Monday, September 21, 2009

ဗုဒ္ဓသာသနာထွန်းကားခြင်း

                              ဗုဒ္ဓသာသနာထွန်းကားခြင်း

           ခရစ်သက္ကရာဇ် မတိုင်မီက မြန်မာနိုင်ငံသို့ အိန္ဒိယတောင်ပိုင်းနှင့်သီဟိုဠ်ကျွန်းမှ ဗုဒ္ဓဘာသာ

ပြန့်ပွားလာကြောင်း သမိုင်းအထောက်အထားများရှိ၏ ။ ထိုပင်လယ်ရပ်ခြားမှ ရောက်ရှိလာသော

ဗုဒ္ဓ၀ါဒမှာ ထေရ၀ါဒဖြစ်၍ ထေရ၀ါဒအခြေမစိုက်မီက မြန်မာပြည်အထက်ပိုင်း၌ မဟာယာန၀ါဒ

ပေါ်ထွန်းနေသည်ဟု သမိုင်းဆရာတို့ ယူဆကြ၏ ။ အနော်ရထာမင်းလက်ထက် မတိုင်မီ ပုဂံပြည်

၌ ကြီးစိုးနေသော အရည်းကြီးတို့၏ အယူဝါဒသည် တန္တရ နှင့် ရောထွေးနေသော မဟာယာန၀ါဒ

ဖြစ်ဟန်ရှိ၏ ။

           မြန်မာနိုင်ငံရှိ ထေရ၀ါဒကို လေ့လာသော အိန္ဒိယပညာရှင်တစ်ဦး၏ အဆိုအားဖြင့် အထက်

မြန်မာပြည်၌ ထေရ၀ါဒ အလျင်ရှိခဲ့သော မဟာယာန တန္တရ ၏ အသွင်လက္ခဏာများသည် အချို့

သော ပုဂံဘုရားများ၌ ထင်ရှား၏ ။ အပယ်ရတနာ ၊ ကူပြောက်ကြီး ၊ ပုထိုးသားများ ၊ ဘုရားသုံးဆူ

စသော ဂူပုထိုးများ၌ အ၀လောကိတ ၊ မဇ္ဇုသီရိ ၊ တာရာ( တိဗက်နတ်သမီးဘုရားအမည် ) စသော

ဘုရားထီး ၊ ဘုရားမများ ပွေ့ဖက်နေသော ရုပ်ပုံများကို တွေ့ရသည် ဆို၏ ။

                 မြန်မာလူမျိုးတို့၏ ဘာသာအယူဝါဒနှင့်ဓလေ့စရိုက်ကို လေ့လာသော အနောက်တိုင်း

သားတို့က မြန်မာဗုဒ္ဓဘာသာသည် မြန်မာတို့၏ နတ်ကိုးကွယ်မှုကို ဖုံးကွယ်ရန် အသုံးပြုသော

ဘာသာတရား ဖြစ်သည်ဟု ဆိုကြ၏ ။ မြန်မာဗုဒ္ဓ၀ါဒီအများစု၏ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒအကြောင်း အသိ

ပညာကို စေ့ငုသေချာစွာ လေ့လာဆန်းစစ်ပါက အတော်အတန် အားနည်းချွတ်ယွင်းနေကြောင်း

တွေ့ရှိရပေမည် ။ ယနေ့ မြန်မာထေရ၀ါဒီတို့သည် မဟာယာန၀ါဒီတို့နည်းတူ ဗုဒ္ဓတရားတော်

ထက် ဗုဒ္ဓအကြောင်းအရာများ၌ ပိုမိုစိတ်ဝင်စားကြခြင်းကို ယုံမှားစရာ မရှိချေ ။ ပုံစံအားဖြင့်

ဗုဒ္ဓဘာသာအကြောင်းရင်းခံ၍ ရေးသားထားသော သမန္တစက္ခုဒီပနီကျမ်း၌လာသည့် ပုစ္ဆာပေါင်း

တစ်ရာအနက် တစ်ဝက်ကျော်မှာ ဗုဒ္ဓအကြောင်းအရာ ပုစ္ဆာများဖြစ်၏ ။

           မည်သို့ဖြစ်စေ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဖြစ်သည်ဟု

မြန်မာဗုဒ္ဓ၀ါဒီတို့ ယုံကြည်ကြ၏ ။ စင်စစ် ကျောင်းကန်ဘုရား ၊ စေတီပုထိုးပေါများခြင်း စသည်တို့

သည် သာသနာထွန်းကားသော အစစ်အမှန်လက္ခဏာများဟု ဆိုနိုင်ရန် ခက်ခဲ၏ ။ ဗုဒ္ဓသြ၀ါဒကို

အမြဲ လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်ပေါများမှသာလျှင် ဗုဒ္ဓသာသနာ ထွန်းကားသည် ဟု ဆိုနိုင်

ကြောင်း မှတ်သားထားသင့်ပေသည် ။




.

ဦးအေးမောင်

ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ - စာ - 378

..........................................................................................................................................................................................................................

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား