ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး ရဲ့ အဆုံးအမကိုလည်း ဖော်ပြပါမယ် ။
" မဟာစည်ဆရာတော်ဘုရားကြီးက အမှန်တော့ သံသရာဝဋ်ဆင်းရဲ အပယ်ဆင်းရဲမှ
လွတ်မြောက်ချင်လို့ ၊ မဂ်ဖိုလ်တရားအစစ် တရားမှန်ကို ရချင်လို့ မိမိကို ယုံကြည်အားကိုးပြီး
လာရောက် အားထုတ်ကြတဲ့သူများကို မဂ်ဖိုလ်တရားထူး အစစ်အမှန်ရသွားအောင် ညွှန်ပြ
ပေးဖို့ဟာ အလွန် အရေးကြီးတယ် " လို့ ၀ိနယ၀ိနိစ္ဆယ သင်္ဂဟ ကျမ်းမှာ ဖွင့်ဆိုထားပါတယ်။
ဆရာတော်ကြီးများရဲ့ စေတနာကတော့ မွန်မြတ်ပါတယ် ။ ဒီနေ့ခေတ်လူတွေ
က ဒါနသီလကိုထက် ၀ိပဿနာ ၊ မဂ်ဥာဏ် ဖိုလ်ဥာဏ် ကို အားသန်နေကြတာ အမှန်ပါပဲ ။
ဒါပေမဲ့ သူတို့ရင်ထဲမှာ မဂ်ဥာဏ် ဖိုလ်ဥာဏ် ဆိုတာကို လက်တွေ့ မျက်မှောက်ပြုဖို့ကျတော့
အလှမ်းဝေးသလို ဖြစ်နေကြရပါတယ် ။ အဲဒီတော့ နိုင်ငံခြားသားရဟန်းတစ်ပါး ပြောသလို
မဂ်ဖိုလ်ဆိုတာ စာထဲမှာပဲ တွေ့ရပြီး ၊ ခန္ဓာမှာ မတွေ့ရဘူး ဖြစ်နေတယ် ။ ဒီလို လက်တွေ့
မဖြစ်ဘဲ စာထဲကဟာတွေ လျှောက်ပြောနေလို့ကတော့ ဒီခေတ်ကလူတွေက ယုံရခက်ကြီး
ဖြစ်နေကြရတာပေါ့ ။
တရားနာပရိသတ်က တရားဟောပုဂ္ဂိုလ်ကို မယုံကြည်ဘူး ၊ ဒီပုဂ္ဂိုလ်လည်း
ကိုယ်တိုင်မသိဖူး ၊ မတွေ့ဖူးတာတွေကို လာပြီး ဖြီးဖြန်းနေတယ်လို့ ထင်နေလို့ကတော့
ဘယ်တော့မှ ဒီတရားကို လက်ခံမှာ မဟုတ်ပါဘူး ။ ဒီတော့ ၀ိပဿနာဆရာများ အနေနဲ့
ပရိသတ်ယုံကြည် လက်ခံနိုင်လောက်အောင် သက်သေ အထောက်အထား နဲ့ ပြပြီး ဟောမှ
ရမှာပါ ။
ဗုဒ္ဓဘာသာဝင်တွေထဲမှာ ဗုဒ္ဓဘာသာကို လက်တွေ့ဘ၀မှာ ယထာဘူတကျကျ
အသုံးမချတတ် ၊ အဓိပ္ပာယ် မဖွင့်ဆိုတတ်လို့ လွဲချော်နေကြရပါတယ် ။ မြတ်ဗုဒ္ဓ ရဲ့ တရား
ဓမ္မတွေထဲမှာ အနှစ်သာရက ဘာလဲဆိုတော့ လွတ်လပ်ခွင့်ကို တန်ဖိုးထားမှု ပါပဲ ။
ဘယ်တရားကိုမှ လှေနံဓားထစ် ၊ တရားသေ မမှတ်ရပါဘူး ။ ဘုရားရှင်ဟာ ဘယ်သူ့ကိုမှ
ချုပ်ချယ်လိုခြင်း ဆန္ဒအလျဉ်းမရှိပါဘူး ။ ဒါကြောင့် ၀ိနည်းတော်တွေဟာလည်း မလှုပ်သာ
မလှဲသာအောင် တုတ်နှောင်ချည်ဖွဲ့ထားတဲ့ တရားတွေ မဟုတ်ကြပါဘူး ။ အရေးအကြီးဆုံး
ဖြစ်တဲ့ ပါရာဇိက သိက္ခာပုဒ်တွေကို ပညတ်ရာမှာတောင် မိမိ ရဲ့ လွတ်လပ်စွာ ရွေးချယ်
ဆုံးဖြတ်ခွင့်ကို ပဓာနထားပါတယ် ။ ပါရာဇိက သိက္ခာပုဒ်တွေကို စက်ပြတ် " ခဏ္ဍစက် "
စက်ဝိုင်း ၊ " ဗဒ္ဓစက် " ဟောကြားတော်မူရာမှာပင်လျှင် " အကြောင်းသုံးမျိုးတို့ဖြင့် " ဆိုတဲ့
စကားကို ထပ်ခါတလဲလဲ သုံးစွဲပြီး ဟောတော်မူပါတယ် ။ အကြောင်းသုံးမျိုးတို့ဖြင့် ဥတ္တရိ
မနုဿဓမ္မကို သိလျက် မဟုတ်မမှန် ပြောသောရဟန်းအား ( နားထောင်သူက ) သိနားလည်
မှ ပါရာဇိက ကျတယ် ။ နားထောင်သူက ချက်ချင်း နားမလည် ( နောက်မှ စဉ်းစားပြီး နား
လည်ရင်တောင် ) ပါရာဇိက မကျဘူး ။ ထုလ္လစ္စဉ်းအာပတ်ပဲ သင့်တယ်လို့ ခြွင်းချက်ထားပြီး
ဟောတော်မူတယ် ။ ပြီးတော့ အဓိမာန အနာပတ် ၊ အနုလ္လပနာဓိပ္ပါယအနာပတ် ဆိုပြီး
လည်း အာပတ်မကျတဲ့ ခွင့်ပြုချက်တွေလည်းရှိတယ် ။ ကြွားလိုစိတ် မရှိရင်လည်း ပြောအပ်
သောစကားမှာ မရသေးတဲ့ အရဟတ္တဖိုလ်ကို ပြောသလိုဖြစ်နေသော်လည်း မရသေးသော
အရဟတ္တဖိုလ်ကို ရပြီဟု ပြောသည်မဟုတ် ဆိုပြီး မဂ်ဖိုလ်နဲ့စပ်တဲ့ စကားတွေကို ပြောရတဲ့
ပုဂ္ဂိုလ်တွေကို လွယ်လွယ်ကူကူ မစွပ်စွဲနိုင်အောင် ခြွင်းချက်တွေထားပြီး ဟောတော်မူတယ် ။
ဒီလိုပဲ စကားပရိယာယ်နဲ့ " သင်၏ကျောင်းမှာနေတဲ့ ရဟန်းသည် ပထမဈာန်ကို ၀င်စားခဲ့ပြီ "
လို့ သွယ်ဝိုက်ပြီး ပြောလို့ရှိရင် နားထောင်သူက ဒါ သူ့ကိုယ်သူ ပြောတာပဲလို့ နားလည်ရင်
ထုလ္လစ္စဉ်းအာပတ်သင့်တယ် ။ နားမလည်ရင်တော့ ဒုက္ကဋ်အာပတ်ပဲသင့်တယ် ။ ဒါကိုတော့
ကျမ်းဂန်မှာ ဥတ္တရိမနုဿဓမ္မ စက်မြှုပ်ဆိုပြီး ပြထားပါတယ် ။ " ပြီးတော့လည်း အထင်ကြီး
ခြင်း " ရနိုးခြင်း " ဖြင့် မ၀ါကြွားလိုသော ရဟန်း ( သည်းခြေပျက်၍ ) ရူးသော ရဟန်း ၊
( ဘီလူးဖမ်း၍ ) စိတ်ပျံ့လွင့်သော ရဟန်း ၊ ဝေဒနာ ဖိစီးသော ရဟန်း ၊ အစလက်ဦး လွန်
ကျူးသော ရဟန်းအား အာပတ် မသင့်ဘူး " လို့လည်း ခြွင်းချက်များ ထားတော်မူပါတယ် ။
( ပါရာဇိကဏ်ဘာသာဋီကာ - နှာ - ၄၅၈ )
အာပတ်မကျကြောင်း ဘုရားခွင့်ပြုတော်မူထားတဲ့ " ၀ိနီတ ၀တ္ထု ဖြတ်ထုံးများ " ရှိ
ပါတယ် ။
တရံရောအခါ ရဟန်းတစ်ပါးသည် အထင်ကြီးခြင်း " ရနိုးခြင်း " ဖြင့် အရဟတ္တဖိုလ်
ကို ပြောဆိုမိ၏ ။ " မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူအပ်ပြီ ။ ငါသည်
ပါရာဇိကကျလေသလား " ဟု ထိုရဟန်းအား တွေးတောမှု " သံသယကုက္ကုစ္စ " ဖြစ်၏ ။
ထိုအခါ ထိုရဟန်းသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏ ။ " ရဟန်း
အထင်ကြီးခြင်း ၊ ရနိုးခြင်းဖြင့် ပြောဆိုသော ရဟန်းအား အာပတ်မသင့် " ဟု မိန့်တော်မူ၏ ။
တရံရောအခါ ရဟန်းတစ်ပါးသည် " ဤသို့နေလျှင် ငါ့ကို လူအများသည် ချီးမွမ်းမည် "
ဟု မျှော်လင့်တောင်းတ၍ တော၌နေ၏ ။ ထိုရဟန်းကို လူအများသည် ချီးမွမ်းမြှောက်စား
၏ ။ ထိုရဟန်းအား တွေးတောမှု " သံသယကုက္ကုစ္စ " ဖြစ်၏ ။ မြတ်စွာဘုရားအား ဤ
အကြောင်းကို လျှောက်ထား၏ ။ ရဟန်း ၊ ပါရာဇိကအာပတ်မသင့် ။ သို့သော်လည်း
ရဟန်းတို့ ၊ မျှော်လင့်တောင်းတ၍ တော၌မနေအပ် ၊ နေသောရဟန်းအား ဒုက္ကဋ်အာပတ်
သင့်၏ ဟု မိန့်တော်မူ၏ ။
ဒီမှာ သိပ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စတစ်ရပ် ရှိခဲ့ဖူးသည် ။
" တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို " ငါ့ရှင် ၊ ငါတို့၏ ဥပဇ္ဈာယ်
ဆရာ၏ အတူနေတပည့်တို့သည် ရဟန္တာချည်း ဖြစ်ကြသည် " ဟု ပြောဆို၏ ။ ထိုရဟန်း
အား တွေးတောမှု " သံသယကုက္ကုစ္စ " ဖြစ်၏ ။ မြတ်စွာဘုရားအား ဤအကြောင်းကို
လျှောက်ထား၏ ။
- ရဟန်း ၊ သင်သည် အဘယ်စိတ်ရှိသနည်း ။ ( ဟုမေးတော်မူရာ )
မြတ်စွာဘုရား ၊ တပည့်တော်သည် ၀ါကြွားလိုစိတ်ရှိပါသည် ဟုလျှောက်ထား၏ ။
- ရဟန်း ၊ ပါရာဇိကအာပတ်မသင့် ၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ ဟု ( မိန့်တော်မူ၏ ) ။
" ဒီမှာ ၀ါကြွားချင်လို့ ပြောမိတာပါလို့ ၀န်ခံတဲ့ ပုဂ္ဂိုလ်တောင် ပါရာဇိက အာပတ်မကျ ၊
စိတ်ထားစေတနာကို ဘုရားက ပထမစုံစမ်းပုံကို သတိပြု ရမှာပါ ။ ဒါပေမဲ့ ရဟန်းတစ်ပါး
ဟာသွယ်ဝိုက်မပြောဘဲ ကိုယ်နဲ့ ကပ်ပြီး ဥတ္တရိမနုဿဓမ္မကို " ငါ့ရှင် ၊ ငါလည်း သံယောဇဉ်
ကို ပယ်အပ်ပြီ" လို့ ပြောတော့ မြတ်စွာဘုရားက ပါရာဇိက ကျပြီ လို့ မိန့်တော်မူတယ် ။
တစ်ခါကတော့ ရဟန်းတစ်ပါးဟာ ဆိတ်ကွယ်ရာသို့ ကပ်၍ လူတို့၏ ကုသိုလ်
ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို " ၀ါကြွားပြောဆို " ၏ ။
သူတစ်ပါးစိတ်ကို သိသောရဟန်းသည် ထိုရဟန်းကို ငါ့ရှင် ဤသို့ သဘောရှိသော စကားကို
မပြောဆိုပါလင့် ၊ သင့်မှာ ထိုတရားမျိုး မရှိဟု မောင်းမဲ၏ ။ထိုရဟန်းစိတ်မှာ သံသယကုက္ကုစ္စ
ဖြစ်ပြီး ၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏ ။ ရဟန်း ၊ ပါရာဇိကအာပတ်
မသင့် ။ ဒုက္ကဋ်အာပတ်သင့်၏ ဟု မိန့်တော်မူ၏ ။
" ၀ါကြွားလိုစိတ် မရှိလျှင် အာပတ်မသင့်ဘူး ဆိုတဲ့ ၀တ္ထုတွေလည်း ရှိပါတယ် ။ "
တရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏ ။ ထိုရဟန်းကို ရဟန်းတို့သည်
" အရှင်ဘုရား၌ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်
ဖိုလ်တရား ရှိပါသလော " ဟုမေးကြကုန်၏ ။
" ငါ့ရှင်တို့ အရဟတ္တဖိုလ်ကို ဖြေဆိုဖို့ရာ မခဲယဉ်းပါ " ဟု ဖြေဆို၏ ။ မြတ်စွာဘုရား
၏ တပည့်သာဝကတို့သည်သာ ဤသို့ပြောဆိုနိုင်ကုန်၏ ။ ငါတစ်မူကား မြတ်စွာဘုရား ၏
တပည့်သာဝက မဟုတ်ချေ ။ ( ထိုမကျန်းမာသော ရဟန်း၏ စိတ်ထဲတွင် အရိယာပုဂ္ဂိုလ်
သာလျှင် ဘုရားတပည့် ဖြစ်သည်ဟု အယူရှိသည် ) ငါသည် ပါရာဇိက ကျသလော ဟု
ရဟန်းအားတွေးတောမှု သံသယကုက္ကုစ္စ ဖြစ်၏ ။ မြတ်စွာဘုရားအား ဤအကြောင်းကို
လျှောက်ထား၏ ။
ရဟန်း ၊ သင်သည် အဘယ်စိတ်ရှိသနည်း ဟု မေးတော်မူရာ ၊" မြတ်စွာဘုရား
တပည့်တော်မှာ ၀ါကြွားလိုစိတ် မရှိပါ " ဟု လျှောက်ထား၏ ။ ရဟန်း ၊ ၀ါကြွားလိုစိတ် မရှိ
သော ရဟန်းအား အာပတ်မသင့် ဟု မိန့်တော်မူ၏ ။
" ၀ါကြွားလိုစိတ် မရှိသော ရဟန်းအား အာပတ် မသင့်ကြောင်း အဆုံးအဖြတ်တွေ
အများကြီးရှိပါတယ် ။ "
လူတွေက ရဟန်းကိုကြည်ညိုလို့ ရဟန္တာအရှင်မြတ်များလို့ ခေါ်ဝေါ်ပြောဆိုလျှင်
လည်း ဘုရားက အာပတ်မသင့်ပါဘူး လို့ မိန့်တော်မူထားပါတယ် ။
အရှင်မဟာမောဂ္ဂလာန် နဲ့ အရှင်လက္ခဏ တို့ဟာ ၀ိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးနေ
ခဲ့ကြပါတယ် ။ မြတ်စွာဘုရားကတော့ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းမှာ သီးတင်းသုံးနေ
တော်မူတယ် ။ တစ်နေ့ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးတို့ မြတ်စွာဘုရားကို
ဖူးမြော်ဖို့ တောင်ပေါ်က ဆင်းလာတော့ ၊ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက
ပြုံးရယ်တော်မူတယ် ။ အရှင်လက္ခဏ က ကိုယ်တော် ဘာကြောင့် ပြုံးရယ်တာလဲလို့ မေး
တော့ ၊ မြတ်စွာဘုရား ရှေ့တော်မှောက်ကိုရောက်မှ မေးပါလို့မိန့်တယ် ။ အရှင်လက္ခဏ က
လည်း ဘုရားသခင်ရှေ့ရောက်မှ မေးတယ် ။ အရှင်မဟာမောဂ္ဂလာန် က ကောင်းကင်မှာ
သွားလာနေတဲ့ အရိုးစု ပြိတ္တာ ကိုမြင်ပုံ ၊ ကျီးငှက် စွန်ရဲ တို့က နံရိုးကြားမှ အသားတွေကို
ထိုးဆိတ်နေကြလို့ ပြိတ္တများ နာကျင်ပြီး အော်ဟစ်နေကြောင်းကို ပြောတယ် ။ ရဟန်းများ
က အရှင်မဟာမောဂ္ဂလာန် သည် လူတို့၏ ကုသိုလ်ကမ္မပထ ဆယ်ပါးထက် လွန်မြတ်တဲ့
ဈာန်မဂ်ဖိုလ် ( အဘိဥာဉ်တရား ) ကို ၀ါကြွားပြောဆိုတယ်ဆိုပြီး ကဲ့ရဲ့ကြတယ် ။ အပြစ်ဆို
ကြပါတယ် ။ မြတ်စွာဘုရားက အရှင်မဟာမောဂ္ဂလာန် ပြောတဲ့ ပြိတ္တာကို ငါလည်း မြင်ဖူး
ပြီ ၊ အရှင်မဟာမောဂ္ဂလာန် သည် အမှန်ကို ပြောခြင်းဖြစ်သည် ။ အာပတ်မသင့်ဘူး လို့
ဆုံးဖြတ်ခဲ့ပါတယ် ။ ဒီနေရာမှာလည်း အရှင်မဟာမောဂ္ဂလာန် က မြင်တာ ကြားတာကို
သာမန် ပုထုဇဉ်ရဟန်းတွေက မမြင်မကြား လို့ ၀ါကြွားတယ် ထင်ကြပါတယ် ။ ဘုရားက
သက်သေခံလို့သာ အမှန်ဖြစ်ကြောင်း ထင်ရှားပါတယ် ။ အရှင်မဟာမောဂ္ဂလာန် က အမှန်
ကို ပြောလို့ အာပတ်မသင့်ကြောင်း ဘုရားသခင် မိန့်တော်မူပါတယ် ။
( ပါရာဇိကဏ်ပါဠိတော်မြန်မာပြန် - နှာ - ၁၄၂ - ၁၅၃ )
ကဲ ... ဗဟုသုတတွေ နဲ့အတူ ချင့်ချိန်စဉ်းစားစရာတွေ ရလောက်ပြီလို့ ထင်ပါတယ် ။
ဗုဒ္ဓဘာသာကို လေ့လာတဲ့အခါ ဥာဏ်သိနဲ့ လေ့လာတတ်ဖို့လိုပါတယ် ။ တုံးတိယူလို့ မရပါ
လားဆိုတာကို သိမြင်လာမှာပါ ။
ဝိဘဇ္ဇ၀ါဒဆိုတာ ပိုင်းခြားဝေဖန် သုံးသပ်ပြီးမှ ယထာဘူတကျတယ် ။ သမ္မာဒိဋ္ဌိ
အမြင်ကို ရနိုင်တဲ့ သဘောဖြစ်တယ် ။ ဗုဒ္ဓဘာသာမှာ ပိတ်ဆို့ထားတာ ၊ ကွယ်ဝှက်ထားတာ
မရှိပါဘူး ၊ နက်နဲလို့ မိမိ ဥာဏ်မမီတာတော့ ရှိနိုင်ပါတယ် ။
အပိုင်း - ၈ ကို ဆက်လက်ဖတ်ရှုပါရန်
............................................................................................................................................................
|
|
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား