" မကောင်းကျောင်းပို့ " ဟူသောစကားသည် ဗုဒ္ဓဘာသာလောကတွင် ထင်ရှားလွန်း
သည် ။ ပစ္စည်းရော ၊ လူပါ မကောင်းမှ ကျောင်းပို့တတ်ကြသည် ။ ကောင်းတာပို့သည့်ပုဂ္ဂိုလ်
ရှိတော့ရှိသည် ။ သို့သော်နည်းနေသည် ။ မကောင်းပစ္စည်း ကျောင်းပို့မှုနှင့်ပတ်သက်၍မှတ်မိ
နေသည်မှာ........
" ပရိသတ်များ မကောင်းရင်ဘာတဲ့တုန်း "
" ကျောင်းပို့ပါဘုရား "
" အင်း......လုပ်နေကြဆိုတော့ ၊ မပြောဘဲသိနေပြီ ။ အိမ်ထောင်စုတစ်ခုက လူတစ်
ယောက်သေသွားပြီးဆိုရင် ကျောင်းကိုလာလှူကြပါတယ် ။ အသုဘပြင်တဲ့ကုတင်ရယ် ၊
သေသူဝတ်သွားတဲ့ ပုဆိုးတွေ ၊ ထမီတွေကိုချုပ်ထားတဲ့ လိုက်ကာတွေ ၊ နေရာထိုင်တွေရယ်
ပေါ့ ။ လျှောက်ပုံလေးကတော့သင်းပါတယ် ။"
" သေသူကုသိုလ်ရအောင် အလှူခံတော်မူပါ ဘုရားတဲ့ ။ တကယ်ကျတော့ အဲဒီ
ကုသိုလ်ရဖို့ ရည်ရွယ်ချက်ထက် ကြောက်လို့လှူတဲ့ ရည်ရွယ်ချက်က ပိုများတယ် ။သေသူ
ကုသိုလ်ရအောင် သူအသုံးပြုသွားတာလေးတွေ လှူမယ်ဆိုရင် ပရိတ်သတ်များရေ သေသူ
ဟာ လက်စွတ်ဝတ်ရင်းရော မသေဘူးလား ။"
" သေပါတယ်ဘုရား "
" လက်ကောက်ဝတ်ရင်းရောမသေဘူးလား "
"သေပါတယ်ဘုရား "
" ဆွဲကြိုးဝတ်ရင်းရော မသေဘူးလား "
"သေပါတယ် ဘုရား "
" သေသူကုသိုလ်ရအောင်ဆိုပြီး အဲဒီ လက်စွပ်တို့ ၊ လက်ကောက်တို့ ၊ ဆွဲကြိုးတို့
ကျတော့ ကျောင်းကို ဘယ်သူမှ မလှူကြဘူး ။ ဟုတ်လား ။ ဒါ့ကြောင့် ဒကာဒကာမအများ
စုက လူမပြောနဲ့ ပစ္စည်းတောင် မကောင်းမှ ကျောင်းပို့တာ "
ဤနေရာ၌ သာသနာရေးကိုကြည့်ပြီး ဗုဒ္ဓဘာသာအများစုအနေဖြင့် လူတော်လူချွန်
သားလိမ္မာများကိုလည်း ကျောင်းကိုပို့ပေးကြပါဟု တိုက်တွန်းချင်ပါသည် ။ သာသနာ့ဘောင်
မှာမြဲအောင် အားပေးစေချင်သည် ။ ယခုအများစုဖြစ်နေကြသည်မှာ လူ့ဘ၀မှာ သုံးမရသော
အ, အ ၊ အ,န သားသမီးများကိုသာ သာသနာ့ဘောင်သို့ သွတ်သွင်းပေးနေကြသည် ။
သားသမီးများ အနေချောင် ၊ အစားချောင် ရေးတစ်ခုကိုသာကြည့်ပြီး သာသနာ့
မျက်နှာ ၊ ဘုရားမျက်နှာ ကို မကြည့်ခြင်းပင်ဖြစ်ပါ၏ ။ လူ့ဘ၀မှာ သုံးမရသော သူများသည်
ရဟန်းဘ၀မှာလည်း သုံးမရသည်သာဖြစ်ပါ၏ ။ သုံးမရသောရဟန်းတွေဖြင့် များပြားနေ
သည်ကို အတွေးအခေါ်မရှိသူ အချို့က သာသနာစည်ကားတိုးတက်နေသည်ဟု ချီးကျူး
ပြောကြားတတ်သည် ။
အမှန်ကား သာသနာစည်ကားတိုးတက်ခြင်းမဟုတ် ။ ပေါက်ကွဲထွက်ပြီး သူတစ်ပါး
တံတွေးခွက်ထဲ ပက်လက်မျောဖို့ ပုပ်ပြီးယောင်ကားနေခြင်းသာဖြစ်ပါ၏ ။ သဒ္ဒါပဗ္ဗဇိတ
လူချွန်လူမွန် ရဟန်းတော်တစ်ချို့ ရှိနေ၍သာ သာသနာတော်ကြီး ယခုအချိန်တိုင်အောင်
သက်တမ်းရှည် နိုင်ခြင်းဖြစ်၏ ။
( မေတ္တာရှင် ( ရွှေပြည်သာ ) ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ )-စာ-၉၄
.............................................................................................................................................................
|
|
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား