Monday, August 24, 2009

ဥတ္တရိမနုဿဓမ္မ ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုအပ်သနည်း - ၁

 
       သြစတြေးလျ နိုင်ငံမှ ဒေါက်တာဟေသာစပင့် ဆိုသူ အမျိုးသမီးအဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံ

သို့ရောက်လာစဉ်အခါက သူတို့ပြောဆိုသွားသောစကားများမှာ စိတ်ဝင်စားစရာကောင်းလှပါ

သည် ။သူတို့က မိမိတို့မှာ ခရစ်ယာန်ဘာသာကို လွန်ခဲ့သော ၁၅ နှစ်ခန့်ကပင် စွန့်ခဲ့ပြီးဖြစ်၍

ယခုအခါ ဘယ်ဘာသာကိုမျှ ကိုးကွယ်ခြင်းမရှိကြောင်း ၊ မိမိတို့ဘာသာကောင်းအောင်နေ

သွားလျှင်လည်း ပြီးတာပဲ မဟုတ်လားဟု ရှင်အာဒိစ္စရံသီ ကို လျှောက်ထားလေသည် ။

ရှင်အာဒိစ္စရံသီ က သူတို့ကို နံရံပေါ်မှာ အသင့်ပန်းချီ ဆေးရေးထားသော အင်္ဂလိပ်ဘာသာ

ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကို ပြပြီး ဤတရားသည် ဗုဒ္ဓဘာသာ၏ အနှစ်သာရ တရားဖြစ်

ကြောင်း ၊ ဤတရားကိုနားလည်ပြီဆိုလျှင် မိမိဘာသာ ကောင်းအောင် နေသွားရုံဖြင့်

သံသရာ ၀ဋ်ဒုက္ခ မှ မလွတ်နိုင်ကြောင်း ရှင်းပြရာ သူတို့ကို ထိုတရားအနှစ်ချုပ်ကို ပြပါဟု

တောင်းပန်လာကြလေသည် ။ ရှင်အာဒိစ္စရံသီ လည်း သူတို့နားလည်လွယ်အောင် ပစ္စုပ္ပာန်

ခန္ဓာ ပဋိစ္စသမုပ္ပာဒ် ကို ပြလိုက်ရသည် ။ ဖဿဖြစ်လာပုံမှ ၊ ဝေဒနာ ၊ တဏှာ ၊ ဥပါဒါန် ၊

ကံမ္မဘ၀ ဖြစ်သွားပုံ ၊ သံသရာလည်ပုံ ကို ခပ်ရှင်းရှင်း ပြလိုက်ရလေသည် ။

             ထိုအခါ ဒေါက်တာဟေသာစပင့် က " တော်တော် စိတ်ဝင်စားဖို့ကောင်းတယ် ၊

ဗုဒ္ဓဘာသာ က တော်တော် သိပ္ပံနည်းကျတာပဲ ၊ ယုတ္တိရှိလိုက်တာ ၊ ကျွန်မတို့ပိုပြီး သိခွင့်ရ

အောင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သတင်းစကား ( message ) ပေးပါလား ၊ ဘယ်စာအုပ်

ဖတ်သင့်သလဲ " ဟုမေးလေသည် ။

          ရှင်အာဒိစ္စရံသီ လည်း ဖတ်လက်စဖြစ်သော အမေရိကန် မနုဿတ္တဗေဒပါမောက္ခ

မယ်လ်ဖုဒ်၊အီးစပီရို ၊ရေး BUDDHISM AND SOCIETY ( ဗုဒ္ဓဘာသာနှင့်လူ့အဖွဲ့အစည်း)

ဆိုသော စာအုပ်ကို မြန်မာဗုဒ္ဓဘာသာ အကြောင်း အကြမ်းဖျင်းသိရအောင် ပေးလိုက်ရပါ

သည် ။ သူမ က " ညပိုင်းကျရင် ဆွေးနွေး လို့ရမလား " ဟုမေးလေသည် ။ ရှင်အာဒိစ္စရံသီ

ကလည်း ည ၇ နာရီမှာ ဆွေးနွေးဖို့ သဘောတူလိုက်သည် ။

           ည ၇ နာရီအချိန်တွင် သူတို့နှင့်ပြန်ဆုံလေသည် ။ ထိုအခါ ဒေါက်တာဟေသာစပင့်

က အောက်ပါရေးသားချက်များကို ထောက်ပြပြီး ပြောသည် ။

            " I know of no layman who has attained the state of insight(vipassana).

Those few monks who hinted that they had achieved such a state either would

not describe it, claiming that to do so would be in violation of their vows, or

could not described it, it is an ineffable experience. As one put it to me, "It's

like sexual intercourse; unless you have had the experience yourself, it can-

not be explained"  ဟု ရေးထားသည်ကို တွေ့ရသည် ။

          ထိုစာကိုဖတ်ပြီးနောက် ထိုအမျိုးသမီးကြီးက မေးလေသည် ။ " အရှင်ဘုရား ဒီစာ

ထဲမှာ ပြောထားသလိုဆိုရင် မဂ်ဥာဏ် ဖိုလ်ဥာဏ် ဆိုတာကို ရတဲ့လူမရှိသလောက်ပဲ ၊

ရထားတဲ့ ရဟန်းပုဂ္ဂိုလ်တွေကျတော့လည်း ထုတ်ဖော်ပြီး မပြောဆိုရဘူး လို့ ဆိုထားတယ် ၊

ဟုတ်ပါသလားဘုရား "

        " ဟုတ်တယ် ၊ ဘုရားက ဒီတရားတွေဟာ ဥတ္တရိမနုဿဓမ္မ ဖြစ်လို့ လူသာမန်တွေကို

တရားရထားသူဖြစ်သော်လည်း ရဟန်းဆို ရင် ထုတ်ဖော်ပြောဆိုခြင်း မပြုရဘူးလို့ ပညတ်

ထားတယ် "

          " ဟာဒါဆိုရင်တော့ အရှင်ဘုရားတို့ အနေနဲ့ တပည့်တော်တို့ အနောက်တိုင်းနိုင်ငံ

တွေကိုလာပြီး သာသနာမပြုပါနဲ့ ၊ အရှင်ဘုရားတို့တရားကို ဘယ်သူကမှ လက်ခံမှာမဟုတ်

ဘူး "

        " ဘာဖြစ်လို့လည်းဒကာမကြီး "

    " တပည့်တော်တို့ အနောက်တိုင်းသားတွေရဲ့ စိတ်ထဲမှာ " To be is to be perceived "

" ရှိရင် သိကို သိရမယ် " ၊  သိအောင်လည်း ထုတ်ဖော်ပြီး ကြေငြာရမယ် ၊ ဒါမှ အများ

တကာ စိတ်ဝင်စားသူများက ဟုတ်မဟုတ် ၊ မှန်မမှန်ကို သူပေးတဲ့ ဖော်မြူလာအရ စမ်းသပ်

ကြည့်မယ် ၊ သူတို့က ဒီဖော်မြူလာ အတိုင်း စမ်းသပ်လို့ မှန်ကန်ကြောင်း ကိုယ်တွေ့သိရမှ

သာ လက်ခံမယ် ၊  ခုဒီစာထဲမှာ ပါသလိုပြောလို့တော့ မရဘူး ၊ ဒီနေရာမှာ အဆင့်နှစ်ဆင့်

ထားပြီး လေ့လာကြမှာပဲ ၊ ပထမအဆင့်က အရှင်ဘုရား ရထားတဲ့တရားကို ဘယ်လိုစမ်း

သပ်ရင် သိနိုင်မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောရမယ် ၊ ပြီးတော့မှ သူတို့ကိုလက်

တွေ့စမ်းသပ်ခွင့် ပေးရမယ် ။ သူတို့တွေ့ရှိတဲ့ တရားနဲ့ အရှင်ဘုရား ရထားတဲ့တရားနဲ့ တူ

ကြောင်း ထင်ရှားမှသာ လက်ခံကြမှာပါ ၊ ဒီလို လျှို့ဝှက်ထားလို့တော့ တပည့်တော်တို့ဆီက

လူတွေက လက်မခံဘူး ။ တပည့်တော်တို့ဆီကို မဟာယာနဘုန်းကြီးတစ်ပါးလာပြီး တရားရ

ထားတဲ့ ပုဂ္ဂိုလ်တစ်ပါးရဲ့ ဓာတ်တော်တွေဆိုပြီး ပြဖူးတယ်၊ ဟိုက လူတွေက ရယ်ကြတယ် ၊

ဒီလိုမရဘူးဘုရား ၊ ကမ္ဘာကို သာသနာပြုမယ်ဆိုရင် ကမ္ဘာက လူတွေရဲ့ စိတ်သဘောထား

ကိုလည်း သိထားမှ အဆင်ပြေလိမ့်မယ် " ဟုလည်း သူက အကြံပေးသွားသည် ။

        ဤ ကိစ္စကို ကြားရပြီးနောက်ပိုင်း ခေါင်းထဲတွင် စိတ်ကူး နှစ်ခု ပေါ်လာသည်။

(က) ဥတ္တရိမနုဿဓမ္မ သည် ဘာလဲ နှင့်

(ခ) ဥတ္တရိမနုဿဓမ္မ ကို ကမ္ဘာ နားလည် လက်ခံ ယုံကြည်လာအောင် ဘယ်လို လုပ်ပြီး

      သာသနာပြုမလဲ ဆိုသော ပုစ္ဆာကြီး နှစ်ခု ဖြစ်ပါသည် ။ ထိုပုစ္ဆာတွေကို မရှင်းနိုင်ဘဲနှင့်

   ဗုဒ္ဓဘာသာ၏ goal ပန်းတိုင် ဖြစ်သော " နိဗ္ဗာန် " ကို ကမ္ဘာက လူတွေ နားလည်ပြီး

လက်ခံလာအောင် ဘယ်လို သက်သေထင်ရှားပြမလဲ ဆိုသော ဧရာမပုစ္ဆာကြီး ကို ရှင်းနိုင်

မည်မဟုတ်ပါ ။

        ပထမဦးစွာ " ဥတ္တရိမနုဿဓမ္မ " ကို နားလည်အောင် ရှင်းရှင်းလင်းလင်း သိမြင်

သဘောပေါက်အောင် လုပ်ဖို့လိုပါသည် ။

          ဥတ္တရိမနုဿဓမ္မ ဆိုတာဘာလဲ ။

ပါဠိစာပေ နှင့် အကျွမ်းမ၀င်သူ များအနေဖြင့် ဤ စကားလုံး ၏ အနက်အဓိပ္ပာယ် ကို

နားလည်ကြမည် မဟုတ်ပေ ။ ရဟန်းသံဃာများ ( ပရိယတ္တိကျွမ်းဝင်သော ) သံဃာတော်

များကတော့ အများအားဖြင့် သိကြပါလိမ့်မည် ။ သို့သော် သိပုံသိနည်းက တစ်မျိုးတစ်ဘာ

သာစီ ဖြစ်နေလေသည် ။ ဘယ်လို တစ်မျိုးတစ်ဘာသာစီ ဖြစ်နေကြတာလဲ ။ဤ မေးခွန်း

လည်း ပေါ်ပေါက်သင့်ပါ၏ ။

         ပြောပြပါမည် ။

        ထေရ၀ါဒ ချင်းတူသော်လည်း သီရိလင်္ကာ ( သီဟိုဠ် ) သံဃာများ အဓိပ္ပာယ် ယူပုံနှင့်

မြန်မာရဟန်းသံဃာများ အဓိပ္ပာယ်ကောက်ယူပုံ ကွာခြားနေခြင်း ကို ဆိုလိုပါသည် ။

ဤမေးခွန်းလည်းမေးသင့်၏ ။

အပိုင်း -၂ ကိုဆက်လက်ဖတ်ရှုပါရန်




.............................................................................................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား