ဗုဒ္ဓကိုအနောက်နိုင်ငံသား ဒဿနဆရာတွေကစွပ်စွဲကြတာဖတ်ရတော့ အစာမကြေ
ရင်မချောင်ဖြစ်သွားတယ်ဗျာ ။အနောက်တိုင်းဒဿနဆရာတွေကဘာတွေစွပ်စွဲကြလည်းဆို
တော့ " မဇ္ဈိမပဏ္ဍာသ ပါဠိတော်ထဲက စူဠမာလုကျပုတ္တသုတ် " ကိုစွပ်စွဲတာ ။
မာလုကျရဲ့သား ရဟန်းက အခါတစ်ပါးမှာ မြတ်စွာဘုရားကို လောကလွန် တက္ကိက
ဝါဒမေးခွန်း Meta-physical Question တွေကို မေးပါတယ် ။အဲဒီမေးခွန်းတွေက ဒဿန
ပညာမှာတော့ တော်တော်အရေးပါတဲ့ မေးခွန်းတွေဖြစ်ပါတယ် ။ ဒါပေမယ့် မြတ်စွာဘုရား
က မာလုကျပုတ္တ ရဟန်းမေးတဲ့ မေးခွန်းတွေကို မဖြေဘူး ၊အဖြေမပေးဘူး ။ဗုဒ္ဓ က သဗ္ဗညု
တဥာဏ် ရတယ်ဆိုပြီး ဒီမေးခွန်းတွေကို မဖြေဘဲ ထားတော့ ဗုဒ္ဓ ဟာ ဒီမေးခွန်းတွေကို
မဖြေတတ်ဘူး ။ မဖြေနိုင်လို့ မဖြေဘဲ ဆင်ဝှေ့ရန်ရှောင် လုပ်တာ ။ အလုံးစုံသောတရားကို
ဆရာမကူ သယမ္ဗူဥာဏ် နဲ့ သိတော်မူတယ်ဆိုရင် ဖြေနိုင်ရမယ်ပေါ့ ။ ခုဖြေတာဟာ မဖြေ
တတ်လို့ မဖြေတာပဲ ။ ဗုဒ္ဓ ဥာဏ်လောက်နဲ့ မဖြေနိုင်ဘူး ဆိုပြီး စွပ်စွဲနေကြပါတယ် ။
အမှန်ကတော့ အနောက်နိုင်ငံသား ဒဿနဆရာတွေဟာ ဗုဒ္ဓ ရဲ့ အတွေးအမြင်
အယူအဆတွေကို နားလည်နိုင်တဲ့ ဥာဏ်မရှိလို့ ပြောနေကြတာပါ ။ဒီပြဿနာဟာလည်း
ခုမှပေါ်ပေါက်လာတဲ့ ပြဿနာမဟုတ်ပါဘူး ။မိလိန္ဒမင်းကြီးကလည်း အရှင်နာဂသိန် ကို
ဒီပြဿနာ မေးခဲ့ဖူးပါတယ် ။ " မိလိန္ဒပဥှာကျမ်း "
မိလိန္ဒမင်းကြီးဟာ ဥာဏ်ပညာကြီးမားတယ် ၊ ဗုဒ္ဓဘာသာကိုလည်း ကျွမ်းကျင်
နှံ့စပ်တယ် ။ ပြီးတော့ မေးခွန်းမေးတာလည်းသိပ်ပိုင်တာပဲ ။ သူကဂရိလူမျိုး ၊ ဒဿနပညာ
မှာလည်း ကျွမ်းကျင်တယ် ။ ယုတ္တိဗေဒကိုလည်း နိုင်နင်းပါတယ် ။မင်းကြီးမေးပုံက---------
မင်းကြီးက " မြတ်စွာဘုရားက နတ္ထာနန္ဒ တထာဂတဿ ဓမ္မေသု ၊ အာစရိယမုဋ္ဌိ"
ဆိုပြီး ဟောတော်မူတယ် ။ အဓိပ္ပာယ်ကတော့ :"အာနန္ဒာ ၊ လာခြင်းကောင်းသော မြတ်စွာ
ဘုရားမှာ ဆရာစားချန်ပြီး ဟောတော်မူတဲ့ တရားဆိုတာမရှိဘူး " လို့လည်းဆိုတယ် ။ပြီး
တော့ မာလုကျရဲ့သား မထေရ်ကိုကျတော့ ပြဿနာမေးတဲ့အခါမဖြေဘူး။ ဆရာစားချန်ထား
တယ် ။အဲဒီတော့ ဆရာစားမချန်ဘူး ၊ အကုန်ဟောတယ်လည်းပြောတယ် ၊ မဖြေဘဲနဲ့လည်း
ဆရာစားချန်ထားပြန်တယ် ။ ဒါဟာ အစွန်းနှစ်ဘက်ထွက်နေပါတယ် ။ ယုတ္တိဗေဒနဲ့ပြောရင်
တော့ နှစ်စွန်းထွက်ဆင်ခြေ Dilemma ဖြစ်နေတယ် ။ ဒါကြောင့် " အာနန္ဒာ. လာခြင်းကောင်း
သော မြတ်စွာဘုရားမှာ ဆရာစားချန်ထားအပ်သော တရားဆိုတာမရှိဘူး " ဆိုတဲ့ စကားမှန်
ရင် , အဲဒီ စကားကို အမှန်ယူလို့ရှိရင် မာလုကျပုတ္တမထေရ် မေးတဲ့ ပြဿနာကို မဖြေဘဲ
နေတော်မူတာဟာ " သိတော်မမူလို့များ မဖြေတာလား " ။ ဒါမှမဟုတ် သိတော်မူပါလျက်
တမင်မဖြေဘဲနေတယ်ဆိုရင် " ဆရာစားချန်သလို ဖြစ်နေပါတယ် " ။ အဲဒီလို အစွန်းမလွတ်
ဖြစ်နေတယ်လို့ မေးပြီး အဲဒီပြဿနာကိုပြေလည်အောင် ဖြေရှင်းပါလို့ မင်းကြီး က အရှင်
နာဂသိန်ကိုလျှောက်ထားပန်ကြားခဲ့ပါတယ် ။
ဗုဒ္ဓ ဟာ ၀ိဘဇ္ဇ၀ါဒီ ပဲ ။ဘယ်ပြဿနာကိုမဆို ဝေဖန်ပိုင်းခွဲပြီး ဖြေရှင်းနိုင်တယ် ။
ဒီပြဿနာကိုခုမှ အနောက်တိုင်းသားတွေ မေးတာမဟုတ်ဘူး ။ မိလိန္ဒမင်း လက်ထက်
ကတည်းက မေးပြီးဖြေပြီးသားပြဿနာပါ ။
မာလုကျပုတ္တ သိချင်တဲ့ ပြဿနာတွေက " လောကဟာ မြဲသလား ၊ ဒါမှမဟုတ်
လောကဟာ မမြဲဘူးလား " " လောကသည် အဆုံးရှိသလား ၊ ဒါမှမဟုတ် အဆုံးမရှိဘူး
လား " " အသက် (အတ္တလိပ်ပြာ)နဲ့ ကိုယ်ဟာ တစ်ခုတည်းလား ၊ ဒါမှမဟုတ် အသက်(အတ္တ
လိပ်ပြာ) နဲ့ ကိုယ်ဟာ တစ်ခြားစီလား " " သတ္တ၀ါ ဟာ သေပြီးတဲ့နောက် ဖြစ်သေးလား ၊
ဒါမှမဟုတ် သတ္တ၀ါ ဟာ သေပြီးတဲ့နောက် ဘာမျှ မဖြစ်တော့ဘူးလား " " သတ္တ၀ါ ဟာ
သေပြီးတဲ့နောက် ဖြစ်လည်းဖြစ်တယ် ၊ မဖြစ်လည်းမဖြစ်ဘူးလား ။ ဒါမှမဟုတ် သတ္တ၀ါဟာ
သေပြီးတဲ့နောက် ဖြစ်သည်လည်းမဟုတ် ၊ မဖြစ်သည်လည်းမဟုတ်ဘူးလား ။" ဆိုတဲ့
ပြဿနာပါ ။ အဲဒီ ရုပ်လောက ကိုလွန်တဲ့ တက္ကိက၀ါဒ ပြဿနာတွေကို သူက ဆုပ်ကိုင်ပြီး
မြတ်စွာဘုရား ကို ခြိမ်းခြောက်ပါသေးတယ် ။ သဗ္ဗညုမြတ်စွာဘုရား က ဒီပြဿနာတွေကို
အဖြေပေးရင်ပေး ၊ မပေးရင် ချက်ချင်း ဒီသာသနာက လျှောပြီး ငါ လူထွက်မယ်လို့လည်း
ပြောသေးတယ် ။
မေးခွန်းကတော့ အနောက်တိုင်းသား ဒဿနဆရာတွေ တစ်သက်လုံး မေးပြီးတိကျ
တဲ့အဖြေမရဘဲ ၀ိဝါဒသံသရာမှာ ချာချာလည် ခံရတဲ့ ပြဿနာတွေပါ ။
ကဲ..... အဲဒီပြဿနာတွေကို ဘယ်သူကျေနပ်အောင်အဖြေပေးနိုင်သလဲ ။ ဘယ်
ဒဿနဆရာကကော လူတိုင်း လက်ခံနိုင်တဲ့ အဖြေကို ပေးခဲ့နိုင်သလဲ ။ အဲဒီပြဿနာတွေကို
လူ့ဘ၀မှာ အဖြေရှာနေရင်း အချိန်တွေ ကုန်သွားရင်း ဘ၀အတွက် ဘာအကျိုးရှိသလဲ ။
ရှင်းတယ် ။ ဘယ်သူမှ လူတိုင်း လက်ခံနိုင်တဲ့ အဖြေကို မပေးနိုင်ဘူး ။ အဲဒါ မြတ်ဗုဒ္ဓ က
မဖြေတဲ့ အကြောင်းပဲ ။
ဗုဒ္ဓကလည်း မာလုကျပုတ္တ ကိုမေးတယ် ။ " မာလုကျပုတ္တ... အဲဒီမှားယွင်းတဲ့ အယူ
၁၀ ခုထဲက တစ်ခုခုကိုယူထားတဲ့ ပုဂ္ဂိုလ်ဟာ ဒီသာသနာမှာ မဂ်ဖိုလ်ရကြောင်း အကျင့်
ကောင်းကို ကျင့်သုံးနိုင်ပါတော့မလား , အဲဒီမိစ္ဆာအယူ ၁၀ ခုထဲက တစ်ခုခုရှိတဲ့ ပုဂ္ဂိုလ်ဟာ
ဒီမေးခွန်းပုစ္ဆာတွေကို မြတ်စွာဘုရားက ငါ့ကိုအဖြေမပေးသရွှေ့ ငါဟာ မြတ်သော ရဟန်း
အကျင့်မကျင့်ဘဲနေအံ့ လို့ ဆိုရင် အဲဒီလိုမကျင့်ရသေးခင် သေသွားတယ် ဆိုပါစို့ ။ ဘယ်သူ
ဆုံးရှုံးမလဲ ။ သင်ဟာ မြားမှန်ခံထားရတဲ့ ယောက်ျားနဲ့တူတယ် ။ မြားမှန်ခံထားရတဲ့
ယောက်ျား ဟာ မြားကိုဦးစွာထုတ်ပြီး ရောဂါဝေဒနာပျောက်ကင်းအောင် ဆေးကိုမကုဘဲ
ဒီမြားကို ဘယ်သူပစ်သလဲ ။ ဒီမြားပစ်တဲ့လူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ငါမသိရသေး
သရွေ့ မြားကိုမနှုတ်ဘူးဆိုလျှင် မနှုတ်ရခင်မှာပဲ သေဆုံးခြင်းသို့ ရောက်သွားမှာပဲ ။ အလား
တူစွာပဲ မာလုကျပုတ္တ မေးတဲ့ တက္ကိက၀ါဒမေးခွန်း ပြဿနာတွေကို အဖြေပေးနေရင်ဝိ၀ါဒ
အမျိုးမျိုးဖြစ် ၊ အငြင်းအခုံဖြစ်ရင်းသာ အချိန်ကုန်သွားမယ် ။ သက်သေခံအထောက်အထား
တိကျစွာရှိတဲ့ အဖြေကိုတော့ မရနိုင် ။ ထိုပြဿနာမျိုးကို ဖြေဆိုလို့လည်း အကျိုးတစ်စုံတစ်
ရာ မရှိ ။ ရဟန်းကိစ္စ ပြီးခြင်းအတွက် အထောက်အပံ့ မဖြစ် ။ ထိုကဲ့သို့သော ပုစ္ဆာမျိုး ကို
ဗုဒ္ဓသည် ဖြေဆိုတော်မမူခဲ့ပါဘူး " ။
ဒီလို တက္ကိက၀ါဒပုစ္ဆာမျိုး ကို အဖြေရှာခြင်း၏ အကျိုးမဲ့သဘောကို ၂၀ ရာစုဒဿန
ဆရာတွေလည်း သိမြင်ခဲ့ကြတယ် ။ ဒါကြောင့် ၂၀ ရာစုမှာ တက္ကိက၀ါဒ ကိုပယ်ပြီး ၀ိဘဇ္ဇ၀ါဒ
ကိုသာ အနောက်တိုင်းသား ဒဿနပညာရှင်တွေလည်း လက်ခံခဲ့တယ် ။
မြတ်ဗုဒ္ဓ ကတော့ သူတို့ထက် ရာစုနှစ်ပေါင်း များစွာစောပြီး တက္ကိက၀ါဒ ကို ပယ်ချ
တော်မူခဲ့ပြီးဖြစ်ပါတယ် ။ ဒီနေရာမှာ မိလိန္ဒမင်းရဲ့အမေးကို ရှင်နာဂသိန်ဖြေတဲ့ အဖြေကို
လည်း ပြည့်စုံသွားအောင် ဖော်ပြပါမယ် ။
ရှင်နာဂသိန်အဖြေက----------
ရှင်နာဂသေနက မင်းကြီး ဘုရားရှင်က " အာနန္ဒာ လာခြင်းကောင်းသော ဘုရားရှင်တို့
၌ ဆရာစားချန်ထားသော တရားတို့သည်မရှိ " ဟု ဟောတော်မူခြင်းလည်းမှန်၏ ။ မာလုကျ
၏သား ရဟန်း မေးအပ်သော ပြဿနာကို ဖြေကြားတော်မမူသည်လည်းမှန်၏ ။ ဤသို့မဖြေ
ဘဲ နေခြင်းသည် မသိသောကြောင့် မဖြေသည်လည်း မဟုတ် ။ လျှို့ဝှက်အပ်သောကြောင့်
လည်းမဟုတ် ။
မင်းကြီး ပြဿနာရဲ့ သဘောသည် လေးမျိုးရှိ၏ ။ လေးမျိုးဆိုသည်ကား--------------
(၁) ဧကံသ ဗျာကရဏ ပဥှာ လည်းတစ်မျိုး ၊ (၂) ၀ိဘဇ္ဇ ဗျာကရဏ ပဥှာ လည်းတစ်မျိုး ၊ (၃) ပဋိပုစ္ဆာ ဗျာကရဏ ပဥှာ လည်းတစ်မျိုး ၊ (၄) ထပနီယ ပဥှာ လည်းတစ်မျိုး ...................ဖြစ်၏ ။
မင်းကြီး လေးမျိုးတို့တွင် ဧကံသ ဗျာကရဏ ပဥှာ ဆိုသည်ကား ရူပံ ၊ အနိစ္စံ ၊ရူပက္ခန္ဓာ
သည် အနိစ္စလော ၊ ဝေဒနက္ခန္ဓာသည် အနိစ္စလော ၊ သညက္ခန္ဓာသည် အနိစ္စလော ၊ သင်္ခါရ
က္ခန္ဓသည် အနိစ္စလော ၊ ၀ိညာဏက္ခန္ဓာသည် အနိစ္စလော ဟူ၍မေး ကြားရာ၌ စကား
အတွင်းပင် အဖြေ တစ်စိတ်တစ်ပိုင်း ပါဝင်ပြီးဖြစ်သောကြောင့် ဧကံသ ဗျာကရဏ ပဥှာ
မည်၏ ။
ဝိဘဇ္ဇ ဗျာကရဏ ပဥှာ ဆိုသည်ကား အနိစ္စတည်သောတရားသည် ရူပက္ခန္ဓာလော ၊
ဝေဒနက္ခန္ဓာလော ၊သညက္ခန္ဓာလော ၊ သင်္ခါရက္ခန္ဓာလော ၊ ၀ိညာဏက္ခန္ဓာလော ဟူသော
အမေး၌ ဝေဖန်ခွဲခြား၍ ဖြေအပ်သော စကား အမေးအတွင်း၌ ပါလေပြီးဖြစ်သောကြောင့်
ဝိဘဇ္ဇ ဗျာကရဏ ပဥှာ မည်၏ ။
ပဋိပုစ္ဆာ ဗျာကရဏ ပဥှာ ဆိုသည်ကား စက္ခုဝိဥာဏ်ဖြင့် အလုံးစုံကို သိသလား
ဟူသော အမေး၌ စက္ခုဝိဥာဏ်ဖြင့် အလုံးစုံကို မသိနိုင်သည်ဖြစ်၍ စက္ခုဝိဥာဏ် သည် ရူပါရုံ
ကိုသာ သိခြင်း လက္ခဏာရှိသည် မဟုတ်လော ဟု တစ်ဖန်ပြန်၍မေး၍ ဖြေရသည်ဖြစ်သော
ကြောင့် ပဋိပုစ္ဆာ ဗျာကရဏ ပဥှာ မည်၏ ။
ထပနီယ ပဥှာ ဟူသည်ကား လောကသည် မြဲသလား ၊ လောကသည် မမြဲသလား၊
လောကသည်အဆုံးရှိသလား ၊ လောကသည်အဆုံးမရှိသလား ၊ လောကသည်အဆုံးလည်း
ရှိ , အဆုံးလည်းမရှိသလား ၊ လောကသည် အဆုံးရှိသည်လည်းမဟုတ် , လောကသည်
အဆုံးမရှိသည်လည်းမဟုတ်သလား ၊ အသက်နဲ့ကိုယ်သည် တစ်ခုတည်းလား ၊ အသက်
တစ်ခြားကိုယ်တစ်ခြားလား ၊ သတ္တ၀ါသည် သေသည်၏နောက်၌ မဖြစ်သလား ၊ သတ္တ၀ါ
သည်သေသည်၏နောက်၌ ဖြစ်သည်လည်းမဟုတ် , မဖြစ်သည်လည်းမဟုတ်သလား-----
ဟူသော အမေးမျိုးကိုကား မေးသောအတိုင်းမဖြေဘဲထားအပ်သော အမေးမျိုးဖြစ်သော
ကြောင့် ထပနီယ ပဥှာ ဟု ဆိုအပ်၏ ။
မင်းကြီး မြတ်စွာဘုရားသည် မာလုကျ၏သား ရဟန်းမေးသော အမေးကို ထပနီယ
ပြဿနာဟု သတ်မှတ်သောကြောင့်လည်းဖြေတော်မမူ ။ ထိုပြဿနာသည် အဘယ်ကြောင့်
ထပနီယပြဿနာ မည်သနည်း ဟူမူကား ၊ ထိုအမေးကိုဖြေအံ့သောငှါ အကြောင်းလည်းမရှိ
ပြုဖွယ်ကိစ္စလည်းမရှိ ။ ထို့ကြောင့် ထပနီယ ပဥှာ မည်၏ ။ မင်းကြီး မြတ်စွာဘုရားအား
အကြောင်းပြုဖွယ်ကိစ္စ ( အထောက်အထားမရှိ ၊အကျိုးမရှိ ) သော ပြဿနာကို အသံတော်
ဖြင့် မြွက်ဆိုတော်မူခြင်း မရှိ ဟု ရှင်းလင်း ဖြေကြားခဲ့သည် ။
အတွေးအခေါ်တစ်ခုမှာ ပြုဖွယ်ကိစ္စရှိရမယ် ။ ပြုဖွယ်ကိစ္စမရှိရင် အဲဒီဒဿနမျိုးကို
မြတ်စွာဘုရားက အကျိုးမရှိမှန်း သိတော်မူလို့မဖြေဘူး။ အဲဒါဟာလည်း ၀ိဘဇ္ဇ၀ါဒရဲ့သဘော
လက္ခဏာ တစ်ခုပဲ ။ဒီအကြောင်းတွေနဲ့ပတ်သက်ပြိး အကျယ်ဆွေးနွေးဖို့ကောင်းတဲ့
အကြောင်းတွေ ရှိပါသေးတယ် ။ " ဒီဃနိကာယ် သီလက္ခန္ဓ၀ဂ် ပေါဋ္ဌပါဒ ပရိဗိုဇ် " ၀တ္ထုကို
ဖတ်ကြည့်ပါ ။ အဲဒီမှာ ဘယ်လိုဒဿနပုစ္ဆာမျိုးကို မြတ်ဗုဒ္ဓ အဖြေပေးတော်မူတယ်ဆိုတာ
တွေ့ရလိမ့်မယ် ။ ။
............................................................................................................................................................
|
|
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား