Monday, January 4, 2010

အ၀ိဇ္ဇာဖုံးလွှမ်းသော အမှောင်ခေတ်၏ပြယုဂ်များ






          အ၀ိဇ္ဇာဖုံးလွှမ်းသော အမှောင်ခေတ်၏ ပြယုဂ်များ

             လူတို့သည် အသိဥာဏ်မပွင့်ထွန်းသေးသော အမှောင်ခေတ်ကြီးကို ဖြတ်သန်းခဲ့ရ၏ ။

ထိုခေတ်ကမူ လူနှင့်လောက၏ အခြင်းအရာမှန်သမျှသည် လောက၏အပြင်ဘက်ရှိ တန်ခိုးရှင်

များက ဖန်တီးခြင်းအဖြစ် ယူဆယုံကြည်ခဲ့ကြ၏ ။ သို့အတွက် အဆိုပါတန်ခိုးရှင်များအား

ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် ကိုးကွယ်ခဲ့ကြ၏ ။

          လူ့လောကတွင် သဘာဝဘေးအန္တရာယ်များဖြစ်သော မိုးခေါင်ခြင်း ၊ ရေကြီးခြင်း ၊

မီးလောင်ခြင်း ၊ မြေပြိုခြင်း ၊ မီးတောင်ပေါက်ကွဲခြင်း ၊ ငလျင်လှုပ်ခြင်း ၊ တော်လဲခြင်း ၊ ဥက္ကာပျံ

ခြင်း ၊ နေကြတ်ခြင်း ၊ လကြတ်ခြင်း ၊ ရောဂါဖြစ်ပွားခြင်း စသည်တို့အပြင် လူ၏ပယောဂ

ကြောင့်ဖြစ်ရသော စစ်ဖြစ်ခြင်း ၊ မင်းပြောင်းမင်းလွဲဖြစ်ခြင်း ၊ တိုင်းပြည်ပျက်ခြင်း ၊ ငတ်မွတ်

ခေါင်းပါးခြင်း စသည်တို့သည်လည်း ပြင်ပမှ မမြင်ရသော တန်ခိုးရှင်တို့ကြောင့် ဖြစ်ရသည် ဟူ၍

လည်းကောင်း ၊ သာယာဝပြောခြင်း ၊ ငြိမ်းချမ်းခြင်း ၊ ရောဂါဘယကင်းခြင်း ၊ မိုးလေ၀သ မှန်ခြင်း ၊

သီးနှံအထွက်ကောင်းခြင်း စသည်တို့သည် တန်ခိုးရှင်တို့က မ,စ၍ ဖြစ်ရသည်ဟု လည်းကောင်း

ယုံကြည်ကြလေသည် ။

            ပညာရှိသုခမိန်ဆိုသူများ ၊ နတ်ဆရာများ ၊ ယဇ်ဘုန်းကြီးများ ၊ မှော်ဆရာများသည်

မသိနားမလည်သော လူတွေကို ခြောက်လှန့်ပြီး ခေါင်းပုံဖြတ်စားကြ၏ ။ သူတို့မစွမ်းနိုင်သော

ကိစ္စကြုံလာလျှင် တန်ခိုးရှင်နှင့် လှည့်ခြောက်ကြ၏ ။ ကပ်ရောဂါတစ်ခုကျရောက်လျှင်

စုန်းကဝေတွေလုပ်သည်ဟု လွှဲချကြ၏ ။ သူတို့မဖြေရှင်းနိုင်လျှင် နတ်တွေကို လက်ညှိုးထိုးပြ ကြ၏ ။

ထိုနတ်တွေ ၊ ကဝေတွေ ၊ စုန်းတွေကို မည်သူကသွားပြီး မေးမြန်းအတည်ပြုနိုင်ပါမည် နည်း ။

            ဤနည်းအားဖြင့် ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် နတ်ကိုးကွယ်မှုနှင့် အထူးထူးသော

ပူဇော်ပသမှုတွေ ပေါ်ထွန်းလာ၏ ။ အီဂျစ် ၊ ဘေဘီလုံ ၊ အဆီးရီးယား ၊ ကောလ်ဒီယား ၊ ဟစ်တိုက်

၊ ကနန်း ၊ ဖိနိရှန်း ၊ အမော်ရိုက် ၊ ဆူမားရီးယန်း ၊ အယ်လာမိုက် ၊ ကာသေ့ ၊ ရောမ ၊ ဂရိ ၊ မီးဒီး ၊

ပါရှန် ၊ အာရိယာန် စသော သမိုင်းဦးခေတ်လူမျိုးများတွင် အသီးသီးသော ကိုးကွယ်ရာနတ်များရှိ

ကြသည် ။ ခရစ်ယာန်ဘာသာပေါ်ပြီး အလယ်ခေတ်ဥရောပတွင်လည်း မကောင်းဆိုးဝါးများကို

ယုံကြည်ကြသည် ။ အိန္ဒိယနိုင်ငံတစ်ခုတည်းမှာပင် နတ်ပေါင်း ၃၃ -ကုဋေ ရှိသည်ဟု အဆိုရှိလေ

သည် ။

          အဆိုပါ နတ်ဘုရားများ ကျေနပ်စေရန် လူကိုပင်သတ်၍ ပူဇော်ကြ၏ ။ တိရစ္ဆာန်များ ကား

ပြောဖို့မလိုတော့ပေ ။ မရေတွက်နိုင်သော တိရစ္ဆာန်များ၏သွေးဖြင့် ယဇ်ပူဇော်ကြ၏ ။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ကောသလမင်းကြီးသည် ကြောက်လန့်ဖွယ်

ကောင်းသော အိမ်မက်များ မြင်မက်သဖြင့် ဗြဟ္မဏပုဏ္ဏားများအား မေးမြန်းရာ များပြားလှ သော

တိရစ္ဆာန်များအားသတ်၍ ပူဇော်ရန် တိုက်တွန်းကြသည် ။ သတ်ရန်လှောင်ထားသော

တိရစ္ဆာန်များ၏ အော်ဟစ်ညည်းညူသံကိုကြားရသော မိဖုရားကြီးက မြတ်စွာဘုရားထံ

လျှောက်ထားရာမှ တရားဟောပြသောကြောင့် တိရစ္ဆာန်များ အသက်ချမ်းသာရာ ရကြလေ သည် ။

          မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ်မှစ၍ ကြက်ဝက်သတ်ပြီး နတ်ပူဇော်သော အလေ့

အထထွန်းကားခဲ့သဖြင့် အနော်ရထာ ၊ ကျန်စစ်သား ၊ ဘုရင့်နောင် ၊ အလောင်းမင်းတရား

တို့လက်ထက်တွင် ပိတ်ပင်ခဲ့ရလေသည် ။

          ရှေးဖားရိုးခေတ် အီဂျစ်ပြည်တွင် ဖားရိုးဘုရင်သေလွန်လျှင် သူ၏ အခြွေအရံ မိဖုရား

မောင်းမများ ၊ ကျွဲနွားမြင်း စသည့် သက်ရှိများနှင့် သက်မဲ့အသုံးအဆောင်များကို တမလွန်ဘဝ

တွင် အသုံးပြုရန်အတွက် ဘုရင့်အလောင်းနှင့်အတူ ပိရမစ်ကျောက်ဂူကြီးအတွင်း ထည့်၍

မြှုပ်နှံကြလေသည် ။ ဤသည်တို့ကား အသိမှားမှု အ၀ိဇ္ဇာဖုံးလွှမ်းသော အမှောင်ခေတ်၏

ပြယုဂ်များပင် ဖြစ်၏ ။

  

ကျမ်းညွှန်း -             


ဦးသန်းထွန်း (ရွှေဘို)


နှစ်ဆယ့်တစ်ရာစုနှင့်ဗုဒ္ဓတရားတော်


...............................................................................................................

  

တန်ခိုးရှင်






                             တန်ခိုးရှင်

          လူတွေက တန်ခိုးရှင်ကို ရှာနေကြ၏ ။ အချို့ပုဂ္ဂိုလ်တို့သည် မိမိကိုယ်တိုင် တန်ခိုးရှင်

အဖြစ် သူတစ်ပါး အထင်ကြီးအောင် လုပ်နေကြသည် ။

        ဗုဒ္ဓတရားအရ လူတစ်ယောက်အား အခြားတစ်ယောက်က တန်ခိုးဖြင့် သံသရာမှ

(ဆင်းရဲဒုက္ခမှ) လွတ်မြောက်အောင် မလုပ်နိုင်ပေ ။ ဗုဒ္ဓမြတ်စွာဘုရားပင် မလုပ်နိုင်ပေ ။ ဗုဒ္ဓ

မြတ်စွာဘုရားသည် ဖန်ဆင်းရှင်မဟုတ်ပေ ။ သံသရာမှထွက်မြောက်ရန်နှင့် လောကအတွင်း

နေထိုင်စဉ် အတွေးမှန် ၊ အပြောမှန် ၊ အလုပ်မှန်ဖြစ်ရန် လမ်းညွှန်ပြသော ပုဂ္ဂိုလ်သာ ဖြစ်လေ

သည် ။

         ဗုဒ္ဓတရားတွင် သူတစ်ပါးမသိနိုင်သော အသိခက်သောကျင့်စဉ်များဟူ၍ မရှိပေ ။

ရဟန်းဖြစ်စေ ၊ လူဖြစ်စေ တစ်မျိုးတည်းသော ကျင့်စဉ်ကိုသာ ကျင့်ကြံရလေသည် ။ ဒါနပြုခြင်း ၊

သီလဆောက်တည်ခြင်း ၊ ဘာဝနာပွားခြင်း စသည်တို့ကို တစ်မျိုးတည်း တစ်လမ်း တည်းသာ

ကျင့်ကြံကြရသည် ။ ၀ိပဿနာရိပ်သာများတွင် တရားအားထုတ်ကြရာ ၀ိပဿနာ နည်းပြဆရာက

ဗုဒ္ဓနည်းအတိုင်း တရားကျင့်သူ ယောဂီများအား ဟောပြောပြသ၏ ။ ထိုအထဲ တွင် ရဟန်းလည်း

ပါမည် ၊ လူဝတ်ကြောင်လည်းပါမည် ၊ ယောက်ျားလည်းပါမည် ၊ မိန်းမလည်း ပါမည် ၊ လူကြီးလည်း

ပါမည် ၊ ကလေးလည်းပါမည် ။ ရဟန်းဖြစ်သောကြောင့် လူနှင့်မတူသော အတွင်းလမ်း ၊ အတွင်း

ကျင့်စဉ်များ မကျင့်ရပေ ၊ ရှိလည်းမရှိပေ ။ ဗုဒ္ဓနည်းသည် သတိဖြင့် အချိန်မလပ် ရှုမှတ်နှလုံးသွင်း

နေသော သတိပဋ္ဌာန်နည်းသာ ဖြစ်၏ ။ အခြားနည်းမရှိပေ ။ သတိကိုဖြစ်စေရန် နည်းလမ်းအမျိုး

မျိုး ပရိယာယ်အသွယ်သွယ်ဖြင့် ဟောကြားပြသခြင်းသာ ရှိပေသည် ။

         ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ပထမသင်္ဂါယနာတင်ပြီးချိန်မှစ၍ ဂိုဏ်း

အမျိုးမျိုးတွေ ကွဲလာကြသည် ။ အဓိကမှာ ထေရ၀ါဒနှင့် မဟာယာန နှစ်မျိုးပင် ဖြစ်သည် ။

မဟာယာနသည် ဗုဒ္ဓအား ဖန်ဆင်းရှင်ထာဝရဘုရားအဖြစ် ပြောင်းလဲပစ်လိုက်သည် ။ တန္တရာယာန

ဗုဒ္ဓတရား၏ အနှစ်သာရများကို စွန့်ပစ်လိုက်ကြသည် ။ ထိုဂိုဏ်းတို့၏ ကျင့်စဉ်တွင် အတွင်းလမ်း ၊

အပြင်လမ်း ၊ သာဝကလမ်း ၊ ဗောဓိသတ္တလမ်း စသည်ဖြင့် ဖြစ် ပေါ်လာလေသည် ။

          မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ်မတိုင်မီ ပျူမြို့ပြခေတ် ( ဗိဿနိုး ၊ သရေခေတ္တရာ ၊

ဟန်လင်း ) စသည့် ၊ မွန်မြို့ပြခေတ် (သထုံ) ၊ ရခိုင်မြို့ပြခေတ် (ဝေသာလီ) တို့မှာပင် အိန္ဒိယ မှ

ကူးလာသော တန္တရ ၊ မန္တရဂိုဏ်း ၊ မဟာယာနဂိုဏ်း ၊ နတ်နဂါးကိုးကွယ်မှု ၊ အရည်းကြီး ၊ ဟိန္ဒူ

စသည်တို့ ရောထွေးနေကြောင်း သမိုင်းအထောက်အထားများ ရှိနေလေသည် ။

           အနော်ရထာမင်းကြီးသည် ထေရ၀ါဒဗုဒ္ဓဘာသာကို လက်ခံယုံကြည်သော်လည်း အထက်ပါ

ရောထွေးမှုများ လုံးဝ မကင်းစင်ခဲ့ပေ ။ လူများစုနှင့် မဆန့်ကျင်အောင် အထိုက် အလျောက်

ကျင့်ခဲ့ရသည် ။ ကျန်စစ်သားလက်ထက်တွင်လည်း အလားတူပင် ၊ ( ကျန်စစ်သား နန်းတည်

ကျောက်စာတွင် နတ်နဂါးကိုးကွယ်မှု ၊ ဗြဟ္မဏပုဏ္ဏားတို့၏ ဦးဆောင်မှု ကို တွေ့ရှိရသည် ။ )

ထိုအချိန်မှစ၍ မြန်မာ့သမိုင်းတစ်လျှောက်တွင် ဤယုံကြည်ကိုးကွယ်မှု သည် အသွင်အမျိုးမျိုးဖြင့်

တည်နေခဲ့လေသည် ။

           မည်သို့ပင်ဖြစ်စေ ထေရ၀ါဒဗုဒ္ဓဘာသာသည် ၄င်းတို့မဟုတ်ပေ ။ ထေရ၀ါဒပိဋကတ်

တော်သည် မြတ်စွာဘုရား ဟောကြားခဲ့သော တရားတော်များကို သင်္ဂါယနာခြောက်ကြိမ်တင်

ထားသော စစ်မှန်သော ဗုဒ္ဓတရားများ ဖြစ်လေသည် ။ ထေရ၀ါဒဗုဒ္ဓတရားကို ကျင့်ကြံလိုသူ သည်

အဆိုပါ ပိဋကတ်တော်များကို လေ့လာရန်ပင်ဖြစ်၏ ။ ထိုတွင် အတွင်းလမ်း ၊ အပြင်လမ်း ၊

အထက်လမ်း ၊ အောက်လမ်း ၊ ၀ိဇ္ဇာလမ်း ၊ ဂန္ဓာရီလမ်းများ မပါရှိပေ ။

           မြတ်စွာဘုရားက ကိုးကွယ်မှုမှားလျှင် ဘေးဖြစ်စေသည်ဟု ဟောခဲ့၏ ။ ထို့အပြင် လူတို့

သည် ဘေးဖြင့် ထိတ်လန့်သည်ဖြစ်၍ တောတို့ကိုလည်းကောင်း ၊ တောင်တို့ကိုလည်းကောင်း ၊

အရံတို့ကိုလည်းကောင်း ကိုးကွယ်ကြ၏ ။ ထိုကိုးကွယ်ခြင်းသည် မှန်ကန်သော ကိုးကွယ်ခြင်း ၊

ဘေးကင်းသောကိုးကွယ်ခြင်း မဟုတ်ဟူ၍လည်း ဓမ္မပဒတွင် ဟောထားသည် ။

  

ကျမ်းညွှန်း -             


ဦးသန်းထွန်း (ရွှေဘို)


နှစ်ဆယ့်တစ်ရာစုနှင့်ဗုဒ္ဓတရားတော်


...............................................................................................................

  

ရိုးရာဓလေ့မှ နတ်တို့၏အနေအထား






                 ရိုးရာဓလေ့မှ နတ်တို့၏အနေအထား

                 မြန်မာတို့၏ ရိုးရာဓလေ့မှ နတ်တွေနှင့်ပတ်သက်ပြီး ပြောရမည်ဆိုလျှင်

ကုန်နိုင်ဖွယ် မရှိပါ ။ အဘယ်ကြောင့်ဆိုသော် အတွင်း(၃၇) ၊ အပြင်(၃၇)မင်းအပြင် ၊

ထိုအတွင်း,အပြင်တွင် မပါဝင်သေးသော ရိုးရာနတ်တွေလည်း အများအပြား ကျန်ရှိ

နေသေးသောကြောင့် ကျန်နတ် များကို နောက်ထပ်အဖွဲ့ သို့မဟုတ် အလယ်(၃၇)မင်း

အုပ်စုတစ်စုဖွဲ့ဦးမည်ဆိုလျှင် နောက်ထပ် အုပ်စုတစ်စု ထပ်မံပေါ်ထွက်လာနိုင်ဖွယ်ရာ

ရှိ၍ ထိုအုပ်စုနှင့်ပတ်သက်ပြီး နတ်များ၏ သမိုင်း ကြောင်းများကို အကျယ်ရေးပြရန်

နေရာမပေးနိုင်ပါ ။

            သို့ရာတွင် အထက်(အညာ)ဒေသအရပ်တွင် နေထိုင်ကြသော ဗုဒ္ဓဘာသာဝင် မြန်မာ

လူမျိုးများ၏ (ယေဘုယျသဘောအားဖြင့်) နတ်တို့အပေါ်တွင်ထားရှိသော စိတ်နေစိတ်ထား

များကို ဤနေရာတွင် အနည်းငယ်တင်ပြလိုပါသည် ။ အတွေ့အကြုံများကို အခြေခံပြီးရေးသား

တင်ပြထားသော စာရေးဆရာမကြီး လူထုဒေါ်အမာ၏ နတ်တွေနှင့်စပ်ပြီး တင်ပြထားသော

“ အမေ့သတိရတဲ့ ပွဲတောင်ပြုံးအတွေ့အကြုံ “  ဆောင်းပါးမှ စိတ်ဝင်စားစရာတစ်ချို့ကို

ကောက်နှုတ်တင်ပြလိုပါသည် ။ တောင်ပြုံးပွဲ အတွေ့အကြုံနှင့် နတ်ကိုးကွယ်မှုဆိုင်ရာနှင့် ပတ်

သက်သော မိသားစုအတွေ့အကြုံလေးများမို့ ဤနေရာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည် ။

စေတနာဖြင့် ရေးသားထားသော ဆရာမကြီး၏ဆောင်းပါးသည် သူတို့ခေတ် ၊ သူတို့ အခါက

တောင်ပြုံးပွဲအတွေ့အကြုံများကို ပေါ်လွင်ထင်ရှားအောင် ရေးသားထားသည်ကို တွေ့ နိုင်သည် ။

             “ တောင်ပြုံးမှာ အရင်ကတော့ အရက်ဆိုင်က ပုန်းလျှိုးကွယ်လျှိုးရောင်းကြရတာ ၊

ခုတော့ အထင်ကရအရက်ဆိုင်ကြီးတွေအပြင် ၊ အရက်ဆိုင်သေးသေးလေးတွေပါ မရေမတွက်

နိုင်အောင် ပေါများပါတယ် ။ အရက်ဆိုင်အလတ်စားတွေရှိတယ် ။ တောအရက်ဆိုင်တွေရှိ တယ် ။

ထွေးညိုရတယ် ၊ ဘီယာမျိုးစုံရတယ် ၊ မရတာ ဘာမှမရှိဘူး ။ ကျွန်မတို့သွားခဲ့တုန်းက

နတ်ရုပ်တွေစီတင်ထားတဲ့ နတ်ကတော်တွေရဲ့ ကနားငယ်ကလေးတွေဟာ (၁၀၀)(၉၀) လောက်ပဲ

ရှိတာပါ ။ ဒါကိုများလှပြီထင်နေခဲ့တာ ။ ဒီနှစ် တောင်ပြုံးမှာ အဲဒီ နတ်ကတော်များရဲ့

ဆိုင်ကနားအားလုံး (၂၈၅၀) ရှိပါသတဲ့ ။" ( လူထုဒေါ်အမာ - အမေ့သတိရတဲ့ ပွဲတောင်ပြုံး ။

ရွှေမြန်မာမဂ္ဂဇင်း ၊ အမှတ်(၄) ၊ စင်္ကပူနိုင်ငံ ၊ ၂၀၀၃ ၊ နှာ-၂၂ )

              စစ်မှန်သော ထေရ၀ါဒဗုဒ္ဓသာသနာ ထွန်းကားနေသော မြန်မာနိုင်ငံမျိုးမှာ ဤကဲ့သို့

အဆီးအတားမရှိဘဲ ဖြစ်ချင်တိုင်းဖြစ်နေခြင်းအတွက် ၀မ်းနည်းဖွယ်ကောင်းလှသည် ။ မှားယွင်း

သော နတ်ကိုးကွယ်မှုတွေအတွက် ပြုပြင်စရာတွေ ၊ တားမြစ်စရာတွေကတော့ အများကြီး ရှိ

နေပါ၏ ။ သို့သော် ဤကဲ့သို့သောကိစ္စများကို ကိုယ်ပိုင်အသိတရား ၊ ကိုယ်ပိုင်အသိဥာဏ်တို့ ဖြင့်

ပြုပြင်သင့်သလား ၊ သို့မဟုတ် အနော်ရထာမင်းကြီးတို့ကဲ့သို့ ကရုဏာ ၊ စေတနာတို့နှင့် ယှဉ်လျက်

မင်းအာဏာတို့ဖြင့် ပြုပြင်သင့်သလားဆိုသည့် အချက်ကိုသာ လေးလေးနက်နက် စဉ်းစားကြဖို့ပင်

ရှိတော့၏ ။ ဗုဒ္ဓဘုရားရှင်၏ ဖြူစင်သော သာသနာတော်ကြီးကို စောင့်ရှောက် နိုင်သော

သာသနာပြုပုဂ္ဂိုလ်များ ပေါ်ထွန်းလာနိုင်ပါစေ ။

           လူထုဒေါ်အမာတို့ မိသားစုဝင်အချို့မှာလည်း ရိုးရာဓလေ့ထုံးစံကို မလွန်ဆန်နိုင်ကြ

သေး၍ နတ်များကို ပူဇော်ပသနေသေးသည်ကို တွေ့နိုင်သည် ။ သို့သော် အလွန်အကျွံမဖြစ်

ကြရလေအောင် သတိတရားနှင့်ပူဇော်ပသနည်းမျိုး ဖြစ်၍လည်းကောင်း ၊ ပစ္စုပ္ပန် , သံသရာ

အပြစ်ကင်းလွတ်အောင် ရိုးရာမပျက်ရုံလောက်သာ ပြုလုပ်နေသော ပူဇော်ပသနည်းမျိုး ဖြစ်၍

လည်းကောင်း ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်နိုင်ရန် ဤနေရာတွင် ထည့်သွင်းဖော်ပြ

လိုက်ပါသည် ။

           “ ဒီနေရာမှာ ကျွန်မတို့ နတ်ကိုးကွယ်ပုံကို နည်းနည်းရေးပါရစေ ။ ကျွန်မတို့ ငယ်ရွယ် တဲ့

အဲဒီခေတ်တုန်းက အညာက မြန်မာတွေဟာ အိမ်တွင်း မင်းမဟာဂီရိနတ်ကို ပူဇော်ပသ

ကြသူများပါတယ် ။ အိမ်မှာ နတ်အုန်းဆွဲကြတဲ့ အလေ့ရှိပါတယ် ။ မဆွဲတဲ့လူက နည်းနည်းပါ ။

ကျွန်မတို့ အဘိုးအိမ် ( အမေ့အဖေကတော့) အုန်းမဆွဲပါဘူး ။ ကျွန်မတို့အဘိုး ဦးအောင်ဖြိုး က

မန္တလေးမြို့မှာ မြို့မျက်နှာဖုံးတစ်ဦးပါ……….။

           အဲဒီအဘိုးက သားမရှိသမီးမရှိတဲ့ သူ့အစ်မမုဆိုးမ ဖြစ်သွားတဲ့အခါ အစ်မကို စောင့်

ရှောက်ဖို့ အဘိုးတို့ အိမ်ထောင်က အစ်မနဲ့လာပြီး ပေါင်းနေရသတဲ့ ။ သူ့အစ်မအိမ်က နတ်

အုန်းဆွဲပါတယ် ။ အစ်မယောက်ျားက ပတ္တမြားကျောက်ကုန်သည်ကိုး ။ အဲဒီတော့ သူတို့အိမ် က

အုန်းတော်ကို တခြားလူများနည်းတူ ရိုရိုသေသေ တခမ်းတနား ဆွဲတာပါပဲ ။ သူ့အစ်မ

အုန်းဆွဲပြီးတဲ့နေ့တစ်နေ့မှာ ကိစ္စတစ်ခုရှိလို့ အစ်မအပြင်ခဏထွက်သွားတော့ ၊ အဘိုးက သူ့

အစ်မကို လွယ်လွယ်ပြောလို့  ရချင်မှရမယ်ဆိုပြီး သူ့အစ်မ မရှိခိုက် ခုတွင်ကဆွဲသွားတဲ့ အုန်း

တော်ကိုချပြီး သားသမီးတွေနဲ့ခွဲစားပစ်လိုက်ကြသတဲ့ ။

           အစ်မပြန်လာတော့ သူ့အုန်းတော်ကို ခွဲစားလို့ သူ့မောင်ကို ဒါလောက်မိုက်ရမလားဆို ပြီး

အထပ်ထပ်အပြစ်တင်တယ် ။ အရှင်ကြီးကိုလည်း ကြောင့်လန့်တကြား အထပ်ထပ်

တောင်းပန်တိုးလျှိုးတယ် ။ ဒါပေမယ့်လည်း အုန်းတော့ထပ်ပြီး မဆွဲရဲတော့ဘူး ။ ထပ်ဆွဲရင်

သူ့မောင်က ထပ်ခွဲစားမှာ စိုးရတာကိုး ။ အဲဒီကတည်းကစပြီး ကျွန်မတို့ခေတ်အထိ အုန်းဆွဲတဲ့

အလေ့မရှိတော့ဘူး ။

            ဒါဖြင့် နတ်ကိုတင်မြှောက်ပသမှု ဘာဆိုဘာမှ မရှိတော့ဘူးလားလို့ မေးရင်တော့ဖြင့်

ကျွန်မတို့အဘွား (ဦးအောင်ဖြိုးရဲ့ဇနီး) က မုံရွာအနောက်ဘက်က လက်တောင်းကြီးသူမို့ သူ့

မိဆိုင်ဖဆိုင်ဆိုပြီး တပေါင်းလမှာ အမေကြီးလို့ခေါ်တဲ့ အမေရေယဉ်နတ်ကို မုန့်ဖြူ ၊ မုန့်နီ နဲ့

တင်ပါတယ် ။ တစ်နှစ်တစ်ကြိမ်တင်ပါတယ် ။ အဲဒီအလေ့တော့ ယနေ့ထက်အထိ ကျွန်မတို့

အားလုံးကိုယ်စား အစ်မကြီးဒေါ်ဦးက ဆက်လက်တာဝန်ယူ တင်သနေပါသေးတယ်…။ "

             အထက်ပါစကားရပ်များသည် လူထုဒေါ်အမာ၏ “ အမေ့သတိရတဲ့ပွဲ တောင်ပြုံး

အတွေ့အကြုံ “ ဆောင်းပါးမှ ကောက်နှုတ်ချက် ဖြစ်သည် ။ အမှန်မှာမူ တောင်ပြုံးပွဲ အတွေ့

အကြုံမျှ မဟုတ်ဘဲ ၊ နှစ်ဆယ်ရာစုခေတ်နှောင်းပိုင်းနှင့်လက်ရှိအညာဒေသရှိ လူအချို့၏ နတ်

ကိုးကွယ်မှုဆိုင်ရာ ဓလေ့ထုံးစံများကိုလည်း ထင်ဟပ်ပေါ်လွင်စေသည် ။ အညာဒေသရှိ တန့်

ဆည်မြို့နယ် ၊ ကန့်ဘလူမြို့နယ်များတစ်ဝိုက်ရှိ နတ်ကိုးကွယ်မှုကို ပြုကြရာတွင် တစ်ယောက် က

တစ်ရာရဲ့ကိုယ်စား ၊ တစ်ယောက်က တစ်ရွာရဲ့ကိုယ်စားဆိုသလို ပူဇော်ပသခြင်းမျိုးကို ပြု

ပေးနေကြသဖြင့် နတ်ကိုးကွယ်မှု အစဉ်အလာ လုံးဝမကင်းနိုင်သေး၍ ကိုးကွယ်မြဲ ၊ ပူဇော်ပသ မြဲ

ပြုလုပ်နေကြရသေးသော်လည်း ၊ လွန်လွန်ကျွံကျွံ ၊ မှားမှားယွင်းယွင်းများဖြင့် နတ်တို့ကို

အကြောက်တရားဖြင့် ပူဇော်ပသနေရခြင်းမျိုးတွေနှင့်နှိုင်းစာလျှင် တော်ပေသေးသည်ဟု ဆိုရ

ပေတော့မည် ။

            အညာဒေသမှာလည်း အမှားကြာ၍ အမှန်ဖြစ်နေသည့် အစွဲမှား ၊ အယူမှားများ ကျန်

ရှိနေပါသေးသည် ။ ထိုအထဲမှ ထင်ရှားရာတစ်ချို့ကိုတင်ပြရလျှင် အချို့ဒေသများတွင် သင်္ကန်း

မ၀တ်မီ ရှင်လောင်းများ(ကိုရင်ဝတ်မည့်သူများ) ကို နတ်နန်းအဖြစ်သတ်မှတ်ထားသော နတ် များ၏

နေရာများသို့သွားရောက်ပြီး ပြသနေကြဆဲ ဖြစ်သည် ။ မင်္ဂလာမဆောင်မီ သတို့သား ၊

သတို့သမီးလောင်းများကို နတ်တို့အား သွားရောက်ပြသနေရဆဲ ဖြစ်သည့် မိရိုးဖလာဓလေ့ထုံး

စံများလည်း အချို့အညာဒေသများတွင် ရှိနေသေးသည် ။ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်

ဖြစ်လိုသူတို့အတွက် အလေ့အထအမှားများနှင့်စပ်လျဉ်း၍ သတိပြုစရာ အချက်များပင် ။ ဒီပဲ

ယင်းနယ်မှာ မင်္ဂလာဆောင်ပြီး မကြာခင်ကမှ ရန်ကုန်သို့ပြန်လာသော ခင်ဦးသား မောင်ထွန်း

ထွန်း၏ ပြောပြချက်အရ သူတို့မင်္ဂလာဆောင်စဉ်က မင်္ဂလာမဆောင်မီ တစ်ရက်အလိုမှာ

ငှက်ပျောဖီး အဖီးငါးဆယ် ၊ အုန်းသီး အလုံးနှစ်ဆယ်တို့ဖြင့် ရိုးရာနတ်တို့ကို သွားရောက်ပြသ

ခဲ့ရသေးကြောင်း မောင်ထွန်းထွန်း ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့၍ အံ့သြမှုများ ဖြစ်ရပါ သည် ။

ယောက္ခမဖြစ်သူများနှင့် သူ့ဇနီးချောလေးတို့၏ ဆန္ဒကို မဆန့်ကျင်လို၍သာ ပြုလုပ်ခဲ့ရ သော်လည်း

သူ၏စိတ်ထဲမှာမူ ဘာသာတရားအမြင်အရရော ၊ ခေတ်အမြင်အရပါ အဓိပ္ပာယ်မဲ့ လှ၍

ဤကဲ့သို့သော ယုံကြည်မှုတွေအတွက် စိတ်ပျက်မိကြောင်း ဖွင့်ဟပြောဆိုခဲ့ပါ၏ ။ မဟုတ်မရာကို

အစွဲအလမ်းကြီးနေကြသူများအတွက် သတိထားဖွယ်ကောင်းလှသည် ။

             ဤပုံဤနည်းဖြင့် ထိုထိုအရပ်ဒေသတို့တွင် တကယ်ထင်ရှားမရှိနိုင်တော့သော နတ်

များကို ထင်ရှားရှိသယောင်ယောင်ပြု၍ ကိုးကွယ်ပူဇော်ပသနေရခြင်းမျိုးတို့သည် ဗုဒ္ဓဘာသာ

ဝင်ဖြစ်သူများအတွက် အဓိပ္ပာယ်မဲ့လှသည် ။ ဤကဲ့သို့ ပြုလုပ်နေခြင်းမျိုးတွေသည် မသူတော်

တရားတွေကို ရှင်သန်နေအောင် အားပေးအားမြှောက်ပြုပေးနေသလိုလည်း ဖြစ်နေ၍ ဥာဏ်

နှင့်စဉ်းစားဆင်ခြင်သင့်ကြပြီ ဖြစ်၏ ။ အကယ်၍သာ ဗုဒ္ဓဘာသာဝင်များသည် နတ်တို့အား

တရားတော်နှင့်လျော်ညီသော ပူဇော်ခြင်းမျိုးဖြင့် ပူဇော်လိုကြပါလျှင် တရားမနာမီ

(ပရိတ်တရားမနာမီ) နတ်တို့ကို တရားနာဖိတ်ခြင်း ၊ မေတ္တာပို့ခြင်း ၊ ကုသိုလ်အမျှများကို

အထူးပေးဝေခြင်းစသည်များကို စနစ်တကျပြုလုပ်သင့်ပါသည် ။ ဤကဲ့သို့ ပြုလုပ်ပေးခြင်း

သည်သာ တရားနှင့်လည်း အကြောင်းအကျိုးဆီလျော်ပြီး ၊ တိုးတက်နေသောခေတ်နှင့်လည်း

လျော်ညီလှပါသည် ။ အကျိုးတရားအနေနှင့် ဖြစ်ထွန်းလာနိုင်သည်မှာ နတ်ကိုးကွယ်မှုနှင့်စပ်၍

တာဝန်နည်းပါးခြင်း ၊ ဗုဒ္ဓဘာသာတရားကို ဖြူဖြူစင်စင်ဖြင့် ကိုးကွယ်နိုင်ခြင်း ၊ ဗုဒ္ဓဘာသာတရားကို

ကိုးကွယ်ခြင်းနှင့် နတ်များကို ကိုးကွယ်ခြင်းနှစ်ခုတို့အကြား ရောထွေး ယှက်တင် မရှိတော့ခြင်း

စသော အကျိုးတရားများကို ဖြစ်ထွန်းစေနိုင်ပါသည် ။ ဗုဒ္ဓဘာသာဝင် ကောင်းတစ်ယောက်

ဖြစ်လိုသူတို့အတွက် အတုယူစရာ ၊ ဆင်ခြင်စဉ်းစားစရာအဖြစ် တင်ပြ လိုက်ရခြင်းဖြစ်သည် ။

သတိတရား ၊ အသိတရားတို့နှင့်ယှဉ်သော သဒ္ဓါတရားမျိုးဖြင့် ဗုဒ္ဓသာသနာတော်ကြီးကို

ကိုးကွယ်ဆည်းကပ်နိုင်ကြပါစေ ။

  

             


ဒေါက်တာအရှင်ဓမ္မပိယ(ပါမောက္ခ)

(အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၊ ရန်ကုန်)

ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်မှုရှင်းတမ်း

...............................................................................................................

  

ဗုဒ္ဓစာပေကျမ်းဂန်များမှ နတ်တို့၏အနေအထား






           ဗုဒ္ဓစာပေကျမ်းဂန်များမှ နတ်တို့၏အနေအထား

               ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဗုဒ္ဓတရားတော်များကို ယုံယုံကြည်ကြည်ဖြင့်

ကိုးကွယ်လာခဲ့ကြသည်မှာ အနော်ရထာမင်းလက်ထက် (သက္ကရာဇ်၄၀၆-၄၃၉) မှစ၍

ရေတွက်မည်ဆိုလျှင် နှစ်ပေါင်းရာထောင်ချီ၍ ရှိနေခဲ့ပြီ ။ ထိုနည်းတူစွာပင် ဗုဒ္ဓဘာသာမ်ြန်မာ

လူမျိုးတို့ အလေးအမြတ်ထား၍ ရွတ်ဖတ်ပွားများနေသော ပရိတ်တရားတော်များသည်လည်း

မြန်မာပြည်အရပ်ရပ်သို့ ပျံ့နှံ့နေသည်မှာလည်း နှစ်ပေါင်းရာထောင်ချီ၍ ရှိနေပြီဟု ဆိုနိုင်ပါ သည် ။

ထိုသို့ဖြစ်ခဲ့လျှင် မြန်မာပြည်သူ ပြည်သားများ ယုံယုံကြည်ကြည် ၊ လေးလေးစားစား ဖြင့်

ရွတ်ဖတ်ပွားများ သရဇ္ဈာယ်နေကြသော ပရိတ်တရားတော်များသည်လည်း မြန်မာပြည်သူ

ပြည်သားတို့၏ နှလုံးသားဝယ် စွဲမြဲနေသည်မှာလည်း ထိုနေ့များမှသည် ဤနေ့များသို့တိုင် အောင်

နှစ်တွေထောင်နှင့်ချီ၍ ရှိနေပြီ ဖြစ်သည် ။

             ထိုပရိတ်တရားတော်များတွင် ဒေ၀ရာဇာခေါ်နတ်တို့၏မင်း သို့မဟုတ် နတ်တို့၏

အရှင်သခင်ဖြစ်သော သိကြားမင်းမှစ၍ နတ် , ဗြဟ္မာတို့၏ အမည်နာမများ ၊ နတ်တို့၏အနေ

အထားများကို တိတိကျကျဖော်ပြထားသည် ။ သို့သော်အများစုဖြစ်သော ဗုဒ္ဓဘာသာဝင်

မြန်မာလူမျိုးတို့သည် ကျမ်းဂန်ဗဟုသုတနည်းပါးခြင်း ၊ တရားမနာ တရားမဆွေးနွေးခြင်း ၊

တရားစာအုပ်များကို မဖတ်မလေ့လာခြင်းစသော အကြောင်းများကြောင့် ဘာသာတရားတွင်

ဖော်ပြထားသော နတ်တို့၏အနေအထားကို ကွဲကွဲပြားပြား ဂဃနဏ မသိနိုင်ခဲ့ကြပါ ။ ဤကဲ့သို့

မသိနိုင်ခဲ့ကြ၍ နတ်တွေကို ထားသင့်သောနေရာတွင် မထားနိုင်ကြတော့ပဲ ၊ သခင်ကိုကျွန်ထင် ၊

ကျွန်ကိုသခင်ထင် စသော အဖြစ်မျိုးတွေနှင့် တွေ့ကြုံနေကြရတော့သည် ။

             မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ်အခါက မြတ်ဗုဒ္ဓ၏ အဆုံးအမတရားတွေကြောင့်

မဂ်ဖိုလ်တရားထူးများကို ရရှိသွားကြသော ကျွတ်တမ်းဝင်ဝေနေယျသတ္တ၀ါတွေထဲတွင် နတ် ,

ဗြဟ္မာဦးရေသည် လူဦးရေထက် အရေအတွက်များနေတာကို ဗုဒ္ဓစာပေသမိုင်းကြောင်းများ အရ

သိနိုင်ပါသည် ။ မဂ်ဖိုလ်တရားထူးများကိုလည်း ရရှိထားကြပြီး ၊ မြတ်ဗုဒ္ဓ၏

တပည့်သာဝကများလည်းဖြစ်ကြသော မရေမတွက်နိုင်အောင်များပြားလှသော နတ် , ဗြဟ္မာ

တို့သည် မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို နာကြားလိုကြသည် ။ တရားဓမ္မများကို ရွတ်ဖတ်ပွားများ

သရဇ္ဈာယ်နေကြသော ပုဂ္ဂိုလ်များကိုလည်း အစောင့်အရှောက်များပေးလိုကြသည် ။ ဤအခြေ

အနေမှန်များကို သဗ္ဗညုတရွှေဥာဏ်တော်ဖြင့် သိမြင်တော်မူသော ဘုရားရှင်သည် သတ္တ၀ါ 

အားလုံးတို့၏ အကျိုးစီးပွားအတွက် ကရုဏာပြဋ္ဌာန်းလျက် ဥာဏ်တော်အစွမ်းဖြင့် ဟောကြား

ထားတော်မူခဲ့သော ပရိတ်တရားတော်တွေထဲမှာ နတ်တို့၏အနေအထားကို အတိအလင်းဖော်

ပြထားသည် ။ ပရိတ်တရားတော်များတွင် နတ်ဒေ၀ါများကို အကိုးကွယ်ခံ ၊ အပူဇော်ခံကြွ

ရောက်ကြဖို့ ဖိတ်မန်ထားခြင်းမျိုးမဟုတ်ဘဲ ပရိတ်တရားတော်များကို အတူတကွနာကြားကြ ရန်

ကြွရောက်ကြဖို့နှင့် ပရိတ်ရွတ်ဖတ်သရဇ္ဈာယ်သူတို့အား အစောင့်အရှောက်များပေးကြရန်

တိုက်တွန်းထားကြောင်းကို တွေ့နိုင်သည် ။

        အများစုဖြစ်သော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ထိုပရိတ်တရားတော်များ အရ

စကြ၀ဠာတစ်ခွင်တွင် နေထိုင်ကြကုန်သော နတ်ဗြဟ္မာများ ရှိနေကြောင်းကိုမူ သိထားကြ

သော်လည်း ထိုနတ်တွေ ၊ ဗြဟ္မာတွေသည် မြတ်ဗုဒ္ဓသာသနာတော်တွင် ဘယ်အနေအထား

မျိုးတွင်ရှိနေကြသည် ဆိုတာမျိုးကိုမူ ကျမ်းဂန်ဗဟုသုတ အထိုက်အလျောက်ရှိသူများသာ သိ

နိုင်ကြ၍ ကျမ်းဂန်သဘောနှင့်နှီးနှောသိနိုင်ရန် နတ် ဗြဟ္မာတွေအကြောင်းကို အနည်းငယ်

ပြောပြလိုပါသည် ။ ပရိတ်တရားတော်မှလာသော နတ်ဗြဟ္မာတွေကို အကိုးကွယ်ခံ ၊ အပူဇော် ခံ

ကြွရောက်ကြဖို့ ဖိတ်မန်ထားခြင်းမျိုး ဟုတ်မဟုတ် ၊ အကယ်၍ မဟုတ်ခဲ့လျှင် ဘယ်အနေ

အထားမျိုးမှာ ရှိနိုင်သည် ၊ ဘယ်အနေအထားမျိုးမှာ ရှိသင့်သည် ဆိုတာမျိုးကို ကျမ်းဂန်

သဘောအရ ဂဃနဏသိထားသင့်ပါသည် ။ ထိုကဲ့သို့ သိထားခြင်းဖြင့် ဗုဒ္ဓဘာသာဝင်ကောင်း

တစ်ယောက် ဖြစ်ရမှုအတွက် မိမိကိုယ်ကို မိမိ အားတက်ဖွယ် ၊ ဂုဏ်ယူဖွယ်တွေ ဖြစ်လာနိုင်

သည် ။ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်မှုနှင့်ပတ်သက်ပြီး ကိုယ့်အနေအထား ၊ ကိုယ့်

အခြေအနေတို့ကို ကိုယ်တိုင်သိပြီး အမြဲတမ်းဝမ်းမြောက်နေရပေလိမ့်မည် ။

      

             


ဒေါက်တာအရှင်ဓမ္မပိယ(ပါမောက္ခ)

(အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၊ ရန်ကုန်)

ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်မှုရှင်းတမ်း

...............................................................................................................

  

Monday, December 28, 2009

၅ ။ မသိနားမလည်ခြင်း ၊ အယူလွဲမှားခြင်းတို့ကြောင့် ကိုးကွယ်ခြင်း






        ၅ ။ မသိနားမလည်ခြင်း ၊ အယူလွဲမှားခြင်းတို့ကြောင့် ကိုးကွယ်ခြင်း ၅ ။ မသိနားမလည်ခြင်း ၊ အယူလွဲမှားခြင်းတို့ကြောင့် ကိုးကွယ်ခြင်း ၅ ။ မသိနားမလည်ခြင်း ၊ အယူလွဲမှားခြင်းတို့ကြောင့် ကိုးကွယ်ခြင်း            
        ဘာသာရေးဗဟုသုတ နည်းပါးရှာကြသူတွေ ၊ ကံ , ကံ၏အကျိုးတရားများကို ဥာဏ်

ဖြင့်ကောင်းစွာ မသက်ဝင်နိုင်ကြသူတွေ ၊ မိစ္ဆာအယူသို့ ငဲ့စောင်းနေသူများသည် နတ်ယုံကြည်မှု ၊

နတ်ကိုးကွယ်မှုကို လွယ်လွယ်ကူကူနှင့် လက်ခံတတ်ကြသည် ။ မစဉ်းစား ၊ မဆင်ခြင်ပဲ ယုံ

ကြည်တတ်ခြင်း သို့မဟုတ် စဉ်းစားဆင်ခြင်ခြင်း မပြုဘဲ ယုံကြည်လွယ်ခြင်းသည် အယူတိမ်း

စောင်းခြင်း၏ အခြေခံအကြောင်းတစ်ရပ်ဖြစ်သည် ။ လွဲမှားသော အယူဝါဒတစ်ခုကို စွဲစွဲမြဲမြဲ

လက်ခံယုံကြည်ထားပြီဆိုလျှင် မှားယွင်းသော အကြံအစည်တွေ ၊ မှားယွင်းသောအပြောအဆို

 တွေ ၊ မှားယွင်းသော အပြုအမူတွေကို ပြုမှားမိတတ်ကြ၍ ပညာရှိသူတော်ကောင်းများသည်

ကိုးကွယ်ရာအမှန်ကို ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်နိုင်ဖို့ သတိပေးစကားတွေ ၊ သတိပေးစာတွေ

ပြောခဲ့ကြ ၊ ရေးခဲ့ကြရသည် ။ အယူမှား ၊အတွေးအခေါ်မှားတစ်ခုကြောင့် ဗုဒ္ဓဘာသာသမိုင်းမှာ

ဝမ်းနည်း၍ မဆုံးနိုင်အောင် ဖြစ်ခဲ့ရသော အဇာတသတ်မင်းသား၏ ဖြစ်ရပ်သည် နှောင်းခေတ်

လူတို့အတွက် သင်ခန်းစာ ယူစရာပင် ။ ဆရာဒေ၀ဒတ်အပေါ်မှာ တန်ခိုးအကြီးဆုံး ပုဂ္ဂိုလ်ကြီး

တစ်ယောက်ဟု အထင်ရောက်ခဲ့သော အဇာတသတ်မင်းသားလေးသည် ဆရာဒေ၀ဒတ်ကို

ဘုရားတစ်ဆူပမာ အထင်မှားပြီး ကိုးကွယ်မှားခဲ့မိ၍ ဖြစ်သင့် ၊ ဖြစ်ထိုက်သော ပစ္စုပ္ပန်အကျိုး

စီးပွားတွေ ၊ သံသရာအကျိုးစီးပွားတွေ ပျက်စီး ဆုံးရှုံးခဲ့ရသည် ။ မဂ်ဖိုလ်တရားထူးတွေမှ လွဲ

ချော်ခဲ့ရသည် ။

               အယူလွဲမှားမှုကြောင့် အကျိုးမဲ့တွေကို ဖြစ်စေခဲ့သော သာဓကတွေသည် များလွန်း

လှသည် ။ ဤနေရာတွင် အထူးပြောလိုသည်မှာ နတ်တွေ ဗြဟ္မာတွေကို ကိုးကွယ်, ပူဇော်ပသ

နေမှုသည် တရားနှင့် မလျော်ညီသော ၊ လွဲမှားသောအယူဝါဒဟု ဗုဒ္ဓစသော အရိယာသူတော်

စင်တို့က အတည်ပြု ပြောဆိုခဲ့ကြပါသည် ။ ထိုကဲ့သို့သော လွဲမှားသော အယူဝါဒမျိုးကြောင့်

ကိုယ့်အစွမ်းကိုပင် ကိုယ်မယုံနိုင်ကြတော့ပဲ ၊ ကိုယ့်လုံ့လ , ကိုယ့်ဝီရိယအစွမ်းကြောင့် ဖြစ်ပေါ်

လာသော အကျိုးတရားတွေကိုပင် နတ်တို့ကပေး၍ ရခဲ့လေသယောင်ယောင် ထင်ယောင်ထင်

မှားဖြစ်နေကြသော လူတွေကလည်း များလွန်းလှသည် ။ “ လူမစွမ်း နတ်မ “ ဆိုသော စကား

ပုံသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းသော ပုဂ္ဂိုလ်တွေကများ ရေးသားထားခဲ့လေသ

လားဟုပင် သံသယစိတ်တွေ ဖြစ်နေမိပါသည် ။

             သတိမဲ့၍ အသိဥာဏ်အားနည်းသူတို့သည် ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါး တို့၏

ဂုဏ်ကျေးဇူးများကို သက်ဝင် ယုံကြည်မှုမျိုးထက် နတ်များ၏ ဂုဏ်ကျေးဇူးများကိုသက်

ဝင်ယုံကြည်နေမှုမျိုးက ပို၍အားကောင်းနေတတ်ကြသည် ။ နတ်များကို ပူဇော်ပသလိုမှု ပို၍

စိတ်အားထက်သန်နေကြသည် ။ ထိုကဲ့သို့ စိတ်အားထက်သန်နေကြသော ဗုဒ္ဓဘာသာဝင်တို့

အား သတိတရားရစေလိုသော အင်းဝခေတ်စာဆိုအကျော် အရှင်မဟာသီဝံသမထေရ်သည်

မဟုတ်မရာဖြစ်သော မိစ္ဆာဒိဋ္ဌိအယူအဆ အစွဲအလမ်းအမှားများကို တော်လှန်လို၍ လည်း ကောင်း ၊

တော်လှန်စေလို၍ လည်းကောင်း သံဝေဂခန်းပျို့ ၊ ပိုဒ်ရေ(၃၅)တွင် သတိပေးရေး

သားထားသည်ကို လေ့လာနိုင်ပါသည် ။

             ကာလရှည်လျား ၊ လူ့ငနွားတို့

              ကြီးမားယုတ်မာ ၊ နတ်မိစ္ဆာကို

             ဘိုးလာဘွားဘက် ၊ မြေးသားဆက်၍

              မပျက်ခုတိုင် ၊ နတ်ခရိုင်နှင့်

              ပန်းခိုင်ရေအိုး ၊ ဆယ်စုံဖြိုး၍

              မြတ်နိုးနှစ်သက် ၊ အနက်အနီ

              အတီခေါင်းပေါင်း ၊ တင်အုပ်ဆောင်းနှင့်

              အပေါင်းစုဝေး ၊ အမွှေးအကြိုင်

              မုန့်စိုင်မုန့်ခဲ ၊ ကြက်ဝက်လဲ၍

              ဗုံနှဲခရာ ၊ တီးမှုတ်ကာနှင့်

              ချမ်းသာဆင်းရဲ ၊ ပေးစမြဲဟု

              စိတ်ထဲထင်မှတ် ၊ ငနတ်တို့ကို

              မပြတ်ကိုးကွယ် ၊ အန္တရာယ်လည်း ၊

              မရှိလျှင်း၏ ။

              ဆောင်နှင်းမင်္ဂလာ ၊ လှူဒါပုည

              ပြုကာလလည်း ၊ မိဖ ရှေ့မှတ်

              ငါတို့နတ်ကို ၊ ပေးအပ် အပ်လျှင်

              ပွဲလမ်းပြင်၍ ၊ အရှင်မှတ်မှတ်

              ကိုယ်ဝယ်ကပ်လျက် ၊ မပြတ်ထင်ရှား

              မမေ့မှားဟု ၊ ဆုများရွယ်ရွယ်

              ရှက်စဖွယ်နှင့် ၊ ဘယ်ဝယ်တစ်ခါ

              ကိုယ်တိုင်လာ၍ ၊ ဥစ္စာထင်ရှား

              ဘယ်သူအားကို ၊ နတ်များပို့လာ

              ရှိဖူးပါအံ့ ။

              မိစ္ဆာစွဲမှတ် ၊ ဘယ်အရပ်မှာ

              နတ်တို့နေရာ ၊ အိမ်ခန်းဝါနှင့်

               သာယာခမ်းနား ၊ နတ်မယားနှင့်

              နတ်သားနတ်လင် ၊ ကြည့်မမြင်တည့်

              ငြိုငြင်စိတ်စွဲ ၊ အံသွားခဲ၍

              ညှင်းဆဲနှိပ်စက် ၊ နတ်တို့လက်နှင့်

              ထုတ်လျက်ဆွဲငင် ၊ ပြုကြအင်ကို

              မမြင်ဖူးပါ ။

              သည်အရာကို ၊ မိစ္ဆာမောဟ

               အယူခွ၍ ၊ နတ်များသခင်

               နတ်ဘုရင်ဟု ၊ နတ်တွင်အကြီး

               ငါ့သမီးကို ၊ ဖမ်းဆီးတတ်ငြား

               ငါ့မယားကို ၊ ဖမ်းစားတတ်ချေ

               ချမ်းသာစေဟု ၊ ကချေပွဲလမ်း

               အခမ်းအနား ၊ နတ်ထိန်းများနှင့်

               သောက်စားဟစ်အော် ၊ တကျော်ကျော်နှင့်

               မောင်တော်ရှင်ချစ် ၊ နတ်သံပစ်၍

               မူးယစ်မှိုင်ဝေ ၊ အထွေထွေလျှင်

               လူ့မြေရပ်ရွာ ၊ နတ်မိစ္ဆာကို

               ကယ်သာထင်မှတ် ၊ သဘောကပ်၍

               နတ်လူဗြဟ္မာ ၊ သတ္တ၀ါကို

               ကံသာအရင်း ၊ ပြုဖန်ဆင်းဟု

               ယူလျင်းအပ်စွာ ၊ ယခုမူကား

               ချမ်းသာဆင်းရဲ ၊ နတ်ခပဲသည်

               ပေးမြဲတို့မှာ ၊ ထင်မှတ်ရာသည်

               မိစ္ဆာယူမိယူမှားတည်း ။        ။

        နတ်ကိုးကွယ်မှုတွင် ဥာဏ်မယှဉ်နိုင်ပါက အပြစ်များစွာ ဖြစ်နိုင်သောကြောင့် မိရိုးဖလာ

အနေဖြင့် မစွန့်နိုင် ၊ မပယ်နိုင်၍ ကိုးကွယ်နေရသော်လည်း သတိကြီးစွာထား၍ လောက ၊ 

သံသရာ အပြစ်ကင်းအောင် နေတတ်ဖို့လိုပါသည် ။ ဒီလိုနေတတ်ဖို့ ဆိုတာကလည်း သတိရှိမှ ၊

အသိဥာဏ်ရှိမှ ဖြစ်နိုင်ကြောင်းကို စိန္တကျော်သူဘွဲ့ခံ ဦးသြက ကောင်းကောင်းကြီး သိထားပြီး

ဖြစ်သည် ။ သို့ရာတွင် အသိဥာဏ်နည်းပါးသူ ၊ တရားဗဟုသုတမရှိသူတို့ကို လေးနက်သိမ်မွေ့ 

သော စကားအသုံးအနှုန်းတွေနှင့် ပြောဆို ၊ ရေးသား ၊ ဆုံးမပြောဆိုနေလျှင် အချိန်တွေသာ

မကြာသင့်ပဲကြာနေတော့မည် ။ ခရီး မဝေးသင့်ပဲ ဝေးနေတော့မည် ။ ဒီတော့လည်း နတ်ကိုး

ကွယ်မှုနှင့်ပတ်သက်ပြီး ရှည်ရှည်လျားလျားရေးမနေတော့ပဲ သူ၏ က၀ိလက္ခဏာသတ်ပုံကျမ်း တွင်

ပြတ်ပြတ်သားသား ၊ တိုတိုရှင်းရှင်းပဲ ရေးဖွဲ့ခဲ့သည် ။

             “ မိစ္ဆာအားလုံး ၊ လွှမ်းပိတ်ဖုံး ၊ တောင်ပြုံးညီနောင်နန်း “

          နတ်တွေအကြောင်းကို စေတနာမှန်မှန်နှင့်ပွင့်ပွင့်လင်းလင်း ရေးရဲသောသတ္တိ ၊ ပြောရဲ

ဆိုရဲသောသတ္တိကိုလည်းကောင်း ၊ မိစ္ဆာဒိဋ္ဌိအယူမှားဘက်သို့ သက်ရောက်နေသော နတ်ကိုး

ကွယ်မှုများကို တော်လှန်ရဲသော စာဆိုရှင်၏သတ္တိကိုလည်းကောင်း ချီးကျူးဂုဏ်ပြုလိုက်ပါ သည် ။

            ဗုဒ္ဓဘာသာဝင်တို့ အထူးသတိပြုသင့်သည်မှာ အမှားတစ်ခုကို ကျူးလွန်မိပြီဆိုလျှင်

ထိုအမှားတစ်ခုအတွက် ဖာရ ,ထေးရ,ဆေးရ,ကြောရနှင့်အမှားသံသရာတွေ လည်နေတတ် သည် ။

ထိုပကြောင့် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်လိုသူတို့အတွက် အမှားသံသရာ တွေ

မလည်ရလေအောင် သတိတရာလက်ကိုင်ထားပြီး ၊ ဗုဒ္ဓဓမ္မနှင့်လျော်ညီသောအကျင့် တရားတို့ဖြင့်

လမ်းမှန် ၊ လမ်းမှားတို့ကို ကိုယ်ပိုင်ဥာဏ်ဖြင့် ခွဲခြားသိလျက် ကိုယ့်ကိုယ်ကို အယူ မှားတွင်းသို့

မကျရောက်ကြရလေအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ကြပါစေ ။

             


ဒေါက်တာအရှင်ဓမ္မပိယ(ပါမောက္ခ)

(အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၊ ရန်ကုန်)

ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်မှုရှင်းတမ်း

...............................................................................................................