို့နောက် တတိယလူစုသည်ကား ဘုရားအလောင်းတော်တွင် မိဖုရား ၅ ပါး လည်း မဟုတ် ၊
၇ပါး လည်း မဟုတ် ၊ အမှန်တစ်ကယ်ရှိသည်ကား မိဖုရားလည်း ယသောဓရာတစ်ပါးပဲ ရှိသည် ။
သားတော် လည်းရာဟုလာ တစ်ပါးပဲ ရှိသည်ဟု ဆိုသည် ။
            အမှန်မှာ တတိယလူစု၏ ဖိဖုရားလည်း ယသောဓရာဗိမ္ဗေဒေ၀ီ တစ်ဦးတည်း ၊ သားတော်
လည်း ရာဟုလာ တစ်ဦးတည်းသာရှိပါသည် ။
            မယား ၇ယောက် ၊ သား ၇ယောက် ဆိုသည်မှာ -
 ဒီဃနိကာယ် မဟာဝဂ္ဂဋ္ဌကထာ ဆဋ္ဌမူ စာမျက်နှာ ၁၅ , ၁၆ တို့တွင် ဘုရားခုနှစ်ဆူနှင့်သားတော် ၇ပါး
ကြင်ယာတော် ၇ပါးတို့ကို ဂါထာဖွဲ့ပြီး ပြထားပါသည် ။ သားတော် ၇ပါးဘွဲ့ဂါထာ  -
                        သမ၀တ္တက္ခန္ဓော  အတုလော ၊ သုပ္ပဗုဒ္ဓေါ  စ  ဥတ္တရော ။
                        သတ္တ၀ါဟော   ၀ိဇိတသေနော ၊ ရာဟုလော ဘ၀တိ  သတ္တမော --
            အထက်ပါဂါထာသည် ဘုရားလောင်း ခုနှစ်ပါးတို့၏ အစဉ်အတိုင်း သားတော် ၇ ပါး
ဖြစ်ကြောင်းကို
" ဧတေ  တာဝ  သတ္တန္နံ  ဗောဓိသတ္တာနံ  အနုက္ကမေနေ၀  သတ္တပုတ္တာ  ဝေဒိတဗ္ဗာ " ဟု အတိ
အလင်းဖော်ပြထား၏ ။ ထို့အတူ ဘုရားလောင်း ၇ပါးတို့၏ ကြင်ယာတော် ၇ယောက်တို့ကိုလည်း --
                      သုတနာ  သဗ္ဗကာမာ  စ ၊ သုစိတ္တာ  အထ  ရောစိနီ ။
                      ရုစဂ္ဂတီ  သုနန္ဒာ  စ ၊ ဗိမ္မာ  ဘ၀တိ  သတ္တမာ --
ဟု ဂါထာဖွဲ့ပြီး " ဧတာ  တေသံ  သတ္တန္နမ္ပိ  ပုတ္တာနံ  မာတရော  အဟေသုံ " ဟု ဆက်၍ ပြဆိုပါသည် ။
အဓိပ္ပာယ်မှာ သည်အမျိုးသမီး ၇ဦးတို့သည် ထိုသားတော် ၇ပါးတို့၏ မိခင်များ ဖြစ်ကြပါသည် ဟုဆိုလို
ပါသည် ။ ဘုရား ၇ဆူတို့၏ ထိုသားတော် ကြင်ယာတော်များကို ဗုဒ္ဓ၀ံသအဋ္ဌကထာနှင့် ညှိကြည့်မည်
ဆိုပါလျှင် --
(၁) ဗုဒ္ဓ၀ံသအဋ္ဌကထာ ။ ဆဋ္ဌမူ နှာ - ၂၈၃ တွင်
     " သုတနု  နာမဿ  အဂ္ဂမဟေသီ ၊ သမ၀တ္တက္ကန္ဓော  နာမဿ ပုတ္တော "
(၂)  စာမျက်နှာ ၂၈၉ တွင် --
      " သဗ္ဗကာမာ  နာမဿ  အဂ္ဂမဟေသီ ၊ အတုလော နာမဿ ပုတ္တော "
       သိခီဘုရားရှင်၏ မိဖုရားမှာ သဗ္ဗကာမာ ၊ သားတော်ကား အတုလ
(၃) စာမျက်နှာ ၂၉၄ တွင် --
       " သုစိတ္တာ  နာမဿ  ဘရိယာ ၊ သုပ္ပဗုဒ္ဓေါ  နာမဿ  ပုတ္တော "
       ဝေဿဘူဘုရားရှင်၏ မိဖုရားမှာ သုစိတ္တာ ၊ သားတော်ကား သုပ္ပဗုဒ္ဓ
(၄) စာမျက်နှာ ၃၀၀ တွင် --
       " ဘရိယာ  ပနဿ  ရောစိနီနာမ  ဗြဟ္မဏီ ၊ ဥတ္တရော  နာမ  ပုတ္တော "
        ကကုသန်ဘုရားရှင်၏ မိဖုရားမှာ ရောစိနီပုဏ္ဏေးမ ၊ သားတော်ကား ဥတ္တရ
(၅) စာမျက်နှာ ၃၀၅ တွင် --
    " ဘရိယာ  ပနဿ  ရုစိဂတ္တာ  နာမ  ဗြဟ္မဏီ ၊ သတ္တ၀ါဟော  နာမ  ပုတ္တော "
    ကောဏာဂုမ်ဘုရားရှင်၏ မိဖုရားမှာ ရုစိဂတ္တပုဏ္ဏေးမ ၊ သားတော်ကား သတ္တ၀ါဟ
(၆) စာမျက်နှာ ၃၁၂ တွင် -
      " သုနန္ဒာ  နာမဿ  အဂ္ဂမဟေသီ ၊ ၀ိဇိတသေနော  နာမ  ပုတ္တော "
     ကဿပဘုရားရှင်၏ မိဖုရားမှာ သုနန္ဒာ ၊ သားတော်ကား ၀ိဇိတသေန
(၇) ဂေါတမဘုရားရှင်၏ မိဖုရားမှာ ယသောဓရာ ဗိမ္ဗာဒေ၀ီ ၊ သားတော်ကား ရာဟုလာ ဖြစ်သည် ။
             ထို့ကြောင့် ဂေါတမဘုရားလောင်းတွင် မယား ၇ ယောက် ၊ သား ၇ယောက် မရှိပေ ။ မယား
တစ်ယောက် ၊ သားတစ်ယောက်သာ ရှိသည် ။
              ဘုရား ၇ဆူ၏ သားမယားများနှင့် မှားယွင်း၍ မယား ၇ယောက် ၊ သား ၇ယောက် ဟု ရေးကြ
ပြောကြသည် ။ ဤကမ္ဘာတွင် ပွင့်သည့် ဘုရား ငါးဆူတို့၏ သားမယားများနှင့် ရောပြွန်း၍ မယား ၅
ယောက် ၊ သား ၅ယောက် ဟု ရေးကြ ပြောကြသည် ။ ထိုရေးသားချက်များသည် အမှန်မဟုတ်ပေ ။
အခုတင်ပြထားသည်မှာ အမှန်ဖြစ်သည် ။ မှားယွင်း၍ ပြောဆိုရေးသားတင်ပြနေသူများ အသေအချာ
မှတ်သားသင့်ပေ၏ ။
ကျမ်းကိုး -             
နိုင်ငံတော် သြ၀ါဒါစရိယ ၊
မြန်မာစာသြ၀ါဒါစရိယ
အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ
ဘဒ္ဒန္တဒေ၀ိန္ဒာဓိပတိ
ထီးချိုင့်မြို့တည်တောဆရာတော်
                    ၏
ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ
အမှတ်စဉ်(၁)
/
.......................................................................................................  
Thursday, March 18, 2010
ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး(၂)
         ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ခတ္တိယ ဆိုသော စစ်သူရဲ မျိုးရိုးနွယ်ဇာတ်မှ ဆင်းသက် လာသူ
ဖြစ်သည် ။ ထို့ကြောင့် သဘာဝအားဖြင့် အုပ်ချုပ်သူ မင်းမျိုးမင်းနွယ်ထဲ ကျရောက် သွားပါသည် ။
မင်းမျိုးအုပ်စိုးသူ မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သော်လည်း မြတ်ဗုဒ္ဓ ဟော ကြားတော်မူခဲ့သော
တရားတွေထဲတွင် နိုင်ငံရေး သြဇာအာဏာ ရရှိရေးကို ရည်ရွယ်ပြီး ဘယ် သောအခါမှ မဟောကြားခဲ့
ပေ ။
            မိမိ၏ တရားဒေသနာများကို နိုင်ငံရေး အာဏာ ရရှိရေး ကိစ္စ တွင် တလွဲ အသုံးချသည်ကို
လည်း မည်သည့်အခါမှ ခွင့်ပြုတော် မမူခဲ့ပေ ။ သို့ရာတွင် ယခု ခေတ် ယခုအချိန်အခါတွင် လူ
အတော်များများသည် ဗုဒ္ဓ ၏ နာမည်ကို နိုင်ငံရေးထဲ ဆွဲ သွင်း လာကြသည်ကို တွေ့နေရပါသည် ။
             အချို့က ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ကွန်မြူနစ် ဟု စွပ်စွဲသူ စွပ်စွဲ ၊ အရင်းရှင်ဟု စွပ်စွဲသူ
စွပ်စွဲ ၊ အချို့ကဆိုလျှင် နယ်ချဲ့သမား ဟု ရမ်းရမ်းကား ကား ပြောဆို စွပ်စွဲမှု ရှိလာကြသည် ။ မိမိတို့
၏ ကိုယ်ကျိုး ကိုယ့်ကိစ္စအတွက် မြတ်ဗုဒ္ဓ ၏ မွန် မြတ်လှသည့် နာမည် ဂုဏ်သတင်းအား အသုံးချလာ
သူတွေအနေနှင့် သိထားသင့်သည်မှာ မြတ်ဗုဒ္ဓသည် အတုမရှိသော သဗ္ဗညုတ ဉာဏ်တော်ရှင်
သမ္မာသဗ္ဗုဒ္ဓ ဖြစ်တော်မူခြင်းသည် လောကီနယ်အား လွန်မြောက်သွားခြင်း ဖြစ်သည် ဆိုသည့်
အချက်ပင် ဖြစ်၏ ။
          ဘာသာရေးကို လောကီရေး ၊ နိုင်ငံရေးနှင့်ရောထွေးအောင် အားထုတ်ခြင်းသည် ပြဿနာ
ကို ဖန်တီးခြင်းပင် ဖြစ်သည် ။ ဘာသာရေး၏အခြေခံမှာ ကိုယ်ကျင့်သီလ ဖြစ်၏ ။ သန့်စင်ခြင်း 
ဝိသုဒ္ဓိနှင့် ယုံကြည်ခြင်း သဒ္ဓါတရား ဖြစ်၏ ။ နိုင်ငံရေး ဆိုသည်ကား အာဏာတွင် အခြေခံ၏ ။
         လူ့သမိုင်းတစ်လျှောက်တွင် အာဏာရ အုပ်စိုးသူများသည် မိမိတို့၏ အာဏာရ အုပ်စိုး
ခြင်းကိုတရားဝင်ကြောင်း ၊ ဘုရားအလိုတော်ကျ ဖြစ်လာသည် ဖြစ်ကြောင်း လူအများ ယုံကြည် 
အောင်လုပ်ရာတွင် ဘာသာရေးအား ဆွဲသုံးတာတွေ ရှိခဲ့ပါသည် ။ စစ်တိုက်သည်ကိုပင် ဘာသာ
ရေးစစ်ပွဲဆိုပြီး တရားသောစစ် ၊ မွန်မြတ်သောစစ် ဟု လူအများယုံကြည်အောင်လည်း ဘာသာ
ရေးကို ခုတုံးလုပ်တတ်ကြသည် ။ ဘာသာရေး ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြ သည် ။
ရက်စက် ကြမ်းကြုတ်မှု ၊ အကြမ်းဖက်မှု ၊ ပုန်ကန်မှု ၊ ယဉ်ကျေးမှုအမွေအနှစ်များအား ဖျက်ဆီးမှု
စသည်များကိုလည်း ဘာသာရေး မျက်နှာဖုံးစွပ်ပြီး ကျူးကျူးလွန်လွန် လုပ်ခဲ့ကြ၏ ။
       ဘာသာရေးအား မိမိတို့ နိုင်ငံရေးအကျိုးအတွက် လိုရာဆွဲပြီး အသုံးချခဲ့ကြသည် ။ ထို့ကြောင့်
ဘာသာတရား၏ မြင့်မားသော ကိုယ်ကျင့်တရားစံတွေသည် နိုင်ငံရေး လောဘတွေ ကြောင့် ယုတ်
ညံ့မှုတွေ ဖြစ်ကုန်ကြရတော့သည် ။
         ဗုဒ္ဓဓမ္မ ၏ ရုတ်တရက် ထိုးဝင်လာမှုသည် နိုင်ငံရေးစနစ်တစ်ခုကို တီထွင်ဖို့ မဟုတ်ပေ ။ နိုင်ငံ
ရေး အစီအစဉ်များအား ချမှတ်ဖို့လည်း မဟုတ်ပေ ။ အခြေခံအားဖြင့် ဘာသာရေးသည် လူ့အဖွဲ့
အစည်း၏ ပြဿနာများအား ချဉ်းကပ်ရာတွင် လူ့အဖွဲ့အစည်း၏ ကိစ္စများကို ဆောင်ကြဉ်းနေသော
လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်သော ယေဘုယျမှုတွေကို အကြံပြုပြီး ထိုမူ
တွေအရ လူသားတစ်ရပ်လုံး၏ ဘ၀ သာယာတိုးတက် ကောင်းမွန်ရေး ၊ ရင်းမြစ်တွေကို အညီအမျှ
အကျိုးတူ ခံစားရရေးတွေကို ဖြစ်ပေါ်လာစေဖို့ပင် ဖြစ်သည် ။
        နိုင်ငံရေးစနစ်တစ်ခုသည် လူသားများ၏ သာယာဝပြောမှုနှင့်ပျော်ရွှင်မှုကို လုံခြုံအောင် ကာ
ကွယ် စောင့်ရှောက်နိုင်မှုက အတိုင်းအတာတစ်ခုအထိပဲ ဖြစ်၏ ။ အကန့်အသတ်နှင့် ရှိခြင်း ပင်ဖြစ်
သည် ။ မည်သည့် နိုင်ငံရေးစနစ်မှ ၊ ဘယ်လောက်ပင် စံထားလောက်သည်ဟု ထင်ရ သော စနစ်မျိုး
မှ လူ့အဖွဲ့အစည်းထဲမှ လူတွေ လောဘ ၊ ဒေါသ ၊ မောဟ တရားများနောက် လိုက်နေကြသည်မို့ ဒီ
တရားတွေ လွှမ်းမိုးနေလျှင် လူ့အဖွဲ့အစည်း တစ်ခုကို ငြိမ်းချမ်းရေးနှင့် ချမ်းသာသုခ ရအောင်
မဆောင်ရွက်နိုင်ပေ ။ ထို့အပြင် မည်သည့်နိုင်ငံရေးစနစ်မျိုးကို လက်ခံကျင့်သုံးမလဲဆိုသည်က လို
ရင်းမဟုတ်ချေ ။ ဤ လူ့အဖွဲ့အစည်း က လူတွေမှာ ယေဘုယျ ကျသော သဘောတွေကို တွေ့ကြုံ 
ခံစားနေကြရသည် ဆိုလျှင် ၊ ကံ ကံ၏အကျိုး ၊ ကောင်းကံ ၊ မကောင်းကံ၏အကျိုးကို ခံစားကြရ
မည် ။ စစ်မှန်သောစိတ်ကျေနပ်မှု ၊ မြဲမြံသော ချမ်းသာ သုခ ဆိုသည့် အနိစ္စသဘော ၊ ဒုက္ခသဘော  
၊ အနတ္တသဘောရှိသော လောကကြီးထဲတွင် ဘယ်သော အခါမှ မပြည့်စုံနိုင်ပေ ။ အမြဲတမ်း လိုနေ
မှာပဲဟု သိနားလည်ထားကြလျှင် --
           ဗုဒ္ဓဘာသာဝင်တွေ၏အမြင်မှာ သံသရာတွင် ဘယ်နေရာမှာမှ စစ်မှန်သော လွတ်လပ်ခွင့်
ဆိုသည်မရှိ ။ နတ်ပြည် ၊ ဗြဟ္မာ့ပြည်မှာပင် မရှိနိုင်ဟု နားလည်ထားပါသည် ။
        ကောင်းသော နိုင်ငံရေးစနစ်တစ်ခု ၊ တရားမျှတသော နိုင်ငံရေး စနစ်တစ်ခုတွင် လူ့ အခြေခံ
အခွင့်အရေးများကို အာမခံချက်ပေးထားပြီး အာဏာကို ချုပ်ကိုင်သူများကိုလည်း ချုပ်ချယ် ကန့်သတ်
ပြီး ချိန်ခွင်လျှာ ညီမျှအောင် ထိန်းပေးထားသည့် စနစ်ဖြစ်စေကာမူ လူတွေ သည် အပြည့်အ၀ လွတ်
လပ်ခွင့်ရှိသည့် နိုင်ငံရေး စနစ်မျိုးကို အချိန်ကုန် ငွေကုန်ခံပြီး ရှာနေ ကြရပြန်၏ ။ အဘယ်ကြောင့်
ရှာနေကြသည်ဆိုလျှင် ဘယ်နိုင်ငံရေးစနစ်မှာမှ လုံးဝ လွတ်လပ်ခွင့် ဆိုသည်ကို မတွေ့နိုင်လို့ပင် ဖြစ်
သည် ။ လုံးဝ လွတ်လပ်ခွင့် ဆိုသည်ကို စနစ်ထဲတွင် ရှာလျှင် မည်သည့်အခါမှ မတွေ့နိုင်ပေ ။ စိတ်ထဲ
မှာပဲ ရှာလို့ရနိုင်သည် ။ အမှန်တကယ် လွတ်လပ်ချင် သည်ဆိုလျှင်လွတ်လပ်မှုအပြည့်အ၀ကို ရဖို့
အတွက်ဆိုလျှင် လူတွေအနေနှင့် ကိုယ့်စိတ်ထဲမှာ ပဲ စိတ်၏ လွတ်လပ်ခွင့်ကို ရှာရမည်ဖြစ်သည် ။
 ဤသည်ကား မိမိ၏ စိတ်ထဲတွင် ရှိနေ သော အ၀ိဇ္ဇာနှင့်တဏှာ ဆိုသည့် သမုဒယ ကိလေသာ
တွေမှ လွတ်မြောက်အောင် အားထုတ်ရမည်ပင် ဖြစ်၏ ။
         အစစ်အမှန်ဆုံး လွတ်လပ်ခွင့်အား ရနိုင်မှာက လူတွေသည် ဓမ္မ ဆိုသည့် တရားသဘော
ကိုကျင့်သုံးလာနိုင်မှ ဖြစ်မည် ဖြစ်၏ ။ မိမိတို့၏ ကာယကံ ၊ ၀စီကံ ၊ မနောကံ တွေကို ထိန်းချုပ်ပြု
ပြင်ပြီး မိမိတို့၏အကျင့်သီလ တိုးတက် ကောင်းမွန်လာအောင် လုပ်ရမည် ။ ထိုမှတစ်ဆင့် မိမိတို့၏
စိတ်အဆင့် မြင့်မားလာအောင် လုပ်ရမည် ။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရောက်အောင် ရည်မှန်းပြီး လုပ်
နိုင်မှ ရမည် ဖြစ်၏ ။
           ဘာသာရေးကို နိုင်ငံရေးနှင့်ခွဲခြားထားရမည်ဆိုသည့်အချက်ကို အသိအမှတ်ပြုပြီး နိုင်ငံရေး
စနစ်ကို အကန့်အသတ်ထားပြီး ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်ရေးကို ဖော်ဆောင်ပုံနှင့် ပတ်သက်၍ ဗုဒ္ဓ၏
သင်ကြားချက်များတွင် အချက်အလက် မြောက်မြားစွာ ရှိပါသည် ။ ထိုဘုရားဟော ဒေသနာတော်
များထဲတွင် ယနေ့ ကမ္ဘာကြီးထဲမှ လူသားများအတွက် တိုက်ရိုက် အကျိုး ဖြစ်ထွန်းစေနိုင်ခြင်း ၊ နိုင်ငံ
ရေး အစီအမံများအတွက် အသုံးတည့်ခြင်းတွေ အများကြီး ပါရှိပါသည် ။
             ပထမဦးစွာ မြတ်ဗုဒ္ဓက အေဗရာဟန်လင်ကွန်း မပြောမီ ရှေးပဝေသဏီ ကတည်းက လူ
သားချင်းတန်းတူညီမျှ ရှိရမည် ဆိုသည့်စကားကို မိန့်ကြားတော် မူခဲ့သည် ။ ထို့နောက် ဇာတ် ၊ လူ
တန်းစားဆိုသည့် လူ့အဖွဲ့အစည်းကြီးထဲတွင် လူတွေက တမင်ဖန်တီးခဲ့ကြသည်သာ ဖြစ်သည် ။ မြတ်
ဗုဒ္ဓက လူတွေကို ခွဲခြားသတ်မှတ်ရာတွင် သူတို့၏အကျင့်သီလအပေါ်မူတည်ပြီးမှ အယုတ် ၊ အလတ်
အမြတ် ခွဲခြားပုံကိုဟောကြားတော်မူခဲ့သည် ။
         ဒုတိယအချက်မှာ လူသားအချင်းချင်း လူ့ဘောင် အကျိုးကိုဆောင်ရွက်ရာတွင် စိတ်ပါ လက်ပါ
အတူတကွ ရိုင်းပင်း ဆောင်ရွက်ကြဖို့ကို ဟောတော်မူပါသည် ။ ခေတ်သစ် လူ့အဖွဲ့အစည်းထဲတွင်
လည်း နိုင်ငံရေး ကိစ္စများတွင် ထို လူမှုရေး ပူးပေါင်း ဆောင်ရွက်မှု စိတ်ဓာတ်ကိုမြှင့်တင်ကြပါသည် ။
      တတိယအချက်ကား ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ဆက်ခံသူ မည်သူ့ကိုမျှ မခန့်ထားခဲ့ချေ ။ သံဃာ
အဖွဲ့အစည်းကို ဓမ္မ၀ိနယကသာ လမ်းညျွှန် တော်မူရမှာ ဖြစ်သည် ။ ယနေ့ထက်တိုင် သံဃာတော်
များကို ၀ိနည်း ဥပဒေများကသာ ချုပ် ကိုင် လမ်းညွှန်လျက် ရှိပါသည် ။
           စတုတ္ထအချက်မှာ မြတ်ဗုဒ္ဓက ဒီမိုကရေစီ ဖြစ်စဉ်အရ ညှိနှိုင်း တိုင်ပင် စည်းဝေး ဆုံးဖြတ်
လုပ်ကိုင်သည်ကို အားပေးတော်မူသည် ။  ထိုအချက်ကို သံဃာတော်များ၏ အဖွဲ့အစည်း ထဲတွင်
ပိုပြီးထင်ရှားပါသည် ။ သံဃာ အဖွဲ့အစည်းထဲတွင် သံဃာနှင့်ဆိုင်သော ကိစ္စအား သံဃာတော်
တိုင်း ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် ရှိပါသည် ။ ကြီးကျယ်သော ပြဿနာ ပေါ် ပေါက်လာမှသာ
လျှင် ပြဿနာ၏အတိမ်အနက်ကို သံဃာတော်များ ရှေ့မှောက် တင်ပြပြီး ဒီမိုကရေစီ ပါလီမန်
လွှတ်တော်တွင် ဆွေးနွေးကြသလို ဆွေးနွေးတိုင်ပင် ကြရပါသည် ။
         ဤကဲ့သို့ သံဃာတော်ကို သံဃာတော်များ ကိုယ်တိုင် အုပ်ချုပ်ပုံ စနစ်မျိုး လွန်ခဲ့သည့် 
နှစ်၂၅၀၀ကျော် ဗုဒ္ဓခေတ် ကတည်းက ကျင့်သုံးမှု ရှိခဲ့သည်ဟု သိရလျှင် အလွန်အံ့သြစရာ
ဖြစ်နေပါသည် ။ ပါလီမန်တွင် ဥက္ကဋ္ဌ (လွှတ်တော်ဥက္ကဋ္ဌ)အား ခန့်အပ်သလို အခမ်းအနားကို
ထိန်းသိမ်းဖို့ သံဃာ့နာယကဆရာတော်ကိုရွေးချယ်ရပါသည် ။  ဒုတိယအနေနှင့်အခမ်းအနား
အစီအစဉ်တကျဖြစ်မဖြစ်ကို ကွပ်ကဲဖို့အတွက် အကျိုးတော်ဆောင် ဆရာတော်ကိုလည်း သံဃာ
များက ခန့်အပ်ကြပါသည် ။ 
          ထို့နောက် အမှုကိစ္စများကို အဆိုများ အဖြစ် တင်သွင်းကြရပါသည် ။ ဤအဆိုများကို 
သံဃာတော်များအားလုံးမှ ၀ိုင်းပြီး ဝေဖန် ဆွေးနွေးကြပါသည် ။ အချို့ကိစ္စတွေသည် တစ်ကြိမ်
တည်းနှင့်ပြီးပါသည် ။ အချို့ကိစ္စများမှာ သုံးကြိမ်တိုင် ဆွေးနွေးပြီးမှ ဆုံးဖြတ်ကြပါ သည် ။
           ဤအလေ့အကျင့်သည် ပါလီမန် စနစ် မပေါ်ပေါက်ခင်ကတည်းက ဥပဒေတစ်ခုကို
အတည်မပြုခင် သုံးကြိမ်တိုင်တိုင် ဆွေးနွေးကြရသည့် သဘောပင် ဖြစ်သည် ။ ဆွေးနွေးကြရာ
တွင်လည်း သဘောထားကွဲလွဲမှု ရှိလာလျှင် ထိုကိစ္စကို အများစု ဆန္ဒမဲဖြင့် မဲပေးပြီး ဆုံးဖြတ်
ခဲ့ကြရသည် ဖြစ်၏။
ကျမ်းညွှန်း -
ဆန်းလွင်(ရှင်အာဒိစ္စရံသီ)
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက
/
..............................................................................................................  
ဗုဒ္ဒဘာသာနှင့်နိုင်ငံရေး
  ဗုဒ္ဓဘာသာသည် နိုင်ငံရေးအာဏာကို ချဉ်းကပ်ရာတွင် ကိုယ်ကျင့်တရား (မင်းကျင့်တရား)နှင့် ပြည်သူ့အာဏာကို
သုံးစွဲရာတွင် တာဝန်ယူမှုအပေါ် အခြေခံပါသည် ။ ဗုဒ္ဓ ရှင်တော်မြတ်ဘုရားက အကြမ်းမဖက်ရေးကိုသာ ဟောကြား
ဆုံးမတော်မူပါသည် ။ ငြိမ်းချမ်း ရေးကိုသာ တစ်လောကလုံးနှင့်ဆိုင်သည့် တရားအဖြစ် သတ်မှတ်ပါသည် ။
လူ့အသက်အား ဖျက်ဆီးခြင်း ၊ အကြမ်းဖက်ခြင်းကို မြတ်ဗုဒ္ဓ ခွင့်ပြုတော် မမူချေ ။ ထို့အပြင် တရားသောစစ် ဆိုသည်
ဘယ်တော့မှ မရှိဘူး ဟူ၍လည်း ပြတ်ပြတ်သားသား ကြေငြာတော်မူပါသည် ။
        မြတ်ဗုဒ္ဓသင်ကြားချက်က “ အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာသည် ။ ရှုံးနိမ့်သူကား ဆင်းရဲစွာ
နေကြရသည် ။ အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်း သုခနှင့် ငြိမ်းချမ်းခြင်းကို ရနိုင်သည် ”  ဟု ဓမ္မပဒ
တွင် ဟောတော်မူပါသည် ။ မြတ်ဗုဒ္ဓသည် အကြမ်းမဖက်ရေး ၊ ငြိမ်းချမ်းရေးတရားကိုသာ ဟောကြားတော်မူသည်
မဟုတ်ချေ ။ စစ်ပွဲဖြစ် သောနေရာက်ုပင် ကိုယ်တိုင်ကြွသွားပြီး စစ်မဖြစ်ကြရန် တားဆီးတော်မူသည့် ဘာသာရေး
ခေါင်းဆောင်ဖြစ်ပြီး လူ့သမိုင်းတွင် မြတ်ဗုဒ္ဓသည်သာ ပထမဆုံး ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ပါ သည် ။
         သကျသာကီဝင်မင်းများနှင့် ကောလိယတွေသည် ရောဟိနီမြစ်မှရေကို ခွဲဝေရေး ကိစ္စ တွင် အငြင်းပွားပြီး
စစ်ဖြစ်ရန် တင်းမာနေကြသည် ။ သို့ဖြင့်၍ ဗုဒ္ဓရှင်တော်မြတ်ဘုရားမှ စစ်ဖြစ် ရန် ပြင်ဆင်နေသော စစ်တလင်းကို
ကိုယ်တိုင် ကြွသွားပြီး တင်းမာမှုများ ပြေပျောက်စေရန် တရားဓမ္မများကို ဟောကြား ဆုံးမတော်မူပါသည် ။ နောက်ပြီး
အဇာတသတ်မင်း မှ ၀ဇ္ဇီတိုင်း အား စစ်မတိုက်ဖြစ်ရန်လည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားမှ ဆွဲဆောင်တော်မူနိုင်ခဲ့ပါသည် ။
             မြတ်ဗုဒ္ဓသည် အစိုးရကောင်းတစ်ခု၏ အရေးပါအရာရောက်ကြောင်းနှင့် အုပ်စိုးသူ အစိုးရကောင်း
ဖြစ်ရန်အတွက် ကြိုတင်ရှိအပ်သော အရည်အချင်းများကိုလည်း ထုတ်ဖော် ဟောကြားတော်မူခဲ့ပါသည် ။ နောက်ပြီး
တိုင်းပြည်တစ်ပြည်တွင် အဂတိ လိုက်စားမှုများ မည်သို့ ဖြစ်လာနိုင်သည် စသည်ဖြင့် ဟောကြားရာတွင်
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သောနိုင်ငံ အကြီးအကဲမှ အကျင့်ပျက်ပြီး အဂတိ လိုက်စား၍ မတရားပြုကျင့်သောအခါ
တိုင်းသူပြည်သား များမှလည်း အကျင့်ပျက်ပြီး အဂတိ လိုက်စားတတ်ပုံကို ဟောကြားတော်မူပါသည် ။ ဤသို့
အုပ်စိုးသူမင်းအစ ၊ မင်းလုလင်ပါမကျန် အဂတိ လိုက်စားကြပြီဆိုလျှင် တိုင်းသူပြည်သား လူ အများ စိတ်ဆင်းရဲရပုံ ၊
တိုင်းပြည် ဆုတ်ယုတ် ပျက်စီးရပုံများကိုလည်း ထုတ်ဖော်ဟောကြား တော်မူပါသည် ။ မြတ်စွာဘုရားသည်
အဂတိလိုက်စားခြင်း သဘောကို ဆန့်ကျင် ဟောကြား တော်မူခဲ့ပါသည် ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ အစိုးရသည်
လူသားချင်း စာနာ ထောက် ထား ၊ သနားငဲ့ညှာသော မူဝါဒဖြင့် အုပ်ချုပ်သင့်ကြောင်းကိုလည်း ဆုံးမတော်မူပါသည် ။
            တစ်ခါသော် မြတ်စွာဘုရားမှ “ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူမှ တရားမျှတပြီး ကောင်းစွာ အုပ်ချုပ်သူ
ဖြစ်ပါလျှင် မှူးမတ် အရာရှိများလည်း တရားမျှတပြီး ကောင်းစွာ တာဝန် ထမ်းဆောင်သူများ ဖြစ်လာသည် ။ အဆင့်မြင့်
တိုင်းပြည် တာဝန်ရှိသူများမှ ကောင်း မွန်ပြီး တရားမျှတသောအခါ အရာရှိ အရာခံများ ၊ လက်အောက်ငယ်သား
မင်းမှုထမ်း မင်းလု လင်များက အစ အားလုံး ကောင်းမွန်သူများ တရားမျှတသူများ ဖြစ်လာကြပါသည် ။ ဤသို့
အုပ်စိုးသူများက တရားမျှတ ကောင်းမွန်သူများ ဖြစ်ကြပြီဆိုလျှင် တိုင်းသူပြည်သား လူအများ
သည်လည်းတရားမျှတသူတွေတိုင်းသူပြည်သားကောင်းတွေဖြစ်လာကြ၏”
                                                                                         (အင်္ဂုတ္တရနိကာယ်)
           စက္က၀တ္တိသီဟနန္ဒသုတ်တွင် မြတ်ဗုဒ္ဓက အကျင့်ပျက်မှု ၊ ရာဇ၀တ်များ ဖြစ်ကြသော ခိုးမှု ၊ လိမ်မှု ၊ အကြမ်းဖက်
တိုက်ခိုက်မှု ၊ မုန်းတီးမှု ၊ ရက်စက်ကြမ်းကြုတ်မှုများသည် ဆင်းရဲ ကျပ်တည်းမှုကြောင့် ဖြစ်လာရကြောင်းကို
ဟောတော်မူပါသည် ။ အစိုးရမင်းများအနေဖြင့် ရာဇ၀တ်မှုများအား အပြစ်ဒဏ်ထားခြင်းဖြင့် နှိမ်နင်းကြရမည် ။
သို့သော်လည်း ရာဇ၀တ်မှု ပပျောက်အောင် အင်အားကို သုံးပြီးလုပ်ခြင်းအားဖြင့် အကျိုးမဲ့ အချည်းနှီး ဖြစ်ကြောင်းကို
ဟောတော်မူပါသည် ။
          ကုတဒန္တသုတ်တွင်လည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားက အင်အားသုံး၍ ရာဇ၀တ်မှုကို နှိမ်နင်းမည့်အစား
စီးပွားရေးအဆင်ပြေလာအောင် လုပ်ပေးသင့်ကြောင်းကိုလည်း အကြံပြု ဟောကြားတော်မူပါသည် ။ အစိုးရသည်
တိုင်းပြည်၏ အရင်းအမြစ်များကို အသုံးပြု၍ ပြည်သူ များ၏ စီးပွားရေး တိုးတက် ကောင်းမွန်လာအောင် လုပ်ပေးရမည်
။ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ လူနေမှု ဘ၀ သက်သာချောင်ချိပြီး တိုးတက်ကြီးပွားလာအောင်
ဆောင်ရွက် ပေးရမည် ။ ငွေရေးကြေးရေး ၊ အကူအညီ ၊ အထောက်အပံ့များကိုလည်း စီးပွားရေးလုပ်ငန်း
စွန့်စားလုပ်ကိုင်ချင်သူများအား ပေးရမည် ။ လက်လုပ်လက်စား အလုပ်သမားများကိုလည်း သူတို့ဘ၀ အသက်ရှင်
နေထိုင်ရေးအတွက် လုံလောက်သည့် လုပ်ခလစာကို ထောက်ပံ့ပေး ကမ်းရမည် ။ ဤနည်းများဖြင့် လူ့ဂုဏ်သိက္ခာ
မကျဆင်းရအောင် စောင့်ရှောက်ပေးရမည် ဟု ဟောကြားထားပါသည် ။
           ဇာတက နိပါတ်တော်တွင်လည်း မင်းကျင့်တရား(၁၀)ပါးကို အစိုးရကောင်းတို့ လိုက် နာအပ်ကြောင်း
ဟောတော်မူထားပါသည် ။ ထို မင်းကျင့်တရား(၁၀)ပါးသည် ယခုခေတ် ယခုကာလတွင်လည်း တိုင်းပြည်အား
ငြိမ်းချမ်းသာယာစွာ အုပ်ချုပ်လိုသည့် အစိုးရမင်းများ အသုံးချလျှင် အသုံးတည့်နိုင်ပါသည် ။ ထို မင်းကျင့်တရား
(ရာဇဓမ္မ) ဆယ်ပါးမှာ -
၁ ။ ရက်ရောမှု လွတ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်း မဆန်ခြင်း (ဒါန)
၂ ။ အကျင့်သီလ အဆင့်မြင့် ကောင်းမွန်ခြင်း (သီလ)
၃ ။ တိုင်းသူပြည်သားများ၏ ဘ၀ သက်သာချောင်ချိရေးအတွက် မိမိ၏ ကိုယ်ကျိုးအတ္တကို စွန့်        လွှတ် အနစ်နာခံခြင်း (ပရိစာဂ)
၎ ။ ရိုးသား ဖြောင့်မတ်ပြီး အကြွင်းမဲ့ ဂုဏ်သိက္ခာရှိခြင်း (အဇ္ဇ၀ံ)
၅ ။ ကြင်နာ သနားတတ်ခြင်း (မဒ္ဒ၀ံ)
၆ ။ တိုင်းသူပြည်သားများ အားကျလောက်အောင် မိမိ၏ ဘ၀အနေအထိုင် ရိုးသားခြင်း (တပံ)
၇ ။ အမျက်ဒေါသ ကင်းစင်ခြင်း (အကောဓံ)
၈ ။ အကြမ်းမဖက်ခြင်း (အ၀ိဟိံသံ)
၉ ။ သည်းခံတတ်ခြင်း (ခန္တီ)
၁၀ ။ ပြည်သူလူထု၏ ထင်မြင် ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနှင့် ညီညွတ်မှုကို          မြှင့်တင်ခြင်း  (အ၀ိရောဓနံ)
တို့ ဖြစ်ပါသည် ။
             မင်းတို့ ကျင့်အပ်သော တရားနှင့်စပ်လျဉ်း၍ မြတ်ဗုဒ္ဓက ဆက်လက်ဟောကြားတော် မူသည်မှာ -
၁ ။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် ဘက်လိုက်ခြင်း ၊ အဂတိလိုက်စားခြင်း ၊ တိုင်းသူပြည်သား
လူအများတို့အပေါ် ခွဲခြားဆက်ဆံမှု မရှိခြင်းလည်း တစ်ရပ် ။
၂ ။ အုပ်စိုးသူ မင်းကောင်း ၊ အစိုးရကောင်းတို့ မည်သည် တိုင်းသူပြည်သားတို့အပေါ် အမုန်း စိတ်ထား၍ ဆက်ဆံခြင်း
မပြုခြင်းလည်း တစ်ရပ် ။
၃ ။ အုပ်စိုးသူ မင်းကောင်း ၊ အစိုးရကောင်းတို့ မည်သည် တရားမျှတမှုရှိသော တရားဥပဒေကို ပြဋ္ဌာန်းရာတွင်
ကြောက်ရွံ့ ထိတ်လန့်မှု မရှိခြင်းလည်း တစ်ရပ် ။
၎ ။ မင်းကောင်း အစိုးရကောင်းတို့ မည်သည် မိမိတို့ ပြဋ္ဌာန်းလိုသော ဥပဒေကို ကောင်းစွာ သိ နားလည်မှု ရှိရမည် ။
ငါ့မှာ ဥပဒေပြဋ္ဌာန်းခွင့် အာဏာရှိသည် ဆိုကာမျှ သဘောထားဖြင့် ပြဋ္ဌာန်းခြင်း မပြုအပ် ။ တရားဥပဒေကို
ပြဋ္ဌာန်းရာတွင် အကြောင်း ယုတ္တိ ခိုင်လုံမှု ရှိပြီး စိတ်နှလုံးကောင်းဖြင့်သာ ပြဋ္ဌာန်းရမည် ။
                                                                                  (စက္က၀တ္တိသီဟနန္ဒသုတ်)           
/
......................................................................................................................................  
ဗုဒ္ဓသာသနာ
      သာသနာဆိုသည်မှာ အဆုံးအမကိုခေါ်သည် ။ မြတ်စွာဘုရား၏ အဆုံးအမအတိုင်း လိုက်နာနေထိုင်
သူတို့ရှိရာ အိမ် ၊ ရပ်ရွာ ၊ မြို့ ၊ နိုင်ငံတို့သည် ဗုဒ္ဓသာသနာထွန်းကားသည်ဟု ဆိုရပေမည် ။ ကျောင်းကန်
ဘုရားများ ခံ့ညား ထည်ဝါစွာ တည်ဆောက်ထားသော်လည်း လူတွေက မြတ်စွာဘုရား၏ အဆုံးအမကို
 မလိုက်နာ မကျင့်ကြံပဲ တောင်တောင်အီအီ တွေကို ဗုဒ္ဓတရားအမည်ခံပြီး လုပ်နေကြလျှင် ၊ ရဟန်းသံဃာ
များကလည်း ပရိယတ္တိ ၊ ပဋိပတ္တိကို အား ထုတ်ခြင်း မပြုဘဲ လာဘ်လာဘပေါများရေးနှင့် ပေါ်ပင်လုပ်ငန်း
တွေကိုသာ လုပ်နေကြလျှင် ၊ သာသနာ၏ အနာဂတ်မျိုးဆက်ဖြစ်သော လူငယ်နှင့်ကလေးသူငယ်များ
အား ဗုဒ္ဓအဆုံးအမကို ခြေခြေမြစ်မြစ် သင်ကြားလေ့ကျင့်ပေးခြင်း မရှိလျှင် ၊ ထိုဒေသတွင် ဗုဒ္ဓသာသနာ
 ကွယ်လေ တော့သည် ။ ကွယ်ခဲ့တာတွေလည်းများပြီ ။
           ၁၉၅၁ ခုနှစ်က ထုတ်သော စာအုပ်တစ်အုပ်ထဲတွင် ထိုစဉ် ဗုဒ္ဓဘာသာဝင်တွေသည်  ကမ္ဘာ့လူဦးရေ
၏ သုံးပုံတစ်ပုံရှိသည် ဟု တွေ့ရ၏ ။ ယခု ဘယ်လောက် ကျန်တော့သနည်း ။ ယနေ့ကမ္ဘာတွင် ---
ခရစ်ယာန်       - သန်း ၂၀၀၀
မွတ်ဆလင်     - သန်း ၁၂၀၀
ဟိန္ဒူ             - သန်း ၁၀၀၀
ဗုဒ္ဓဘာသာ      - သန်း ၃၅၀       ရှိသည်ဟု သိရသည် ။ ဘာသာကြီးလေးရပ်အနက် ဗုဒ္ဓဘာသာသည်
အနည်းဆုံး ဖြစ်သွားလေပြီ ။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အထက်ဖော်ပြပါအကြောင်းများကြောင့်ပင် ဖြစ်သည် ။
          အမှန်တရားသည် တစ်ခါတစ်ရံ ခါးသီးတတ်လေသည် ။ သို့သော် မိမိ၏ ကျန်းမာရေးအတွက်
ဆေးခါးကြီးကို သောက်ရသလိုပင် အမှန်တရားကိုလည်း ရင်ဆိုင်ရဲရပေမည် ။ ဗုဒ္ဓတရားကို နှစ်နှစ်ကာကာ
ယုံကြည်သူတိုင်း ၊ ဗုဒ္ဓသာသနာတော်၏ အဆုံးအမကို လိုက်နာသူတိုင်း ၊ ဗုဒ္ဓယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုး
ထားသူတိုင်း လေးလေးနက်နက် စဉ်းစားကြရန် လိုနေလေပြီ ။
            ဗုဒ္ဓမြတ်စွာဘုရားသည် မိမိဟောကြားသော တရားအတိုင်း လိုက်နာနေထိုင် ကျင့်ကြံ ခြင်းကိုသာ
လိုလားတော်မူသည် ။ ၀က္ကလိ ရဟန်းကြီးအား ဟောကြားချက် ၊ ပရိနိဗ္ဗာန်စံဝင် တော်မမူမီ အာနန္ဒာအား
မှာကြားချက်တို့က ဤအချက်ကို ထင်ရှားစေသည် ။ မြတ်စွာဘုရားအား ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်းနှင့်
(ဘုရားဆုံးမသည့်အတိုင်း လိုက်နာသော ) အကျင့်ဖြင့် ပူဇော်ခြင်း ဟူ၍ ပူဇော်ခြင်း နှစ်မျိုး ရှိသည့်အနက်
မြတ်စွာဘုရားက အကျင့်ဖြင့် ပူဇော်ခြင်းကို ပို၍ လိုလားတော်မူလေသည် ။
           အင်ဒိုနီးရှားနိုင်ငံရှိ ဗောရောဗုဓောဘုရားကြီးသည် လည်းကောင်း ၊ အာဖဂန်နစ္စတန် နိုင်ငံ
ဘာမီယန်အရပ်ရှိ ကျောက်တောင်ကို ထွင်းထားသော ဆင်းတုတော်များသည် လည်းကောင်း ၊
အိန္ဒိယနိုင်ငံနှင့်နီပေါနိုင်ငံရှိ မြတ်စွာဘုရား၏ အထိမ်းအမှတ်ဌာနများသည် လည်းကောင်း ကမ္ဘာ့အံ့ဖွယ်များ
ဖြစ်ကြသလို ၊ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာများ ဖြစ်ကြ၏ ။ သို့သော်လည်း ထိုနိုင်ငံရှိ
လူများကား ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြပြီ ။
ကျမ်းညွှန်း -             
ဦးသန်းထွန်း (ရွှေဘို)
နှစ်ဆယ့်တစ်ရာစုနှင့်ဗုဒ္ဓတရားတော်
.........................................................................................................................