Wednesday, September 16, 2009

ဗုဒ္ဓတရားကို နက်နက်နဲနဲ သိရှိလိုသူများအတွက်

        အရိယာဝါဒီ (၀ါ) တပည့်ဖြစ်ရန် ပထမ လိုအပ်ချက်မှာ ဗုဒ္ဓဓမ္မကို ခြေခြေမြစ်မြစ် နှံ့နှံ့စပ်စပ်

သိမြင်နားလည်ရန်ဖြစ်၏ ။  ဗုဒ္ဓတရားကို နက်နက်နဲနဲ သိရှိလိုသည်ဆိုသော ယခုခေတ်လူတို့သည်

ပိဋကတ်စာပေကို လုံးဝဂရုမပြုဘဲ အခြား ဗုဒ္ဓစာပေများကို လေ့လာနေကြခြင်းမှာ မှန်ကန်သော

နည်းလမ်း မဟုတ်ချေ ။  ယခုခေတ် ဗုဒ္ဓစာပေများသည်လည်း ပိဋကတ် အထောက်အထား ခိုင်လုံ

ပြည့်စုံခြင်း မရှိချေ ။ အချို့စာပေ ( ဥပမာ - ရဟန္တာကိုသိရှိရန် အလွန်ခက်ခဲ၍ ပုထုဇဉ်သည် မည်သူ

မည်ဝါမှာ ရဟန္တာ ဖြစ်သည် ဟု မသိရှိနိုင်ကြောင်း ဗုဒ္ဓ က ပွင့်လင်း ပြတ်သားစွာ ဟောကြားထားပါ

လျက် " မျက်မှောက်ခေတ် ရဟန္တာများ " ဆိုသော စာအုပ် ) များမှာ စာဖတ်သူတို့ မုချ အယူလွဲမှား

ဖွယ်ရာ ဖြစ်၏ ။

                အချို့သော အင်္ဂလိပ်စာတတ် မြန်မာဗုဒ္ဓ၀ါဒီတို့ကမူ အင်္ဂလိပ် ဗုဒ္ဓစာပေကို များစွာ အထင်

ကြီးကြ၏ ။ အင်္ဂလိပ်ဗုဒ္ဓဘာသာစာအုပ်အတော်များများဖတ်ဖူးသောယခုစာရေးသူ( ဦးအေးမောင်)

၏ အမြင်အားဖြင့်မူ ထိုသို့ အထင်ကြီးရန် အကြောင်း မရှိချေ ။ အချို့ အင်္ဂလိပ်စာအုပ် များ၌ ၀ါဒစွဲ ၊

ဆန္ဒစွဲ  ဖြင့် ရေးသားချက်များ ပါရှိ၍ ပိဋကတ် အထောက်အထားများ စုံစုံလင်လင် မတွေ့ရချေ ။

                    အလွန် အဆင့်မြင့်သော မြန်မာ ဗုဒ္ဓဘာသာစာအုပ်များ ရှိပါ၏ ။ ပါဠိပိဋကတ်၌ မတွေ့

ရသော ဗုဒ္ဓ၀ါဒအကြောင်းအရာများကို ဖော်ပြထားသည့် အင်္ဂလိပ် စာအုပ်များကို ဖတ်ရှုသင့်သည်

လည်း မှန်၏ ။ သို့ရာတွင် အခြေခံ ဗုဒ္ဓတရားများကို မှန်ကန် စုံစေ့စွာ သိရှိနားလည်ရန် ပိဋကတ်

စာပေကို ဦးစားပေး၍  လေ့လာရန် လိုအပ်၏ ။

               မြန်မာပြန် ပိဋကတ်ကို မြန်မာဗုဒ္ဓ၀ါဒီတို့ ဖတ်ရှုလေ့လာလိုသော ဆန္ဒ မရှိခြင်းမှာ အဓိက

အားဖြင့် ပျင်းရိမှုကြောင့် ဖြစ်၏ ။ ပိဋကတ် စာပေသည် ကျယ်ဝန်း၍ အချို့ သုတ္တန် ဒေသနာများကို

ထပ်တလဲလဲ ထည့်သွင်းထားခြင်း ၊ အပိုစကားနှင့် စာပုဒ်များ ရောပြွန်း၍ ရှည်လျားစွာ စီကုံးရေး

သားထားခြင်းကြောင့် ဖတ်ရှုရာ၌  ဗုဒ္ဓဓမ္မကို ကောင်းစွာ သိရှိနားလည်ရန် ပိဋကတ်စာပေ အားလုံး

ကို ဖတ်ရှုရန် မလိုဘဲ အချို့သော အပိုင်းများကိုသာ ဖတ်ရှု လေ့လာရန် လိုအပ်၏ ။ ထို့ကြောင့်

အရေးပါသော ပိဋကတ်ကျမ်းများကို ရွေးချယ်၍ လေ့လာမည့် စကားလုံးများ ဖောင်းပွနေသော စာ

များမှ အကာကို ပယ်၍ အနှစ်ကို ရှာတတ်မည် ဆိုပါက ပိဋကတ်စာပေ လေ့လာမှုသည် များစွာ

အချိန်ကုန် လူပန်း ဖြစ်စေမည့် လုပ်ငန်း မဟုတ်ချေ ။

              လူပုဂ္ဂိုလ် ဗုဒ္ဓ၀ါဒီတို့ လုံးဝ ဂရုမပြုသော်လည်း အရိယာတပည့် လေ့လာအပ်သော ပိဋကတ

စာပေမှာ ၀ိနည်း ပိဋကတ် ဖြစ်၏ ။ ၀ိနည်း တရားများသည် ရဟန်းသံဃာအတွက် ဘုရားရှင်ဟော

ကြားသောတရားများ ဖြစ်သည်ဆို၍ လူများ စိတ်မ၀င်စားကြချေ ။ စင်စစ် အရိယာလမ်းစဉ်၌ လူ

ပုဂ္ဂိုလ်နှင့် ရဟန်းပုဂ္ဂိုလ်ကို ဗုဒ္ဓ က မခွဲခြားပဲ ဘိက္ခု (သို့မဟုတ်) ဗြာဟ္မဏ ဟု ခေါ်ဝေါ်ကြောင်း ၊

ရဟန်းသံဃာ၏ လူနေမှုစနစ် ၊ သံဃာ ဖွဲ့စည်းပုံ ၊ ပစ္စည်း ဥစ္စာနှင့် တန်ခိုးအာဏာကို တက်မက်မှု

မရှိစေရန် သိက္ခာပုဒ်များ ပြဋ္ဌာန်းထားပုံစသည်များမှာ အထူး မှတ်သားဖွယ်ကောင်း ၏ ။ အရိယာ

တပည့်သည် ရဟန်းမပြုနိုင်စေကာမူ ၀ိနည်းသိက္ခာ ပုဒ်များကို လေ့လာခြင်း ၊ အချို့ကို အချိန်

ကာလ သတ်မှတ်၍ တတ်နိုင်သမျှ စောင့်ထိန်းခြင်းဖြင့် အရိယာလမ်းစဉ်၌ ကြီးပွားတိုးတက်မည်

အမှန်ဖြစ်၏ ။

               မြန်မာပြန် ပိဋကတ်စာပေကို လေ့လာရာ၌ ကျွနိုပ်တို့အထူးသတိပြုသင့်သော အချက်

တစ်ခုမှာ မြန်မာစာပေ၌ တည်မြဲ၍ မြန်မာ ဝေါဟာရများကဲ့သို့ လူတို့ပြောဆို သုံးစွဲနေသော အချို့

ပါဠိပုဒ်များကို နဂိုမူလအတိုင်း အဓိပ္ပာယ် သိမှတ် နားလည်ထားရန် ဖြစ်၏ ။ ထိုသို့ မဟုတ်ဘဲ

ဆရာစွဲ ၊ ကျမ်းဂန်စွဲ ၊ ဒိဋ္ဌိစွဲဖြင့် သိမှတ်ထားပါက ဗုဒ္ဓဓမ္မကို မှန်ကန်စွာ သိမြင်နားလည်ရန် မလွယ်

ကူချေ ။ ဥပမာ - ကမ္မ ဟူသော ပုဒ်ကို " အတိတ် ဘ၀ က အမှုများ ၏ အကျိုး " အဓိပ္ပာယ်ဖြင့် ခံယူ

ထားပါက ဗုဒ္ဓ ၏ ကမ္မ၀ါဒ ကို သိနားလည်မှုသည် မုချ လွဲမှားမည်သာ ဖြစ်၏ ။ သဒ္ဓါ ( ယုံကြည်မှု )

သည် ရတနာသုံးပါးအား ကြည်ညိုလေးစားမှုကိုသာလျှင် ရည်ညွှန်းသည် ဟု မှတ်ယူထားပါက

အရိယာလမ်းစဉ်၌ မိမိကိုယ်မိမိ ယုံကြည်သော စိတ်ဓာတ် ၏ အရေးပါမှုကို ငြင်းဆိုရာ ရောက်ပေ

လိမ့်မည် ။ ထို့အပြင် ထိုအစဉ်အလာ ခံယူချက် မှန်ကန်ပါက အချို့ ပုဂ္ဂိုလ်တို့သည် မိမိအား မဖူးမြင်

ပဲ ၊ မိမိ ၏ တရားကို မကြားနာပဲ အကျွတ်တရား ရနိုင်သည် ဆိုသော ဗုဒ္ဓ မိန့်ကြားချက် ကျွနိုပ်တို့

မည်သို့ နားလည် ရပါမည်နည်း ။

          ဆန္ဒစွဲ ၊ ၀ါဒစွဲ ဖြင့်  အဓိပ္ပာယ် ခံယူ သတ်မျတ်ထားသော အခြားပါဠိ စကားမှာ " ဒိဋ္ဌိ " ဖြစ်၏ ။

ဒိဋ္ဌိ သည် ယုံကြည်ချက် ဟူသော အနက်ကိုဟော၍ မည်သည့် အယူဝါဒ ကိုမျှ အထူးအထွေ

ရည်ညွှန်းခြင်း မရှိချေ ။ သို့ရာတွင် အချို့ဆရာတို့က ဗုဒ္ဓ၀ါဒသည် ဒိဋ္ဌုပါဒါန် ဟူသော စကား၌သော်

လည်းကောင်း ၊ ဤ အယူသည်သာ မှန်သည် ၊ အခြားအယူများသည် အချည်းနှီး ဖြစ်သည် ဟု မစွဲ

မှတ်ကြလင့် ဟူသော ဗုဒ္ဓ သြ၀ါဒ ၌ သော် လည်းကောင်း အကျုံးမ၀င် ဟု ဆိုကြ၏ ။ အမှန်မှာ

အနတ္တ၀ါဒ ကို အလွန်စွဲလန်းပါက နတ္ထိက၀ါဒီ ဖြစ်သွား တတ်ခြင်း ၊ ဗုဒ္ဓ လက်ထက်က ဒုက္ခတရားကို

စွဲလန်းသော ရဟန်းများ မိမိကိုယ် မိမိ သတ်သေကြခြင်း ၊ ဗုဒ္ဓဂုဏ်တော်ကို စွဲလန်းနေပါက သီလ

သမာဓိ အရာ၌ အားနည်းနေတတ်ခြင်း စသည်များသည် ဗုဒ္ဓစာပေ၌ ထင်ရှား၏ ။ ဗုဒ္ဓ ၏ ၀ိဘဇ္ဇ

ဝါဒနှင့် အလယ်လမ်းစဉ် ၊ အလဂဒ္ဒူပမသုတ်မှ ဖောင်ဥပမာ စသည်တို့ကို ထောက်ချင့်၍လည်း

ဗုဒ္ဓ သည် မိမိ၏ ဒေသနာ အချို့၌ အစွဲ ဥပါဒါန် ရှိမှုကို မလိုလားကြောင်း သိအပ်၏ ။

               အချို့သော ဗုဒ္ဓ ဒေသနာများ၏ အဆိုအားဖြင့်မူ အရိယာလမ်းစဉ်သည် လိုအပ်သော ဂုဏ်

အင်္ဂါများနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အဖို့ အခက်အခဲများစွာမရှိချေ ။ သဒ္ဓါ ၊ သတိဝီရိယ ၊ ပညာ စသော

အရည်အချင်းများရှိမည် ၊ ကျန်းမာ၍ အနာရောဂါ ကင်းမည် ၊ ရိုးသားပွင့်လင်း၍ ဟန်ဆောင်မှုကင်း

မည် ဆိုပါက ခုနှစ်ရက်အတွင်း မဂ်ဖိုလ်နိဗ္ဗာန် ရရှိနိုင်သည် ဆို၏ ။ လိုအပ်သောဂုဏ်အင်္ဂါများတွင်

အရေးအကြီးဆုံးမှာ ပညာ ဖြစ်၏ ။

               ဤသို့ဖြင့် ယနေ့ ဗုဒ္ဓ၀ါဒီတို့သည် အရိယာလမ်းစဉ်၌ လိုအပ်သော အရည်အချင်းများ အား

နည်းနေသည့်အပြင် အရိယာပုဂ္ဂိုလ်အကြောင်းကို မှန်မှန်ကန်ကန် စုံလင်စွာ မသိကြချေ ။


               " ဆရာစွဲ ၊ ကျမ်းဂန်စွဲ ၊ ၀ါဒစွဲ မရှိဘဲ ဗုဒ္ဓဓမ္မအကြောင်း ခြေခြေမြစ်မြစ် စူးစမ်းလေ့လာလို

သော ပုဂ္ဂိုလ်များအတွက် ဤ post ကို တင်ပြရခြင်းဖြစ်ပါသည် ။ "


...................................................................................................................................................................
      

ဦးအေးမောင်

ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ မှ ကောက်နှုတ်ချက်


No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား