ကိုးကွယ်ရာမှ ဘေးဖြစ်ရခြင်း
ကျွန်ုပ်တို့ရရှိထားသော လူ့ဘ၀ကြီးသည်ကား ချမ်းသာဆင်းရဲ နှစ်မျိုးရောပြွမ်းနေရာ
ဘုံဌာနကြီး ဖြစ်လေသည် ။ ထိုနှစ်မျိုးကို ထိုက်သည့်အားလျော်စွာ ခံစားစံစား နေကြရသည့်
ဘုံဌာနကြီး ဖြစ်လေသည် ။ လူတို့၏ ပင်ကိုယ်ဘ၀မှာလည်း ချမ်းသာကိုသာ ခံစားလိုကြသည် ။ ဆင်းရဲကိုမူ မခံစား
လိုကြပေ ။ ကြားလည်း မကြားလိုကြပေ ၊ သို့အတွက် မိမိတို့ဘ၀အတွက် ချမ်းသာသုခပေး
စွမ်းနိုင်မည့် ၊ ဆင်းရဲဒုက္ခ ကာကွယ်ပေးနိုင်မည် ထင်ရသည့် ပုဂ္ဂိုလ်များကို ရှာမှီးနေတတ်ကြ
ပေသည် ။ ထိုပုဂ္ဂိုလ်မျိုးကို ကိုးကွယ်နေတတ်ကြပေသည် ။ ယင်းသို့ အကိုးကွယ်ခံ ပုဂ္ဂိုလ်ရှာမှီးကြရာတွင် အားကိုးလောက်သည့် ပုဂ္ဂိုလ် ၊ ဆရာ
ကောင်းသမားကောင်း ဖြစ်သည့် ပုဂ္ဂိုလ်တို့ကို ရွေးချယ်တတ်ဖို့ လိုပေသည် ။ သို့မဟုတ်ပါက “
ဇာတံ သရဏတော ဘယံ = ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည် “ ဟူသော စကားတော် နှင့်အညီ
မလိုလားအပ်သည့် အပါယ်ဒုဂ္ဂတိသို့ကျရောက်ခြင်း ၊ အရှက်တကွဲဖြစ်ရခြင်း ၊ စိတ်
ဆင်းရဲခြင်းဖြစ်ရခြင်း စသည့်ဆိုးကျိုးများ ခံစားရတတ်ပေသည် ။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ ကိုးကွယ်မှုပိုင်းဆိုင်ရာကို လေ့လာကြည့်ပါက
အချို့ပုဂ္ဂိုလ်များသည် ရဟန်းတော်တစ်ပါးပါးကို ကြည်ညိုကိုးကွယ်ရာတွင် ထိုပုဂ္ဂိုလ်၏ အနေ
အထိုင် ၊ အကျင့်သီလ ၊ သမာဓိ ၊ ပညာကို မလေ့လာ မစူးစမ်းပဲ နာမည်ကျော်ကြားမှု ၊ ဥပဓိ
ကောင်းမှု ၊ အသံကောင်းမှု အဟောအပြောကောင်းမှု တို့လောက်ကိုသာ လေ့လာအကဲခတ်၍
ကြည်ညိုကိုးကွယ်နေတတ်ကြပေသည် ။ နောင်အခါ ထိုပုဂ္ဂိုလ်၏ မကောင်းသတင်းထွက်မှု ၊
လူထွက်သွားမှု စသည့်အကြောင်းတစ်ပါးပါး ဖြစ်ခဲ့သော် အကြီးအကျယ် ဒေါသဖြစ်တတ်ကြ
လေသည် ။ အခြား ရဟန်းကောင်းများကိုလည်း အထင်သေး အမြင်သေး ဖြစ်တတ်ကြလေ
သည် ။ အယူဖောက်ပြန်တတ်ကြလေသည် ။ ကိုးကွယ်ရာမှ ဘေးဖြစ်တတ်ပုံကို သာဓကများစွာရှိသည့်အနက် --- ရွာတစ်ရွာတွင် ဦးဇင်းငယ်တစ်ပါး ကျောင်းထိုင်လျက်ရှိ၏ ။ ထိုဦးဇင်းသည် မန္တလေးမြို့ ရှိ စာသင်တိုက်ကြီးတစ်တိုက်တွင် စာသင်ခဲ့ဖူး၏ ။ အဟောအပြောကောင်း၏ ။ ဆရာတော်
ဦးဥာဏိဿရ၏ တရားတိတ်ခွေများနားထောင်လေ့ရှိ၏ ။ တရားဟောရာတွင် အသံကောင်း ၏ ။
ဆရာတော်ဦးဥာဏိဿရနှင့် ခပ်ဆင်ဆင်တူသည်ဟုလည်း ဆိုသည် ။ ထိုသို့ အဟောအပြောကောင်းမှုကြောင့် ၄င်းမှာ ထိုဒေသတွင် ထင်ပေါ်ကျော်ကြားလျက်
ရှိ၏ ။ သာမှုနာမှုများတွင် ၄င်းမပါလျှင် မပြီးသလောက် ဖြစ်နေ၏ ။ ၄င်းချည်း ဒိုင်ခံဟောပြော
နေရသည် ဆို၏ ။ ယင်းသို့ အဟောအပြောကောင်းမှု ၊ ထင်ပေါ်ကျော်ကြားမှုတို့ကြောင့် ထိုရွာ မှ
ဒကာတစ်ဦးက သိမ်ထပ်ပေး၏ ။ သိမ်ထပ်ပွဲတွင် ၄င်းအတွက် အဖိုးတန်ပစ္စည်းတွေချည်း
ဝယ်လှူ၏ ။ ထို့နောက် ဦးဇင်းငယ်မှာ ရပ်ရွာမှ မာတုဂါမများနှင့် ရင်းရင်းနှီးနှီး အရောတ၀င် ဖြစ်လာ
သည် ။ မကြာပါချေ ၊ သိမ်ထပ်ပွဲပြီး၍ တစ်လခန့်ကြာသောအခါ မာတုဂါမတစ်ယောက်နှင့်
ထွက်ပြေးပါလေတော့သည် ။ သိမ်ထပ်ပွဲတုန်းက လှူလိုက်သည့် ပစ္စည်းများမှာ မင်္ဂလာလက်
ဖွဲ့ရသည့်နှယ် ဖြစ်သွားလေသည် ။ သိမ်ထပ်ပေးလိုက်သည့် ဒကာမှာ သူ့မျက်နှာ အိုးမည်းသုတ်သွားရကောင်းလားဟု အကြီး
အကျယ် ဒေါပွလျက်ရှိ၏ ။ အခြားရဟန်းတော်များကိုလည်း “ ဒီပုတ်ထဲက ဒီပဲ , ပဲနေကြမှာပဲ ၊
ဒီဘုန်းကြီးတွေ လှူနေလည်း အလကားပဲ ၊ သားစာ မယားစာ ဖြစ်ကုန်ကြမှာ ၊ မလှူတာပဲ
ကောင်းပါတယ် “ စသည်ဖြင့် ပြောမိဆိုမိတော့၏ ။ ကိုးကွယ်ဆည်းကပ်မှုမှား၍ စိတ်ဆင်းရဲဖြစ်
ရခြင်းနှင့် အယူဖောက်ပြန်မှု ဖြစ်ရခြင်းပါတည်း ။ ထိုဦးဇင်းနှင့်အလားတူ ဦးဇင်းတစ်ပါးလည်း ဖြစ်ခဲ့ဖူး၏ ။ အသက်သုံးဆယ်အရွယ်တွင်
တရားပွဲပေါင်းများစွာ လိုက်နေရ၍ တိုင်းသိပြည်ကျော် ထင်ရှားလျက်ရှိသည် ။ ၄င်းအား ဒကာ
တစ်ဦးက ကြည်ညိုလွန်းလှသဖြင့် ကားတစ်စီး ၀ယ်လှူလိုက်သည် ။ ၄င်းလည်းမကြာပါချေ ။
လူထွက်သွားပြန်လေ၏ ။ ထိုအခါ ကားလှူထားသည့်ဒကာ က သူ့ကားကို ပြန်တောင်းရာ မရ
သဖြင့် ရုံးရောက် ၊ ဂတ်ရောက် ဒုက္ခရောက်ကြရလေ၏ ။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအား အသိပေးလိုသည်မှာ ယခုခေတ် ရဟန်းတော်
အများစုမှာ ပုထုဇဉ်အဆင့်မျှသာ ရှိကြပါသေးသည် ။ အရိယာအဆင့် မရောက်ကြသေးပါ ။
ပုထုဇဉ်ဟူသည်မှာလည်း အရိယာပုဂ္ဂိုလ်တို့ကဲ့သို့ သဒ္ဓါတရား မခိုင်မြဲကြသေးပါ ။ ရတနာသုံး
ပါးတို့ ၌ အသက်စွန့်လွှတ်၍ မကြည်ညိုနိုင်ကြသေးပါ ။ သို့အတွက် ဘုရားရှင်သာသနာတော် မှာ
တစ်သက်လုံး သင်္ကန်းဝတ်ဘ၀နှင့် အရိုးထုတ်သွားပါမည်ဟု မည်သူမျှ အာမခံချက် မပေး
နိုင်ကြသေးပါ ။ “ ပစ္စည်း ၊ မာတု ၊ ဤနှစ်ခု ၊ ဘိက္ခုသေမင်း ၊ ဓားနှစ်စင်း “ ဟူသော ဆောင်ပုဒ်နှင့်အညီ
ပစ္စည်းဥစ္စာ ၊ မာတုဂါမ ဤအာရုံနှစ်မျိုး၏ ဒဏ်ကို ကြံ့ကြံ့ခံနိုင်စဉ် ၌ သာသနာတော်၌ မြဲနေ
ပါလိမ့်မည် ။ ထိုအာရုံနှစ်မျိုးဒဏ်ကို မခံနိုင်သည့် တစ်နေ့ ၌ သာသနာတော်မှ ဈာန်လျှောသွား
တတ်ကြပေသည် ။ ထိုအခါ သဘောထားကြီးကြီးဖြင့် ခွင့်လွှတ်တတ်ကြရပေမည် ။ ထို့အပြင် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းရာ၌ ရဟန်းတော်များကို ကြည်ညိုကိုးကွယ်
ရာတွင် သာသနာတော်ကို လှူဒါန်းသည်ဟု အာရုံပြု၍သာ ထောက်ပံ့လှူဒါန်းသင့်သည် ။
သံဃာတော်ကို အာရုံပြု၍သာ ထောက်ပံ့လှူဒါန်းသင့်သည် ။ ကြည်ညိုကိုးကွယ်သင့်ကြပေ သည် ။
ထိုသို့မဟုတ်ဘဲ ပုဂ္ဂိုလ်စွဲဖြင့် ကြည်ညို ကိုးကွယ်ကြပါက ဖော်ပြပါ ပုဂ္ဂိုလ်တို့ကဲ့သို့ မိမိ
ကြည်ညိုသည့်ပုဂ္ဂိုလ်က လူထွက်သွားခြင်းစသော ဂုဏ်သိက္ခာကျစရာ အကြောင်းတစ်ပါးပါး
ဖြစ်ခဲ့သော် ကုသိုလ်မရဘဲ အကုသိုလ်သာ များတတ်ပေသည် ။ ဤအကြောင်းနှင့်ပတ်သက်၍
အင်္ဂုတ္တိုရ်ပါဠိတော် ၊ ပဉ္စကနိပါတ်တွင်လာရှိသော ပုဂ္ဂိုလ်စွဲ ၊ ကြည်ညိုခြင်းအပြစ်များကို တင်ပြ
လိုပါသည် ။ ပုဂ္ဂိုလ်တစ်ဦးသည် ရဟန်းတော်တစ်ပါးကို လွန်စွာကြည်ညိုလျက်ရှိ၏ ။ ထိုရဟန်းတော် ကို
အခြားရဟန်းတော်များက နှင်ထုတ်လိုက်သည့် အာပတ်သင့်မှုကြောင့် နှင်ထုတ်လိုက်၏ ။
သို့မဟုတ် နိမ့်ကျသည့်နေရာတွင် နေစေ၏ ။ သို့မဟုတ် ထိုရဟန်းတော်ကိုယ်တိုင် အရပ်တစ် ပါး
ပြောင်းရွှေ့သွား၏ ။ လူထွက်သွား၏ ။ ပျံလွန်တော်မူသွား၏ ။ ထိုအခါ ယင်းရဟန်းတော်ကို
ကြည်ညိုရင်းစွဲဖြစ်သော ပုဂ္ဂိုလ်ကား “ ငါကား ဒီရဟန်းတော်ကို ကြည်ညို၏ ။ ချစ်မြတ်နိုး၏ ။
ငါကြည်ညိုသည့် ရဟန်းတော်ကို ဒီကိုယ်တော်တွေက အဂတိလိုက်ပြီး နှင်ထုတ်ကြတယ် “
စသည်ဖြင့် အထင်ရောက် စိတ်ခု၍ အခြားရဟန်းတော်များကို မကြည်ညိုတော့ပေ ။ သို့အ တွက်
ထိုရဟန်းတော်များထံ မဆည်းကပ် မကိုးကွယ်တော့ပေ ။ ထိုအခါ သူတော်ကောင်းတရားကို မနာယူရတော့ပေ ။ ယင်းသို့ဖြစ်လျှင် ထိုပုဂ္ဂိုလ်မှာ
သူတော်ကောင်းတရားတို့မှ ဆုတ်ယုတ်ရပေတော့မည် ။ ကောင်းကျိုး ချမ်းသာများမှ ဆုတ်
ယုတ်ရပေတော့မည် ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အနေဖြင့် ပုဂ္ဂိုလ်တစ်ပါးပါးကို ကြည်ညိုကိုးကွယ်ကြ
ရာတွင် ကိုးကွယ်ရာမှ ဘေးဖြစ်တတ်ကြောင်းကို သတိပြု၍ စူးစမ်းဆင်ခြင်ပြီးမှ ကိုးကွယ်သင့်
ကြပါကြောင်း သတိပေးအပ်ပါသတည်း ။ ။ ကျမ်းညွှန်း - တက္ကသိုလ်သောတုဇန ( သာသနတက္ကသီလ မဟာဓမ္မစရိယ ) ပုဂ္ဂိုလ်ထူးဆိုလျှင်ကြည်ညိုစရာလားနှင့်ကိုးကွယ်မှုမှန်ကန်ရေးဓမ္မစာစု
..............................................................................................
|
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား