Friday, September 11, 2009

ဆင်ခြင်သုံးသပ်သင့်သော ရှင်သာမဏေပြုခြင်း

ဆင်ခြင်သုံးသပ်သင့်သော ရှင်သာမဏေပြုခြင်း

               
                 မြန်မာဗုဒ္ဓ၀ါဒီတို့ ဆင်ခြင် သုံးသပ်သင့်သော ဘာသာရေး ဓလေ့ထုံးစံတစ်ခုမှာ ကလေး

သူငယ်များကို ရှင်ပြုသော ထုံးစံဖြစ်၏ ။ မြန်မာတို့သည် မိမိတို့၏ သားသမီးများကို အသက်

ငယ်ရွယ်စဉ် ရှင်ပြုလေ့ရှိကြ၏ ။ ၀ိနည်းပိဋကတ်၌ ဗုဒ္ဓသည် ရဟန်းတို့အား အသက် ၁၅ နှစ်

မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။ ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု

ပညတ်တော်မူသည် ။


              ဤပညတ်တော်မူချက်မှာ လျော်ကန်သင့်မြတ်လှပေသည် ။ ရှင်သာမဏေအဖြစ်သည်

တတ်သိလိမ္မာသော အရွယ်သို့ ရောက်ရှိပြီးဖြစ်သည့် သူငယ်များအဖို့သာလျှင် အကျိုးရှိသည် ။

ယခုကာလ၌ မိဘများက ရှင်ပြုသော သူငယ်များမှာ အများအားဖြင့် အသက်ငယ်ရွယ် ဥာဏ်နု

နယ်သေးသော သူများ ဖြစ်ကြရကား ဘာသာရေးဘက်၌ တစ်စုံတစ်ရာထူးခြားပြောင်းလဲခြင်း

မရှိချေ ။ သို့ဖြစ်၍ ယခုခေတ် လူငယ်များသည် အားလုံးလိုလို ရှင်သာမဏေ ဖြစ်ခဲ့ကြဖူးပါ

လျက် ဘာသာရေးအသိတရား ခေါင်းပါးနေကြ၏ ။ မိဘများသည် မိမိတို့ပြုသောကောင်းမှု

အတွက် နှစ်သိမ့်ကျေနပ်ကြပေမည် ။ သို့ရာတွင် ကလေးကို ရှင်ပြုခြင်းသည် မိဘများ၏

ကျေနပ်မှု ၊ ကုသိုလ်ရမှုအတွက် ဖြစ်ပါသလော ။ ကလေး၏ အကျိုးစီးပွား ၊ သာသနာတော်၏

အကျိုးစီးပွားအတွက် ဖြစ်သင့်သည် မဟုတ်ပါလော ဟု မေးဖွယ်ရှိ၏ ။          ။

( ဦးအေးမောင် - ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ )


နောက်ထပ်တွေ့ရှိချက် ။            ။
စာအုပ်တွေ ပြန်လှန်ကြည့်တော့ --နိုင်ငံတော်သြ၀ါဒါစရိယ ၊

မြန်မာစာသြ၀ါဒါစရိယ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဒေ၀ိန္ဒာဓိပတိ ထီးချိုင့်မြို့ တည်တော

ဆရာတော်ဘုရားကြီးရဲ့ မိန့်ကြားချက်ကို တွေ့ရှိရပါတယ် ။ ဆရာတော်ကြီး မိန့်ကြားတာက ရှင်ပြုမယ့်

သာမဏေ ဟာ ရှင်ပြုဖို့အတွက် အင်္ဂါ ( ၃ ) ချက် နဲ့ ညီညွတ်ရပါမယ်လို့ဆိုပါတယ် ။ အဲဒီ အင်္ဂါ ( ၃ ) ချက်

ထဲက အဓိကအကျဆုံးအချက်ကတော့ --- သရဏဂုံကို ပီသစွာ ရွတ်ဆိုနိုင်ရမယ် လို့ ဆိုပါတယ် ။


ဝန်ခံချက် ။     ။ ကျွန်တော့် ရဲ့ လေ့လာမှု အားနည်းသောကြောင့် အထက်ပါ Post နဲ့ ပတ်သက်ပြီး ပြော

စရာ ဝေဖန်စရာ ဖြစ်သွားခဲ့ပါသည် ။ အဲဒီအတွက် အားလုံးကို အနှုးအညွတ် တောင်းပန်အပ်ပါသည် ။


ပြန်လည် ဖြည့်စွက်ခြင်း

            "
ဗုဒ္ဓသည် ရဟန်းတို့အား အသက် ၁၅ နှစ် မပြည့်သေးသော သူငယ်အား ရှင်မပြုအပ် ။

ရှင်ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူသည် ။ "

                 ထိုအခါ၌ သဒ္ဓါတရားရှိ၍ ကြည်ညိုတတ်သော အရှင်အာနန္ဒာ၏ အလုပ်အကျွေး အမျိုးသည်

ယဉ်းအနာ " အဟိဝါတကရောဂါ " ဖြင့် သေလေသော် သူငယ်နှစ်ယောက်တို့သာ ကြွင်းကျန်ကုန်၏ ။

                ထိုသူငယ်တို့သည် ရှေးအလေ့အကျက်အားဖြင့် ရဟန်းတို့ကို မြင်သောအခါ ပြေးလာသည်ရှိ

သော်ရဟန်းတို့သည် မောင်းမဲငေါက်ငမ်းကုန်၏ ။ ထိုသူငယ်တို့သည် ရဟန်းတို့က မောင်းမဲသည် ရှိသော်

ငိုကြွေးကုန်၏ ။

                ထိုအခါ အရှင်အာနန္ဒာအား " မြတ်စွာဘုရားသည် " ၁၅ နှစ် မပြည့်သေးသော သူငယ်ကို ရှင်

မပြုအပ် " ဟု ပညတ်တော်မူ၏ ။ ဤသူငယ်တို့သည်လည်း ၁၅ နှစ် မပြည့်သေးကုန် ၊ အဘယ်သို့သော 

အကြောင်းဖြင့် ဤသူငယ်တို့သည် မပျက်စီးကုန်ရာပါအံ့နည်း " ဟု အကြံဖြစ်၏ ။

                 ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းကိုလျှောက်၏ ။ " အာနန္ဒာ ၊

ထိုသူငယ်တို့သည် ကျီးတို့ကို ခြောက်လှန့်ခြင်းငှာ စွမ်းနိုင်ကုန်၏လော " ဟု မေးတော်မူ၏ ။

                " မြတ်စွာဘုရား ၊ စွမ်းနိုင်ပါကုန်၏ " ဟု လျှောက်၏ ။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်း

တို့ကို " ရဟန်းတို့ ၊ ၁၅နှစ် မပြည့်သေးသော်လည်း ကျီးတို့ကို ခြောက်လှန့်ခြင်းငှာ စွမ်းနိုင်သော သူငယ်

ကို ရှင်ပြုခြင်းငှာ ခွင့်ပြု၏ " ဟု မိန့်တော်မူ၏ ။

                အထက်ပါ ပညတ်ချက်များကို ကြည့်လျှင် " အသက် ၁၅ နှစ် မပြည့်သေးသော သူငယ်ကို ရှင်

မပြုအပ် " ဟု ပညတ်တော်မူချက်သည် ရှေးဦးစွာ ပညတ်အပ်သော မူလ ပညတ်ဖြစ်သည် ။ " ၁၅ နှစ်

မပြည့်သေးသော်လည်း ကျီးတို့ကို ခြောက်လှန့်ခြင်းငှာ စွမ်းနိုင်သော သူငယ်ကို ရှင်ပြုခြင်းငှာ ခွင့်ပြု၏ "

ဟု မိန့်တော်မူချက်သည် မူပညတ်ချက်ကို ပယ်ဖျက်ရာ ( ကျွန်တော်ကတော့ ခြွင်းချက် အနေနဲ့ ယူဆ၏)

ရောက်၏ ။

             အသက် ၁၅ နှစ် မပြည့်သေးသော်လည်း ထိုသူငယ်သည် ကျီးတို့ကို ခြောက်လှန့်နိုင်သော အရွယ်

ဖြစ်ခဲ့မူ ရှင်ပြုပေးကောင်း၏ ။ ရှင်ပြုပေးသော ရဟန်းများ အာပတ်မသင့်တော့ ။ သို့ရာတွင် အသင့်

တော်ဆုံးအရွယ်ကား မူလပညတ်တော်မူအပ်သော အသက် ၁၅ နှစ် အရွယ် ဖြစ်၏ ။ အထက်ပါအဖြစ်

အပျက်မျိုးကဲ့သို့ အခက်အခဲ ရှိမှသာ အသက် ၁၅ နှစ် မပြည့်မီ ရှင်ပြုလိုက ပြုပေးသင့်၏ ။

                ဤနေရာတွင် မိဘများဘက်ကသာ ပြင်ဆင်သင့်သည် မဟုတ်သေး ။ ကျောင်းထိုင်ဆရာတော်

များ ဘက်ကလည်း ငယ်ရွယ် နုနယ်သေးသော ကလေးသူငယ်များကို ရှင်ပြုပေးဖို့ရာ လက်မခံသင့် ။

              ယခုကာလ ရှင်ပြုကြသော သူငယ်အချို့ကား သင်္ကန်းနိုင်ဖို့ ၊ သရဏဂုံပီသဖို့ နေနေသာသာ

မိခင်နို့ပင် ကောင်းကောင်းမပြတ်တတ်သေး ။ ညအိပ်လျှင် ဖခင်ဖြစ်သူက အတူလာအိပ်ပေးရ၏ ။ ဆွမ်း

စားလျှင် ခွံ့ကျွေးရ၏ ။ ညညဆိုလျှင် ကလေးငိုသံ တညံညံဖြင့် အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းလှ၏ ။

( အရှင်ကောဝိဒ (ယော) - ဗုဒ္ဓ၏ဗုဒ္ဓ၀ါဒ - စာ -၁၄၄ -၁၄၅ )



....................................................................................................................................................................................................................................
 

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား