စေတနာနှင့်အကျိုးရလဒ်
ကာယကံ ၊ ၀စီကံ ၊ မနောကံမှုတို့တွင် အပြုအမူတစ်ခုဖြစ်ပေါ်သည့်အခါတိုင်း အကျိုး နှစ်မျိုး
ထင်ရှားဖြစ်တတ်ကြောင်းကို တွေ့လာကြရသည် ။ ပြုမှု ၊ ကြံမှု ၊ ပြောမှုတို့တွင် လိုလား အပ် ၊ နှစ်သက်အပ်သော အကျိုးရလဒ် ထင်သည်လည်းရှိသည် ။ မလိုလားအပ် ၊ မနှစ်သက် အပ်သောအကျိုးရလဒ်သည်လည်းရှိသည် ။ တစ်နည်းအားဖြင့်ပြောရလျှင်ကုသိုလ်ဖြစ်စေသော ကံလည်းရှိသည် ၊ အကုသိုလ်ဖြစ်စေသော ကံလည်းရှိသည် ။ ထိုအခါ တွေးခေါ်စဉ်းစားတတ်သူများက ဤသို့တွေးကြံကြပြန်သည် ။ “ လူ့ ကြိုးပမ်း ဆောင်ရွက်မှုတစ်ခု
၊ အပြုအမူတစ်ခု မှန်သည် ၊ မှားသည်ကို ဘယ်အချက်ကိုကြည့်၍ စဉ်းစား ဆုံးဖြတ်အပ်သနည်း “
ဟုတွေးပြန်သည် ။ ဤပုစ္ဆာကို အဖြေရှာဖို့ကြိုးပမ်းကြရာမှာ ၀ါဒနှစ်မျိုး ပေါ်လာသည် ။ ၀ါဒတစ်မျိုးမှာ စေတနာမှန်လျှင် အပြုအမူကြောင့် ဖြစ်ပေါ်လာသော အကျိုးရလဒ် သည်လည်း
ကောင်းသည်ဟု မြင်သောအမြင်ဖြစ်သည် ။ တစ်နည်းအားဖြင့် ကုသိုလ်ဖြစ်သ လား ၊ အကုသိုလ်ဖြစ်သလား
ဆိုသည်ကို သိလိုလျှင် အကျိုးရလဒ်ကိုမကြည့်ရ ၊ စေတနာကို သာကြည့်ရမည်ဟု ယူသော အယူဝါဒ ဖြစ်သည် ။ ထိုအယူကို စဉ်းစားရာမှာ ဥပမာ - မိခင်၏နဖူးတွင်ကိုက်နေသောခြင်ကို ရိုက်ရာမှ
မိခင်သေဆုံးရသော ပုံဝတ္ထုကို စာဖတ်သူတို့ကြားဖူးကြပေလိမ့်မည် ။ ဤတွင် သား၏စေတနာ မှာ မိခင်ကို
ခြင်ရန်မှ ကာကွယ်လိုသော စေတနာဖြစ်ကြောင်း ထင်ရှားပါသည် ။ သို့သော် ထို စေတနာကို
အကောင်အထည်ဖော်သော အကျိုးရလဒ်ကြောင့် မိခင်သေဆုံးရသည် ။ သို့ဖြစ် လျှင် စေတနာမှန်သော်လည်း
သား၏ အပြုအမူသည် မှန်ကန်သော အပြုအမူဟု ဆိုနိုင်ပါမည် လား ။ ဤကား စောဒက ဖြစ်၏ ။ နောက်ဝါဒတစ်ခုမှာ အပြုအမူကို ဆုံးဖြတ်ကြရာတွင် စေတနာကိုထက် အကျိုး ရလဒ်ကိုသာ
ကြည့်ရမည် ။ စေတနာ မှန်သလား ၊ မှားသလား ကြည့်နေစရာမလို ။ အကျိုးရှိ သလား ၊ မရှိဘူးလား
ကိုပဲကြည့်ပြီး ဆုံးဖြတ်ရမည် ဆိုသော ၀ါဒဖြစ်၏ ။ ထိုအမြင်ကို အမြင့်ဆုံးတံခွန်ထူခဲ့သော နိုင်ငံရေးဒဿနဆရာကြီး မက်ခိယာဗယ်လီ ရဲ့ အယူဝါဒမှာ
" ဘယ်နည်းနှင့်လုပ်လုပ် ၊ လိုသောအကျိုးကိုရလျှင် လုပ်သောနည်းမှန်တယ် “ ဟူ၍ ဖြစ်လေသည် ။ ဤအယူအဆသည် အကျိုးရလဒ်ကို ပဓာနထားသော အမြင်ဖြစ်သည် ။ ဤအမြင် နှစ်ခုသည်
တစ်ဖက်သတ်ကျသော အမြင်နှစ်ရပ်ဖြစ်ပြီး အတွေးအမြင်သမိုင်းတစ်လျှောက်လုံး တွင် အစဉ်အမြဲ
ဝိရောဓိအသွင်ကိုသာ ဆောင်နေခဲ့ကြသည် ။ စေတနာကြည့် အယူဝါဒနှင့် အကျိုးကြည့် အယူဝါဒကွဲပြားခြားနားလာရသည့်အကြောင်း ကို
လေ့လာကြည့်သောအခါ ပြဿနာ၏ အရင်းအမြစ်ကို တွေ့ရှိရသည် ။ လူ့အပြုအမူများတွင်
ရည်ရွယ်သည်ကတစ်ခြား ၊ ဖြစ်လာသည်ကတစ်ခြား ဖြစ်တတ်သော သဘောတစ်ခုရှိနေ၏ ။ စေတနာကတစ်ခြား ၊ အကျိုးရလဒ်ကတစ်ခြား ဖြစ်တတ်သည်ကို သိမြင်လာသော အခါ
လူ့ဆန္ဒအလျောက် ထိန်းချုပ်ရန် ကျိုးစားလာကြသည် ။ လူသားတို့ရည်မှန်းထားသော အကျိုးကို
စေတနာရှိသည့်အတိုင်း ရလဒ်ပေါ်အောင် သိပ္ပံပညာက ဆောင်ရွက်ပေးနိုင်လာ သည် ။ အလိုရှိပါက ဆီးသီးကိုပင်
ပန်းသီးဖြစ်အောင် လုပ်မလား ရသည် ။ ဖန်ပြွန်အိမ်လေးမှာ သန္ဓေတည်စေမလား , ရသည် ။ ထိုအခါ “ သိပ္ပံပညာက လူ့အလိုဆန္ဒရှိသမျှကို စေတနာဆန္ဒအတိုင်း အကျိုးရလဒ် ထင်အောင်
ဆောင်ရွက်ပေးနိုင်ပြီပဲ ၊ ဒီလိုဆို လူမှုရေး ၊ နိုင်ငံရေး ၊ စီးပွားရေးနယ်ပယ်တွေမှာ လည်း သိပ္ပံပညာမှာလိုပဲ
မချွတ်မလွဲ မဖောက်မပြန် ဖြစ်စေတတ်တဲ့ နိယာမတရားဆိုတာတွေ လိုက်ရှာပြီး လူ့ဆန္ဒအလိုရှိတဲ့အတိုင်း
စေစားတတ်ရင်ဖြင့် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးနယ် ပယ်မှာလည်း လုပ်သမျှ ကိုင်သမျှမှာ စေတနာရှိသလို
အကျိုးထင်တော့မှာပဲ “ ဟု တွေးလာ ကြလေသည် ။ သို့ရာတွင် သူတို့ထင်သလို စေတနာမှ လိုသောအကျိုးရလဒ်ကိုရအောင် ဖန်တီးရာ တွင်
အခက်အခဲမျိုးစုံကြုံရသည် ။ ရည်ရွယ်သည်ကတစ်ခြား ၊ ဖြစ်လာသည်ကတစ်လွဲ ဖြစ် လျက်ရှိသည် ။ ဤတွင် မြတ်ဗုဒ္ဓဟောကြားတော်မူသည်မှာ - စေတနာဆိုသော စိတ်၏ စေ့ဆော်
တိုက်တွန်းတတ်သော တရားသည်ပင် ကံ ဖြစ်သည်ဆိုသော အယူအဆကို သိနားလည်လာရ သည် ။ အပြုအမူ
(ကံ)တိုင်းမှာ ကောင်းမှု ဆိုးမှုဆိုသော ရလဒ်နှစ်ခုအနက်တွင် တစ်ခုပေါ် မြဲဓမ္မတာ ရှိပါသည် ။ ထိုကောင်းမှုကံ ၊
မကောင်းမှုကံ၏အကျိုး ( ကောင်းကျိုး ၊ ဆိုးကျိုး ) ကို ပြုသူကသာ ခံကြ ၊ စံကြရသည် ။ ထိုသို့ ခံရ ၊ စံရရာတွင်
စေတနာပါမှဖြစ်သည် ။ မိမိက စေတနာမပါဘဲပြုမိသဖြင့် လူသေသည်ပဲထား ၊ ထိုလူမှာ အကုသိုလ် ( အပြစ် )
ဖြစ်သလား ၊ စဉ်းစားကြည့်လျှင် အဖြေပေါ်ပါသည် ။ ဗုဒ္ဓသည် နိယာမ ( ၅ ) မျိုးခွဲပြတော်မူလေသည် ။ ၁ ။ ဥတုနိယာမ ၂ ။ ဗီဇနိယာမ ၃ ။ ကမ္မနိယာမ ၄ ။ စိတ္တနိယာမ ၅ ။ ဓမ္မနိယာမ တို့ဖြစ်ပါသည် ။ ဤတွင် ကံကို နိယာမအဖြစ် ဗုဒ္ဓရှုမြင်သုံးသပ်ထားသည် ကို
သတိမူသင့်ပါသည် ။ လူသားသည် မိမိစေတနာအလျောက် လိုသောအကျိုးရလဒ်ကို မုချရရှိစေနိုင်သော
နည်းလမ်းရှိပါသည် ။ ထိုနည်းမှာ အောက်ပါအချက်ကြီး ( ၅ )ချက်ပေါ်တွင် တည်ပါသည် ။ ပါဠိလို
ပဉ္စအာဝဿကတရားဟု ဆိုနိုင်ပါသည် ။ ပဉ္စအာဝဿကတရား ၅ပါးတွင် - ၁ ။ စေတနာမှန်ကန်ခြင်း ၂ ။ လုပ်နည်းလုပ်ဟန် မှန်ကန်ခြင်း ၃ ။ လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း ၄ ။ အချိန်ကို သိနားလည်ခြင်း ၅ ။ ပစ္စည်းနှင့်ဝီရိယအထောက်အပံ့ ပြည့်စုံခြင်း ဖြစ်ပါသည် ။ ထိုအရာ ( ၅ ) ပါးပြည့်စုံလျှင် စေတနာသည် လိုသောအကျိုးရလဒ် ရှေ့ဆောင် လမ်းပြ
ဖြစ်လာနိုင်ပါသည် ။ ကျမ်းကိုး - ဦးဆန်းလွင် - သေခြင်းဒဿန ဦးအေးမောင် - စိတ်ပညာနှင့်ကိုယ်ကျင့်တရား ..............................................................................................................................................................................................................................................................
|
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား