ကိုယ်ကျင့်တရား
ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံ၌ လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ အစဉ်အလာ
ခံယူချက်များသည် ဗုဒ္ဓအယူဝါဒနှင့် မကင်းနိုင်ကြပေ ။ သို့ဖြစ်၍ ဗုဒ္ဓ၏ လမ်းစဉ်၌ ကိုယ်ကျင့်တရား
သည် မည်မျှအရေးပါသည် ၊ မည်သို့သော သဘောလက္ခဏာ ရှိသည် ၊အထူးသဖြင့် ဗုဒ္ဓကျမ်းဂန်လာ
လူ့စိတ်သဘာဝခြင်းရာနှင့် မည်သို့ ဆက်စပ်နေသည် စသည်တို့ကို လေ့လာသင့်ပေသည် ။
ဘ၀လွတ်မြောက်ရေးကို ရောက်ဖို့အရေးမှာ အကျင့်သီလဟာ လိုအပ်ပါတယ် ။ ဒါပေမယ့်
အကျင့်သီလတစ်ခုတည်းနဲ့တော့ မလုံလောက်ပါ ။ သီလနှင့်ပညာကို ပေါင်းဖက် ပေးရပါမယ် ။
အကျင့်သီလ မရှိဘဲနဲ့ သတ္တ၀ါရဲ့ ဘ၀မှာ ကိလေသာ စင်ကြယ်မှုဟာ အလိုအလျောက် ဖြစ်မလာနိုင်
ပါဘူး ။
ဗုဒ္ဓ၏ ကျင့်စဉ်၌ ပုထုဇဉ်သတ္တ၀ါတို့သည် သီလတရားကို အားထုတ်ပြီးမှ သမာဓိစခန်း ၊ ပညာ
စခန်းသို့ ရောက်ရှိနိုင်မည် ဖြစ်၏ ။ ဗုဒ္ဓကျင့်စဉ်မှာ အချုပ်အားဖြင့် မဂ္ဂင်ရှစ်ပါး ဖြစ်၍ သမ္မာဒိဋ္ဌိ ၊
သမ္မာသင်္ကပ္ပ ၊ သမ္မာဝါယမ စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ကျင့်အပ်သော တရားများကို မဂ္ဂင်ရှစ်-
ပါး ၌ ပြဆိုထား၏ ။ သမ္မ၀ါစာ ၊ သမ္မာကမ္မန္တ ၊ သမ္မာအာဇီဝ ( မှန်သော ၀စီကံမှု ၊ မှန်သော ကာယကံ
အမှု ၊ မှန်သော အသက်မွေးမှု ) တို့ကို မဂ္ဂင်ရှစ်ပါး၌ ထည့်သွင်းထားခြင်းဖြင့် အကျင့်သီလသည် မဂ်
ဖိုလ်နိဗ္ဗာန် အတွက် အရေးပါသော တရားဖြစ်ကြောင်း သိသာထင်ရှား၏ ။
အမှန်အားဖြင့် သီလမဂ္ဂင် သုံးပါးကို ကျင့်သုံးသောအခါ ကိုယ်ကျင့်သိက္ခာ ဖြူစင်၏ ။
မြင့်မြတ်၏ ။ ကိုယ်ကျင့်သိက္ခာ ဖြူစင်မြင့်မြတ်သည်နှင့်အမျှ စိတ်၏ ကိလေသာ အညစ်အကြေးများ
ကင်းစင်၏ ။ ထိုအခါမှသာ မှန်ကန်ထက်မြက်သော ဥာဏ်ပညာ ဖြစ်ထွန်းပြီး အလုပ်မှန်ကို လုပ်နိုင်
၏ ။ အပြောမှန်ကို ပြောနိုင်၏ ။ အတွေးမှန်ကို တွေးနိုင်၏ ။
အကယ်၍ ကိုယ်ကျင့်သိက္ခာ ဖြူစင်မှုကို သီလဖြင့်စပြီး သီလဖြင့် အဆုံးမသတ်နိုင်သေးလျှင်
ထိုကိုယ်ကျင့်သိက္ခာ ဖြူစင်မှုသည် တကယ်တမ်း ခိုင်မာသော ကိုယ်ကျင့်သိက္ခာဖြူစင်မှု မဟုတ်
သေးပေ ။ အမှန်အားဖြင့် အရဟတ္တမဂ်သည် မဂ္ဂင်ရှစ်ပါးတွင် သီလမဂ္ဂင်သုံးပါးတို့က တစ်ပြိုင်တည်း
တစ်ပေါင်းတည်း ယှဉ်ပါမှ အရဟတ္တမဂ် အဖြစ်သို့ ရောက်၏ ။
သို့ရာတွင် အချို့သော မြန်မာဗုဒ္ဓဘာသာဝင် တို့သည် အကျင့်သီလကို အလေးထား ဂရုမပြု
ဘဲ ၀ိပဿနာတရားကို ကျင့်ကြံအားထုတ်လျက် ရှိကြ၏ ။ ၀ိပဿနာလုပ်ငန်း၏ ဦးတည်ချက်ဖြစ်
သော လောဘ ၊ ဒေါသ ၊ မောဟ ချုပ်ငြိမ်းမှုအတွက် စိတ်စင်ကြယ်ရန် လိုအပ်၍ စိတ်စင်ကြယ်မှု
( စိတ္တ၀ိသုဒ္ဓီ ) ကို အကျင့်သီလဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း သတိမပြုမိကြပေ ။ သို့ဖြစ်၍
ဝိပဿနာတရားကို နှစ်ရှည်လများ ကျင့်ကြံအားထုတ်ခဲ့ပါလျက် စိတ်ဓာတ် ၊ စရိုက်နှင့် အကျင့်သီလ
အရာ၌ ထူးထူးခြားခြား တိုးတက်မှု မရှိသော ပုဂ္ဂိုလ်များကို ကျွန်တော်တို့ မကြာခဏ တွေ့ရှိရ၏ ။
ဝိပဿနာတရားအားထုတ်ခြင်းဖြင့် အကျင့်သီလအရာ၌ သိသိသာသာ တိုးတက်လာသော
ယောဂီများ ရှိကြပါ၏ ။ သို့ရာတွင် ထိုပုဂ္ဂိုလ်များမှာနည်းပါး၍ များစွာသော လူတို့အဖို့မူ တရားအား
ထုတ်မှုသည် စိတ်ဓာတ်စရိုက်ကို ထိထိရောက်ရောက် ပြုပြင်နိုင်စွမ်း မရှိခဲ့ပေ ။
ဤသည်မှာ ၀ိပဿနာတရား၏ အပြစ်မဟုတ် ၊ တရားအားထုတ်ပုံနည်းဟန် လွဲမှားမှုကြောင့်
လည်း မဟုတ်ဘဲ ဆိုင်ရာ ယောဂီပုဂ္ဂိုလ်၏ ချွတ်ယွင်းမှုကြောင့်သာ ဖြစ်ရပေမည် ။ ယောဂီသည်
တရားအားမထုတ်မီက လိုအပ်သော ပြင်ဆင်မှု ပြုလုပ်ရန် မေ့လျော့ခဲ့ပေလိမ့်မည် ။ သို့မဟုတ်
မည်သည့် ပုဂ္ဂိုလ်အမျိုးအစား၌ ပါဝင်ကြောင်း ဘာမျှ မသိသောသူ ဖြစ်ရပေမည် ။
ဗုဒ္ဓဘုရားရှင်သည် လူသတ္တ၀ါတို့အား စိတ်ဓာတ် အနုအရင့်ကိုကြည့်၍ ဟောပြော ဆုံးမ
တော်မူလေ့ရှိပေရာ အကျင့်သီလဆိုင်ရာ ဗုဒ္ဓသြ၀ါဒ ၊ ဗုဒ္ဓကျင့်စဉ်များသည် ပုဂ္ဂိုလ်အမျိုးအစားကို
လိုက်၍ ကွဲပြား ခြားနား ပေလိမ့်မည် ။ မိမိ စိတ်နေ စရိုက်နှင့် ဆီလျော်သော ဗုဒ္ဓသြ၀ါဒများကို ဂရု
မပြုဘဲ မဂ်ဖိုလ်နိဗ္ဗာန်စခန်းသို့ ဖြတ်လမ်းက ရောက်ရှိလိုပါက ရည်မှန်းချက် မအောင်မြင်ပဲ အကျိုး
စီးပွား ဆုတ်ယုတ်မည်သာ ဖြစ်၏ ။
ကျမ်းကိုး -
ဦးရွှေအောင် - အမြင်များပြောင်းလဲခြင်း
ဦးအေးမောင် - စိတ်ပညာနှင့် ကိုယ်ကျင့်တရား
ဦးဆန်းလွင် - ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတာက
| ................................................................................................................................................................... | |
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား