------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------ု
(၃)ဗုဒ္ဓသာသနာပြုကြရအောင် (Buddhist Missionary )
ဘုရားအလောင်းတော်၏ကျေးဇူးတော်
-- သုမေဓာ ရသေ့ ဘ၀မှာ မိမိအတွက်ဆို နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သော်လည်း သတ္တ၀ါအားလုံး၏ အကျိုးအတွက်ကြည့်ရှုခဲ့ ကျေးဇူးတော်
-- ဘုရားအလောင်းတော်ဘ၀တွင် ပါရမီ ( ၃၀ ) ကို ဘ၀ပေါင်း အနန္တ အသက်သွေးပေါင်း အနန္တ တို့ဖြင့် ဖြည့်စွမ်းပေးခဲ့သော ကျေးဇူးတော်
-- နောက်ဆုံးလူ့ဘ၀တွင် လောကီချမ်းသာတို့၏ ထိပ်ခေါင် မင်းစည်းစိမ် ချမ်းသာအားလုံးကိုစွန့်လွှတ်ပြီး သတ္တ၀ါအားလုံး
အကျိုးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့သော ကျေးဇူးတော် တို့သည် တုနှိုင်း၍ မရအောင် ကျေးဇူးကြီးမားလှပေ၏။
ဘုရားရှင်၏ကျေးဇူးတော်
-- ဘုရားဖြစ်ပြီးနောက် သတ္တ၀ါအားလုံးတို့အား ဒုက္ခသံသရာမှ လွတ်မြောက်ပြီး ချမ်းသာအစစ် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်
ရေးအတွက် တရားဟောလမ်းညွှန်ပြသပေးခြင်း
-- ( ၄၅ ) ၀ါ ( နှစ် ) ပတ်လုံး တစ်နေ့တွင် တစ်နာရီမျှခန့်သာ ကျိန်း ( အိပ် ) တော်မူ၏ ။ အချိန်ရှိသလောက် သတ္တ၀ါအားလုံး
တို့အား တရားဟောပြောပြသချီးမြှင့်တော်မူခဲ့ခြင်း
-- သာသနာတော်ကို ထူထောင်ခဲ့သည့်အပြင် အနာဂတ်ကာလ သာသနာတော်ပြန့်ပွားရေးအတွက် များလှစွာသော
ဓမ္မဒူတ ခရီးစဉ်များ စေလွှတ်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူးတော်များသည် သတ္တ၀ါအားလုံးအတွက် လောကီ
လောကုတ်နှစ်ဖြာသော အကျိုးကို ပေါ်ပေါက်စေခဲ့သည်မှာ ဆပ်၍မကုန်နိုင်သော ကျေးဇူးတော်များ ဖြစ်ပေသည် ။
အမြင့်မြတ်ဆုံးကျေးဇူး ( ဂုဏ်တော် )
-- အနန္တစကြာဝဠာ သတ္တ၀ါအားလုံးတို့အား အမှန်ကိုသိမြင်စေရန် ဥာဏ်အလင်းကို ထင်ရှားစွာရရှိကြရန် ပြသလမ်းညွှန်ပေး
ပြီး အကြီးမားဆုံးသော မေတ္တာနှင့် ကရုဏာထားတော်မူခဲ့သော ဘုရားရှင်၏ ကျေးဇူးတော်သည် အမြင့်မြတ်ဆုံးသော
သော ကျေးဇူးတော်ဖြစ်ပေသည် ။
-- မှန်စွာသိမြင် နားလည် သဘောပေါက် လာကြသော ပုဂ္ဂိုလ်မှန်သမျှတို့သည် ဘုရားရှင်၏ အဆုံးအမများအား မပျက်စီး /
မပျောက်ပျက်စေရန် ၀ိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းကြရန် အထူးလုပ်ဆောင်လေတော့မည် ။
သင်္ဂါယနာတင်ကြခြင်း
-- ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မ
များအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန်အတွက်
စစ်မှန်သော ဓမ္မကို သာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်
ခြင်း ဟုခေါ်သည် ။ မင်းထုနှင့် ပြည်သူထုမှ ပံ့ပိုးကူညီကြသည် ။
သာသနာ့အမွေဆက်ခံခဲ့ခြင်း
-- ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသောမင်းထုနှင့် ဗုဒ္ဓ
သာသနာဝင်ပြည်သူလူထု ပူးပေါင်းပြီး သံဃာထု ၊ မင်းထု ၊ ပြည်သူလူထု ၊ ထု (၃) ထု ပူးပေါင်းကာ သင်္ဂါယနာ (၆) ကြိမ်
တိုင်တိုင် စုပေါင်းတင်ခဲ့ပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီး မပျောက်ပျက်ရလေအောင် စောင့်ရှောက် ထိန်းသိမ်းခဲ့ကြလေ
သည် ။
ပထမအကြိမ် သင်္ဂါယနာတင်ခြင်း
(၁) အကြောင်းခံ
သုဘဒ္ဒ ဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ၀ိနည်း ( စည်းကမ်း )အား အကြိမ်ကြိမ် ဖောက်ပြန်ခဲ့သဖြင့် ဘုရားရှင်
၏အကြိမ်ကြိမ် သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး
ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည် ။
(၂) သာသနာနှစ်
ဘုရားပရိနိဗ္ဗာန်ပြုပြီး ( ၃ ) လ နှင့် ( ၄ ) ရက်
(၃) နေရာ
ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
(၄) ခေါင်းဆောင်
ရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ ( ၀ိနည်း ) နှင့် ညီတော်အာနန္ဒာ (သုတ္တန်နှင့်အဘိဓမ္မာ )
(၅) သံဃာဦးရေ
ရဟန္တာပေါင်း ( ၅၀၀ )
(၆) မင်း
အဇာတသတ်မင်း
(၇) ကြာမြင့်ချိန်
( ၇ ) လ
-- သုဘဒ္ဒရဟန်းအားအကြောင်းပြုပြိး အရှင်မဟာကဿပမထေရ် မှ ဦးဆောင်ပြီး အရှင်ဥပါလိ မှဝိနည်းတော်ကိုလည်းကောင်း
ညီတော် အာနန္ဒာ မှ သုတ္တန် နှင့် အဘိဓမ္မာ ကိုလည်းကောင်း သံဃာအစည်းအဝေးသို့တင်သွင်းခဲ့သည် ။
-- ဘုရားရှင် ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့ အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာ ဖွဲ့ခြင်း
ဖြင့် ဓမ္မက္ခန္ဓာပေါင်း ( ၈၄၀၀၀ ) ရရှိခဲ့သည် ။ ၄င်းကို ထပ်မံပြီး သဘောတရားတူ၇ာအလိုက်အုပ်စုဖွဲ့လိုက်ရာ အုပ်စု ( ၃ ) စု
ရရှိပြီး ပိဋကတ် ( ၃ ) ပုံ ဟု ခေါ်တွင်သည် ။
-- ၄င်းပိဋကတ် ( ၃ ) ပုံ မှာ ၀ိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ ( ၂၁၀၀၀ ) ၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ ( ၂၁၀၀၀ ) ၊ အဘိဓမ္မာ
ပိဋကတ်တွင် ဓမ္မက္ခန္ဓာ ( ၄၂၀၀၀ ) ထည့်သွင်းကာ သဘောတူခဲ့ကြသည် ။
-- အစည်းအဝေးတက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မှီခဲ့ကြပြီး အနီးကပ်ဆုံး တရားတော်များ နာကြားသင်
ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည် ။
-- ပထမအကြိမ် သင်္ဂါယနာ တင်ခြင်းကို နှုတ် ( ပါးစပ် ) ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ် ( ၃ ) ပုံ
စတင်သတ်မှတ်စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များအကုန်လုံး ပြည့်စုံမှုဖြစ် မဖြစ် ( လိုနေလို့
ထပ်ဖြည့်ရန်လည်းကောင်း ၊ ပိုနေလို့ နုတ်ပယ်ရန်လည်းကောင်း ) ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း
တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည် ။
-- ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝ လုပ်ခွင့်မရှိ ၊ သံဃာတော်များမှ ထေရ်စဉ်
ဝါစဉ်အလိုက် စောင့်ရှောက်ကြပါစို့ ဟု သဘောတူညီမှုယူခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည် ။
-- ရဟန်းန္တာ ( ၅၀၀ ) သော သံဃာထုခေါင်းဆောင်ပြီး အဇာတသတ်မင်းပါသော မင်းထုနှင့် သာသနာဝင် အားလုံး ပြည်သူထု
မှ ပစ္စယာနုဂ္ဂဟ အဖြစ် ပံ့ပိုးကူညီခဲ့ကြပါသည် ။
။ ။ ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေ သို့ လင်းစေသောဝ် ဗုဒ္ဓမြတ်စွာသာသနာ ခန္ဓာတွင်း မှာ လင်းစေသောဝ် ဗုဒ္ဓမြတ်စွာသာသနာ ခန္ဓာတိုင်း မှာ လင်းစေသောဝ်
| |
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား