Monday, January 4, 2010

တန်ခိုးရှင်






                             တန်ခိုးရှင်

          လူတွေက တန်ခိုးရှင်ကို ရှာနေကြ၏ ။ အချို့ပုဂ္ဂိုလ်တို့သည် မိမိကိုယ်တိုင် တန်ခိုးရှင်

အဖြစ် သူတစ်ပါး အထင်ကြီးအောင် လုပ်နေကြသည် ။

        ဗုဒ္ဓတရားအရ လူတစ်ယောက်အား အခြားတစ်ယောက်က တန်ခိုးဖြင့် သံသရာမှ

(ဆင်းရဲဒုက္ခမှ) လွတ်မြောက်အောင် မလုပ်နိုင်ပေ ။ ဗုဒ္ဓမြတ်စွာဘုရားပင် မလုပ်နိုင်ပေ ။ ဗုဒ္ဓ

မြတ်စွာဘုရားသည် ဖန်ဆင်းရှင်မဟုတ်ပေ ။ သံသရာမှထွက်မြောက်ရန်နှင့် လောကအတွင်း

နေထိုင်စဉ် အတွေးမှန် ၊ အပြောမှန် ၊ အလုပ်မှန်ဖြစ်ရန် လမ်းညွှန်ပြသော ပုဂ္ဂိုလ်သာ ဖြစ်လေ

သည် ။

         ဗုဒ္ဓတရားတွင် သူတစ်ပါးမသိနိုင်သော အသိခက်သောကျင့်စဉ်များဟူ၍ မရှိပေ ။

ရဟန်းဖြစ်စေ ၊ လူဖြစ်စေ တစ်မျိုးတည်းသော ကျင့်စဉ်ကိုသာ ကျင့်ကြံရလေသည် ။ ဒါနပြုခြင်း ၊

သီလဆောက်တည်ခြင်း ၊ ဘာဝနာပွားခြင်း စသည်တို့ကို တစ်မျိုးတည်း တစ်လမ်း တည်းသာ

ကျင့်ကြံကြရသည် ။ ၀ိပဿနာရိပ်သာများတွင် တရားအားထုတ်ကြရာ ၀ိပဿနာ နည်းပြဆရာက

ဗုဒ္ဓနည်းအတိုင်း တရားကျင့်သူ ယောဂီများအား ဟောပြောပြသ၏ ။ ထိုအထဲ တွင် ရဟန်းလည်း

ပါမည် ၊ လူဝတ်ကြောင်လည်းပါမည် ၊ ယောက်ျားလည်းပါမည် ၊ မိန်းမလည်း ပါမည် ၊ လူကြီးလည်း

ပါမည် ၊ ကလေးလည်းပါမည် ။ ရဟန်းဖြစ်သောကြောင့် လူနှင့်မတူသော အတွင်းလမ်း ၊ အတွင်း

ကျင့်စဉ်များ မကျင့်ရပေ ၊ ရှိလည်းမရှိပေ ။ ဗုဒ္ဓနည်းသည် သတိဖြင့် အချိန်မလပ် ရှုမှတ်နှလုံးသွင်း

နေသော သတိပဋ္ဌာန်နည်းသာ ဖြစ်၏ ။ အခြားနည်းမရှိပေ ။ သတိကိုဖြစ်စေရန် နည်းလမ်းအမျိုး

မျိုး ပရိယာယ်အသွယ်သွယ်ဖြင့် ဟောကြားပြသခြင်းသာ ရှိပေသည် ။

         ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ပထမသင်္ဂါယနာတင်ပြီးချိန်မှစ၍ ဂိုဏ်း

အမျိုးမျိုးတွေ ကွဲလာကြသည် ။ အဓိကမှာ ထေရ၀ါဒနှင့် မဟာယာန နှစ်မျိုးပင် ဖြစ်သည် ။

မဟာယာနသည် ဗုဒ္ဓအား ဖန်ဆင်းရှင်ထာဝရဘုရားအဖြစ် ပြောင်းလဲပစ်လိုက်သည် ။ တန္တရာယာန

ဗုဒ္ဓတရား၏ အနှစ်သာရများကို စွန့်ပစ်လိုက်ကြသည် ။ ထိုဂိုဏ်းတို့၏ ကျင့်စဉ်တွင် အတွင်းလမ်း ၊

အပြင်လမ်း ၊ သာဝကလမ်း ၊ ဗောဓိသတ္တလမ်း စသည်ဖြင့် ဖြစ် ပေါ်လာလေသည် ။

          မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ်မတိုင်မီ ပျူမြို့ပြခေတ် ( ဗိဿနိုး ၊ သရေခေတ္တရာ ၊

ဟန်လင်း ) စသည့် ၊ မွန်မြို့ပြခေတ် (သထုံ) ၊ ရခိုင်မြို့ပြခေတ် (ဝေသာလီ) တို့မှာပင် အိန္ဒိယ မှ

ကူးလာသော တန္တရ ၊ မန္တရဂိုဏ်း ၊ မဟာယာနဂိုဏ်း ၊ နတ်နဂါးကိုးကွယ်မှု ၊ အရည်းကြီး ၊ ဟိန္ဒူ

စသည်တို့ ရောထွေးနေကြောင်း သမိုင်းအထောက်အထားများ ရှိနေလေသည် ။

           အနော်ရထာမင်းကြီးသည် ထေရ၀ါဒဗုဒ္ဓဘာသာကို လက်ခံယုံကြည်သော်လည်း အထက်ပါ

ရောထွေးမှုများ လုံးဝ မကင်းစင်ခဲ့ပေ ။ လူများစုနှင့် မဆန့်ကျင်အောင် အထိုက် အလျောက်

ကျင့်ခဲ့ရသည် ။ ကျန်စစ်သားလက်ထက်တွင်လည်း အလားတူပင် ၊ ( ကျန်စစ်သား နန်းတည်

ကျောက်စာတွင် နတ်နဂါးကိုးကွယ်မှု ၊ ဗြဟ္မဏပုဏ္ဏားတို့၏ ဦးဆောင်မှု ကို တွေ့ရှိရသည် ။ )

ထိုအချိန်မှစ၍ မြန်မာ့သမိုင်းတစ်လျှောက်တွင် ဤယုံကြည်ကိုးကွယ်မှု သည် အသွင်အမျိုးမျိုးဖြင့်

တည်နေခဲ့လေသည် ။

           မည်သို့ပင်ဖြစ်စေ ထေရ၀ါဒဗုဒ္ဓဘာသာသည် ၄င်းတို့မဟုတ်ပေ ။ ထေရ၀ါဒပိဋကတ်

တော်သည် မြတ်စွာဘုရား ဟောကြားခဲ့သော တရားတော်များကို သင်္ဂါယနာခြောက်ကြိမ်တင်

ထားသော စစ်မှန်သော ဗုဒ္ဓတရားများ ဖြစ်လေသည် ။ ထေရ၀ါဒဗုဒ္ဓတရားကို ကျင့်ကြံလိုသူ သည်

အဆိုပါ ပိဋကတ်တော်များကို လေ့လာရန်ပင်ဖြစ်၏ ။ ထိုတွင် အတွင်းလမ်း ၊ အပြင်လမ်း ၊

အထက်လမ်း ၊ အောက်လမ်း ၊ ၀ိဇ္ဇာလမ်း ၊ ဂန္ဓာရီလမ်းများ မပါရှိပေ ။

           မြတ်စွာဘုရားက ကိုးကွယ်မှုမှားလျှင် ဘေးဖြစ်စေသည်ဟု ဟောခဲ့၏ ။ ထို့အပြင် လူတို့

သည် ဘေးဖြင့် ထိတ်လန့်သည်ဖြစ်၍ တောတို့ကိုလည်းကောင်း ၊ တောင်တို့ကိုလည်းကောင်း ၊

အရံတို့ကိုလည်းကောင်း ကိုးကွယ်ကြ၏ ။ ထိုကိုးကွယ်ခြင်းသည် မှန်ကန်သော ကိုးကွယ်ခြင်း ၊

ဘေးကင်းသောကိုးကွယ်ခြင်း မဟုတ်ဟူ၍လည်း ဓမ္မပဒတွင် ဟောထားသည် ။

  

ကျမ်းညွှန်း -             


ဦးသန်းထွန်း (ရွှေဘို)


နှစ်ဆယ့်တစ်ရာစုနှင့်ဗုဒ္ဓတရားတော်


...............................................................................................................

  

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား