ဘ၀ရဲ့အကြောင်းကို တစ်စေ့တစ်စောင်း ပြန်လည် ၍ စဉ်းစားမိဖို့ကောင်း
ပါသည် ။ လူဖြစ်လာရသည့် တစ်ခဏအတွင်း ယခုလက်ရှိ ဘဝ
ကျမှသာ ကိုယ့်ဘာသာ ကိုယ့်အကြောင်း ဟောင်းခဲ့တာ ၊ သစ်ခဲ့တာ ၊ ကောင်းခဲ့တာ ၊
မကောင်းခဲ့တာ တွေကို စောင်းငဲ့ပြီး တစ်ဖန်ပြန်လည် စဉ်းစားတွေးတောပြီး
စမ်းတစ်ဝါးဝါး သိနိုင်စဉ် ဘ၀ ရဲ့ အမျှင်အစတွေကို အဆင်ပြေသလို ဆွဲထုတ်ပြီး
ဝေဖန် ခွဲခြား ရှုမြင် ကြည့်ပြီး သိနိုင်သမျှတွေကို ဆင်ခြင်၍ ကြည့်ကြပါစို့ ။
ကျွန်တော်တို့တစ်တွေ ယခု ဘ၀ ရောက်မလာခင်က ဘယ် ဘ၀ ဘယ်ဆီ
ဘယ်မှာ အကြာကြီး ရောက်နေခဲ့ရပါသလဲ ။ ဂင်္ဂါ ၀ါဠု သဲစုမက ဘုရားတွေ ပွင့်လိုက်
ကြ ရာမှာ ကျွန်တော်တို့ ဟာ ဘယ်သာသနာ ကိုမှ မကြုံလိုက်ကြရပါလား ။
ယခုလောက်ကြာအောင် မကျွတ်ဘဲ နေလာကြတာဟာ ဘုရားသာသနာနဲ့လွဲ
လို့ပေါ့ ။ ဘုရားအဆူဆူ ပွင့်တော်မူပါလျက် လူမဖြစ် နတ်မဖြစ် အောက်ထစ်ဆုံး ဘဝ
ငရဲက ပြန်မတက်လို့လား ၊ အ၀ိဇ္ဇာကွင်းဆက် မပျက်မပြတ်ဘဲ တစ်ဝဲ၀ဲတစ်လည်လည်
အပါယ်ဘုံမှာ စုန်ဆန်ကာသာ အနေကြာခဲ့လို့များလား ။
ခုတစ်ခါကျမှ လူ့ရွာလူ့ဘ၀ သုံးသပ်ဆုံးဖြတ် နှလုံးကပ်ပြီး စဉ်းစားတတ်လို့
ကိုယ့်ဘ၀ဖြစ်စဉ် ကိုယ့်အကြောင်းကို မြင်တော့ သွင်သွင်စီးကျ မျက်ဝန်းအစုံမှာ
မျက်ရည်စတွေနဲ့ပါလား ။ မိုက်မှားခဲ့လေသမျှ အသည်းထဲကနာကျင်ပြီး ဘယ်လိုပင်
ဖြေဖျောက်သော်လည်း မျက်ရည်စတွေက မခြောက်ပါဘူး ။ ကြောက်စရာကောင်းလှ
တဲ့ ဘ၀သံသရာမှာ ၀ဋ်ဒုက္ခ ရှည်ကြာလွန်းခဲ့ပါပြီ ။ ယခုလက်ရှိဘ၀မှာ သိဖို့တော့သင့်
ပြီထင်ပါတယ် ။ တွေးတောဆင်ခြင်စရာ လူဖြစ်လို့သာ စဉ်းစားနိုင်တာနော် ။
ပုထုဇဉ်ဆိုတာ မျက်စိမမြင်တဲ့ အကန်းလိုဘဲ သံသရာ အဆင်းလမ်းမှာ
စမ်းတစ်ဝါးဝါး လျှောက်သွားနေလိုက်ကြတာ ၊ ရှေ့မှာ ဘ၀ဆိုတဲ့ ချောက်ကမ်းပါး က
မတ်မတ်စောက်စောက် ရှိသော်လည်း သူကမှမမြင်တော့ ခြေချော်ပြီး ချောက်ထဲကျ
တာ ဘာမှမဆန်းပါဘူး ။ လဲမှနာ ၊ နာမှသိ မချိမဆန့် ထိတ်ထိတ်လန့်လန့် နဲ့ လူးလွန့်
ရုန်းထဖုန်ခါချပြီး ရှေ့မှာ မြင်နေရတဲ့ မှုန်ပျပျ အဆင်းလမ်းကို အတက်လမ်းထင်၍
မှန်းဆလျှောက်ပြန်တော့ နောက်ဘ၀ တစ်ခါ ချောက်ထဲ ကျရပြန်ပါပေါ့လား ။
ကံလမ်းပေါ်မှာ ပုထုဇဉ်တွေခမျာ ဘ၀ပေါင်းများစွာ လျှောက်ခဲ့ပြီးပါလျက် အတက်
လမ်းပေါ် သူမရောက် ချောက်ပြီးရင်း ချောက်ကျရတဲ့ ကာလများစွာ ကြာခဲ့ပါပြီလေ။
ဘ၀များစွာမှာ ကံကြွေး ၊ ၀ဋ်ကြွေး ကုဋေကဋာ ကို ခန္ဓာ နှင့်ပေးဆပ် ၊
အသားနှင့်ပေးဆပ် ၊ အသွေးနှင့်ပေးဆပ် ၊ အရေခွံနှင့်ပေးဆပ် ၊ ပုခုံးနှင့်ထမ်းဆပ်
တုံးထမ်း၍ ဆပ်ခဲ့ကြပြီးပြီ ၊ ကံကြွေးဟောင်းအလီလီကို ပြေလည်အောင် ပေးဆပ်၍
သာ ယခုတစ်ခါ လူ့ပြည်မှာ လူဖြစ်လာရတာကို အခွင့်ကောင်းမထင် ၊ မဆင်မခြင်ဘဲ
အလွဲနေအလေလိုက် ပြီး မိုက်မဲလှစွာ ငရဲမကြောက် ကံလမ်းပေါ်မှာ နောက်တစ်ခါ
လျှောက်ကြလျှင်ဖြင့် သင့်လောက်မိုက်သူ ဇမ္ဗူမှာ မရှိ မိုက်ခေါင်ထိပြီ မှတ်ပါလော့ ။
မဆင်မခြင်၊ အမြင်အသိ ၊ မရှိမျက်ကန်း စမ်းတစ်ဝါးဝါး ကံလမ်းမှာတစ်ခါ
သွားကြပါမူကား ဆိုးဆိုးဝါးဝါး ၊မှောက်မှောက်မှားမှား ၊ ကင်းပါးလွင့်စဉ် အပယ်ကိုပင်
လိုချင်လို့ လုပ်ယူနေကြသလို မဆိုလည်းဖြစ်၊ဆိုလည်းဖြစ်မို့ စစ်စစ် မှန်မှန်"သမ္မာဒိဋ္ဌိ"
ဥာဏ်မျက်စိဖြင့် ဘ၀ကိုလှန် ရေဆန်ခရီးမှာ မဂ္ဂင်ဖောင်ကြီး အပိုင်စီး၍ အပြီးသွားရန်
အတွက် ရုပ်နာမ် ဓမ္မ သင်္ခါရကို ငါပဲ ၊ ငါ့ဟာ ၊ ငါ့ဥစ္စာ ဟု စွဲလမ်းထင်မြင်မှု " ဒိဋ္ဌိ" စုကို
ယခုဘ၀ ပယ်သတ်နိုင်မှသာ သံသရာဝဋ် ဆင်းရဲ မှ အပြီးအပိုင်ကျွတ်၍ လွတ်လွတ်
လပ်လပ် ဒုက္ခပြီးပြတ်ပြီး ချူပ်ငြိမ်းရသည့် ခပ်သိမ်း အရိယာတို့ပမာလျှင် ဥာဏ်လမ်း
မှာလျှောက် လူတစ်ယောက်သည် ထွန်းပေါက်အောင်မြင်ခရီးတွင်လိမ့်မည် ။
သုဂတိမှာ လူဖြစ်လာရတဲ့ဤဘ၀ထက်ဝယ်နေ့ရက်ရှည်ကြာနေလာကြတာ
ဘာအဓိပ္ပာယ်ရှိပါသလဲ ။ စားဖို့ ၊ ၀တ်ဖို့ ၊ နေဖို့ ၊ထိုင်ဖို့ မချို့တဲ့ရအောင် ရွှေရောင် ၊
ငွေရောင် ၊ စိန်ရောင် ထွန်းပ တစ်ပြပြနှင့် လှပသည်ဟု ထင်ပါလိမ့်မည် ။ သင့်ရုပ်သွင်
ကို သင်မသေခင် ကြေးမုံမှန်ထောင် ဓာတ်ပုံဘောင်ထဲ၌ သဲသဲကွဲကွဲ သရုပ်ခွဲခြားပြီး
အမှန်တရားပေါ်အောင် မျက်တောင်မခတ် ရပ်၍ ကြည့်စမ်းပါ ။ ဘ၀လမ်းမှာ သင်
ထမ်းခဲ့ရတဲ့ ၀န်ထုပ်ပမာဏကြီးလွန်းလှ၍ ညှိုးနွမ်း ရုပ်သွင် သင့်ပါးပြင်လည်း ချိုင့်ဝင်
လျက် ၊ သင့်သွားတွေလည်း ဖရိုဖရဲ ကျိုးတိုးကျဲ၍ မွဲခြောက်တဲ့ အသားအရေ ရိုးကြေ
ရွက်ကျဲ သေပွဲဝင်ရ သင့်ဘ၀မှာ ဘာကို အဓိပ္ပာယ်လို့ ဆိုချင်ပါသလဲ ။ လိုချင်စရာ
ဘာတန်ဖိုးတွေရှိသလဲ ၊ ဘ၀ဖြစ်ပုံကို ဆင်ခြင်တုံတရား ရှေ့မှာထား၍ စဉ်းစား နှိုင်း
ထောက်ပြီး မိုးသောက်က နေ၀င် ပူပင်ကြောင့်ကြ တောင့်တ ကြိုးကုတ်ပြီး အလုပ်နှင့်
လက် ရက်လများစွာ စားဝတ်နေရေး အတွက် တွေးပူရင်လေး စိတ်မအေးနိုင်ဘဲ
ကျိတ်တွေးကြံဆ လုပ်နေရသော်လည်း ဘ၀ပြည့်စုံ မဖူလုံခဲ့ပေ ။ ပစ္စည်းမျိုးစုံ စုပုံနေ
သော်လည်း မသေအောင်စား ၊ မအားအောင်ရှာ ဤခန္ဓာကို စားပါသောက်ပါ
ဝတ်ဆင်ပါ ဟု ပျာပျာသလဲ ကျွန်မွဲ ကျွန်စုတ် လုပ်ကျွေးပြုစု ယုယချစ်ခင် နင်က
ကြင်နာ နင့်ခန္ဓာက မညှာမတာ နင့်ကို အိုလိုက် ၊ နာလိုက် သေမင်းကြိုက်အောင်
ရိုက်ထောင်းပုတ်ခတ် အသေသတ်လည်း သံယောဇဉ်မပြတ် အမျှင်တန်းကာ
ငါ့ကိုယ် ၊ ငါ့ဟာ ၊ ငါ့ဥစ္စာ ဟု သင့်မှာ ဒိဋ္ဌိ ခံနေသည် ။
ဤခန္ဓာမှာ ဘာကို သင်က ချစ်နေရတာလဲ ။ အထင်ကြီးစရာ ဤခန္ဓာမှာ
တန်ဖိုး ဘာတွေရှိနေတာလဲ ။ ဖရိုဖရဲ ပြိုကွဲဖောက်ပြန် အလောင်းကျန်မှ ရွာက
လက်မခံ သုသာန်ကိုထုတ် မီးဖုတ်ဖျက်ဆီး အချည်းနှီးဘ၀ သုံးမရဘဲ ဆု့းရှုံးရပြီ
မဟုတ်လား ။ နောက်ဘ၀မှာ အပါယ်ရွာဇာတိ အကျိုးမရှိဘူး အတိဒုက္ခရောက်ပြန်ရ
တစ်ခါ သံသရာလမ်း ကံထမ်းသမား လျှောက်သွားရပြန်ပြီ ။ မတ်စောက်ကြီးမား
ဘ၀ချောက်ကမ်းပါးမှာ ဇောက်ထိုးမိုးမျှော် ကျရင်းပျော်သည် ။ သြော် အန္ဓလူမိုက်
ဒုက္ခကြိုက်ရယ် နင့်ထက်မိုက်သူ ဤဇမ္ဗူမှာတော့ ရှာလျှင် ရှားမည် ငါထင်သည် ။
လူဖြစ်နေတာ ခန္ဓာလား ၊ ငါလား ကွဲကွဲပြားပြား နားမလည်ခဲ့ပါဘူး ။ ငါးပါး
ခန္ဓာ သူ့သဘာဝက " အနိစ္စ " မို့ တားမရ ဆီးမရ ဖောက်ပြန်၍ပြပါလျက် တက်မက်ခဲ့
တာငါ ၊ စွဲလမ်းမိတာငါ ၊ ဥာဏ်မရှိတာငါ ၊ အမှန်မသိတာငါ ၊ တရားမရှိတာလည်းငါ ၊
အမှားအသိတာလည်းငါ ၊ အခုကျခါမှ အသက်ကကြီး ၊ ဇရာဖိစီး ရောဂါတွေ
သည်းထန်လျက် သေခါနီးရောက်မှ ဖောက်ပြန်သော ရုပ်နာမ်ကို ဆင်ခြင်ဥာဏ်
ရောက်ပါသည် ။ ဘ၀အသိက....... နောက်တော့ကျသွားပြီလေ ။ လုပ်စရာလည်းမရှိ ၊
ဖြစ်စရာလည်းမရှိ ၊ ရစရာလည်းမရှိ ၊ အားလုံး ဗလာနတ္ထိ ဘာဆိုဘာမှ မရှိတော့ပါ
လား ။
တရားကိုသိတော့ ဘ၀က လက်ချည်းကျန် ဖြစ်တော့မည် ။ အသေမဦးမီ
ဥာဏ်ဦးအောင် လုပ်မှပေါ့ ၊ သံဝေဂအသိနှင့် ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ ကိုယ့်
အဖြစ်ကိုသိပြီ ၊ မနစ်နာအောင် ကြံဆောင်မည်ဆိုလျှင် အချိန်မီသေးတာပဲ ၊
ဇွဲမလျှော့ဘူး ၊ စိန်နှင့်ဆန်ကွဲ ဘာဖြစ်လို့ မလဲရမှာလဲ ၊ မည်းညစ်နေတဲ့အသည်းကို
ပြောင်အောင်တိုက် ၊ မိုက်မှောင်နေတဲ့ဘ၀ထဲကထွက် ပြီး အသက်နှင့် " သစ္စာ "
ဒီတစ်ခါလဲလိုက်မည် ၊ ကြံစည်ပြီးသောလူတစ်ယောက် ခရီးရောက်သင့်သလောက်
တော့ ရောက်ဦးမှာပေါ့ ၊ ရောက်မှာပေါ့နော် ။ ။
လူဖြစ်လာရလူ့ဘ၀တန်ဖိုးကို နားလည်သဘောပေါက်သောသူဖြစ်ပါစေသတည်း ။
................................................................................................................................................
| |
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား