Tuesday, November 17, 2009

သာသနာနှစ်ငါးထောင်တည်မယ်ဆိုတာ ဘုရားဟောစကားဟုတ်ပါသလား?



သာသနာနှစ်ငါးထောင်တည်မယ်ဆိုတာ ဘုရားဟောစကားဟုတ်ပါသလား?

    ဒီအကြောင်းအရာ ဘယ်ကပေါ်ထွက်လာသလဲ - လေ့လာကြည့်ကြဦးစို့ ။ ရဟန်းပြုခွင့်ရရေးအတွက်

မိထွေးတော်ဂေါတမီ တောင်းဆိုလျှောက်ထားလို့ ရှင်တော်မြတ် ဘုရားက အမျိုးသမီးများကို

ရဟန်းပြုခွင့်ပေးတော်မူလိုက်ပါတယ် ။ အဲဒီစကားရပ်ကနေပေါ် ထွက်လာတာပါ ။

           ရှင်တော်မြတ်ဘုရား ကပိလ၀တ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတော်မူ စဉ်

မိထွေးတော်ဂေါတမီဟာ ရှင်ရဟန်းပြုခွင့်ရရေးအတွက် ရှင်တော်ဘုရားဆီမှာ သုံးကြိမ် တိုင်အောင်

လျှောက်ထားဖူးပါတယ် ။ ရှင်တော်မြတ်ဘုရား လက်မခံခဲ့ပါဘူး ။ အဲဒီနောက် ရှင်တော်မြတ်ဘုရား

ဝေသာလီပြည် မဟာဝုန်တောသို့ ကြွသွားပါတယ် ။ မိထွေးတော်ဂေါတမီ ဟာ

သာကီဝင်မင်းသမီးငါးရာနှင့်အတူ ရှင်တော်ဘုရား သီတင်းသုံးတော်မူရာ မဟာဝုန်တော

ကူဋာဂါရသာလာကျောင်းတိုက်သို့ လိုက်သွားပါတော့တယ် ။ ကျောင်းဝင်းအပြင်မှာ အရှင်

အာနန္ဒာမထေရ်မြတ်နှင့်တွေ့ပြီး လိုက်လာရတဲ့အကြောင်းကို လျှောက်ထားပါတယ် ။ အရှင်

အာနန္ဒာမထေရ်မြတ်က မိထွေးတော်ဂေါတမီ ရဟန်းပြုခွင့်ရရေးအတွက် ဘုရားရှင်ဆီမှာ ကူ

ညီလျှောက်ထားပေးပါတယ် ။ ရှင်တော်ဘုရားကလည်း ထပ်မံ ပယ်တော်မူပါတယ် ။

             အရှင်အာနန္ဒာမထေရ်မြတ်က ပရိယာယ်အမျိုးမျိုးနှင့် ထပ်မံလျှောက်ထားတာ ကြောင့်

နောက်ဆုံးတော့ ဂရုဓံရှစ်ပါးကို လက်ခံကျင့်သုံးရင် ရဟန်းပြုခွင့်ပေးမယ်လို့ မိန့်တော် မူလိုက်ပါတယ် ။

မိထွေးတော်ဂေါတမီက ဂရုဓံရှစ်ပါးကို ၀မ်းမြောက်ဝမ်းသာလက်ခံတာ ကြောင့် ရဟန်းပြုခွင့်ရသွားပါတယ် ။

              အဲဒီနောက် ရှင်တော်မြတ်ဘုရားက အရှင်အာနန္ဒာမထေရ်မြတ်ကို - 

             အာနန္ဒာ - အမျိုးသမီးတွေ ငါဘုရားသာသနာမှာ တကယ်လို့ ရဟန်းပြုခွင့်မရခဲ့ရင်

သာသနာတော်ဟာ နှစ်ပေါင်းတစ်ထောင် တည်နိုင်တယ် ။ အမျိုးသမီးတွေ ရှင်ရဟန်းပြုခွင့်ရ သွားတာကြောင့်

နှစ်ပေါင်းငါးရာပဲတည်တော့မယ် “ လို့မိန့်တော်မူပါတယ် ။

               အဲဒီနောက် တစ်ဆက်တည်းမှာပဲ အမျိုးသမီးများ သာသနာတွင်းဝင်ရောက်လာလို့

သာသနာသက်တမ်း ဆုတ်ယုတ်ရပုံကို ဥပမာအမျိုးမျိုးနဲ့ မိန့်ဆိုတော်မူပါတယ် ။ နောက်ဆုံး အနေဖြင့် “

အာနန္ဒာ - ရေတွေကန်ဘောင်ကိုကျော်လွန်ပြီး လျှံတက်မသွားဖို့အတွက် ပညာရှိ ယောက်ျားဟာ

ရေကန်ကြီးရဲ့ကန်ဘောင်ကို ကြိုတင်ဆည်ထား ၊ ဖို့ထားရတယ် ။ အဲဒီလိုပဲ ဘိက္ခူနီများ

မကျူးလွန်မဖောက်ဖျက်ပဲ အသက်ထက်ဆုံး လိုက်နာရေးအတွက် ဂရုဓံရှစ်ပါးကို ငါဘုရားကြိုတင်ပြီး

ပညတ်တော်မူထားခြင်းဖြစ်တယ် “ စသည်ဖြင့် မိန့်ဆိုတော်မူပါတယ် ။ အဲဒီစကားရပ်ကို စူဠ၀ဂ္ဂပါဠိတော် မှာ

တွေ့နိုင်ပါတယ် ။ ဒါဟာ သာသနာတော်သက်တမ်းနှင့် စပ်၍ ရှင်တော်ဘုရား မိန့်မြွက်တော်မူတဲ့ “ မူလ “

စကားတော်ပါပဲ ။

               ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူတဲ့ စကားတော်ရဲ့ အဓိပ္ပာယ်သက်ရောက်မှု ကို

အဋ္ဌကထာဆရာ မထေရ်မြတ် ဖွင့်ပြထားတာကြည့်ကြဦးစို့ ။

              မထေရ်မြတ်က “ ဂရုဓံရှစ်ပါးကို ကြိုတင်ပညတ်မှုမရှိဘဲ အမျိုးသမီးများကို ရှင်ရဟန်းပြုခွင့်ပေးရင်

သာသနာတော်ဟာ နှစ်ပေါင်းငါးရာပဲတည်မယ် ။ ဂရုဓံရှစ်ပါးကို ကြို တင်ပညတ်ပြီးမှ ခွင့်ပြုတော်မူတာဖြစ်လို့

နောက်ထပ်နှစ်ပေါင်းငါးရာတည်ဦးမယ် ။ဒါကြောင့် မူလအတိုင်းပဲ သာသနာတော်

နှစ်ပေါင်းတစ်ထောင်တည်မယ်လို့ ဘုရားရှင် မိန့်တော်မူလိုတာ ဖြစ်မယ် “ လို့ဖွင့်ဆိုတော်မူထားပါတယ် ။

              အဋ္ဌကထာဆရာကဆက်ပြီး “ ဘုရားရှင်မိန့်ဆိုတော်မူတဲ့ နှစ်တစ်ထောင်ဆိုတာ

ပုဂ္ဂိုလ်အားလုံးအတွက် မိန့်ဆိုတာမဟုတ်ဘူး ။ ပဋိသမ္ဘိဒါလေးပါးကို ရရှိတော်မူတဲ့ ရဟန္တာ အတွက်

ရည်ရွယ်မိန့်ဆိုတာဖြစ်တယ် ။ အဲဒါကြောင့် ဈာန်မရတဲ့ရဟန္တာအနေနှင့်နှစ်တစ် ထောင်ဆက်တည်ဦးမယ် ။

အနာဂါမ်ပုဂ္ဂိုလ်အနေနှင့်နှစ်တစ်ထောင် ၊ သကဒါဂါမ်ပုဂ္ဂိုလ်အနေ နှင့်နှစ်တစ်ထောင် ၊

သောတာပန်ပုဂ္ဂိုလ်အနေနှင့်နှစ်တစ်ထောင် ဆက်တည်ဦးမယ် ။ အားလုံး ပေါင်းရင် ပဋိဝေဓသာသနာဟာ

နှစ်ပေါင်းငါးထောင်တည်လိမ့်မယ် “ လို့ဖွင့်ပြမိန့်ဆိုထားပါ တယ် ။ ဒါဟာ “ သာသနာနှစ်ငါးထောင်

ဆိုတဲ့စကား ဖြစ်ပေါ်လာတဲ့မူလနေရာပါပဲ ။

               စူဠ၀ဂ္ဂအဋ္ဌကထာဆရာရဲ့ ဒီဖွင့်ဆိုမှုဟာ ခန္ဓကဘာဏက ( ၀ိနည်းဆောင် )ပုဂ္ဂိုလ် များရဲ့

အယူအဆကိုပြဆိုတာဖြစ်ပါတယ် ။ သာသနာသက်တမ်းနှင့်ပတ်သက်လို့ အင်္ဂုတ္တရဋ္ဌ-ကထာ ပါတိက၀ဂ္ဂဋ္ဌကထာ

ဆရာများလည်း ဖွင့်ဆိုကြပါသေးတယ် ။ ဒီအဖွင့်အားလုံးဟာ တရားသိမြင်မှုအပိုင်းအခြားနှင့်ပတ်သက်လို့

အယူအဆအနည်းငယ်ကွဲလွဲကြပေမဲ့ နှစ်ငါး ထောင်ကို အခြေခံထားပြီး ဖွင့်ပြတာချင်းကတော့ အားလုံး

တူညီကြပါတယ် ။

              အဋ္ဌကထာဆရာများရဲ့ စွမ်းဆောင်ရည်ကို ဒီနေရာမှာ သိထားဖို့လိုအပ်ပါလိမ့်မယ်။

ရှင်တော်မြတ်ဘုရား မိန့်မြွက်တော်မူတဲ့ တရားတော်များရဲ့ ဆိုလိုရင်းကို နှေင်းခေတ်လူများ

အမှန်အတိုင်းသိမြင်နိုင်ဖို့အတွက် ဘက်ပေါင်းစုံအောင်ဖေါ်ထုတ်ပေးနိုင်သူများ ဖြစ်ကြပါတယ်။

အရှင်မြတ်များဟာ ရှင်တော်မြတ်ဘုရားဆိုလိုချက်ကို အထူးသိမြင်နိုင်စွမ်းရှိကြသူတွေမို့ 

ဗုဒ္ဓမတ္တညူ “ လို့မော်ကွန်းတင်ခံတဲ့ ပုဂ္ဂိုလ်ထူးများဖြစ်ကြပါတယ် ။

            ယခုကိစ္စမှာလည်း “ ရှင်တော်မြတ်ဘုရားက ဓမ္မကထာဒေသနာတော်အရ သာသနာ

နှစ်တစ်ထောင်တည်လိမ့်မယ် - လို့မိန့်တော်မူတာဟာ ပဋိသမ္ဘိဒါပတ္တပုဂ္ဂိုလ်အတွက် ရည်ရွယ်

မိန့်ဆိုတာဖြစ်တယ် ။ ဒုတိယ ၊ တတိယ စတဲ့ ထောင်စုနှစ်တွေမှာလည်း ဘယ်လိုတရားထူး များကို

ရရှိနိုင်သေးတယ် “ စသည်ဖြင့် ဖွင့်ဆိုညွှန်ပြတာဟာ အဋ္ဌကထာဆရာရဲ့ အစွမ်းသတ္တိ ပါပဲ ။

ဒီဖွင့်ဆိုချက်တွေဟာ သဘာဝအရရော အထောက်အထားအရပါ အလွန်သင့်လျော်တာ မို့

ပညာရှင်များအားလုံးလက်ခံတဲ့ အဖွင့်စကားတွေလည်း ဖြစ်ပါတယ် ။

            သာသနာနှစ်ငါးထောင်ဆိုတာ ရှင်တော်မြတ်ဘုရား တိုက်ရိုက်ဟောစကားတော့ မဟုတ်ပါဘူး ။

အဋ္ဌကထာအဖွင့်စကားဖြစ်ပါတယ် ။ ဒါပေမဲ့ သဘာဝအရရော အထောက် အထားအရပါအလွန်သင့်လျော်ပြီး

ရှင်တော်မြတ်ဘုရား ရည်ရွယ်တော်မူချက်နှင့်အညီဖွင့်ဆိုတဲ့ စကားဖြစ်လို့ ဘုရားဟောစကားတော်လိုပဲ

လေးလေးစားစား လက်ခံကြရတဲ့ အဖွင့်စကားဖြစ် ပါတယ် ။

             ဒီနေရာမှာ မေးသင့်တာတစ်ခုရှိပါသေးတယ် ။ သာသနာတော်ဟာ နှစ်ငါးထောင်

မရောက်မီကွယ်သွားတာမျိုး ၊ နှစ်ငါးထောင်ထက်အလွန်တည်ရှိတာမျိုး မဖြစ်နိုင်ဘူးလား - ဆို တဲ့မေးခွန်းပါ ။

အလွန်မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပါတယ် ။ လူငယ်လူရွယ်တွေစိတ်ဝင် စားကြ ၊ မေးချင်ကြမယ့်

မေးခွန်းပါပဲ ။

             ဒီအဖြေအတွက် နည်းနည်းလေ့လာကြည့်ရအောင် -

သာသနာတော်နှစ်တစ်ထောင်တည်လိမ့်မယ်   ဆိုတဲ့စကားတော်ကို အသေအချာလေ့လာ ကြည့်ရင် -

ရှင်တော်မြတ်ဘုရား အချို့နေရာတွေမှာ သုံးနှုန်းတော်မူသလို “ နှစ်တစ်ထောင် တည်စေ “ လို့ ဗျာဒိတ်ပေးတဲ့

စကားတော်မျိုး မဟုတ်ကြောင်း ၊ ၀ိနည်းသိက္ခာပုဒ်ပညတ်တော် မူတဲ့အခါ သုံးနှုန်းတော်မူသလို

အမိန့်အာဏာထားတဲ့ စကားတော်မျိုး မဟုတ်ကြောင်း ၊ ဓမ္မကထာဒေသနာလို့ခေါ်တဲ့ စကားဆက်စပ်လာလို့

အကြောင်းအားလျော်စွာ မိန့်မြွက်တော်မူ တဲ့ စကားတော်မျိုးသာ ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ် ။

              ပြီးတော့ - “ ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ ၊ အသုညော လောကော အရဟန္တေဟိ

အဿ = သုဘဒ္ဒ - သောတာပန်ပုဂ္ဂိုလ်ကလည်း မိမိသိမြင်ထားတဲ့အတိုင်း ဟောပြောညွှန်ပြပြီး

အခြားသူတွေကို သောတာပတ္တိမဂ်ဖိုလ်ဥာဏ် ရရှိစေနေမယ် ။ သကဒါဂါမ် အနာဂါမ်

ရဟန္တာပုဂ္ဂိုလ်များကလည်း မိမိသိမြင်ထားတဲ့အတိုင်း ဟောပြောညွှန်ပြပြီး အခြားသူ တွေကို

သကဒါဂါမိမဂ်ဖိုလ်ဥာဏ် အနာဂါမ်မိမဂ်ဖိုလ်ဥာဏ် အရဟတ္တမဂ်ဖိုလ်ဥာဏ် ရရှိစေနေ မယ် ။

မဂ်ဖိုလ်ရရေးအတွက် ကမ္မဋ္ဌာန်းအားထုတ်နေသူကလည်း မိမိသိမြင်ထားတဲ့ နည်းလမ်း တွေကိုညွှန်ပြပြီး

အခြားသူတွေကို သောတာပတ္တိမဂ်ဖိုလ်ဥာဏ် ရရှိစေနေမယ်ဆိုရင် ကမ္ဘာ လောကကြီးမှာ

ရဟန္တာမဆိတ်သုန်းနိုင်ဘူး “ လို့ ရှင်တော်ဘုရား မိန့်တော်မူတဲ့စကားတော် မဟာပရိနိဗ္ဗာနသုတ် မှာ

အထင်အရှားရှိပါတယ် ။  ပဋိပတ္တိစွမ်းအားကို အစွမ်းကုန်ဖော်ပြထား တဲ့ စကားတော်ပါ ။

အဓိပ္ပာယ်ပေါ်လွင်လွန်းတာမို့ ရှင်တော်ဘုရားဆိုလိုချက်ကို နားလည်ကြ လိမ့်မယ် ထင်ပါတယ် ။

              ဒီလိုအချက်အလက်တွေရှိနေလို့ သာသနာတော်အရေး မြော်တွေးကြောင့်ကြတော် မူကြတဲ့

မထေရ်မြတ်ကြီးများက “ အာဏာပိုင်အသိုင်းအ၀ိုင်းနှင့် ဒကာ ဒကာမပိုင်းမှ တတ်စွမ်း

သမျှအားပေးကူညီပံ့ပိုးပေးကြမယ် ။ သာသနာ့ဝန်ထမ်းများဘက်ကလည်း အားကြိုးမာန်တက်

ကျင့်ကြံအားထုတ်ကြမယ်ဆိုရင် သာသနာတော်ဟာ နှစ်ပေါင်းငါးထောင်မက တည်ရှိနိုင်ပါ တယ် “ လို့

အားတက်သရော အသိပေး မိန့်ဆိုတော်မူကြတာ ဖြစ်ပါတယ် ။

              ဒီတော့ စကားရပ်အားလုံးကို အကျဉ်းချုပ်လိုက်ရင် “ သာသနာငါးထောင် “ ဆိုတဲ့ စကားဟာ

အဋ္ဌကထာအဖွင့်စကားဖြစ်ပေမဲ့ ရှင်တော်မြတ်ဘုရား ရည်ရွယ်တော်မူချက်နဲ့အညီ ဖွင့်ဆိုတာမို့

ဘုရားစကားတော်လိုပဲ လေးလေးစားစားလက်ခံရမယ့်စကားဖြစ်ကြောင်း ။အထူး သဖြင့် ဒီစကားဟာ

ပဋိဝေဓကို ရည်ညွှန်းတဲ့စကား ၊ လူ့အရေအတွက် နှစ်အပိုင်းအခြားကို ရည်ရွယ်တဲ့စကားဖြစ်ကြောင်း -

နားလည်နိုင်ပါပြီ ။

              ပြီးတော့ - “ နှစ်ငါးထောင်ဆိုပေမယ့် ကျင့်ကြံအားထုတ်သူ ကူညီထောက်ပံ့သူရှိနေ ရင်

နှစ်ငါးထောင်မက တည်နိုင်သလို ၊ ကျင့်ကြံအားထုတ်သူ ကူညီထောက်ပံ့သူ မရှိတော့ရင်

နှစ်ငါးထောင်မရောက်မီကြားကာလမှာပင် ကွယ်ပျောက်နိုင်ကြောင်း “ နားလည်နိုင်ပါပြီ ။

              ဒီတော့ သာသနာတော်အရေးဟာ လက်ရှိ ဗုဒ္ဓဘာသာဝင်အားလုံးနှင့်သက်ဆိုင်တဲ့

အရေးဖြစ်ပါတယ် ။ လက်ရှိ ဗုဒ္ဓဘာသာဝင်တွေ စွမ်းဆောင်မှုအားကောင်းရင် အားကောင်း သလောက်

နှစ်ငါးထောင်မက တည်ရှိနိုင်ရေးအတွက် အထောက်အပံ့ဖြစ်ပါလိမ့်မည် ။ စွမ်း ဆောင်မှုအားနည်းရင်

အားနည်းသလောက် နှစ်ငါးထောင်မရောက်မီ ကွယ်ပျောက်ဖို့ တွန်း အားပေးရာ ရောက်ပါလိမ့်မည် ။

             ဒါကြောင့် “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု “ လို့ရွတ်ဆိုနေရုံ ကြွေးကြော်နေရုံနှင့်ကျေနပ် အားရမနေဘဲ

ကိုယ်ရောစိတ်ပါ အားတက်သရော ဆောင်ရွက်ပါမှ ၊ ကူညီအားပေးပါမှ သာသနာတော် ရေရှည်တည်တံ့

တိုးတက်မှာဖြစ်ကြောင်း နားလည်သင့်ပါတယ် ။    

 

ကျမ်းကိုး -

အရှင်နန္ဒသေနာလင်္ကာရ ( သာမဏေကျော် ၊ ဓမ္မစရိယ ၊ မဟာဓမ္မာစရိယ MA )

ဘာသာရေးအနှစ်သာရများစာစဉ် ( ၂ )

..........................................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား