" မိမိ ကမ္မဋ္ဌာန်းထိုင်ရာ ၊ ၀ိပဿနာရှုရာ၌ တွေ့ရှိချက်များကို လူသာမဏေအား မပြောရ ၊
မိမိ ဆရာသမားအား ဖွင့်ဟ ပြောနိုင်ခွင့်ရှိသည် ။ မိမိနှင့် အလားတူ တရားအားထုတ်နေသူ
ရဟန်း အချင်းချင်း ဖွင့်ဟ ပြောခွင့်ရှိသည် ။
ဝါကြွားလိုစိတ်ဖြင့် မပြောရ ၊ ထိုစကားကို ပြောခြင်းကြောင့် တရားအားထုတ်သည့်
အဖော်ဖြစ်သူ ဓမ္မမိတ်ဆွေ ရဟန်းအား သဒ္ဓါတရား ထက်သန်စေလိုသော စေတနာဖြင့်
ပြောခွင့်ရှိသည် " ဟု ရဟန်းကျင့်ဖွယ် ၂၂၇သွယ်ကျမ်းမှာ ဖော်ပြထားပါတယ် ။
ဒီကိစ္စမှာ စဉ်းစားစရာက ရဟန်းအချင်းချင်းကိုတော့ ပြောနိုင်တယ် ။ လူသာမဏေ
ကိုတော့ မပြောပါနဲ့လို့ ပိုင်းခြားထားတာ အကြောင်းရှိပါတယ် ။ ရှေးတုန်းက လူသာမဏေ
က ၀ိပဿနာအလုပ်နဲ့ အလှမ်းဝေးပါတယ် ။ ၀ိပဿနာဓူရကို ရဟန်းတော်များသာ အချို့
ကျင့်ကြံအားထုတ်ကြပါတယ် ။ အများကတော့ ဂန္တဓူရကိုပဲ အားထုတ်တာများပါတယ် ။
ဒါကြောင့် ၀ိပဿနာအကြောင်းနဲ့ မစပ်ဆိုင်သလို ဖြစ်နေတဲ့ လူသာမန်တွေကို လောကုတ္တရာ
မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ် ၊ ၀ိဇ္ဇာဥာဏ် ၊ အဘိဥာဏ်တွေ အကြောင်းကိုသွားပြောရင် ၀ါကြွား
သလို ဖြစ်နေပါတယ် ။ အထင်ကြီးအောင် ပြောသလို ဖြစ်နေပါတယ် ။ ခုခေတ်မှာတော့
ဝိပဿနာကမ္မဋ္ဌာနာစရိယ ကလည်း လူပုဂ္ဂိုလ်လည်း ဖြစ်နေနိုင်ပါတယ် ။ အားထုတ်တဲ့
ပုဂ္ဂိုလ်တွေ ယောဂီ တွေကလည်း လူသာမန်တွေပဲ များပါတယ် ။
" ဤသာသနာတော်၌ ရဟန်းသည် သုတ် ၊ ဂေယျ ၊ ဝေယျာကရိုဏ်း ၊ ဂါထာ ၊
ဥဒါန်း ၊ က္ကတိဝုတ် ၊ ဇာတ်ဝတ္ထု အဗ္ဘုတဓမ္မ ၊ ဝေဒလ္လ ဟူသော တရားကို သင်ယူ၏ ။
ထို့ထက် ပိုလွန်၍ကား ထိုတရား၏ အနက်ကို ပညာဖြင့်သိ၏ ။ ထိုရဟန်းသည် တရားနှင့်
နေလေ့ရှိသူ ( ဓမ္မ၀ိဟာရီ ) ဖြစ်၏ " လို့ ဘုရားက ဟောတော်မူပါတယ် ။ ဆိုလိုတာကတော့
စာပေကျမ်းဂန်တွေကို ရွတ်ဖတ် တတ်တိုင်း အနက်အဓိပ္ပာယ်ကို " ပညာ ဖြင့် " မသိနိုင်ဘူး ၊
ထိုရဟန်းသည် ဓမ္မ၀ိဟာရီ ၊ တရားနှင့် နေလေ့ရှိသူဖြစ်မှသာလျှင် တရား၏ အနက်သဘော
ကို ထိုးထွင်း၍ ပညာဖြင့် သိနိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ် ။ ပဋိဝေဓဥာဏ် မရှိဘဲနဲ့
တော့ ပရိယတ္တိမှာ ဟောကြားထားတဲ့ တရားတွေရဲ့ အနက်သဘော အမှန်ကို ပညာဖြင့်
မသိနိုင်ပါဘူး ။ အနုဗောဓဥာဏ်ပဲ ရှိမှာပေါ့ ။ ဆိုလိုတာက မြတ်စွာဘုရားရဲ့ တရားတော်
တွေကို နက်နက်နဲနဲ ပညာနဲ့ သိဖို့ ပဋိဝေဓဥာဏ် နဲ့သိဖို့ အရေးကြီးပါတယ် ။ အဲဒါက
ဓမ္မ၀ိဟာရီတွေသာ သိနိုင်ကြတယ် လို့ မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပါတယ် ။
စတုတ္ထပါရာဇိကံ ။ ၀ိနီတ၀တ္ထု ဖြတ်ထုံးတွေထဲမှာ -
တရံရောအခါ ။ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏ ။ ထိုရဟန်းကို ရဟန်းတို့
သည် အရှင်ဘုရား၌ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော
ဈာန်မဂ်ဖိုလ်တရား ရှိပါသလား ဟုမေးကြ၏ ။
" ငါ့ရှင်တို့ အရဟတ္တဖိုလ်ကို ဖြေဆိုဖို့ရာ မခဲယဉ်းပါ " လို့ ဖြေလိုက်ပါတယ် ။
မြတ်စွာဘုရား၏ တပည့်သာဝက တို့သည် ဤသို့ ပြောဆိုနိုင်ကုန်ရာ၏ ။ ငါတမူကား
မြတ်စွာဘုရား၏ တပည့်သာဝက မဟုတ်ချေ ။ ( အရိယာပုဂ္ဂိုလ် မဖြစ်သေးသည်ကို
ရည်ညွှန်းသည် ) ငါသည် ပါရာဇိက ကျသလော " ဟု ထိုရဟန်းအား " သံသယကုက္ကုစ္စ "
ဖြစ်၏ ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏ ။
ရဟန်း ၊ သင်သည် အဘယ်စိတ်ရှိသနည်း ဟု မေးတော်မူ၏ ။ မြတ်စွာဘုရား
တပည့်တော်သည် ၀ါကြွားလိုစိတ် မရှိပါ ဟု လျှောက်ထား၏ ။
ရဟန်း ၊ ၀ါကြွားလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့် ဟု မိန့်တော်မူ၏ ။
( ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် - ၁၄၄ )
ဒီလိုပဲ နောက်ရဟန်းတစ်ပါး မကျန်းမမာ ဖြစ်နေတုန်း တခြား ရဟန်းတွေက
" အရှင်ဘုရားမှာ ဥတ္တရိမနုဿဓမ္မ ရှိပြီး ပြီလား " လို့ မေးပြန်တယ် ။ လူနာရဟန်းက
" ငါ့ရှင်တို့ လုံ့လ၀ီရိယရှိတဲ့ ရဟန်းသည် ပြီးစီးအပ်သော တရား ရှိတာပဲ " လို့ဖြေတယ် ။
မြတ်စွာဘုရားက ၀ါကြွားလိုစိတ် မရှိသော ရဟန်းအား အာပတ်မသင့်ဘူးလို့ မိန့်တော်မူ
ပါတယ် ။
ဒီအတိုင်း ၀ါကြွားလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်ဘူးလို့ မိန့်တော်မူ
ထားတဲ့ ၀တ္ထုချည်း ( ၁၂ ) ပုဒ်လောက်ပါ ပါတယ် ။
နောက်ဝတ္ထုတစ်ပုဒ်မှာတော့ ရဟန်းတစ်ပါးက မကျန်းမမာ ဖြစ်နေလို့ လူနာသွားမေး
ကြတဲ့ ရဟန်းတော်များကို " တော်ရုံ ပုထုဇဉ် ဆိုရင်တော့ ဒီဝေဒနာကို သည်းခံနိုင်မှာ
မဟုတ်ဘူး " လို့ဖြေတယ် ။
ရဟန်း ဘာစိတ်နဲ့ပြောတာလဲ မေးတော့ ရဟန်းက ၀ါကြွားချင်လို့ ပြောကြောင်း
ဝန်ခံပါတယ် ။ ဘုရားက ပါရာဇိ မကျ ၊ ထုလ္လစ္စဉ်း အာပတ်သင့်တယ်လို့ မိန့်တော်မူပါတယ် ။
ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက ပြိတ္တာတွေကို မြင်တဲ့ အကြောင်း
ထုတ်ဖော်ပြောတယ် ။ အရိုးစုပြိတ္တာ ၊ အသားတုံးပြိတ္တာ ၊ အရေမရှိတဲ့ ပြိတ္တာ ၊ သံလျက်
အမွှေးပေါက်နေတဲ့ ပြိတ္တာ ၊ အပ် အမွှေးပေါက်တဲ့ ပြိတ္တာ ၊ အဲဒီ ပြိတ္တာတွေကို မြင်ကြောင်း
ထုတ်ဖော် ၀န်ခံတော်မူတယ် ။ ရဟန်းတို့က အရှင်မဟာမောဂ္ဂလာန်သည် ဥတ္တရိမနုဿဓမ္မ
ကို ၀ါကြွား ပြောဆိုနေတယ် ဆိုပြီး ရှုတ်ချကြတယ် ။ အပြစ်ပြောကြပါတယ် ။ မြတ်စွာဘုရား
က " မောဂ္ဂလာန် မြင်တဲ့ ပြိတ္တာတွေကို ငါလည်း မြင်ဖူးတယ် ၊ မောဂ္ဂလာန်သည် အမှန်ကို
ပြောဆိုပေသည် ၊ ရဟန်းတို့ မောဂ္ဂလာန် ကား အာပတ်မသင့် " ဟု မိန့်တော်မူပါတယ် ။
သာသနာမှာ အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး ဟာ အကြိမ်ကြိမ် လူတို့၏ ကမ္မပထ
တရားဆယ်ပါးထက် လွန်မြတ်တဲ့ တရားတွေကို ထုတ်ဖော် ပြောဆိုတော်မူပါတယ် ။
မြတ်စွာဘုရားက သူအမှန်ပြောတာပဲ ၊ အာပတ်မသင့်ဘူးလို့ မိန့်တော်မူပါတယ် ။ ဒါဟာ
တစ်ကြိမ်တည်း မဟုတ်ပါဘူး ။ အကြိမ်ကြိမ် ပြောခဲ့တာပါ ။
ဒီထက်ပိုပြီး ထင်ရှားတာက အင်္ဂုတ္ထိုရ်မှာက ကုဓ၀ဂ် ၊ ကကုဓထေရ၀သုတ်မှာ
ကကုဓဗြဟ္မာက ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးကို ဒေ၀ဒတ် ရဟန်းသံဃာတွေကို
သင်းခွဲဖို့ ကြံစည်နေပုံကို လာပြီး သတင်းပေး လျှောက်ထားပါတယ် ။ အရှင်မဟာမော
ဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက ဒီအကြောင်းကို မြတ်စွာဘုရားထံ သွားရောက် လျှောက်
ထားပါတယ် ။ ဒီအခါ မြတ်စွာဘုရားက -
" မောဂ္ဂလာန် ( သင်၏ ) စိတ်ဖြင့် ကကုဓဗြဟ္မာ၏စိတ်ကို သင်ပိုင်းခြား၍ သိသလော၊
ကကုဓဗြဟ္မာ ပြောဆိုသော စကားအလုံးစုံသည် ထိုဆိုသည့်အတိုင်းသာလျှင် မှန်ကန်
သလော ၊ တစ်ပါးသော အခြင်းအရာ အားဖြင့် မဖြစ်နိုင်ဘူးလား " ဟု မေးတော်မူ၏ ။
" အရှင်ဘုရား ၊ အကျွန်ပ်၏ စိတ်ဖြင့် ကကုဓဗြဟ္မာ၏ စိတ်ကို အကျွန်ပ် ပိုင်းခြား၍
သိပါ၏ ။ ကကုဓဗြဟ္မာပြောဆိုသော စကားအလုံးစုံသည် ထိုဆိုသည့်အတိုင်း သာလျှင်
မှန်ကန်ပါ၏ ။ တစ်ပါးသော အခြင်းအ၇ာအားဖြင့် လုံးဝ မဖြစ်နိုင်ပါ " ဟု လျှောက်ထား၏ ။
( အင်္ဂုတ္ထိုရ်ပါဠိတော်မြန်မာပြန် - ဒုတွဲ - ၁၃၂ )
ဥတ္တရိမနုဿဓမ္မသည် အပြောကျယ်ပါ၏ ။ လေးနက်ပါ၏ ။ အနက်အဓိပ္ပာယ်ကို
ဥာဏ်ပညာဖြင့်သာ သိနိုင်သောကိစ္စ ဖြစ်ပါသည် ။
ဥတ္တရိမနုဿဓမ္မ နဲ့ စပ်လျဉ်းပြီး ဘုရားဟောထားတာတစ်ခု ရှိပါတယ်။
" ဘုရားက တရားခြောက်မျိုးတို့ကို မပယ်နိုင်လို့ရှိရင် လူတို့ရဲ့ ကမ္မပထတရား ဆယ်ပါးထက်
လွန်မြတ်မယ့် ဈာန် မဂ်ဖိုလ် ( ဥတ္တရိမနုဿဓမ ) ကို မျက်မှောက်ပြုရန် မထိုက်ဘူး " လို့
ဟောထားပါတယ် ။
တရားခြောက်မျိုးက -
၁ ။ သတိကင်းလွတ်ခြင်း
၂ ။ ဆင်ခြင်ဥာဏ် ကင်းမဲ့ခြင်း
၃ ။ က္ကနြေ္ဒတို့၌ တံခါးပိတ်ထားမှု မရှိခြင်း
၎ ။ စားဖွယ်တို့၌ အတိုင်းအရှည်ကို မသိခြင်း
၅ ။ ပလွှား ၀ါကြွားခြင်း နှင့်
၆ ။ မြှောက်ပင့် ရှုတ်ချ၍ ဟောပြောခြင်း " တို့ဖြစ်ပါတယ် ။
( အင်္ဂုတ္ထိုရ်ပါဠိတော်မြန်မာပြန် - ဒုတွဲ - ၄၇၄ )
နောက်ဆုံးအနေနဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့အဆုံးအမလင်္ကာလေးနဲ့ အဆုံးသတ်
လိုက်ပါရစေ ။
" သာသနာအကျိုး ၊ ရွက်သယ်ပိုးက ၊
ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း ၊
မငဲ့မစောင်း ၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ၊ ခရီးနှင်ပါ "
ပြီးပါပြီ ။
................................................................................................................................................
|
|
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား