စရဏ ကို ကျင့်ကြံမည် ဆိုသော် စရဏ သည် အဘယ်နည်း ဆိုသည်ကို သိအပ်ပါသည် ။
" သီလ သမာဓိသည် စရဏ မျိုးတည်း ၊ ပညာသည် ၀ိဇ္ဇာမျိုးတည်း ၊ ၀ိဇ္ဇာ စရဏ နှစ်ပါး ဖြစ်၏ ။ ၀ိဇ္ဇာ သည် လူသတ္တ၀ါ တို့၌
မျက်စိ နှင့်တူ၏ ။ စရဏ သည် ခြေလက် နှင့် တူ၏ ။ ၀ိဇ္ဇာ သည် ငှက်တို့၌ မျက်စိ နှင့် တူ၏ ။ စရဏ သည် အတောင် နှင့် တူ၏ ။
သီလ သမာဓိ ပြည့်စုံ၍ ၀ိဇ္ဇာဥာဏ် ချို့တဲ့ သော သူတို့သည် ခြေလက်အင်္ဂါပြည့်စုံ၍ မျက်စိနှစ်ဖက်ချို့တဲ့သော သူနှင့်တူကုန်၏ ။
ဝိဇ္ဇာ ဥာဏ် နှင့်ပြည့်စုံ၍ စရဏ တရားအားနည်းသောသူတို့သည် မျက်စိအင်္ဂါပြည့်စုံ၍ ခြေအင်္ဂါ လက်အင်္ဂါ ချို့တဲ့သော သူနှင့်
တူကုန်၏ ။ ၀ိဇ္ဇာ စရဏ နှစ်ပါး နှင့် ပြည့်စုံသူတို့သည် ခြေအင်္ဂါ လက်အင်္ဂါ မျက်စိအင်္ဂါ အလုံးစုံ နှင့်ပြည့်စုံသော လူကောင်းသူ
ကောင်းပကတိ နှင့်တူကုန်၏ ။ ၀ိဇ္ဇာ စရဏ နှစ်ပါး ချို့တဲ့သော သူတို့သည် ခြေအင်္ဂါ လက်အင်္ဂါ မျက်စိအင်္ဂါ ချို့တဲ့၍ အသက်ရှိ
သည်ဟူ၍ မပြောစလောက်သော သူနှင့် တူကုန်၏ ။"
" ဤသာသနာတော်အတွင်း၌ ယခုရှိနေကြကုန်သောသူ အပေါင်းတို့တွင် အကြင်သူတို့သည် သီလ သမာဓိ ဟူသော
စရဏ နှင့်ပြည့်စုံကြကုန်၏ ။ ရုပ်နာမ် ခန္ဓာ တို့၌ ဥာဏ်ကျက်စားခြင်း ဟူသော ၀ိဇ္ဇာ မျိုး မရှိကြကုန် ။ ထိုသူတို့သည် စရဏ တရား
အားကောင်းလှသည့်အတွက် နောက်ဘုရား သာသနာကို တွေ့ကြုံကြကုန်ရာ၏ ။ တွေ့ကြုံကြကုန်သော်လည်း ၀ိဇ္ဇာ မျိုး မရှိသည့်
အတွက် နောက် ဘုရား တရားကို ကြားနာသော်လည်း သစ္စာဥာဏ်အလင်းမပေါက်နိုင်ကြကုန် ။ ငါတို့ ဘုရားလက်ထက်၌
ကာဠုဒါယီမထေရ် ၊ ဥပနန္ဒမထေရ် ၊ ဆဗ္ဗဂ္ဂီရဟန်း ၊ ကောသလမင်း စသူတို့ကဲ့သို့တည်း ။ ထိုသူတို့သည် ဒါန သီလ စရဏ နှင့်ပြည့်
စုံခဲ့ကြသည့်အတွက် အသက်ထက်ဆုံး မြတ်စွာဘုရား နှင့် တွေ့ဆုံ ပေါင်းဖက် ကြရကုန်၏ ။ ရှေးဘုရား သာသနာက ၀ိဇ္ဇာ မျိုး မပါခဲ့
သည့်အတွက် ငါတို့ ဘုရား တရားတော်ကို အခါခါ ကြားနာ ကြရကုန်သော်လည်း အသက်ထက်ဆုံး ကျွဲပါးစောင်းတီး နှင့် ပြီးရှာကြ
ကုန်၏ ။"
" အကြင်သူတို့သည် ရုပ်နာမ်ခန္ဓာ တို့၌ ဥာဏ် ကျက်စားခြင်း ဟူသော ၀ိဇ္ဇာ မျိုးနှင့် ပြည့်စုံကြကုန်၏ ။ ဒါနမှု ၊ နိစ္စသီလမှု ၊
ဥပေါသထသီလမှု ဟူသော စရဏတရားနည်းပါးကြကုန်၏ ။ ထိုသူတို့သည် ၀ိဇ္ဇာ မျိုး ရှိကြသည့်အတွက် နောက် ဘုရား တရားကို
ကြားနာခွင့် ရကြပါမူကား သစ္စာဥာဏ်အလင်း သို့ ပေါက်နိုင်ကြကုန်ရာ၏ ။ စရဏ တရား နည်းပါးကုန်သည့်အတွက် နောက်ဘုရား
နှင့် တွေ့ကြုံရန် အခွင့်မူကား များစွာ နည်းကြကုန်၏ ။ ( အလွန်ခဲယဉ်းလှကုန်၏ ၊ ) အဘယ်ကြောင့်နည်း ဟူမူ ဤဘုရား သာသနာ
နှင့် နောက်ဘုရား သာသနာသည် အန္တရကပ်ကြီး တစ်ကပ် ကွာခြားလျက် ရှိ၏ ။ ကာမဘုံ၌ ဖြစ်ခဲ့မူ ဘ၀ပေါင်း ကုဋေမက ဆက်
လက် ကျင်လည်ကြရလိမ့်ဦးမည် ။ ယခု ဘ၀မှ စ၍ နောက် ဘုရား လက်ထက်တိုင်အောင် အန္တရကပ်ကြီး တစ်ကပ်ပတ်လုံးအကုဋေ
မကသော ဘ၀ တို့၌ လူ့ရပ် နတ်ရွာ သုဂတိ ဘုံ မှာချည်း ဆက်လက် ကျင်လည်၍ သွား နိုင်မှ နောက် ဘုရား ကို တွေ့နိုင်လိမ့်မည် ။
စပ်ကြား၌ အပါယ် သို့ တစ်ချက် စောင်း၍ သွားခဲ့လျှင် နောက် ဘုရား ကို တွေ့နိုင် တော့မည် မဟုတ်ပါ ။"
" အပါယ် မည်သည် တစ်ကြိမ် ကျခဲ့ လျှင် ဘ၀ အသင်္ချေ သွား တတ် ချေသည် ။ ယခု ဘ၀ ၌ ဒါနမှု နည်းပါး၍ ကာယကံ
မလုံခြုံ ၊ ၀စီကံ သောင်းကျန်း ၊ မနောကံ ညစ်နွမ်း၍ စရဏ တရား နည်းပါးသော သူတို့သည် သေသည့် အခြားမဲ့၌ ပင် အပါယ်ကျမှု
အားကြီးလျက် ရှိနေကြကုန်၏ ။ အခန့်တော်၍ သုဂတိ ဘ၀ သို့ ရောက်ကြပါကုန်သော်လည်း ဒါန ဟူသော စရဏ တရား နည်းပါး
ခဲ့သည့်အတွက် ဖြစ်လေရာ ဘုံ ဘ၀၌ ဓနဥစ္စာ ချို့တဲ့မှု နှင့် ကိုယ်မချမ်းသာစိတ်မချမ်းသာ အသက်မွေး ကြမ်းတမ်းမှု အပါယ်လမ်း
တစ်မျိုး ၊ နိစ္စ သီလ ဥပေါသထသီလ ဟူသော စရဏ တရား နည်းပါး ခဲ့သည့်အတွက် တွေ့ရှိသော သူတို့နှင့် ခိုက်ရန် ဒေါသ ၀ိဝါဒ
ပွားများ အနာရောဂါ များပြားမှု အပါယ် လမ်း တစ်မျိုး ၊ ဤသို့သော အပြစ် ဒေါသ တို့သည် ဘ၀ တိုင်း တွေ့ကြုံ ၍ အထုံ ၀ါသနာ
အစဉ်ပါသဖြင့် သုဂတိ ဘုံ မှာ များစွာ ဆက်လက် ခွင့် မရကြကုန်မူ၍ အပါယ် သို့ သာ မကြာမီ ကျရောက် လေကုန်ရာသော
ကြောင့် ဒါန သီလ ဟူသော စရဏ နည်းပါးသော သူတို့သည် နောက်ဘုရား နှင့် တွေ့ကြုံရန် အခွင့် အလွန် နည်းပါး လျက် ရှိကြ
လေသတည်း ။ "
" ၀ိဇ္ဇာ မျိုး စရဏ မျိုး တရားနှစ်ပါး နှင့် ပြည့်စုံသူမှ နောက် ဘ၀၌ ကျွတ်နိုင်သည် ။ ၀ိဇ္ဇာမျိုးသာပါရှိ၍ ဒါန သီလ ဟူ
သော စရဏမျိုး နည်းပါးခဲ့ပြန်လျှင် နောက် ဘုရား သာသနာ နှင့်ပင် တွေ့ကြုံ ခွင့်မရှိ ။ စရဏမျိုး သာပါရှိ၍ ၀ိဇ္ဇာမျိုး မရှိပြန်လျှင်
နောက် ဘုရား သာသနာတော် နှင့် ကြုံကြသော်လည်း မကျွတ်ရ ။ ထို့ကြောင့် ယခုအခါ၌ နောက် ဘုရား သာသနာကို မျှော်လင့်
ကြကုန်သော ပဒပရမ ပုဂ္ဂိုလ် တို့သည် ဤသာသနာ၌ ဒါန သီလ သမထ ဘာဝနာ ဟူသော စရဏမျိုး တို့ကို အားထုတ် ဆည်းပူး
ကြ၍ ၀ိဇ္ဇာမျိုးမှာလည်း ယုတ်စွအဆုံး ဓာတ်ကြီးလေးခုမျှကိုသော်လည်း လေ့လာ စွဲမြဲ ကြ၍ နောက် ဘုရား သာသနာနှင့် တွေ့နိုင်
ကြရန် ၊ တွေ့ပြန်လျှင်လည်း ကျွတ်နိုင် ကြရန် ၀ိဇ္ဇာ စရဏ နှစ်ပါး တို့ကို ယောက်ျား မိန်းမ မဆို ကြိုးစား အားထုတ်ကြ ကုန်ရာ
သည် ။ "
" စရဏတရား တစ်ဆယ့်ငါးပါး တွင် ပါဝင်သော သူတော်ကောင်းတရား ခုနှစ်ပါး မှာ သဒ္ဓါ ဟူသော သူတော်ကောင်း
တရားတွင် ပါဝင်လေတော့သည် ။ "
( အထက်ပါ စကားရပ်များ မှာ လယ်တီဆရာတော်ဘုရားကြီး က ဗောဓိပက္ခိယ ဒီပနီ တွင် ညွှန်ပြထားသော စကား
များဖြစ်လေ၏ ။ ထိုစကားများသည် တစ်ပါးသူများ အတွက်မူ မည်သို့သော အဓိပ္ပာယ် အနှစ်သာရ ရှိမည် မသိသော်လည်း မိမိ
အတွက် ထိုစကားတို့သည် ဘ၀၏ အဓိပ္ပာယ် ကိုလည်းပြ၏ ။ ဘ၀ ၏ အနှစ်သာရ ကိုလည်းပြ၏ ။ ဘ၀ ၏ ပန်းတိုင်ကိုလည်းပြ၏ ။
ထိုစကားများကို ဆည်းပူးရသော အခါ ကျွန်ပ် သည် ဤ ဘ၀ ၀ယ် အသက်ရှင်နေစဉ် ဘာလုပ်ရမည် ဆိုသည်ကို ထိုစကားများက
ညွှန်ကြား နေသည် ဟု ထင်မှတ်မိလေသည် ။ )
...........................................................................................................................................................................................................
| |
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား