ဗုဒ္ဓဟောသော အကျင့်သီလ
" ရဟန်းတို့ ၊ ရှေးအခါက ဝေဒေဟီမည်သော သူကြွယ်မ၌ ကာဠီ မည်သော " ကျွန်မ " ရှိ၏ ။
ဝေဒေဟီသူကြွယ်မသည် တရားပြည့်ဝသည် ၊ သည်းခံတတ်သည် ဟု သတင်းပျံ့နှံ့၏ ။ ကာဠီ
" ကျွန်မ " သည် ၊ ငါ၏ သခင်မသည် တစ်ကယ်ပင် သဘောကောင်းလေသလော ။ ငါကအလုပ်
ဝတ္တရားကျေပွန်စွာ ဆောင်ရွက်သောကြောင့် သဘောကောင်းခြင်း ဖြစ်လေသလော ဟု သိလို
ရကား စုံစမ်းရန် တစ်နေ့တွင် နေမြင့်မှ အိပ်ယာ က ထ၏ ။ ထိုအခါ သူကြွယ်မသည် မျက်မှောင်
ကြုတ်၍ ကြည့်၏ ။ နောက်တစ်နေ့၌ အိပ်ယာထနောက်ကျသော် " ကျွန်မ " ကို ဆဲရေး၏ ။
တတိယနေ့၌မူ ရိုက်ပုတ်၏ ။ ထိုအခါမှ လူတို့သည် သူကြွယ်မ ၏ သီလ မရှိသော အဖြစ်ကို သိ
ကြကုန်၏ ။ ရဟန်းတို့ ၊ သူတစ်ပါးက ကြမ်းတမ်းစွာ ပုတ်ခတ်ပြောဆိုပါလျက် တုန်လှုပ်ခြင်းမရှိ
သောသူကိုသာလျှင် စိတ်နှိမ့်ချ၍ သည်းခံသော ဟူ၍ သိအပ်၏ ။ ပစ္စည်းလေးပါး ပြည့်စုံသော
ကြောင့် ဆို ဆုံးမလွယ်သော ရဟန်းကို ဆို ဆုံးမလွယ်သော ရဟန်းဟု ငါဟောတော်မမူ ။
အကြောင်းမူ ထိုရဟန်းသည် ပစ္စည်းလေးပါး မရခဲ့သော် ဆို ဆုံးမ လွယ်မည် မဟုတ် ။ "
( မဇ္ဈိမနိကာယ် ၊ ကကစူပမသုတ် )
ဤဒေသနာမှာ မိမိတို့၏ အကျင့်သီလ ထိခိုက်မည်စိုးသဖြင့် လောကီလူမှုကိစ္စများ
ကို တတ်နိုင်သမျှ မျက်နှာလွှဲဖယ် ထားလိုသော ဗုဒ္ဓ၀ါဒီတို့ ဆင်ခြင် သုံးသပ်ရန်ဖြစ်၏ ။ မိမိတို့၏
ရပ်ရွာအရေး ၊ နိုင်ငံနှင့်အမျိုးသားရေး ကိစ္စများ၌ ပါဝင်ဆောင်ရွက်ပါက စိတ်အနှောင့်အယှက်
ဖြစ်ဖွယ်ရာ အခက်အခဲ ပြဿနာများကို ရင်ဆိုင်ရမည် မှန်၏ ။
သို့ရာတွင် ဗုဒ္ဓအလိုအားဖြင့် ယင်းတို့ကို ရင်ဆိုင်ဖြေရှင်းခြင်းသည်ပင် အကျင့်သီလ
ကြီးပွားတိုးတက်ရန် အကြောင်းဖြစ်၏ ။ ဗုဒ္ဓဟောသော အကျင့်သီလသည် " အလုပ်မရှုပ် ၊
အကျိုးမယုတ် " ဆိုသော အကျင့်သီလမျိုး မဟုတ် ။ ပြုသင့်သော ကာယကံမှု ၊ ၀စီကံမှုများကို
ပြုခြင်းဖြင့် ရှင်သန် တက်ကြွနေသော သီလ ဖြစ်၏ ။
မြန်မာ ဗုဒ္ဓ၀ါဒီတို့သည် လူသူအရောက်အပေါက်နည်းသော နေရာဒေသ၌ ဧကစာရီ
ကျင့်သော ရသေ့ရဟန်း တို့ကို သီလ ၊ သမာဓိ နှင့် ပြည့်စုံသော သူတော်သူမြတ်များ ဖြစ်သည်
ဟု ယုံကြည်၍ အလွန်ကြည်ညိုလေ့ရှိကြ၏ ။ ဤသို့ မစူးစမ်းပဲ ကြည်ညိုကြခြင်းသည် ဗုဒ္ဓ ၏
အမြင်အားဖြင့် အသိပညာကင်းမဲ့သော ကြည်ညိုမှုမျိုး ဖြစ်၏ ။ ဗုဒ္ဓ ၏ အလိုအားဖြင့် ရဟန္တာ
ပုဂ္ဂိုလ် ဆိုသူ၏ အကျင့်သီလ အဆင့်အတန်း ကို စုံစမ်းလေ့လာလိုသောသူသည် မိမိကိုယ်နှိုက်
က အသိပညာရှိသောသူဖြစ်၍ ထို ပုဂ္ဂိုလ်နှင့် ကာလရှည်ကြာစွာ ပေါင်းဖော်ပြီး စုံစမ်းလေ့လာ
ရမည် ဖြစ်၏ ။ ဤသည်မှာ ရဟန္တာ နှင့် စပ်လျင်း၍ ဒေသနာတစ်ခု ပါရှိသော ဗုဒ္ဓ ၏ ညွှန်ကြား
ချက်တစ်ခု ဖြစ်၏ ။
" မင်းကြီး ၊ သားမယားတို့နှင့်ကျဉ်းမြောင်းသော အိမ်ရာ၌ နေထိုင်ကာ , ကာမဂုဏ်
စည်းစိမ်ခံစားနေသောသင်မင်းကြီးသည် ဤသူတို့ကား ရဟန္တာပုဂ္ဂိုလ် တို့တည်း ဟု သိနိုင်ခဲ၏"
" ပုဂ္ဂိုလ် တစ်ဦး နှင့် အတူတကွ နေထိုင်ခြင်းဖြင့်သာ သူ၏ သီလကို သိနိုင်၏ ။ ယင်း
သီလကိုလည်း ကြာရှည်စွာ ပြောဆိုဖူးသော သူမှသာ သိနိုင်၏ ။ တစ်ခဏမျှ ပြောဆိုကာမျှဖြင့်
မသိနိုင် ။ ပညာရှိ၍ စဉ်းစား ဆင်ခြင်သောသူမှသာ သိနိုင်၏ ။ ပညာမဲ့သောသူသည် မသိနိုင် "
" ဘေးရန် တွေ့ကြုံသောအခါတို့၌သာ သူ၏ ဥာဏ်အစွမ်းကို သိနိုင်၏ ။ ယင်းကိုလည်း
များစွာသော ဘေးရန်တွေ့ကြုံမှသာ သိနိုင်၏ ။ စဉ်းစား ဆင်ခြင်၍ ပညာရှိသောသူမှသာ သိ
နိုင်၏ ။ ပညာမဲ့သော သူသည် မသိနိုင် ။ "
" အတူတကွ ကာလကြာရှည်စွာ တရားစကားပြောဆို ဆွေးနွေးခြင်းဖြင့်သာ ထိုသူ
၏ ပညာကို သိနိုင်၏ ။ စဉ်းစားဆင်ခြင်၍ ပညာရှိသော သူမှသာ ထိုသို့ သိနိုင်၏ ။ ပညာမဲ့သော
သူသည် မသိနိုင် ။ "
( ဥဒါန်းပါဠိတော် ၊ ဇစ္စန္ဓ၀ဂ် ၊ သတ္တဇဋိလသုတ် )
ထို့ကြောင့် ပုဂ္ဂိုလ်တစ်ဦး၏ အကျင့်သီလကို အမှန်အတိုင်း သိရှိလိုပါက ပတ်ဝန်းကျင်
လူများနှင့် ဆက်ဆံပြုမူပုံကို စူးစမ်းလေ့လာ ရပေမည် ။ သို့ရာတွင် ကျန်းမာခြင်း ၊ ချမ်းသာ
ကြွယ်ဝခြင်း ၊ တန်ခိုးအရှိန်အ၀ါရှိခြင်း စသည်တို့ဖြင့် ဘ၀ပြည့်စုံဖူလုံသော ပုဂ္ဂိုလ်ဖြစ်ပါက
ဘ၀အခြေအနေအရ လောဘ ၊ ဒေါသ စသော အကုသိုလ်စိတ်များ ငြိမ်ဝပ်နေခြင်းဖြစ်၍ သီလ
စင်ကြယ်မှုသည် မူမမှန်ဘဲ အတုအယောင် ဖြစ်နေတတ်၏ ။ စစ်မှန်သော အကျင့်သီလမြင့်မား
မှုသည် ဆင်းရဲဒုက္ခ အမျိုးမျိုးကြုံတွေ့၍ ဘ၀ခရီးလမ်း ကြမ်းတမ်းခက်ခဲသောအခါ၌သာလျှင်
သိသာထင်ရှား၏ ။ သို့ဖြစ်၍ ဗုဒ္ဓသည် အလိုဆန္ဒပြည့်ဝ၍ ဘ၀ခရီး သာယာဖြောင့်ဖြူးသော
ကြောင့် အကျင့်သီလ စင်ကြယ်မှုကို ချီးမွမ်းတော် မမူချေ ။
............................................................................................................................................................
| |
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား