... ညောင်လေးပင်မြို့မှ အရှေ့ဘက် ၁၄-မိုင်ကျော်ကျော် ၁၅-မိုင်ကျော်ကျော်ခန့်ဝေးသော “ သောင်ကြီးရွာ “ တွင်ဖြစ်၏ ။ ထိုရွာနေ အများစု ပုဂ္ဂိုလ်တို့မှာ စီးပွားရေးကောင်းကြ၏ ။ အများအားဖြင့် ချမ်းသာကြွယ်ဝ ပြည့်စုံကြ၏ ။ ရွာဦးကျောင်းဆရာတော်ကြီးမှာလည်း နှယ်နှယ်ရရ မဟုတ်ပေ ။ သီလ ၊ သမာဓိ ၊ ပညာ နှင့် ပြည့်စုံ၍ ပရိယတ်ဂုဏ် - ပဋိပတ်ဂုဏ် ရှိသောကြောင့် “ ဂိုဏ်းထောက် ဆရာတော်ကြီး “ အဖြစ် ခန့်အပ်ခြင်းခံရသော မထေရ်ကြီး တစ်ပါးပင် ဖြစ်၏ ။ သို့ရာတွင် ထိုရွာနေ လူတစ်စုတို့က မထေရ်ကြီးအပေါ် ပြစ်တင်ရှုတ်ချ ကဲ့ရဲ့စကားဆိုကြ၏ ။ သူတို့ ကဲ့ရဲ့ကြပုံမှာ -
“ ဘယ့်နှယ်……တို့ကျောင်းဆရာတော်ကြီးက တစ်ခါလာလည်း ဒါန သီလဟော ၊ နောက်တစ်ခါလာလည်း ဒါန သီလအကြောင်းဟော ၊ ဒါနက ဘ၀စည်းစိမ်တွေ ပြည့်စုံစေတယ်လို့ ဆိုတယ် ၊ သီလက လူ့ပြည် နတ်ပြည်ဆိုတဲ့သုဂတိတွေကို ရစေသတဲ့ ။
ဒီလိုဆိုတော့ ဒုက္ခအသေးစားကနေ ဒုက္ခ အကြီးစား ရဖို့ချည်း သူဟောနေတာပေါ့ ၊ ဟောရာ ရောက်တော့တာပေါ့ ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာတရားကောင်းလေးများ တစ်ခါတစ်လေမှ မဟောဖူးဘူး ၊ မဟောတတ်ဘူးလား မသိပါဘူး “
ဤသို့စသည်ဖြင့် ကဲ့ရဲ့စကားပြောကြားကြ၏ ။ ထိုပုဂ္ဂိုလ်တို့သည် သဂြိုဟ်အခြေခံလည်း အတော်အတန်ရှိသူများ ဖြစ်ကြ၏ ။ ၀ိပဿနာစာအုပ် များကိုလည်း ဖတ်ကြားလေ့လာသူများ ဖြစ်ကြ၏ ။ ဤသို့ အခြေခံအစအနရှိကြ ၍လည်း ပြောလာကြခြင်း ဖြစ်လေ၏ ။ ပြောရုံတွင်မက အဖော်ညှိကြပြီးလျှင် ရွာဦး ကျောင်းကိုပင် မသွားဘဲ နေလာကြတော့၏ ။ ဤနည်းအားဖြင့် သူတို့လူစုတွေ အတော်ပင် ဦးရေများလာသည် ဖြစ်၏ ။
ထိုသောင်ကြီးရွာသား မျက်စိကုဆရာကြီးဦးထွန်းသာသည် ညောင်လေးပင် မြို့ပေါ်တွင်နေသဖြင့် ဆရာတော်လေး ဦးဝိမလ ( မိုးကုတ်ဆရာတော်ဘုရာကြီး ) နှင့် ရင်းနှီးနေ၏ ။ သို့ဖြစ်၍ သောင်ကြီးရွာကိစ္စအကြောင်းကို လျှောက်ထားပြီးလျှင် “ အရှင် ဘုရား ကြွရောက်ဖြေရှင်းပေးပါ “ ဟုတောင်းပန်လျှောက်ထားခဲ့၏ ။
ဆရာတော်လေးဦးဝိမလမှ ဖြစ်ပုံအခြင်းအရာအား သေသေချာချာစုံလင် အောင်မေးပြီးမှ ၁၂၉၇ခုနှစ် တပေါင်းလဆုတ်ထဲတွင် သောင်ကြီးရွာသို့ ကြွရောက် လိုက်ပါတော်မူလေ၏ ။ ခင်တန်းကျောင်း ဦးသုမနလည်း လိုက်ပါခဲ့၏ ။
သောင်ကြီးရွာသို့ရောက်သောအခါ ဆိုင်ရာဒကာတို့ကို ကျောင်းသို့ခေါ် လိုက်၏ ။ စုံညီစွာရောက်ကြသောအခါ ဆရာတော်လေးက အမိန့်ရှိ၏ ။
“ ဒကာတို့…..အခုလို ဘုန်းကြီး ဒီရွာကိုရောက်လာရတာဟာ ဒီရွာဦးကျောင်း ဆရာတော်ကြီးနှင့် ဒကာတို့ ၀ါဒရေးရာ အယူအဆ မတူကြလို့ မညီမမျှ ဖြစ်နေကြ တယ် ဆိုတာ ကြားရပါတယ် ၊ ဒီကိစ္စကို ပြေလည်အောင် လုပ်ပေးနိုင်မလား လို့ လာရ ခြင်းပါပဲ “
ဤသို့ မိန့်သောအခါလှုပ်လှုပ်ရွရွ ဖြစ်လာကြပြီးလျှင် တစ်ယောက်တစ် ပေါက် မကျေနပ်ချက်တို့ကို လျှောက်ကြတော့၏ ။ သူတစ်မျိုး ငါတစ်ဖုံ စုံနေတော့၏ ။ ထိုအခါဆရာတော်လေးက -
“ နေကြပါဦး - ဒီလိုလုပ်နေလို့ မပြီးနိုင်ဘူး ၊ တစ်ယောက်စီပြောပါ ၊ ဒါမှမဟုတ် အားလုံးရဲ့ကိုယ်စားတစ်ဦးက ပြောပါ ၊ မိမိတို့ရဲ့ အယူဝါဒကို တင်ပြပါ။ မရှင်းတာ ကိုမေးနိုင်ပါတယ် ၊ ဘုန်းကြီးကဖြေပါမယ် ၊ ဒကာတို့ရဲ့အမေးကို ပြေလည်အောင် ဘုန်းကြီးက မဖြေနိုင်ရင် ဒကာတို့ရဲ့ဝါဒကို ဘုန်းကြီးက ထောက်ခံသွားမယ် ။
အဲဒီနောက် ဘုန်းကြီးကတစ်ဖန် ဒကာတို့ကိုပြန်ပြီး မေးဦးမယ် ။ ဒကာတို့ရဲ့ အယူအဆများဟာ ( သုတ် ၊ ၀ိနည်း ၊ အဘိဓမ္မာ ) နဲ့ မကိုက်ညီရင် ဒကာတို့က ဒီကျောင်းဆရာတော်ကြီးကို ဦးစွာ ကန်တော့ကြရမယ် ။ ပြီးတော့ ဒကာတို့ရဲ့အရွယ် ရောက်တဲ့သားတွေ ၊ တူတွေကို ဒီကျောင်းမှာ သင်္ကန်းစည်းစေပြီးတော့ ဆရာတော် ကြီးကို ၀တ်ကြီးဝတ်ငယ် ပြုကြရမယ် ၊ ဘယ့်နှယ်လဲ….”
ဤသို့ စည်းကမ်းသတ်မှတ် ဘောင်ခတ်၍ မေးလိုက်သောအခါ “ ကောင်းပါတယ် ဘုရား “ ဟူ၍ ၀န်ခံကြ၏ ။ “ ကဲ..ဒါဆိုရင် ကိုယ့်အယူဝါဒကို တင်ပြလျှောက်ထားကြ စမ်း “ ဟုခွင့်ပြုလိုက်သဖြင့် ဒကာများက လျှောက်ထားကြတော့၏ ။
“ ဒီလိုပါဘုရား ၊ တပည့်တော်တို့ အခုကိုးကွယ်နေတဲ့ ရွာဦးကျောင်းဆရာ တော်ကြီးက တရားဟောတိုင်း ဒါန - သီလ အကြောင်းချည်း ဟောနေတယ်ဘုရား ။ တပည့်တော်တို့ စာတွေထဲ ဖတ်ရလို့ သိရသလောက် ဒါနဟာ ဘ၀သံသရာမှာ စည်းစိမ်တွေမောက်ဖြိုး အကျိုးပေးစေတယ် - လို့ ဆိုပါတယ် ။ သီလ ကတော့ ကောင်းတဲ့ ဘ၀နဲ့ ရုပ်ရည် အဆင့်အတန်း မြင့်မြင့်ကို ရစေတယ်လို့ ဆိုပါတယ် ။ ပြီးတော့ တစ်ခါ ဒီစည်းစိမ် ၊ ဒီ ဘ၀တွေဟာ ဒုက္ခသစ္စာတွေပါ ၊ အနှစ်မရှိပါဘူး - လို့ လည်း ဆိုပြန်ပါတယ် ။
တပည့်တော်တို့က အားလုံးပါပဲ ၊ ကန်တော့ကြတဲ့အခါ “ နိဗ္ဗာန်ကို ရရလိုပါ၏ “ ဆိုတော့ လိုချင်တာက နိဗ္ဗာန် ၊ ဟောတာက ဒုက္ခတွေရဖို့ ဖြစ်နေလို့ တပည့်တော်တို့ အားမရကြဘူး ဘုရား “ ဟူ၍ လျှောက်ကြ၏ ။
ထို့အပြင်လည်း “ ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ ဖြစ်ပြီးတာနဲ့ ပျက်ကုန် တာ “ - လို့ သဂြိုဟ်ကျမ်းထဲမှာ တွေ့ကြရတယ်ဘုရား ၊ ဒီတော့ ဘယ့်နှယ်လုပ်ပြီး နောက် ဘ၀ တွေလိုက် အကျိုးပေးနေရဦးမှာလည်း ဘုရား “ ဤသို့စသည်ဖြင့်လည်း စုံစုံလင်လင် တစ်နာရီခွဲခန့်မျှကြာအောင် လျှောက်တင်နေကြလေ၏ ။
ဒကာတွေက သူတို့၏ အယူအဆများကို အားရအောင် လျှောက်တင်ကြ လေ၏ ။ ထို့နောက် သူတို့၏ ချွတ်ချော်နေသော အယူအဆတို့ကို ဆရာတော်လေးက မှန်ကန်အောင် တည့်မတ်ပေးရလေတော့၏ ။
“ ခုတိုင်းဆိုရင် ဒကာတို့ဟာက ဒါန ၊ သီလ ၊ သမထတွေကို ပယ်ထားရာ ရောက်နေပြီ ၊ ဘုရားရှင် ကိုယ်တော်တိုင်ပင် ပွင့်တော်မူစမှာ သတ္တ၀ါတွေက အသိ ဥာဏ် မရင့်ကျက်သေးတော့ နက်နဲ ခက်ခဲသော ပရမတ္ထသစ္စာ တို့ကို ဦးစွာမဟော သေးပါဘူး ။
ဒါနကထာ ၊ သီလကထာ ၊ သဂ္ဂကထာ စသည်တို့ဖြင့် နူးညံ့သိမ်မွေ့ ယဉ် ကျေးလာအောင် ဦးစွာ ပထမ ဟောရပါသေးတယ် ၊ ပြီးမှ ယဉ်ကျေး သိမ်မွေ့လာ တော့မှ ၀ဋ်ဒုက္ခတို့မှ လွတ်မြောက်ကြောင်း နိက္ခမ္မကထာကို ဟောရပါတယ် ။
ပုဂ္ဂိုလ်ကလည်း အစားစား ရှိတာမဟုတ်လား ၊ အဲဒါတွေကို မြတ်စွာဘုရားတို့ သာလျှင် သိနိုင်ပါတယ် ။ က္ကန္ဒြယပရော ပရိယတ္တိဥာဏ်ပိုင်ရှင်ကိုး - ။ ဘုန်းကြီးနှင့် တကွ ဟောဒီ ကြွလာကြတဲ့ သံဃာတော်များအားလုံးကတော့ အဲဒီဥာဏ်မျိုးမရရှိလို့ အစဉ်အတိုင်းပဲ ဒါန ၊ သီလ ကစပြီးဟောကြရပါတယ် ။ နောက် - ရင့်ကျက်မြင့်တက် လာတော့မှသာ ၀ိပဿနာကို ဟောကြရတာပါ ။
ဒါကြောင့် ဒီကျောင်းက ဆရာတော်ဘုရားကြီးလည်း ဒီအစီအစဉ်အတိုင်းဟော တော်မူနေခြင်း ဖြစ်ပါလိမ့်မယ် “
ပြီးတော့ စောစောတုန်းက ဒကာတို့ လျှောက်ကြတယ် “ ပြုလုပ်သမျှကုသိုလ်ကံ တွေ - အကုသိုလ်ကံတွေဟာ ပြုလုပ်ပြီးရင် ပျောက်ပျက်ကုန်တာပဲ ၊ ဘာတစ်ခုမှ နောက်ဘ၀သို့ မလိုက်ပါကြဘူး ၊ ဘယ်လိုလုပ် အကျိုးပေးဦးမှာလည်း - တဲ့ ။ ဖြစ်ပြီး ရင် ချက်ချင်း ပျက်ကုန်တာပဲဟာ “ လို့ ဆိုကြတယ် ။
ဒီနေရာမှာ သတိထားကြပါ ၊ ဆရာကောင်း အလွန် လိုအပ်ပါတယ် ၊ ဆရာနည်း မရရင် အံချော်တတ်ကြပါတယ် ၊ “ ပြုလုပ်သမျှ ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ ပြုလုပ်ပြီးရင် ပျောက်ပျက်ကုန်တာပဲ ၊ ဘာတစ်ခုမှ နောက်ဘ၀သို့ မလိုက်ပါကြဘူး - လို့ ယူဆထားရင် ဥစ္ဆေဒ ဒိဋ္ဌိ ၊ ( ပြတ်ကုန်တယ်လို့ ယူတဲ့ ဒိဋ္ဌိ ) မှားတယ် ။
တစ်ခါ ပြုလုပ်သမျှ ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ ပျောက်ပျက်မကုန်ဘဲ နောက်ဘ၀သို့ ( အရိပ်ပမာ တကောက်ကောက် ) လိုက်ပါသည်လို့ ယူဆပြန်ရင် လည်း သဿတ ဒိဋ္ဌိ ( မြဲတယ် ၊ ခိုင်တယ် လို့ ယူဆတဲ့ ဒိဋ္ဌိ ) ဒါလည်း မှားပြန်တာပဲ။
နည်းနည်းချဲ့ ပြောပါဦးမယ် ၊ ဒါအရေးကြီးတယ် ၊ ကုသိုလ်ကံ - အကုသိုလ်ကံ တွေဟာ ( ဆာယာဝ အနုပါယိနီ ) အရိပ်ပမာ အစဉ်တစိုက် နောက်က လိုက်ပါသည် - ဆိုတဲ့ စကား ။ ( စက္ကံဝ ၀ဟတော ပဒံ ) လှည်းရုန်းသောနွား၏ ခြေရာနောက်သို့ လှည်းဘီးက တကောက်ကောက် လိုက်ပါသကဲ့သို့ လိုက်ပါသည် ဆိုတဲ့စကားတွေဟာ ဘုရားဟောပါပဲ ၊ ဘုရားနှုတ်ထွက်တော်တွေပါပဲ ၊ ဓမ္မပဒမှာ ပါတယ် ။
ဒါပေမယ့် အဲဒီနေရာတွေမှာက လူတွေ မြင်လွယ် ထင်လွယ်အောင် ဟောရ တာ ၊ ဥာဏ်နုတဲ့သူတွေဆိုတော့ သဘောပေါက်လွယ်အောင် ဥပမာဆောင် ဟောရ တာ ၊ ဒါ့ကြောင့် ဘုရားဟော ဒေသနာက ၂ မျိုး ရှိတယ်လို့ မှတ်ပါ ။
(က) နီတတ္ထဒေသနာ = တိုက်ရိုက်သိမှတ်ရတဲ့ တရားတစ်မျိုး ၊ (ခ) နေယျတ္ထဒေသနာ = ဆောင်၍ သွယ်ဝိုက်၍ သိမှတ်ရတဲ့ တရားတစ်မျိုးလို့ (၂) မျိုးရှိတယ် ။
ဥပမာ - အဘိဓမ္မာတွေထဲမှာ မြတ်စွာဘုရားက “ ခန္ဓာငါးပါးရှိတယ် ၊ ရူပက္ခန္ဓာ ၊သညာက္ခန္ဓာ ၊ သင်္ခါရက္ခန္ဓာ ၊ ၀ိညာဏက္ခန္ဓာ လို့ ငါးပါး “
အဲဒီလိုဟောရင် ဟောတဲ့အတိုင်း ဖြောင့်ဖြောင့် အဓိပ္ပာယ်ယူလိုက်ရုံပဲ ၊ အဲလို ယူရတာမျိုးဟာ(က) နီတတ္ထဒေသနာ = တိုက်ရိုက် သိမှတ်ရတဲ့ တရားမျိုးထဲမှာ ပါ တာပေါ့ ။
( ဆာယာဝ အနုပါယိနီ ) တို့လို ၊ ( စက္ကံဝ ၀ဟတော ပဒံ ) တို့လို တရား မျိုး ကျတော့ တိုက်ရိုက်ယူလို့ မရဘူး ၊ ယူရင်မှားကုန်မယ် ၊ ဒါကသိလွယ်မြင်လွယ်အောင် လို့ ဥပမာဆောင်ပြီး ဟောရတာ ၊ အဲဒီလို တရားမျိုးကျတော့ (ခ) နေယျတ္ထဒေသနာ= ဆောင်၍ သွယ်ဝိုက်၍ သိမှတ်ရတဲ့ တရားမျိုးထဲ ပါသွားတယ် ။
ဒီတော့ ဒကာတို့… ဒီလိုမှတ်ပါ ၊ အများပြောနေကြသလို ကုသိုလ်ကံ - အကုသိုလ်ကံတွေဟာ အရိပ်ပမာ နောက်ဘ၀ကို လိုက်ပါတယ် - ဆိုတဲ့စကားလည်း မှားတယ် ၊ အခု ဒကာတို့ ပြောနေကြသလို ရုပ်အစု နာမ်အစုတွေဟာ ဖြစ်ပြီး ပျက်ကုန် ကြတာပဲ ၊ ဘာတစ်ခုမျှ ကျန်တာ မဟုတ်ဘူး ၊ နောက်ဘ၀ကို လိုက်စရာ မရှိဘူး - လို့ ယူတဲ့ စကားလည်း မှားတယ် ။
ယူရမှာက ရုပ်အစု ၊ နာမ်အစုတွေ မလိုက်သည်ကားမှန်၏ ။ ဖြစ်ပြီးပျက်ကုန် သည်မှာလည်း မှန်၏ ။ သို့သော် အကျိုးပေးဖို့ရာ သတ္တိကား ကျန်ရစ်သည်သာ ၊ ထို သတ္တိက အကျိုးပေးသည် - လို့ ယူရမယ် “
ဒါနဲ့ပတ်သက်လို့ ကျမ်းဂန်တွေထဲမှာ မိန့်ဆိုထားချက်တွေ ရှိပါတယ် ၊ ဘယ်လို လည်းဆိုတော့ -
သန္တာနေဒံ ကမ္မံ နာမ ၊
န နိရုဇ္ဈတိ သဗ္ဗသော ။
ဝိသေသံ နိဒေတွာ ဟိ ၊
သမယမှိ ၀ိပစ္စိတုံ ။ ။
သန္တာနေ - ပြုလုပ်သော ပုဂ္ဂိုလ်၏ သန္တာန်တွင် ၊ က္ကဒံ
ကမ္မံ နာမ - ဤကောင်းကံ - မကောင်းကံအမျိုးမျိုးသည် ၊
သဗ္ဗသော - ကြွင်းမဲ့ဥဿုံ အလုံးစုံ အကုန်မကျန် ၊ န
နိရုဇ္ဈတိ - ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်၍ သွားကြသည် မဟုတ်ပေ ။
ဟိ - မှန်၏ ၊ သမယမှိ - အကျိုးပေးဖို့ အချိန်ကျသောအခါတွင် ၊ ၀ိပစ္စိတုံ - အကျိုးပေး ဖို့ရာ ၊ ၀ိသေသံ - အကျိုးပေးဖို့ သတ္တိထူးကို ၊ နိဒေတွာ - မြှပ်နှံထားပြီး၍ ၊ (၀ါ) မြှပ်နှံပြီး မှသာ ၊ ( နိရုဇ္ဈတိ - သဘာဝအလျောက် ချုပ်ပျောက်၍ သွားတော့၏ ။ ) တဲ့ ။
“ ကဲ….ဘုန်းကြီးက လက်တွေ့ဥပမာတစ်ခုပြပါဦးမယ် “ ဟု ဆိုပြီးလျှင် နောက် ပါ ကိုယ်တော် ဦးသုမန ထံမှ လက်နှိပ်ဓာတ်မီး တောင်းလိုက်၏ ။ ပြီးလျှင် “ ဟော……. ကြည့်ကြ “ ဟုဆို၍ အတွင်းဘက် အနည်းငယ် မှောင်သော နံရံ အလင်းရောင် ထိုးပြ လိုက်သည် ၊ ပြီးလျှင် ဆရာတော်လေးက -
“ ဒကာတို့….. တွေ့ရဲ့လား ၊ ဟောဟို နံရံမှာ အလင်းရောင် ၊ အဲဒီအလင်းဟာ ဟောဒီ လက်နှိပ်ဓာတ်မီးကြီး နံရံကို သွားကပ်လို့ လင်းတာလား ၊ မီးသီးရောက်သွားလို့ လင်းတာလား ( မဟုတ်ပါဘုရား ) ၊ ဒါဖြင့် ဓာတ်ခဲတွေ ရောက်သွားလို့ လင်းတာလား ( အဲဒီလိုလည်း မဟုတ်ပါဘုရား ) ။ အေး ….ပစ္စည်းအထည်အဒြပ်တွေ နံရံကို လိုက်ပါ သွားတာတော့ မဟုတ်ဘူး ၊ ဒါပေမယ့် ဟောဒီ ဓာတ်ခဲအတွင်းက အလင်းရောင်သတ္တိ တွေတော့ နံရံကို ရောက်သွားတယ် ( မှန်ပါဘုရား ) ။ အထည်ဝတ္ထုတွေတော့ လိုက်ပါ မသွားဘူး ၊ သတ္တိပဲ လိုက်ပါသွားတယ် ( မှန်ပါဘုရား ) ။ အေး….ဒီအတိုင်းပဲဒကာတို့..၊ ကုသိုလ်ကံ ၊ အကုသိုလ်ကံတွေဆိုတာတွေဟာ သင်္ခတတရားတွေမို့ ဖြစ်ပြီး ပျက်ကုန် ကြရတာ မှန်ပါတယ် ။
ကုသိုလ်စေတနာ - အကုသိုလ်စေတနာတွေဟာ ဖြစ်ပေါ်လာပြီး ပျောက်ကုန်ရ တာ မှန်ပါတယ် ၊ နောက်ဘ၀ကို လိုက်နေချိန် မရလိုက်ပါဘူး ။ သို့သော်လည်း ပျက် ကုန်တဲ့ နေရာလေးတွေမှာ အရှိန်အ၀ါ သတ္တိလေးများ ကျန်ရစ်ပါသေးတယ် ။သတ္တိ လေးများ ထားခဲ့ပါသေးတယ် ၊ အဲဒီအရှိန်အ၀ါ သတ္တိကလေးများက အကျိုးပေးတာပါ။
ဖော်ပြပြီးခဲ့တဲ့အတိုင်း ယူမှ သဿတ ဒိဋ္ဌိကလည်းလွတ်မယ် ၊ ဥစ္ဆေဒ ဒိဋ္ဌိက လည်းလွတ်မယ် ၊ ကံတွေ လိုက်သွားတယ်ဆိုရင် သဿတဒိဋ္ဌိ ဖြစ်နေမယ် ၊ မလိုက် ဘူး - လုံးဝပြတ်သွားတယ် ၊ ဘာမှ မကျန်တော့ဘူး ဆိုပြန်ရင်လည်း ဥစ္ဆေဒ ဒိဋ္ဌိဖြစ်နေ ပြန်တယ် ။
သဿတက တစ်ဘက်အစွန်း ၊ ဥစ္ဆေဒကလည်း တစ်ဘက်အစွန်း ၊ အဲဒီအစွန်း (၂)ပါးကို မငြိစေပဲ အခုလို အလယ်က သွားမှသာ ( မဇ္ဈိမပဋိပဒါ ) ဘုရားလမ်းစဉ်ကျ တယ် ။
ကဲ…ရှင်းကြပြီလား ၊ ရှင်းလောက်ပါပြီနော် ။ ( မှန်ပါ - ရှင်းပါတယ်ဘုရား ) အားလုံးလိုလိုပင် တစ်ပြိုင်နက် အားတက်ရွှင်လန်းစွာ ဖြေကြ၏ ။သူတို့၏မျက်နှာများ သည် ကျေနပ်သည့်အသွင်များဖြင့် လန်းဆန်းနေကြ၏ ။ တစ်စုံတစ်ဦးမျှ နောက်ထပ် မမေးကြတော့ ၊ အချိန်ကလည်း ည (၈) နာရီထိုး၍သွားချေပြီ ။ ထို့ကြောင့် ထိုနေ့ည ထိုမျှဖြင့်ပင် ရပ်နားကြဖို့ ဆရာတော်လေးက အမိန့်ရှိ၏ ။ နောက်တစ်နေ့ နံနက် (၇) နာရီ ထပ်မံချိန်းလိုက်၏ ။
ဒုတိယနေ့ နံနက် (၇) နာရီထိုးသောအခါ ချိန်းထားသည့်အတိုင်း ဒကာတို့ စုံညီစွာပင် ရောက်လာကြတော့၏ ။ ဒကာတို့၏ မျက်နှာများမှာ လန်းဆန်း၍နေကြ၏။ ကျေနပ်နေသည့် လက္ခဏာတို့ကိုပြနေကြ၏ ။ ဆရာတော်လေးဦးဝိမလ က -
“ ဒကာတို့ဟာ ဗဟုသုတကြွယ်ဝသူများ ဖြစ်ကြတယ်လို့ ဘုန်းကြီး ကြားသိခဲ့ ရပါတယ် ၊ ကြိုတင် သိထားပါတယ် ။ ဒီလိုပုဂ္ဂိုလ်များကို ဟောရ ပြောရ ရှင်းပြရတာ ဟာ အင်မတန်မှ လွယ်ကူပါတယ် ၊ သိလွယ် သဘောပေါက်လွယ်ပါတယ် ။ နောက် ထပ် ရှင်းပြဖို့ အသင့်ပါပဲ ၊ ကဲ…နောက်ထပ် ဘာများ လျှောက်ချင်ကြသေးလဲ ၊ လျှောက်နိုင်ပါတယ် ၊ လွတ်လွတ်လပ်လပ်ပဲ မေးနိုင်ပါတယ် “
ဟု မိန့်လိုက်သောအခါ အားလုံးပင် လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏ ။ လျှောက်ထားခွင့် တံခါးဖွင့်ပေးလိုက်သည် မဟုတ်ပါလော ၊ ထို့ကြောင့် ၀မ်းသာအားရ လျှောက်ထား ကြသည် -
“ တပည့်တော်တို့ ကျေနပ်ကြပါတယ်ဘုရား ၊ မနေ့ညက ဆရာတော်ဥပမာ ပြပြီး ဟောလိုက်တာတွေ သဘောကျပါတယ် ၊ ညတုန်းက ဒီကပြန်တော့ ရွာထဲမှာ လည်း သန်းခေါင်ကျော်အထိ တပည့်တော်တို့ ပြန်လည် သုံးသပ်ဆွေးနွေးကြပါတယ် ဘုရား ။
ယခင်ကလိုဆိုရင် တပည့်တော်တို့ဟာ ဥစ္ဆေဒ ဒိဋ္ဌိအယူဖြစ်နေကြတာ ၊ အခု တော့ အဲဒီအယူက လွတ်ပါပြီ ၊ ဘုရားဟော ဒေသနာ မဇ္ဈိမပဋိပဒါကျကျ သိရပါပြီ ၊ ဒါ့ ကြောင့်တပည့်တော်တို့ ကျေးဇူးတင်ပါတယ်ဘုရား ။ ဒါနဲ့တစ်ဆက်တည်းလျှောက်ရ ရင် အခုပဲ ဒီကျောင်းက ဆရာတော်ဘုရားကြီးကို တပည့်တော်တို့ ကန်တော့ကြပါမယ် ဘုရား ။ ပြီးတော့ ဒီကနေ့ပဲ ( ဆရာတော်ထံ ၀န်ခံခဲ့တဲ့အတိုင်း ) တပည့်တော်တို့ရဲ့ သားများ ၊ တူများကို ဒီကျောင်းမှာ ရှင်ပြုကြပါမယ်ဘုရား ၊ ဒီကရှေ့မှာ တပည့်တော်ရဲ့ ရွာဦးကျောင်းဆရာတော်ဘုရားကြီးကို ဆက်လက်ကြည်ညို ဆည်းကပ်သွားကြပါမယ် ဘုရား “ ဟူ၍ ၀မ်းသာအားရ လျှောက်ကြလေ၏ ။
ဆရာတော်ကလေး ဦးဝိမလ မပြန်ခင်ပင် ပတ်ဝန်းကျင်ရွာ(၄)ရွာမှဆရာတော် သံဃာတော်များကိုအကုန်ပင့်၍ ရှင်ပြုလှူဒါန်းပွဲ ပြုလုပ်ကြသဖြင့် အားလုံး ရွှင်ပြုံးဝမ်း သာကြရလေသည် ။ပတ်ဝန်းကျင် သံဃာတော်များကလည်း သာဓုအကြိမ်ကြိမ်ခေါ်၍ ကျန်ရစ်ကြ၏ ။ သံဃာတော်များနှင့် ရွာသူရွာသားတို့၏ မြိုင်ဆိုင်လှသော သာဓုသံတို့ သည် ၀န်းကျင်ချာပတ် - ပဲ့တင်ထပ်လျက် - ထက်ရပ်နဘံမြည်ဟည်း၍ ကျန်ရစ်တော့ သတည်း ။
ကျမ်းကိုး -
အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း အဂ္ဂမဟာ ပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး၏တစ်ဘ၀ သာသနာ
( တစ်ဘ၀သာသနာ - အရှင်ဃောသိတ )
...................................................................................................................................................................................................................................................
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား