" စေတနံ -စေတနာကို ။ ကမ္မံ - ကံဟူ၍ ။ အဟံ - ငါဘုရားသည် ။ ၀ဒါမိ - ဟောတော်မူ၏ " ဟု ကျမ်းဂန်
ပါဠိ လာရှိသော်လည်း စေတနာ ဟူသော သဘောတရားကို နားမလည်သောအခြားဘာသာများက ဗုဒ္ဓ၏ နှုတ်
ကပါဌ်တော်ကို ပြောင်လှောင်ကြရုံမျှမက ဗုဒ္ဓဘာသာဝင် အချို့ကပင် နားဝင်သယောင်နှင့် ပြောကြ ရေးကြ
ခြင်းများကို ကြားရဖတ်ရဖူးလေသည် ။ ဗုဒ္ဓက " ငါ,မပညတ် သည်ကို မ, ပညတ်လေနှင့် ၊ ငါ ပညတ်သည်ကို
လည်း မဖျက်ဆီးလေနှင့် " ဟု ဟောတော်မူခဲ့ရာ အချို့ ပုဂ္ဂိုလ်များသည် စေတနာကောင်းသယောင်နှင့် ဥာဏ်
ကွန့်ကြ၍ ဗုဒ္ဓ၏ ပညတ်ချက်ကို ဖျက်ဆီးရာ သို့မဟုတ် ပြင်ဆင်ရာ ရောက်သော သြ၀ါဒမျိုးပေးကြသည်ကို
ကြားရ၏ ။ ထိုသို့သော သြ၀ါဒမျိုးသည် လူပြိန်းများအဖို့ ကောင်းတော့ မယောင် ထင်မှတ်ဖွယ်ရှိသော်လည်း
ဗုဒ္ဓအား ယုံကြည်မှု သဒ္ဒါစိတ်ကို နုံနဲ့စေ၍ သာသနာတော်၏ ညှိုးမှိန်ဖွယ်အကြောင်းဖြစ်သည် ဟု ကျွန်တော်
ယူဆသည့်အလျောက် မျက်နှာကြီး ပုဂ္ဂိုလ်များကို မညှာမထောက်နိုင်ပဲ ဗုဒ္ဓ၏ မျက်နှာတော်ကိုသာ ထောက်
ထားခြင်းအားဖြင့် ဤနေရာ၌ ရေးသားရခြင်း ဖြစ်သည် ။ ကျွန်တော်တင်ပြလိုသော ပြဿနာမှာ --
" သက်သက်လွတ်ရှောင်ခြင်း " တည်းဟူသော ပြဿနာပင် ဖြစ်သည် ။
ဗုဒ္ဓ ဟောတော်မူခဲ့သည့် ဒေသနာတော်များမှ တွေ့ရသောအချက်တစ်ခုကို ရှေးဦးစွာ တင်ပြပါမည် ။
ယောက်ဖတော် ဒေ၀ဒတ်သည် သံဃာကို ဂိုဏ်းခွဲလိုသောအကြံအစည် နှင့် ဗုဒ္ဓအား အချက်ငါးချက် ပါသော
အကြံတစ်ခု ပေးပါသည် ။
(၁) တပည့်ရဟန်းများအား ရွာနီးကျောင်းတွင် မနေစေပဲ တောကျောင်းတွင်သီတင်းသုံးစေရန် ။
(၂) ပို့သောဆွမ်းကို ဘုဉ်းမပေးစေပဲ ဆွမ်းခံ၍သာစားစေရန် ။
(၃) ဒါယကာများ လှူသော သင်္ကန်းကို မ၀တ်ရုံစေပဲ ပံ့သကူသင်္ကန်းကိုသာ ၀တ်ရုံစေရန် ။
(၄) ဆောက်လုပ် လှူဒါန်းသော ကျောင်းတွင် မထိုင်စေပဲ သစ်တစ်ပင် ၊ ၀ါးတစ်ပင်အောက်၌ နေစေရန် ။
(၅) အမဲသားငါးကို မစားစေပဲ မြေပေါက် အသီးအနှံ စသည်တို့ကိုသာ မှီဝဲစေရန် .....ပညတ်ဖို့ လျှောက်ထား
လေသည် ။ ဒေ၀ဒတ် ၏ အကြောင်းပြချက်ကား ဤကဲ့သို့ ခြိုးခြံသောအကျင့်မျိုး ကျင့်သုံးခြင်းဖြင့် လူအများ
တို့ ကြည်ညိုဖွယ် ဖြစ်စေနိုင်ပါသည်ဟု ဆိုလေသည် ။
ဗုဒ္ဓသည် ဒေ၀ဒတ် ၏ အကြံပေးချက် ၅ ခုကို တစ်ခုမျှ လက်ခံတော်မမူဘဲ ပယ်ဖျက်ခဲ့ရာ အခြားသော
အချက်များဟာ ဤ Post နဲ့ မသက်ဆိုင်သဖြင့် အသားရှောင်ပြီး မြေပေါက်ကိုသာ ( သက်သတ်လွတ် ) စားဖို့ဆို
သော အကြံပေးချက် နှင့် ပတ်သက်သည့် ဗုဒ္ဓ ၏ အဖြေကိုသာ ဖော်ပြလိုပေသည် ။
ဗုဒ္ဓ က အစွန်းသုံးပါးလွတ်သောအသားဆိုလျှင် စားနိုင်ခွင့် ရှိသည် ။ အစွန်းသုံးပါး ဟူသည်ကား ---
(၁) ကြားသား ( သတ်သံကြားသောအသား )
(၂) မြင်သား ( သတ်သည်ကို မြင်လိုက်ရသော အသား )
(၃) ရည်သား ( မိမိအဖို့ ရည်ရွယ်၍ သတ်သော အသား ) တို့ကိုသာ ရှောင်သင့်သည် ဟု မိန့်တော်မူလေ
သည် ။ ဤတွင် အချို့သော ရဟန်းများသည် ဒေ၀ဒတ်၏ အကြံပေးချက်ကို မြတ်သည် ထင်ကြ၍ ဗုဒ္ဓ ကို စွန့်ခွာ
ပြီး ဒေ၀ဒတ်နောက်သို့ ပါသွားကြသည် ဟု ဆိုလေသည် ။
ကျွန်တော် စဉ်းစားမိသည်ကား ရဟန်းတို့ မည်သည် ဒါယကာ ၊ ဒါယိကာမများပေးလှူသော
( လောင်းသော ) ဆွမ်း နှင့် ဆွမ်းဟင်းကိုသာ ဘုဉ်းပေးကြရသည် ဖြစ်ရာ အကယ်၍ ဒေ၀ဒတ် အကြံပေးသည့်
အတိုင်း သက်သတ်လွတ်ရှောင်ပြီး " မြေပေါက် " ကိုသာ ဘုဉ်းပေးမည် ဆိုပါက ဆွမ်းခံစဉ် ကတည်းက
" ငါတို့ အသားမစား ၊ သက်သတ်လွတ်ကိုသာစားသည် " ဆိုတာ ဒါယကာ ၊ ဒါယိကာမများ သိစေခြင်းငှာ
မောင်းကြေးနင်းခတ်ခြင်း သို့မဟုတ် အလံထူခြင်း စသည်ဖြင့် ကြေငြာထားဖို့ လိုပေလိမ့်မည် ။ ယင်းသို့ဆို
လျှင် မြတ်သော အလုပ်ကို လုပ်သည်တို့ကို ရပ်သိရွာသိ ထင်ထင်ပေါ်ပေါ် လုပ်ခြင်းဖြင့် ၀ါဝါကြွားကြွား
အသားယူရာ ရောက်ပေတော့မည် ။ သို့ဆိုလျှင် ဗုဒ္ဓ ၏ ရည်ရွယ်ချက် နှင့် မကိုက်ညီပဲ ရှိတော့မည် ။စသည်များ
ဖြင့် ဆင်ခြင်မိပါသည် ။
ယခုလက်ထက်တွင်မူကား ဗုဒ္ဓဟောတော်မူခဲ့သည့် အစွန်းသုံးပါး လွတ်ရုံမျှဖြင့် ကိစ္စ မပြီးသေး ။
အသားစားသည် ဆိုကတည်းက ငရဲကြီးလေပြီဟု ပြောသံ ဆိုသံများသည် အတော်ကျယ်လောင်စွာ ပေါ်ထွက်
လျက်ရှိ၏ ။ ထိုသူတို့၏ ဆင်ခြေမှာမူကား သတ္တ၀ါကို ကိုယ်တိုင် မသတ်သော်လည်း မိမိတို့က ၀ယ်စားသည့်
အတွက်ကြောင့်သာလျှင် သတ်သူက သတ်ရောင်းခြင်း ဖြစ်၍ အားပေးအားမြှောက်ပြုရာရောက်ကြောင်း
ဥပဒေ၌ အားပေးအားမြှောက်ပြုလုပ်ခြင်းသည်လည်း အပြစ်ရှိသည်ဟု ဆိုထားကြောင်း စသည်များဖြင့်
ဗုဒ္ဓ ၏ ပညတ်တော်ကို လူလုပ်သော ဥပဒေအကိုးအကားများဖြင့် စောဒကတက်ကြလေသည် ။
စားသူရှိ၍သတ်ခြင်း ၊ ထို့ကြောင့် သတ္တ၀ါများသေရခြင်းကား ဟုတ်ကောင်း ဟုတ်ပေမည် ။
သို့ရာတွင် သတ္တ၀ါများ သေရခြင်းအတွက်ကြောင့် စားသူများ၌ အပြစ်ရှိသည် ဆိုခြင်းကား ချွတ်ချော်သော
အယူအဆ ဖြစ်၏ ။ အဘယ်ကြောင့်ဆိုသော် စေတနာ မပါရှိသောကြောင့်ပေတည်း ။ သာဓကတင်ပြရသော်
စက္ခုအလင်း မရသောစက္ခုပါလမထေရ်ကြီးသည် စင်္ကြလျှောက်ရင်း တရားအားထုတ်ရာတွင် ပိုးမွှားတိရစ္ဆာန်
များကို နင်းမိ၍ သေကျေရသည်နှင့် ပုထုဇဉ်ရဟန်းများက စွပ်စွဲကဲ့ရဲ့ကြ၏ ။ ဗုဒ္ဓသည် ထိုအခြင်းအရာကို ကြား
သိတော်မူရာတွင် ပိုးမွှားတိရစ္ဆာန်များကို နင်းမိ၍ သေကျေရသည်မှန်သော်လည်း သေစေလိုသော စေတနာ
မရှိခြင်း အတွက်ကြောင့် မထေရ်ကြီး၌ အပြစ်မရှိ ဟူ၍ ပုထုဇဉ်ရဟန်းများအား ဟောပြောဆုံးမတော်မူဖူးလေ
သည် ။ စားသူရှိ၍ သတ်ခြင်း ၊ ထို့ကြောင့် သတ္တ၀ါများသေရခြင်းသည် သွယ်ဝိုက်သောနည်းမျှသာ ဖြစ်ရာ
မထေရ်ကြီးမူကား ၄င်း၏ ခြေဖ၀ါး ဖြင့် တိုက်ရိုက်နင်းမိခြင်း ဖြစ်၏ ။ သို့နှင့်ပင် အပြစ်မရှိဟု ဗုဒ္ဓမြတ်စွာ
ကိုယ်တိုင် အဆုံးအဖြတ် ပေးတော်မူ ဖူးလေသည် ။ အကြောင်းမူကား သေစေလိုသော စေတနာ မရှိသော
ကြောင့်ပေတည်း ။
တစ်စုံတစ်ခုသောအပြုအမူကို ဆုံးဖြတ်ချက်ချရာတွင် ဤ သတ္တ၀ါ၌ ထိခိုက်သည် ၊ ထိုသတ္တ၀ါ၌
အကျိုးရှိသည် ၊ ဤကား လူကြည့်၍ကောင်းသည် ၊ ဤကား အမြင်မတော် စသည်ဖြင့် မကြည့်သင့်ပဲ ပြုလုပ်
သောပုဂ္ဂိုလ်၏ စေတနာကိုသာ ကြည့်သင့်ကြောင်း ၊ လူအချင်းချင်းက မည်ကဲ့သို့ ကြည့်ပြီး ဆုံးဖြတ်ကြသည်
ဖြစ်စေ အကျိုးပေးရာ၌မူ စေတနာ အတိုင်းသာ ကောင်းကျိုး ၊ မကောင်းကျိုး ပေးတတ်၏ ။
" မိမိပြုသော အမှုသည် ကမ္ဘာပေါ်ရှိ လူအားလုံး ပြုသင့်သော အမှုမျိုး ဖြစ်မဖြစ် စိစစ်ရမည် ။ လူ
သတ္တ၀ါတိုင်း ပြုသင့်သောအမှု ဖြစ်ပါက ကောင်းမှု ဖြစ်၍ မပြုသင့်သော အမှုဖြစ်ပါက မကောင်းမှု ဖြစ်၏ "
ဟူ၍ ဆိုကြပါသေးသည် ။ ဥပမာ -- ကျွန်တော်သည် မိမိကိုယ် မိမိ သတ်သေလိုသော ဆန္ဒရှိပါက ကမ္ဘာပေါ်ရှိ
လူသတ္တ၀ါတိုင်း သတ်သေသင့်ပါသလား ဟု စဉ်းစားရပေမည် ။ လူတိုင်း သတ်သေပါက လူ့လောကသည်
ဆိတ်သုဉ်းသွားမည်ဖြစ်၍ သတ်သေခြင်းသည် မကောင်း ၊ အကယ်၍ ကျွန်တော်သည် လိမ်ပြောလိုပါက
လူအားလုံး လိမ်ပြောသင့်ပါသလားဟု စဉ်းစားရပေမည် ။ လူတိုင်းလူတိုင်း လိမ်ပြောလိုပါက တစ်ဦးကိုတစ်ဦး
ယုံကြည်ရတော့မည် မဟုတ်သောကြောင့် လူ့လောကသည် ပျက်စီးရမည် မုချဖြစ်သည် ။ သို့ဖြင့် အမှုတစ်ခု
သည် မကောင်းမှု ဖြစ်သည်မှန်ပါက ကမ္ဘာ့လူသားအားလုံး ပြုသင့်သော အမှုအနေဖြင့် စိတ်ကူး ကြံစည်၍ မရ
အပ်ပဲ အသိဥာဏ်က လက်မခံနိုင်သော အချည်းနှီးအမှု ဖြစ်ကြောင်း ထင်ရှားပေလိမ့်မည် ။
သို့ရာတွင် ဤဥပဒေသမှာ အခါခပ်သိမ်း လိုက်နာ ကျင့်သုံးရန် မဖြစ်နိုင်ချေ ။ ကမ္ဘာ့လူသားတိုင်း
ပြုသင့်သော အမှုသည်သာ ကောင်းသည် ဆိုပါက ကောင်းမှုအနေဖြင့် ကျွန်တော်တို့ အစဉ်အလာ ခံယူခဲ့သော
အချို့အမှုများမှာ မကောင်းမှု ဖြစ်ရပေတော့မည် ။ အိမ်ရာ မထောင်သော လူတို့၏ ဘ၀အလုပ်သည် မကောင်း
အဘယ်ကြောင့်ဆိုသော် လူတိုင်းလူတိုင်း အိမ်၇ာ မထောင်ဘဲ နေမည်ဆိုပါက လူသတ္တ၀ါမျိုးစု ဆိတ်သုဉ်းသွား
မည် အမှန်ဖြစ်၏ ။ တိရစ္ဆာန်များကို သနား၍ အသားစားရှောင်ကြဉ်ခြင်းသည်လည်း ကောင်းသော အလုပ်
မဟုတ်ပေ ။ အကြောင်းမှာ လူတိုင်းလူတိုင်း ထိုသို့ ရှောင်ကြဉ်ပါက တိရစ္ဆာန်ဦးရေ အဆမတန် တိုးပွားလာ၍
လူ့လောက ပျက်စီးသွားမည် အမှန် ဖြစ်၏ ။ စင်စစ် များစွာသော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် အိမ်ထောင်သားမွေး
ခြင်းနှင့် အသားစားခြင်းကို လုံးဝ အပြစ်မြင်မည် မဟုတ်ချေ ။
ကြားသား ၊ မြင်သား ၊ ရည်သား တည်းဟူသော အစွန်းသုံးပါးဟု ဆိုရာ၌ ဈေးထဲ၌ ရောင်းသော
သားငါးသည် ၀ယ်ယူစားသုံးမည့်သူများအတွက် ရည်ရွယ်ခြင်း ဖြစ်သောကြောင့် အစွန်မလွတ် " ရည်သား "
ဖြစ်သည်ဟု အချို့က ဆိုချင်ကြသည် ။ ဗုဒ္ဓ ဆိုလိုတော် မူသည်မှာ ပုဂ္ဂိုလ်အနေဖြင့် ရည်ရွယ်၍ သတ်ခြင်းမျိုးကို
သာ ဆိုလိုသည် ။ ဥပမာ -- အိမ်တစ်အိမ်သို့ ဧည့်သည် အဖြစ်ဖြင့် ရောက်သွားသည့်အခါ ကြက်ကိုသတ်၍ ကျွေး
ခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်၏ ။ သနားကြင်နာတတ်သည်ဆို၍ သက်သတ်လွတ်ရှောင်သူများကို မည်သို့မျှပြော
ရန် အလိုမရှိသော်လည်း ဈေးမှ ၀ယ်စားခြင်းသည်ပင် အားပေးကူညီရာရောက်၍ အပြစ်ရှိသည်ဆိုကာ ဥာဏ်
ကွန့်ကြသော ဒေ၀ဒတ်ဂိုဏ်းသားများအတွက်သာလျှင် ရေးရခြင်း ဖြစ်လေသည် ။
အသားရှောင်ခြင်းသည် သူ့နေရာ နှင့်သူ ကောင်းမွန်ခြင်းကို ၀န်ခံရန် အသင့်ရှိပါ၏ ။ ကျွန်တော်သည်
ဤ Post ကို ရေးသားရာ၌ အသားစားခြင်း ၊ မစားခြင်း တည်းဟူသော ပြဿနာကို အရေးတကြီးသဘောထား
သောကြောင့်မဟုတ်ပေ ။ဗုဒ္ဓဟောတော်မူခဲ့သည့် ပါဠိတော်မူရင်းအဓိပ္ပာယ်ကို ဖောက်ဖျက်ကာ အခြားဘာသာ
မျိုးမှ ကောင်းနိုးယောင်ယောင် အယူအဆမျိုးများ ၀င်လာခြင်းကို ကာကွယ်ရန်အတွက်မျှသာဖြစ်သည် ။
သနားတတ်သည်ဆို၍ မစားဘဲ ရှောင်လိုက ရှောင်ကြပါ ။ ချီးမွမ်းပါသည် ။ သို့ရာတွင် ဈေးမှ သားငါးကို ၀ယ်
စားခြင်းသည် အားပေးကူညီရာ ရောက်ခြင်းကြောင့် အပြစ်ရှိသည်ဆိုကာ ဗုဒ္ဓ ဟော်တော်မူခဲ့သည့်
" စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ " ဟူသော ပါဠိတော်ကြီးကိုတော့ တိုက်ရိုက် မဆန့်ကျင်ကြပါနှင့် ။ ထိုကဲ့သို့
ဗုဒ္ဓကိုယ်တော်မြတ်က မ,ပညတ်သည်ကိုလူတတ်လုပ်ပြီး ပညတ်ခြင်းသည်ဒေ၀ဒတ်ဂိုဏ်းသားမျိုးသာ ဖြစ်သည်
ဟု စွပ်စွဲလိုက်ရသည် ။ မည်သို့ပင်ဖြစ်စေ ကျွန်တော်သည်ကား " အစွန်းသုံးပါး " လွတ်သည် ဆိုသော်လည်း
ဈေးမှသားငါးကို ၀ယ်စားမိပါက မှားသည်ဟုဆိုကြလျှင် ဗုဒ္ဓ နှင့် အတူပင် မှားပါလိမ့်မည် ။ ဥာဏ်ကြီးရှင်
ဒေ၀ဒတ်ဂိုစ်းသားကြီးများနောက်သို့ ဘယ်တော့မှ လိုက်လိမ့်မည် မဟုတ် ဖြစ်ပါသတည်း ။
......................................................................................................................................................................................
| |
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား