Monday, August 24, 2009

ဗုဒ္ဓ နှင့်သူ၏ တရားဦးဓမ္မစကြာကို နားလည် သဘောပေါက်ခြင်း


     ဘုရား အဖြစ်သို့ ရောက်ပြီးနောက် သဟမ္ပတိဗြဟ္မာ ကြွလာပြီး တရားဟောရန် ပန်ကြားပုံကို ဇိနတ္ထ ပကာသနီ

ကျမ်း တွင် ထိုအကြောင်းအရာကို ကျီးသဲလေးထပ်ကျောင်း ဆရာတော် ရေးသားဖော်ပြပုံမှာ စိတ်ဝင်စားဖွယ်

ကောင်းသော  အချက်များစွာ ပါဝင်လေသည် ။ သဟမ္ပတိဗြဟ္မာ သည် " ဒေသေတု ဘန္တေ ဘဂ၀ါ ဓမ္မံ ဒေသေတု

သုဂတော " အစချီသော ဂါထာဖြင့် မြတ်စွာဘုရားအား လျှောက်ထားပုံကို ကျီးသဲလေးထပ်ကျောင်းဆရာတော်

သည် ဤသို့ ရေးခြယ်တော်မူခဲ့၏ ။

               "  အရှင်ဘုရား ၊ တရားဟောတော်မူပါ ၊ သတ္တ၀ါ တို့အား တရားဟောရွတ်ခြင်းငှာလျှင် ပါရမီ သုံးဆယ်

ကို ဖြည့်တော်မူပါသည် ၊ ကိုယ်တော်ဘုရား မှ တရားမဟောချေသော်  ဘယ်သူလာ၍ ဟောပါအံ့နည်း ။ "

                "  ယခုအခါ မဂဓရာဇ်တိုင်း ၌ ပူရဏ ကဿပ ၊ မက္ခလိ ဂေါသာလ ၊ ပကုဓ ကစ္စယန ၊ နိဂဏ္ဍ နာဋပုတ္တ၊

အဇိတ ကေသကမ္ပလ ၊ သိဉ္စည်း ဤ ခြောက်ယောက်သော သူတို့သည် ဘုရား မဟုတ်ဘဲလျက် ဘု၇ား ဟု ၀န်ခံ၍

များစွာသောသတ္တ၀ါ တို့ကို လှည့်ပတ်လျက် မိစ္ဆာဝါဒ ကို ပြ၍ နေကြချေပြီ ။ အပါယ်လေးပါး တံခါး ဟင်းလင်းပွင့်

ချေပြီ ၊ နတ်ရွာ နိဗ္ဗာန်ဝင်ရန် တံခါး ပိတ်ချေပြီ ၊ တရားစည်ကြီး တီးတော်မူပါ ၊ အပါယ်တံခါး ပိတ်တော်မူပါ ၊ နတ်

ရွာတံခါး ဖွင့်တော်မူပါ ၊ ကျွတ်ထိုက်သော သတ္တ၀ါလည်း ရှိပါလိမ့်မည် ၊ ထိုသူတို့အား တရားမိုးဖြင့် သွန်းဖြိုးတော်

မူပါ "  ဟု တောင်းပန်၏ ။   ( ဇိနတ္ထ ပကာသနီ ကျမ်း ၊ ကျီးသဲလေးထပ် ဆရာတော် ၊ စာ -၄၅ )

                 ထိုစကားရပ်သည် သာမန် ဗုဒ္ဓဘာသာဝင်များ အဖို့ ထူးခြားသော စကားရပ် ဖြစ်မည် မထင်သော်လည်း

ထို စကားရပ်မှာ အလွန် ထူးခြားပါသည် ။ ထူးခြားပုံမှာ ဤသို့ဖြစ်၏ ။

                  သဟမ္ပတိဗြဟ္မာ  လာရောက်လျှောက်ထားခြင်းသည်  ဘုရားက မိမိ တရားကို ဟောသော်လည်းသတ္တ၀ါ

တို့သည်  ပညာနည်းပါး၍ ကိလေသာ   သာလျှင်များရကား စဉ်းစားခြင်း အလွန်နည်းပါးကြသည် ။ ငါ ဟောကြား

သော်လည်း တရား ကိုမမြင်နိုင်ရာ ၊ ငါ ပင်ပန်း ရုံသာ ရှိချိမ့် မည် ဟု  တရား မဟောလိုသော အကြံတော် ဖြစ်သည်

ဆိုသော အချက် ကို ကျမ်းဂန် တွင်ပါပြီးအများ လက်ခံ ထားသော်လည်း  ဘုရားသည် တရား မဟောလိုသော

အကြံတော် ဖြစ်သည်  ဆိုသောစကားကို သိပ်ပြိး ဘ၀င်မကျချေ ။ လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ပါရမီတော် ကို

ဆင်းရဲ ပင်ပန်းကြီးစွာ  ဖြည့်ဆည်းခဲ့သည် မှာ  သတ္တ၀ါ ကို ကယ်လို၍ အရိယာသစ္စာ တရား ကို ဟောလို၍ သာ

ဖြည့်ဆည်းခဲ့သည် မဟုတ်ပါလော ။ ဘုရား အဖြစ် ကို ရောက်ပြီး မှ  တရား မဟော လို သောအကြံတော် ဖြစ်ပါ

မည်လား ။ ကျွတ်ထိုက်သော သတ္တ၀ါ လည်း ရှိပါ လိမ့်မည် ဟု သဟမ္ပတိဗြဟ္မာ  ပြော မှ  ကျွတ်ထိုက်သော သတ္တ၀ါ

ရှိကြောင်းကို  ဘုရားသိသည်  ဖြစ်ပါမည်လား ။ ဘုရား ပင်ဖြစ်ပြိး မှ ကျွတ်ထိုက်သော သတ္တ၀ါ ရှိ  မရှိ  ကို ဘုရား

မသိဘဲ နေပါမည် လား    ဟု တွေးစရာဖြစ်လေသည် ။

                  သဟမ္ပတိဗြဟ္မာကြီး  လျှောက်ထားခြင်း ကိစ္စသည် ဘုရားမြတ်စွာ တို့၏  ထုံးစံ အတိုင်း တရား ကို မိမိ

သဘောဖြင့် ဟောခြင်းထက် တရားဟော ရန် တောင်းပန် သော  အဘိယာစက ကို အကြောင်းပြု၍သာ ဟောမြဲ

ဓမ္မတာ အရ လျှောက်ထားခြင်း ဖြစ်လေ မည်လား ဟု  လည်း တွေးမိလေ၏ ။ တစ်နည်းလည်း ဗြဟ္မာ ကို ဘုရား

အမှတ်ဖြင့် ကိုးကွယ်နေသော  အိန္ဒိယပြည် တွင်  ဘုရားပွင့်ခြင်းကို  လောက သိစေရန် ဗြဟ္မာ က လာရောက်

တောင်းပန်ခြင်း ဖြစ်လေ မည် လား  ဟုလည်း စဉ်းစား မိလေသည် ။

               ခေတ်ကာလ အခြေအနေအရပ်ရပ် ကို ထောက်ချင့်သော ဗုဒ္ဓသည် တရားမဟော ဘဲ နေ၍ရမည့်အခြေ

အနေ မရှိသည်ကို ဆင်ခြင်မိပါ၏ ။ထို့ကြောင့် သဟမ္ပတိဗြဟ္မာ တောင်းပန်သည်ဖြစ်စေ ၊ မတောင်းပန်သည်ဖြစ်

စေ ဗုဒ္ဓ သည်  တရားဦး ကို တစ်နေရာရာ တွင် မုချ ဟောလိမ့်မည် ကိုကား ယုံမှား မရှိ တွေးထင်ထားပြီး ဖြစ်လေ

တော့၏ ။

                   တရားဟော ရန်မှာ လိုအပ်ချက်ဖြစ်၏ ။ တရား မဟော လျှင် လောက  က ဗုဒ္ဓ သည် ဘုရား ဖြစ်ပြီ ဟု

မည်သို့ သိနိုင်ပါမည်နည်း ။ သို့သော် မည်သူ့ ကို တရားဦး ဟောသင့်သည် ကို ရွေးချယ်ရန်ကား လိုအပ်ပေဦးမည်။

ဗုဒ္ဓ သည် တရားဦး ဟောရမည့် ပုဂ္ဂိုလ် ကို ဥာဏ် ( အာသယာ နုသယ ဥာဏ် ၊ က္ကန္ဒြိယ ပရောပရိ ယတတိဥာဏ် )

က္ကနြေ္ဒ တို့၏ အနု အရင့် ကိုသိသော ဥာဏ် မျက်စိ ဖြင့် ဆင်ခြင်ကြည့်လေ၏ ။ ဦးစွာ သတိရသော သူ သည်

အာဠာရ ရသေ့ ဖြစ်၏ ။ အာဠာရ ရသေ့ သည် ကျယ်ပြန့် လျင်မြန် သော ဥာဏ် ရှိသည်ကို ဗုဒ္ဓ သိတော်မူသဖြင့်

သူ့ကို တရားဦး ဟောရလျှင်  ကောင်းပေစွ ဟု ဆင်ခြင်မိလေ၏ ။ ထို အခါ အာဠာရ ရသေ့ ကွယ်လွန်ပြီးကြောင်း

နတ်သား တစ်ပါး လျှောက်ထား သဖြင့် သိရလေ၏ ။ ထို့နောက် ဥဒက ရသေ့ ကို သတိရ ပြန်၏ ။ ဥဒက ရသေ့

လည်း လွန်ခဲ့သော ညဉ့် က ကွယ်လွန် ခဲ့ ပြီး ဖြစ်၏ ။

               ထို့နောက် ဆင်ခြင်ပြန်ရာ ကျေးဇူး ရှိဖူးသော ပဉ္စ၀ဂီ တို့ကို မြင်တော်မူလေ၏ ။ မြင်သော်လည်း ချက်

ချင်း ထို ပဉ္စ၀ဂီ တို့ ရှိရာသို့ ကြွတော် မူခြင်း မပြုဘဲ အဇပါလ ညောင်ပင်ရင်း တွင် နှစ်ရက် သုံးရက် နေတော်မူ

သေး၏ ။ ပြီးမှ ဗာရာဏသီပြည် သို့ ရှေးရှု၍ ကြွတော်မူလေ၏ ။

                မဟာဗောဓိ နှင့် ဂယာသီသ ၏ အကြား၌ ဥပက မည်သော တက္ကတွန်း ကို တွေ့လေ၏ ။ ဥပက တက္ကတွန်း

ကား ဂျိန်းဘုန်းကြီး တစ်ပါး ဖြစ်လေသည် ။

                ထို ဂျိန်းဘုန်းကြီး တက္ကတွန်း လည်း ဗုဒ္ဓ ကို မြင်သော် ဤသို့မေးလေသည် ။

                "   ငါ့ရှင် သင်၏ က္ကနြေ္ဒ တို့သည် နှစ်လိုကြည်ညိုဖွယ် ရှိပေ၏ ။ သန့်ရှင်း စင်ကြယ် သပ္ပာယ် ပြည့်ဖြိုး

လျက် ပြိုးပြိုးပြက် မျှ ထွက်ထွန်းသော အရောင်လည်း ရှိပေ၏ ။ အဘယ်သူ ကို ရည်မှန်းလျက် ရဟန်းပြုသနည်း

သင့်ဆရာကား အဘယ်သူနည်း ၊ သင်ကား အဘယ် အမည် ရှိသနည်း "  ဟုမေးလေ၏ ။ ဗုဒ္ဓ လည်း ဤသို့ဖြေ

လေ၏ ။

               "  ဥပက  ငါကား ကိလေသာ ရန်သင်း ကို နှိမ်နင်း ဖျက်ဆီး၍ တည်သဖြင့် အလုံးစုံ ဘုံသုံးပါး၌ ဖြစ်သော

တရား အပေါင်းကို သိတော်မူ၍ တေဘုမ္မကဓမ္မ ( ဘုံသုံးပါး၌ ဖြစ်သောတရား ) ခပ်သိမ်း တို့၏ လိမ်းကျံ ကပ်ငြိခြင်း

မှ ကင်းတော်မူ၏ ။ အလုံးစုံသော အကုသိုလ်တရားကို ပယ်ရှား စွန့်ခွာ၍ တဏှာ ၏ ကုန်ရာ နိဗ္ဗုတော့ အောင်ဘုံ

ကို  အာရုံပြု ဘိ သဖြင့်  ကိလေသာ အပေါင်း တို့ မှ လွတ်၏ ။ ဥပက  စတုဘုမ္မက ဓမ္မ ( အဆင့်လေးဆင့် ရှိသော

တ၇ား ) အလုံးစုံ ကို အလိုလို သာ ငါ သိတော် မူရကား  လောက သုံးပါး၌ ထင်ရှား ပြစရာ ငါ့ဆရာ သည် အဘယ်

မှာ ရှိတော့ အံ့နည်း ။ ငါ့အမည်ကား ငါးပါးသော ရန် ကို ပယ်လှန်အောင် သိ၍ အနန္တဇိန  မည်သတည်း "

                 ဥပက တက္ကတွန်း ဆို သည့် ဂျိန်း အယူဝါဒ ရှိ သည့် ဘုန်းကြီး နှင့် လမ်း မှာ တွေ့ဆုံ မေးမြန်း ခွဲခွာခဲ့ပြီး

နောက် ဗုဒ္ဓ သည် ဗာရာဏသီပြည် အနီး မိဂဒါဝုန် တော သို့ ကြွတော်မူ ခဲ့လေ ၏ ။

              မိဂဒါဝုန်တောကြီး တွင် ပဉ္စ၀ဂီ ငါးဦး နှင့် ပြန်လည် တွေ့ဆုံကြလေ၏ ။ ထိုအခါ ပဉ္စ၀ဂီ တို့က

              "  ငါ့ရှင် ဂေါတမ ၊ သင်သည် ငြိုငြင်စွာသော ဒုက္ကရစရိယာ အကျင့် ကို ခြောက်နှစ် ပတ်လုံး ကျင့်၍မျှ

သဗ္ဗညုတ အဖြစ် သို့ မရောက်တုံ ဘဲ ရှိခဲ့၏ ။ ယခုမူ ဆွမ်း  သင်္ကန်း  ကျောင်း  စသော ပစ္စည်းများကို များအောင်

လုံ့လပြု ကာ ဒါယကာ  ဒါယကာမ တို့ကို ရှာ၍ မြို့ရွာတိုင်း လှည့်လည်လျက် မဂ်ဖိုလ်ချမ်းသာ ကို အဘယ်မှာ ရ

ချေအံ့နည်း ၊ သင်ဝါကြွား၍ လှည့်ဖြား ကာ နှင့် ငါတို့ မယုံနိုင် "   ဟု ဆိုကြလေ၏ ။

                 ဤကဲ့သို့ ပဉ္စ၀ဂီ တို့က ဗုဒ္ဓ ကို မယုံ မကြည် လက်မခံဘဲ ဖြစ်လျက်နေစဉ် သက္ကရာဇ် ၁၀၃ ခု ၀ါဆိုလပြည့်

စနေနေ့ည နေ၀င်စ အချိန် တွင် ဗုဒ္ဓ ၏ ပထမ တရားဦး ဓမ္မစကြာ ကို ဟောတော်မူ ကြောင်း ကျမ်းဂန်မှာ ပြပါ

သည် ။

               ထိုဓမ္မစကြာ သုတ္တန် ၏ ပထမ အပုဒ် သည် " ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန  နသေ၀ိတဗ္ဗာ " ဖြစ်၏ ။

ထိုစာပုဒ် သည် အနက်အားဖြင့် မဆန်းပြားသော်လည်း ဒဿန အားဖြင့် စဉ်းစားစရာ အချက်များစွာ ကို ယူ

ဆောင်လာသော စကား ဖြစ်လေ၏ ။အထက်ပါ  ပါဠိတော် ၏ အဓိပ္ပာယ် မှာ

                "  ရဟန်းတို့ ၊ ရဟန်းဖြစ်သော သူ ( ကိလေသာ ကို နှင်ထုတ်သောသူ ) သည် နှစ်ပါးကုန်သော အယုတ်

တရား အစု ကို မမှီဝဲ အပ်ကုန် "

               ဓမ္မစကြာ သုတ္တန် တရား ၏ ပထမ အဖွင့် စကား ကို ဖတ်ရသော အခါ ဤသို့ စဉ်းစားမိလေ၏ ။

                ရဟန်းဖြစ်သော သူသည် ( ပဗ္ဗဇိတေန ) ဆိုသော ဂုဏ်ပြပုဒ် ကို ဗုဒ္ဓ ထည့်၍ ဟောကြားခဲ့ခြင်းသည်

ထူးခြားသည် ။ ထိုစကားရပ် ကို  ကိလေသာ ကိုနှင်ထုတ် လိုသောသူ ဟူ၍လည်း ရှေးပညာ ရှိတို့ အဓိပ္ပာယ်ဖွင့်ပြ

ခဲ့ကြသည် ။ သို့ဖြစ်လျှင် အမှန်စင်စစ် ဤတရားသည် ပုထုဇဉ် တိုင်းအတွက် ရည်ညွှန်းသော တရား မဟုတ် နိုင် ။

ကိလေသာ ကိုနှင်ထုတ် လိုသော အမြတ်လမ်းသွား အကြင်ဘ၀ ခရီးသည်အား ရည်ညွှန်းသော စကားသာ ဖြစ်

ကြောင်း ထင်ရှားပါသည် ။

                ဗုဒ္ဓ ဟောကြားသော တရား၌ ရည်ညွှန်းသော ပရိသတ် အား ရှာကြည့်မိလေ၏ ။ ထိုအခါ ဗုဒ္ဓ သည်

ဤတရား ကို  ဟောကြားရသည့် ရည်ရွယ်ချက်ကိုလည်း  အတန် သဘောပေါက် လာလေ၏ ။

               ဓမ္မစကြာ အဖွင့် စကားတွင် ပရိသတ် အားဖြင့် အရိယာဘုံသွား ပုဂ္ဂိုလ် များကို ရည်ညွှန်းထားသည့်

အပြင် " အယုတ်တရားနှစ်ပါး ( အစွန်းတရားနှစ်ပါး ) အစု ကို မမှီဝဲရာ "  ဟူသော ညွှန်ပြသည့် စကားစုသည်လည်း

ထူးခြားသော စကားဖြစ်သည် ဟု ထင်မိလေသည် ။

               ဤစကားစု တွင် ဝေဖန်သော သဘောပါရှိလေသည် ။ "  အယုတ်တရားနှစ်ပါး "  ဆိုသော စကားအသုံး

အနှုန်း သည် ဗုဒ္ဓ ပတ်ဝန်းကျင် တွင် ယုံကြည် ယူဆ နေကြသော အတွေးအမြင်နှစ်ရပ် ၊ အယူအဆနှစ်ရပ် ကို ဆို

ခြင်း ဖြစ်ပေလိမ့်မည် ။ ထိုသို့တွေးမိပြီးနောက်  အယုတ်တရား ဆိုသော ထိုတရားနှစ်ပါးသည်  ဘယ်အယူဝါဒ ကို

ရည်ညွှန်း၍ ဆိုသည်ကို စူးစမ်းကြည်ံလိုပြန်သည် ။ သုတ္တန်ဒေသနာ ကို ဟောနည်းအတိုင်း ဗုဒ္ဓ သည်  " အယုတ်

တရားနှစ်ပါး "  ဆိုသော စကား ၏ ငုပ်နေသော အနက်ကို ဖော်လိုသဖြင့် အမေး အဖြေ ပြုလုပ်သည့် နည်းဖြင့်

ဤသို့ မေးပြန်လေသည် ။

         "  ကတမေဒွေ " ( ရဟန်းတို့  မမှီဝဲအပ်ကုန်သော အယုတ်တရား ) နှစ်ပါး ဟူသည် အဘယ်သည် တို့နည်း ။

ဤကား အမေးပုစ္ဆာ ဖြစ်လေသည် ။

               ဗုဒ္ဓ သည် သူတစ်ပါးမေးလာမည့်အမေး ကို  ကြိုတင် သိမြင်တော် မူသည့် အလျောက် မိမိဘာသာမေးပြီး

မိမိဘာသာ ဖြေသည့် နည်း ကို သုံးလျက် ဖြေကြားတော်မူလေသည် ။

              "  ယုတ်သော ရွာသူ တို့၏ ဥစ္စာ ဖြစ်သော ၊ ပုထုဇဉ်တို့ ၏ အလေ့အကျင့် ဖြစ်သော ၊ အရိယာ တို့၏ဥစ္စာ

မဟုတ်သော ၊ စီးပွားချမ်းသာကြောင်း နှင့် မစပ်ယှဉ်သော တေတုမ္မက တရား တည်း  ဟူသော ၀တ္ထုကာမ တို့၌

ကိလေသာ ကာမ တို့ နှင့် ယှဉ်သော ချမ်းသာ ကို အဖန်တလဲလဲ ခံစားခြင်း   ဟူသော "

                 "  ကာမ သုခလ္လိကာ  နုယောဂ  အယုတ်တရား တစ်ပါး "

ယုတ်သော  ဟူသည် အဘယ်ကို ဆိုသနည်း ။ ဗုဒ္ဓ ၏ အမြင် တွင် အဘယ်အပြုအမူ ကို ယုတ်ညံ့ သည်  ဟု သတ်

မှတ် ပါသနည်း  ဟု  စဉ်းစားမိပြန်ပါသည် ။

                 "  ရွာသူတို့၏ ဥစ္စာ "   ဆိုသော စကားကိုလည်း  ကောင်းစွာ နားမလည်ချေ ။ သို့သော်ကြံကြည့်ပြန်၏ ။

နောက် စကား တွင် " အရိယာ တို့၏ဥစ္စာ မဟုတ်သော " ဟူသော စကားစု ပါသည်ကို တွေ့ရသဖြင့် ဤသို့ကြံမိ

ပြန်၏ ။ ရွာသူ တို့၏ ဥစ္စာ  ဟူသည် အရိယာ တို့၏ ဥစ္စာ မဟုတ် ဟု ဗုဒ္ဓ ဆိုလိုကြောင်း မှာ ထင်ရှားပါ၏ ။သို့ဖြစ်လျှင်

အရိယာ တို့၏ ဥစ္စာ ကိုသာ သိဖို့ လိုသည် ။ အရိယာ တို့၏ ဥစ္စာ ကိုသိလျှင် အရိယာ တို့၏ ဥစ္စာ နှင့် ဆန့်ကျင်ဘက်

သဘော ( ပဋိပက္ခ သဘော ) သည် ရွာသူတို့၏ ဥစ္စာ ပင် ဖြစ်ပေလိမ့်မည် ။

                 ပုထုဇဉ် တို့၏ အလေ့အကျင့် ကိုလည်း ဗုဒ္ဓ သည် အရိယာ တို့၏ ဥစ္စာ မဟုတ် ဟု သတ်မှတ်ကြောင်း

ထင်ရှားပါသည် ။ ၀တ္ထုကာမ  ကိလေသာကာမ နှင့် ယှဉ်သော ချမ်းသာ ကို အဖန်တလဲလဲ ခံစားခြင်း ဆိုသည်မှာ

လောကီ စည်းစိမ် ချမ်းသာ ကာမဂုဏ် တရား များကို ဆိုလိုကြောင်း နားလည်မိပါသည် ။ ဥစ္စာ ပစ္စည်း ရာထူး

ဂုဏ်ရှိန် အတုအပ ပကာသန များ သည် ဘုံသုံးပါး ၌ ကျင်လည်စေတတ် သော တရားများ ဖြစ်သည်  ဟု

ဗုဒ္ဓ ဘာသာ သဘောတရား အရ နားလည်ပေရာ ထိုအရာ တို့၌ တပ်ငြိခြင်းကို အားပေး သော အယူဝါဒ မျိုး ကို

ဗုဒ္ဓ သည် ( ကာမ သုခလ္လိကာ  နုယောဂ )  ဟုခေါ် ခြင်း ဖြစ်ပေလိမ့်မည် ။

                " ကာမ သုခလ္လိကာ နုယောဂ " ကို  ပုဒ်ထွက် အဓိပ္ပာယ် အားဖြင့် " ကာမဂုဏ် ချမ်းသာ၌ ကပ်ငြိသော အား

ဖြင့် လုံ့လပြုခြင်း "  ဟု နားလည်နိုင်ပါ၏ ။

                 " ရဟန်းတို့ ၊ ထို ကာမသုခလ္လိကာ နုယောဂ ၊ အတ္တကိလမထာ နုယောဂ  ဟူသော အယုတ်တရား နှစ်ပါး

အစု သို့မကပ် ၊ ငါဘု၇ားသည် ထိုးထွင်း၍ သိအပ်သော သစ္စာ လေးပါး ကို မြင်တတ်သော ပညာ မျက်စိ ကိုပြုတတ်

သော သစာလေးပါး ကို သိခြင်း ကို ပြုတတ်သော ကာမသုခလ္လိကာ နုယောဂ (သဿတ ဒိဠိ ဟူသော တရားအစု )

အတ္တကိလ မထာ နုယောဂ ( ဥစ္ဆေဒ ဒိဠိ ဟူသော တရားအစု )  ထို အစုတို့၏ အလယ်၌ဖြစ်သော ၀ဋ်ဆင်းရဲ မှ

ထွက်မြောက်ခြင်း ကို အလိုရှိသော သူတို့ ကျင့်အပ်သော အကျင့် သည်

 --  ကိလေသာမှ ငြိမ်းခြင်းတည်း ဟူသော သဥပါဒိ သေသနိဗ္ဗာန် အကျိုးငှာ

--   သစ္စာလေးပါး ကို ထူးသောဥာဏ်ဖြင့် သိခြင်းငှာ

--   သစ္စာလေးပါး ကို ကောင်းစွာသိခြင်းငှာ

--   အနုပါဒိသေသ  နိဗ္ဗာန် အကျိုး ငှာ  ဖြစ်၏ ။

             အလယ်အလတ်အကျင့် ဟူသည် အဘယ်နည်း ။

       ထိုမေးခွန်းအတွက် အဖြေသည်လည်း ဓမ္မစကြာတရား၌ အစုံအစေ့ ပါလေသည် ။ အလယ်လမ်းဟူသည်မြတ်

သော အင်္ဂါ ရှစ်ပါး ရှိသော မဂ် ပင်တည်း  ဟု ပြညွှန်တော်မူလေသည် ။ ထိုအင်္ဂါ ရှစ်ပါး ကိုလည်း ဝေေ၀၀ါးဝါးမဆို

တိတိပပ ဆိုခဲ့လေသည် ။

            အင်္ဂါ ရှစ်ပါး ဟူသည် 

-  မှန်စွာမြင်ခြင်း

-  မှန်စွာကြံခြင်း

-  မှန်စွာပြောခြင်း

-  မှန်စွာပြုမူခြင်း

-  မှန်စွာအသက်မွေးခြင်း

-  မှန်စွာအားထုတ်ခြင်း

-  မှန်စွာသတိရှိခြင်း ( အောက်မေ့ခြင်း )

-  မှန်စွာတည်ကြည်ခြင်း                       ဖြစ်ကြောင်းလည်း ဆိုလေ၏ ။

              ထိုရှစ်ပါးသော မဂ်အင်္ဂါ တွင် သိက္ခာသုံးရပ် စလုံးလည်း ပါသည် ။ သီလ သမာဓိ ပညာ စခန်း သုံးဆင့် ကို

လည်း အထင်အရှား ပြညွှန် ထားလေသည် ။

               ထိုလမ်းဖြင့် သွားသော သူအား အရိယာသစ္စာ ကို မြင်သောအကျိုး ၊ ပညာမျက်စိ ကို ရသော အကျိုး ၊

သစ္စာလေးပါး ကို သိသောအကျိုး ၊ ကိလေသာ ငြိမ်းအေးသောအကျိုး ၊ ဘ၀ လွတ်မြောက်သော ( နိဗ္ဗာန် )အကျိုး ၊

အားလုံး ပါကြောင်းကိုလည်း တစ်ချက်တည်း အကျဉ်းနည်းဖြင့် ဆိုတော်မူလေသည် ။ ဤမျှ ဆိုရုံဖြင့်ပင် ဥာဏ်၌

ကျက်စားသော သူသည် သစ္စာ ကို ချက်ချင်း မြင်နိုင် သည် ကို သဘောပေါက်မိလေသည် ။

              ထို့နောက် ငုပ်နေသေးသော သစ္စာလေးပါး ၏ အနက်ကို ဗုဒ္ဓ ဟောတော်မူလေသည် ။

ဤသစ္စာလေးပါး သည် အရိယာ ပုဂ္ဂိုလ် တို့ သိအပ်သောကြောင့် အရိယာ သစ္စာလည်းမည်၏ ။

                 ဤလောက၌ သတ္တ၀ါ တို့ ရင်ဆိုင်ရသော ပထမ သစ္စာ သည် ဒုက္ခ ( ဆင်းရဲခြင်း ) ဖြစ်သည် ဟု ဗုဒ္ဓ ညွှန်ပြ

ပါသည် ။ ဗုဒ္ဓမြတ်စွာ ညွှန်ပြတော်မူသော ဆင်းရဲခြင်းများမှာ

(၁)  ဇာတိပိ ဒုက္ခော       - ပဋိသန္ဓေ နေရခြင်း ဆင်းရဲ

(၂)  ဇရာပိ ဒုက္ခော         - ဇရာ ၏ အိုခြင်း နာခြင်း ဟောင်းခြင်း  အပိုဖြစ်ခြင်း ဆင်းရဲ

(၃)  ဗျာတိပိ ဒုက္ခော       - ဖောက်ပြန်ခြင်း ပြောင်းလဲခြင်း မညီမညွတ် ကမောက်ကမ ဖြစ်ခြင်း ဆင်းရဲ

(၄)  မရဏံပိ ဒုက္ခော       - သေခြင်း ဆင်းရဲ

(၅)  အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော       -  မချစ်မနှစ်သက်လိုသော သတ္တ၀ါ သင်္ခါရ တို့နှင့် အတူတကွ ပေါင်းယှဉ်
                                                                         ဆက်ဆံ ၍ အသက်ရှင်နေရခြင်း ဆင်းရဲ

(၆)  ပိယေဟိ  ၀ိပ္ပယောဂေါ ဒုက္ခော        -  ချစ်နှစ်သက်အပ်သော သတ္တ၀ါ သင်္ခါရ တို့၌ ကွေကွင်း ကွဲကွာရခြင်း ဆင်း ရဲ
   
(၇) တောင့်တတိုင်း မဖြစ်ရသော ဆင်းရဲ

(၈)  ဥပါဒါန် ၏ အာရုံ ဖြစ်သော ခန္ဓာ တို့သည် ဆင်းရဲ        များချည်းသာ ဖြစ်ကြလေတော့၏ ဟု ဗုဒ္ဓ ဟောညွှန် ဆုံးမ

တော် မူလေသည် ။

                   အချုပ်ကိုဆိုသော် ဗုဒ္ဓ သည် " တဏှာ " တစ်လုံးကိုပင် ဒုက္ခ ခပ်သိမ်း ၏ အကြောင်းရင်း မူလဖြစ်ကြောင်း

ကို ပြတော်မူလေ၏ ။ ဒုက္ခ ၏ ဖြစ်ကြောင်း ဖြစ်သော တဏှာ ၏ သဘော ကို သိမြင်ခြင်း သည် ဒုတိယအရိယာသစ္စာ

ကို သိမြင်ခြင်းပင်ဖြစ်သည် ဟု သဘောပေါက်ပါသည် ။ ထို တဏှာ ကား ဒုက္ခ ခပ်သိမ်း ၏ လက်သည်တရားခံ ဖြစ်

သည် ဟု ဗုဒ္ဓ သည် ရဲဝံ့ ပြတ်သားစွာ ဟောတော်မူလိုက်ပြီ ဖြစ်၏ ။အကြင်သူသည် ထိုဒုက္ခ မှ လွတ်မြောက်ကြောင်း

တရားကို စီရင်မည် ဆိုလျှင် တရားခံအစစ်ဖြစ်သော " တဏှာ " ကို မိအောင် ဖမ်းပြီး အပြစ်ပေးရုံမှ တစ်ပါး အခြား

အကြောင်း မရှိတော့ ဟုလည်း နားလည်မိပါသည် ။


သက္ကရာဇ် - ၁၀၃ ခုနှစ် ၊ ၀ါဆိုလပြည့် ၊ စနေနေ့ညနေ၀င်စအချိန် တွင် ဗုဒ္ဓ ၏ ပထမ တရားဦး ဓမ္မစကြာ တရားကို

ပဉ္စ၀ဂီငါးပါး အား ဟောတော် မူသော နေ့ ၀ါဆိုလပြည့် ဓမ္မစကြာနေ့ ကို ပူဇော်ရေးသားလိုက်ရပါသည် ။
         


.................................................................................................................................................................................................

                 

No comments:

Post a Comment

မိတ်ဆွေ....ပြောစရာရှိလာပြီလား