Saturday, December 19, 2009

မြန်မာဗုဒ္ဓဘာသာနှင့်နတ်ဘိုးဘိုးကြီးများ


မြန်မာဗုဒ္ဓဘာသာတွင် တစ်ခန်းတစ်ကဏ္ဍအဖြစ်ပါဝင်နေသော နာမည်ကျော်
တန်ခိုးကြီးစေတီပုထိုးများ၏အနီးပတ်ဝန်းကျင်တွင်တွေ့ရသော နတ်ဘိုးဘိုးကြီး
များအကြောင်းကို တစေ့တစောင်း တင်ပြလိုက်ပါသည်




        မြန်မာဗုဒ္ဓဘာသာနှင့်နတ်ဘိုးဘိုးကြီးများ  မြန်မာဗုဒ္ဓဘာသာနှင့်နတ်ဘိုးဘိုးကြီးများ  မြန်မာဗုဒ္ဓဘာသာနှင့်နတ်ဘိုးဘိုးကြီးများ            ဗုဒ္ဓဘာသာကို လူမျိုးအသီးသီးက ယုံကြည်ကိုးကွယ်ကြရာတွင်မူလဗုဒ္ဓဘာသာ

 ပိဋကတ်ကျမ်းဂန်မှာ မပါသော်လည်း မိမိတို့ လူမျိုးအလိုက် ယုံကြည်သက်ဝင် လက်ခံ

ထားကြ သော ရိုးရာယဉ်ကျေးမှု အစွဲအလန်းများကို ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုနှင့်

ရောစပ်ပစ်ကြ သည် ။ ထိုအခါ ထေရ၀ါဒဗုဒ္ဓဘာသာက ယုံကြည်ကိုးကွယ်ကြပုံခြင်းတူ

သော်လည်း မြန်မာဗုဒ္ဓ ဘာသာနှင့် ထိုင်းဗုဒ္ဓဘာသာ ၊ ထိုင်းဗုဒ္ဓဘာသာနှင့်သီရိလင်္ကာ

(သီဟိုဠ်)ဗုဒ္ဓဘာသာများသည် ယဉ်ကျေးမှုသဘောအရ အသွင်အပြင်မတူဘဲ ကွဲပြား

ခြားနား သွားကြရသည် ။ ထိုသဘောကို သတိပြုမိစေရန် မြန်မာဗုဒ္ဓဘာသာတွင်

တစ်ခန်းတစ်ကဏ္ဍအဖြစ် ပါဝင်နေသော နာမည်ကျော် တန်ခိုးကြီး စေတီပုထိုးများ၏

အနီးပတ်ဝန်းကျင်တွင်တွေ့ရသော “ နတ်ဘိုးဘိုးကြီးများ “ အကြောင်းကို တစေ့တစောင်း

တင်ပြလိုပါသည် ။

          ရန်ကုန်မြို့လယ်ရှိ ဆူးလေစေတီတော်သည် ကပ်ကျော်စေတီဖြစ်သည် ဆိုသော

စကား ကို ကြားဖူးကြပါမည်ဖြစ်၏ ။ ကပ်ကျော်စေတီဟုဆိုခြင်းမှာ အနီးအနားမှကပ်သွား

နေကြသော်လည်း ဘုရားပေါ်တက်ပြီး မကြည်ညိုနိုင်ပဲ တစ်ချက်မော့ကြည့်ရုံမျှ အနားမှ

ကပ်၍ ကျော်ဖြတ်  သွားကြသောကြောင့် ကပ်ကျော်စေတီဟု ဆိုကြောင်းကိုလည်း ကြား

ဖူးပါသည် ။ တကယ်ပင် အများအတွက် မဆိုလိုသော်လည်း ထိုစကားသည် ကျွန်တော့်

အတွက်မူ မှန်နေပါ၏ ။ ဆူးလေ စေတီတော်မြတ်၏ ကုန်းတော်ပေါ်သို့ တစ်နှစ်လျှင်

တစ်ခေါက် တက်ရောက်ကြည်ညိုမိဖို့ ခဲယဉ်းပါ၏ ။

         မကြာမီကမူ ဆူးလေစေတီကုန်းတော်ပေါ်ရှိ ထူးခြားသော အဆောက်အအုံ ၊

စေတီပုထိုး ရုပ်ပွားတော်များ ၊ စေတီတော်၏ပြတိုက် ၊ သူတော်စင်များအဆောင် စသည်

တို့ကိုလေ့လာချင် စိတ်ပေါ်ပါသည် ။ နောက်ဆုံး ဘက်စုံမွန်းမံပြီး ဆူးလေစေတီတော်၏

ရင်ပြင်ပေါ်သို့ တက် ရောက်ကြည်ညိုချင်စိတ်လည်း ပေါ်သည့်အကြောင်းကြောင့် ဆူးလေ

ကုန်းတော်မြတ်ပေါ်သို့ တက်ရောက်ကြည်ညိုမိလေသည် ။

           ဘက်စုံပြုပြင်မွန်းမံပြီးနောက် ဆူးလေစေတီတော်မြတ်၏ကုန်းတော်သည်

ကြည်လင် သန့်ရှင်း၍ လှပတင့်တယ်နေပါသည် ။ ယခင်က အမြင်ရှုပ်ထွေးမှုမျိုး ၊

စိတ်ကျပ်တည်းမှုမျိုး လည်း မရှိတော့ပါ ။ မြေဧရိယာကျဉ်းသော်လည်း အမြင်ရှင်းအောင်

လုပ်ထားသဖြင့် စိတ်ရွှင် လန်းဖွယ် ၊ ကြည်နူးဖွယ် ကောင်းပါသည် ။

            ကုန်းတော်ပေါ်တွင် လှည့်ပတ်ကြည်ရှုစဉ် ကျွန်တော့်အာရုံကိုအထူးဆွဲဆောင်

ယူငင် သွားသော မြင်ကွင်းမှာ စေတီတော်၏ အရှေ့မြောက်ထောင့် ခပ်ကျကျနေရာမှာ

တည်ရှိသော ဆူးလေနတ်ဘိုးဘိုးကြီး၏ နတ်ကွန်းမြင်ကွင်းဖြစ်ပါသည် ။ ဆူးလေစေတီ

တော်ဘက်သို့ မျက် နှာမူ၍တည်ရှိသော ဆူးလေနတ်ဘိုးဘိုးကြီး၏ နတ်ကွန်းထဲတွင်

 ကြည်ညိုနေသူ ၊ ပူဇော်နေသူ၊ အဓိဋ္ဌာန်ပုတီးစိပ်နေသူ ၊ ငွေကြေးလှူဒါန်းပြီး မိမိတို့၏

လာဘ်လာဘအလို့ငှာ ဆုတောင်းဆုယူ ပြုနေကြသူတွေ ၊ ငှက်ပျောပွဲ ၊ အုန်းပွဲ ပူဇော်

နေကြသူတွေနှင့် အပြည့်ဖြစ်နေပါသည် ။ ကျွန်တော် သတိပြုမိသောအချက်မှာ ဆူးလေ

စေတီကုန်းတော်မြတ်ကြီးပေါ်သို့ တက်ရောက် ကြည်ညိုပြီး စေတီတော်၏ ဝေယျာဝစ္စ

အတွက် လှူဒါန်းကြသောလှူဖွယ်ဝတ္ထုများတွင် ဆူးလေနတ်ကြီးအား လှူဒါန်းသော

လှူဖွယ်ဝတ္ထုနှင့် ငွေကြေးပမာဏသည် အများဆုံး ဖြစ်လိမ့်မည် ဆိုသောအချက် ဖြစ်ပါ

သည် ။ ထို့နောက် ကျွန်တော့်စိတ်ကူးထဲသို့ ၀င်လာသော အတွေးတစ်ခုမှာ မြန်မာ

ဗုဒ္ဓဘာသာဝင်များ၏ နတ်ကိုးကွယ်မှုအကြောင်းနှင့် ဆူးလေနတ်ဘိုးဘိုးကြီးအကြောင်း

ဖြစ်ပါသည် ။

            မြန်မာဗုဒ္ဓဘာသာဝင်များသည် လောကုတ္တရာရေးရာနှင့် လောကီရေးရာ

နှစ်ရပ်စလုံး အတွက် ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြရာတွင် လောကုတ္တရာရေး

သဘောထားနှင့် လောကီရေး သဘောထားများ မတူခြားနားကြကြောင်းကို

သတိထားမိပါသည် ။ ဆူးလေကုန်း တော်ပေါ်တွင် စေတီတော်ကို ကျောခိုင်းပြီး

ဆူးလေနတ်ကြီးကို ပူဇော်ပသနေကြခြင်းသည် လောကုတ္တရာမဂ်ဖိုလ်နိဗ္ဗာန်အတွက်

မဟုတ် ၊ လောကီစည်းစိမ်ချမ်းသာ လာဘ်လာဘအတွက် အန္တရာယ်ကင်း ဘေးရှင်း

ဖို့အတွက်သာ ဖြစ်သည် ။

           နောက်များမကြာမီ သင်္ဃန်းကျွန်းရှိ ကျိုက္ကစံစေတီသို့ ကြည်ညိုရန် ရောက်ရှိ

သွားပြန် သည် ။ ကျိုက္ကစံစေတီရဲ့ အရှေ့ဘက်ထောင့်တစ်နေရာတွင် သီးခြားခမ်းနား

သော နတ်ကွန်း အဖြစ်တည်နေသော ကျိုက္ကစံသင်္ဃန်းကျွန်း ဘိုးဘိုးနတ်ကြီးကို တွေ့ရ

ပြန်သည် ။ သင်္ဃန်းကျွန်း ဘိုးဘိုးနတ်ကြီးတွင်လည်း ၀တ်ကောင်းစားလှများ လှူထား

သည်မှာ မနည်းပါ ။ ဘိုးဘိုးနတ်ရုပ် ကြီးမှာလည်း ပြုံးပြုံးရွှင်ရွှင် ကြည်ကြည်လင်လင်

ဖြစ်၍ ကြည်ညိုဖွယ်အဆင်း ရှိပါသည်။ထိုအခါ ရှေးဒဏ္ဍာရီစကားများကို သတိရမိပါ

သည် ။ ထိုစကားမှာ ဥက္ကလာပမင်းကြီး ရွှေတိဂုံစေတီတော်ကို တည်ထားရန်အတွက်

သိင်္ဂုတ္တရကုန်းမြေနေရာကို ရှာဖွေစဉ်က သိကြားမင်းပြညွှန်ခဲ့ပြီးနောက် ရွှေတိဂုံစေတီ

တော် တည်ထားသောအခါ ဂေါတမမြတ်စွာဘုရား ဆံတော်ဓာတ်အပြင် ရှေးက ပွင့်တော်

မူခဲ့ပြီးသော ကကုဿန် ၊ ကောဏဂုံ ၊ ကဿပ မြတ်စွာဘုရားတို့၏ ဓာတ်တော်သုံးဆူ

ပေါင်းပြီး လေးဆူဓာတ်ပုံ ရွှေတိဂုံတည်ထားရန် ပြောဆိုသော စကားများကိုလည်း သတိရ

အောက်မေ့မိပါသည် ။

       အမှန်မှာ ဤဘိုးဘိုးကြီးနတ်များသည် ရွှေတိဂုံစေတီတော် သမိုင်းကြောင်းနှင့်လည်း

ဆက်စပ်နေသော သမိုင်းဝင်နတ်ကြီးများဖြစ်ကြောင်း သတိပြုမိလာ ပြန်သည် ။

ဤကိစ္စသည် မြန်မာဗုဒ္ဓဘာသာ၏ ထူးခြားသော သမိုင်းရေးရာ ၊ ယဉ်းကျေးမှုရေးရာကိစ္စ

တစ်ရပ်ဖြစ်သဖြင့် စေ့စေ့စပ်စပ် လေ့လာဖို့ကောင်းပါသည် ။

            ရန်ကုန် (ဒဂုံ)မြို့ပတ်ဝန်းကျင်ရှိ တန်ခိုးကြီးစေတီပုထိုးများတွင် တခမ်းတနား

ကွန်း ဆောင်ကြီးများ ဆောက်လုပ်လှူဒါန်းထားသော ဘိုးဘိုးနတ်ကြီးများကို

ဘုရားဖူးလာသူ ပရိသတ်များ သတိတရ သွားရောက် ကြည်ညို ဖူးမြော်လှူဒါန်းနေကြ

သည်မှာလည် လာဘ်လာဘကိစ္စ ၊ အန္တရာယ်ကင်းဘေးရှင်းရေး တစ်ခုတည်းအတွက် ဖြစ်

ပါသည် ။

        ဆူးလေနတ်ကြီးနှင့် သင်္ဃန်းကျွန်းနတ်ကြီးများကို အလေးဂရုပြုမိပြီး နောက်မကြာ

မီတွင် ဗိုလ်တစ်ထောင်စေတီတော်သို့ ကြည်ညိုရန် ရောက်ရှိသွားပြန်သည် ။ 

ဗိုလ်တစ်ထောင်စေတီ တော်၏ အရှေ့တောင်ထောင့် ကန်ရေပြင်၏ အဆုံးတွင်

ရောဟဏီနတ်ကြီးဟု အမည်တွင် သော ဗိုလ်တစ်ထောင်နတ်ကြီးတည်ရာ

နတ်ကွန်းကြီးရှိပါသည် ။ ဗိုလ်တစ်ထောင်နတ်ဘိုးဘိုး ကြီး၏ ဆန့်တန်းထားသော

လက်ပေါ်တွင် တင်လှူထားသော ပ၀ါစများကား ရောင်စုံဖြစ်ပါ သည် ။

နတ်ဘိုးဘိုးကြီးအား လှူဒါန်းနေကြသူတွေ ၊ ပူဇော်ပသ နေကြသူတွေလည်း နေ့ည

အချိန်မရွေး ရှိပါသည် ။ ယခု ဗိုလ်တစ်ထောင်စေတီ ဘက်စုံမွန်းမံအပြီးတွင် နတ်ကြီးကို

လှပ သော ကွန်းဖြင့် တခမ်းတနား ပူဇော်ထားပါသည် ။

             ထိုအခါ ဆူးလေနတ်ကြီး ၊ ဗိုလ်တစ်ထောင်နတ်ကြီး ၊ သင်္ဃန်းကျွန်းနတ်ကြီးနှင့်

ကြားဖူးထားသော မှော်ဘီနတ်ကြီးများ၏ ဆက်စပ်နေသော သမိုင်းကြောင်းကို

သိချင်သော စိတ် ဖြစ်လာပြန်သည် ။ ထို့ကြောင့် ရွှေတိဂုံသမိုင်းနှင့် ဆက်စပ်နေသော

ထိုနတ်ကြီးများ အကြောင်းကို တစေ့တစောင်း လေ့လာမိပြန်သည် ။

           ဥက္ကလာပမင်းကြီးသည် ဆံတော်မြတ်ကို စေတီတည်ရန်အတွက်

မှူးမတ်သေနာပတိ အစုံအလင်ဖြင့် စည်းဝေးတော်မူ၏ ။ တဖုဿနှင့်ဘလ္လိက

ကုန်သည်ညီနောင်နှစ်ဦးတို့အား လည်း မြတ်ဘုရား၏ မိန့်ကြားတော်မူအပ်သည့်

ဗျာဒိပ်စကားကို မေးမြန်းတော်မူ၏ ။ ထိုအခါ ညီနောင်နှစ်ယောက်တို့က ကကုဿန် ၊

ကောဏဂုံ ၊ ကဿပဘုရား သုံးဆူ၏ ပရိဘောဂ အသုံးအဆောင်များ တည်ရှိရာ

" သိင်္ဂုတ္တရ “ ကုန်းတော်တွင် စေတီတည်ရမည်ဖြစ်ကြောင်း လျှောက်ထားကြကုန်၏ ။

           ဒဏ္ဍာရီသမိုင်းကြောင်းအရ ဥက္ကလာပမင်းကြီးသည် သိင်္ဂုတ္တရကုန်းမြေကို

ရှာ၍မတွေ့ သဖြင့် သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များက ကူညီရှာဖွေပေးကြရန်

ပူဇော်ပသ၍ တောင်းခံ သည် ။ ထိုအခါ သိကြားမင်းလာရောက်၍ သိင်္ဂုတ္တရကုန်းမြေကို

ညွှန်ပြသည် ။ သို့သော် ရှေး ဘုရားရှင်တို့၏ ပရိဘောဂဓာတ်တော်များ တည်ရှိသော

နေရာကို မသိသဖြင့် သူ့ထက်အသက် ကြီးသော ရေသဖန်းပင်စောင့်နတ်ကို

မေးမည်ဆိုပြီး မေးလေသည် ။  ရေသဖန်းပင်စောင့်နတ် ကလည်း သူ့အသက်မှာ

အနန္တရကပ်တစ်ဝက်သာ ရှိသေးသည် ။ သူမသိနိုင်ကြောင်း သူ့ထက်

အသက်ကြီးသောနတ်ကြီးများကို မေးသင့်ကြောင်း သိကြားမင်းအား

အကြောင်းပြန်လေသည်။ သိကြားမင်းလည်း အနန္တရကပ် သုံးကပ်ခွဲမျှ အသက်ရှည်သော

ဆူးလေနတ်ဘိုးဘိုးကြီး ၊ ရော ဟဏီဗိုလ်တစ်ထောင်နတ်ကြီး ၊

ဒက္ခိဏသင်္ဃန်းကျွန်းနတ်ဘိုးဘိုးကြီး ၊ အမြိဿခေါ်မှော်ဘီ နတ်ဘိုးဘိုးကြီး တို့ကို

စုံစမ်းလေသည် ။ ( ဤတွင် အမြိဿနတ်ကြီးသည် မှော်ဘီနတ်ကြီး ဖြစ်ကြောင်း

ဆရာမောင်ဆုရှင် ဖော်ပြထားသည့် နေမျိုးကျော်ထင် မူနှင့်ကွဲသည် ) အဆိုပါ

နတ်ကြီးများတွင် ဆူးလေနတ်ကြီးသည် အသက်အကြီးဆုံးဖြစ်သည် ။

ဆူးလေနတ်ကြီးသည် ကကုဿန်ဘုရားရှင်လက်ထက်တွင် ဘီလူးဖြစ်ဖူး၏ ။ နေ့စဉ်

ဆင်တစ်ကောင်ကျစား၏ ။ တစ်နေ့တွင် စားသောက်ရန် အစာကိုမွတ်သိပ်ဆာလောင်စွာ

ရှာဖွေနေစဉ် ကကုဿန်မြတ်စွာ ဘုရားနှင့်တွေ့၏ ။ ဘုရားကိုပင် စားမည်ကြံ၏ ။

ကကုဿန်မြတ်စွာဘုရားက သူ့အားတားမြစ် ဆုံးမတော်မူ၏ ။ ဘီလူးလည်း သံဝေဂရ၏ ။

ထိုအခါ မြတ်စွာဘုရားက ခုနှစ်နှစ် ငါးပါးသီလမြဲ ရန် ၀န်ခံကတိကိုတောင်း၏ ။

ဘီလူးလည်း ခုနှစ်နှစ်ကား များလွန်းသည်ဟု တုံ့ပြန်လျှောက် ထား၏ ။ သို့ဖြစ်လျှင်

ငါးပါးသီလကို ခုနှစ်ရက်ဆောက်တည်ရန် ဘုရားက ဆုံးမတော်မူပြန်၏ ။ ဘီလူးလည်း

ငါးပါးသီလကို ဆောက်တည်ရန် ၀န်ခံ၏ ။ ထိုအခါ ဘီလူးအကျွတ်တရား ရ၏ ။ ထိုအခါ

ကကုဿန်မြတ်စွာဘုရား၏ တပည့်သားအဖြစ် တည်၏ ။ မြတ်စွာဘုရားရှင်သည်

ဘီလူးအား မိမိ၏ တောင်ဝှေးကို ပေးသနားတော် မူခဲ့လေ၏ ။ ထိုဘီလူးသည်

ဆူးလေနတ် ကြီး ဖြစ်လာခဲ့သည် ။ ထိုတောင်ဝှေးကို သိင်္ဂုတ္တရကုန်း ၊ ရွှေကညင်ပင်ကြီး

အောက်မှာ မြှပ်ထား ကြောင်း ဆို၏ ။

             ထို့နောက် ရောဟဏီနတ်ကြီးသည် ကောဏဂုံမြတ်စွာဘုရားလက်ထက်က

ဘီလူး အဖြစ် ဖူးမြော်ခွင့်ရရှိပြီး မြတ်စွာဘုရား ပေးသနားသဖြင့် ရေစစ်ဓမ္မကရိုဏ်ကို

ရရှိခဲ့ကြောင်း ၊ ရွှေကညင်ပင်အောက်မှာပင် ဘုရားဗျာဒိပ်တော်အရ မြှုပ်ထားကြောင်း

ဆိုသည် ။

           ဒက္ခိဏနတ်ကြီးသည် ကဿပဘုရားပွင့်တော်မူစဉ် ဘိလူးအဖြစ်ဖြင့်

အကျွတ်တရား ရသဖြင့် မြတ်စွာဘုရားက ရေသနုပ်တော်ကို ချီးမြှင့်၍ ရရှိခဲ့ကြောင်း

ဗျာဒိပ်အရ ရွှေကညင်ပင် ကြီးအောက်မှာပင် မြှုပ်ထားကြောင်း ဆိုလေသည် ။

           ထို့နောက် အမြိဿအမည်ရသော မှော်ဘီနတ်ကြီးက ငါသည် မြတ်စွာဘုရား

ဆံတော် ကို စောင့်ရှောက်ရမည့်သူ ဖြစ်သည်ဟုဆိုသည် ။

          ဤနတ်ကြီးလေးပါးသမိုင်းကား ထင်ရှားပြီ ဖြစ်၏ ။ သို့ရာတွင် ရန်ကုန်မြို့

ကျိုက်ဝိုင်း စေတီသို့ရောက်သောအခါ တွင်လည်းကောင်း ၊ မြောက်ဥက္ကလာပ

မယ်လမုဘုရားသို့ ရောက် သောအခါတွင်လည်းကောင်း ၊ ပဲခူး ဟင်္သာကုန်းပေါ်သို့

ရောက်သောအခါတွင်လည်းကောင်း  ထိုဘုရားစေတီများ အနီးအပါးတွင် နတ်ကါန်းများ

ဖြင့် တခမ်းတနား တည်ထားသော ကုန်းတော်စောင့် ဘိုးဘိုးနတ်ရုပ်ကြီးများကိုလည်း

တွေ့ရှိခဲ့ရလေသည် ။

          ထိုနတ်ကြီးများသည် ထိုဘုရားစေတီများသမိုင်းနှင့် ဆက်စပ်မှုမည်သို့

ရှိသည်ကိုကား မလေ့လာရသေးပါ ။ သို့သော် မြန်မာနိုင်ငံ တန်ခိုးကြီးစေတီပုထိုးများတွင်

 ( ဥပမာ - ကျိုက် ထီးရိုးဘိုးဘိုးကြီး ) ကဲ့သို့ နတ်ဘိုးဘိုးကြီးများ စောင့်ရှောက်လျက်ရှိ

သည်ဟု ယုံကြည်ခြင်း သည် မြန်မာတို့၏ ရိုးရာယုံကြည်မှုတစ်ရပ်ပင် ဖြစ်ကြောင်းကား

 ထင်ရှားပါသည် ။


     

ဆန်းလွင်

ဓမ္မဒဿနစာစု

....................................................................................................

  

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား