....................................................................................................................................................................................................................................................................................
လယ်တီဆရာတော်ဘု၇ားကို ပြင်သစ်ပြည် ပါရီမြို့ က ပညာရှိများက မေးလျှောက်တဲ့ မေးခွန်း (၅ ) ခု ကို မေးပါတယ် ။
မေးတဲ့ခုနှစ်က ၁၂၇၅ ခုနှစ်မှာ ဖြစ်ပါတယ် ။ အဲဒီ အချိန်တုန်းက နိုင်ငံခြားဗုဒ္ဓဘာသာ သာသနာပြု အသင်းကြီး ဖွဲ့စည်းဖို့ ဆို
ပြီး ဆရာတော်ကြီး မန္တလေးမြို့မှာ သီတင်းသုံး နေတုန်းက ရောက်လာကြပါတယ် ။ မန္တလေးမြို့ တရားဌာန ၀န်ချုပ်မင်း ရုံးက
စာရေးကြီး မွန်ရှာဘွန်ဆင် ကတစ်ဆင့် လျှောက်ထားသောမေးခွန်းများဖြစ်ပါတယ် ။
အမေးပုစ္ဆာ တွေကတော့ ......
(၁) သားသမီး တို့ရဲ့ ကံ ( ကမ္မ ) သည် ၄င်းတို့၏ မိဘများရဲ့ ကံနှင့် တူ မတူ ၊
(၂) မိဘ ကနူသည်ဖြစ်စေ ၊ ရောဂါဆိုး စွဲကပ်သည်ဖြစ်စေ ၊ ရူးသည် ဖြစ်စေ ထိုသူတို့မှ ပေါက်ပွားသော သားသမီး တို့မှာ
ဆေးပညာ အရ ကူးတတ်သည် ၊ ရူးတတ်သည် ဆိုကြ သည် ။ ကံချင်းမတူလျှင် မည်သည့်အတွက်ကြောင့် နူနိုင်၊ ကူးနိုင်
ရူးနိုင်ပါသနည်း ၊
(၃) ၀ိညာဉ်သည် အတွယ်ရှိမှ ပြုတ်သလား ၊ သို့မဟုတ် မတွယ်မီ အလိုအလျောက် ဖြစ်နေပါသလား ။ အစိမ်းတစ္ဆေ ဖြစ်ကြ
သည် ဆိုကြသော စကားမှာ မှန်ပါသလား ၊
(၄) လူဝင်စား ဟူ၍ လောက၌ ပြောရိုးဆိုရိုးရှိကြ၏ ။ ၀င်စားခြင်းအကြောင်းသည် ဗုဒ္ဓဘာသာတရားတော်တွင် သက်ဝင်ခြင်း
ရှိပါသလား ၊
(၅) အဘိညာဉ် ငါးပါးသည် မြတ်စွာဘုရားမှ တစ်ပါး ရဟန္တာ အစရှိသော အရိယာသာဝက များနှင့် ဆက်ဆံပါသေး၏လော ။
ကြည့်စမ်း ဘယ်လောက်ပညာပါတဲ့ မေးခွန်းများလဲ ။ ဆေးပညာရှုထောင့်ရောစုံနေတာပဲ ။ လယ်တီဆရာတော်ကြီးကလည်း
ဘယ်လောက်လေးနက်ပြီး ကျယ်ပြန့်တဲ့ မေးခွန်းတွေကို ဒီလိုဖြေကြားထားပါတယ် ။.........
"(၁) သားသမီး တို့ရဲ့ ကံ ( ကမ္မ ) သည် ၄င်းတို့၏ မိဘများရဲ့ ကံနှင့် တူ မတူ မေးချက်မှာ...
" တူသည်ဟူလည်းရှိ၏ ။ မတူသည်လည်းရှိ၏ ။ တူမတူ ဆိုသည်ကား အားရှိ အားမဲ့ခြင်း တူ မတူ ကိုဆိုလိုသည် ။
သိဒ္ဓတ္ထမင်းသား၏ ကံ (ကမ္မ ) နှင့် အမိမယ်တော်မာယာ ၊ အဖ သုဒ္ဓေါဒနမင်းကြီး တို့၏ ကံ နှင့် နှိုင်းယှဉ်သော် မယ်တော်
ခမည်းတော် တို့၏ ကံသည် အလွန်ငယ်၏ ။ အလွန်အားမဲ့၏ ။ ဤကား မတူရာ၌ သက်သေတည်း ။ တူရာ၌ သက်သေကား
လောက၌ မြော်မြင်ဖွယ် အလွန်ပေါများလေပြီ ။ မျက်မြင်ဘ၀၌ အကျိုးပေးပုံခြင်း တူ မတူ ကို ထောက်မျှော်၍ ကံ (ကမ္မ )ချင်း
တူ မတူ ကို ဆိုခွင့် ရှိလေသတည်း ။"
(၂) မိဘ ကနူသည်ဖြစ်စေ ၊ ရောဂါဆိုး စွဲကပ်သည်ဖြစ်စေ ၊ ရူးသည် ဖြစ်စေ ထိုသူတို့မှ ပေါက်ပွားသော သားသမီး တို့မှာ ဆေးပညာ အရ ကူးတတ်သည် ၊ ရူးတတ်သည် ဆိုကြ သည် ။ ကံချင်းမတူလျှင် မည်သည့်အတွက်ကြောင့် နူနိုင်၊ ကူးနိုင် ရူးနိုင်ပါသနည်း ......ဟူသော မေးချက်မှာ
" အမိ၏ဥတုအတွက် ၊ အဖ၏ဥတုအတွက် ကြောင့် နူနိုင် ၊ ရူးနိုင် ၊ ကူးနိုင် သည် ။ ဤအရာ၌ ပန်းပင်ငယ်ဥပမာကို
ပြဆိုရာ၏ ။ အလွန်မြေသြဇာ ရေသြဇာ ညံ့ဖျင်းလှသော မြေအရပ်တစ်ခု ၊ အလွန်မြေသြဇာ ရေသြဇာ ကောင်းမွန်လှသော
မြေအရပ်တစ်ခုရှိရာ၏ ။ တစ်ခုသောပန်းပင်မျိုးစေ့ကို ရရှိ၍ ညံ့ဖျင်းသော မြေအရပ်၌ စိုက်ပျိုးခဲ့ပါမူ တစ်ထွာခန့်မျှရှိလျှင် နာ
၍ ၊နူ၍ နေတတ်၏ ။ ထိုမျိုးစေ့ကိုပင် ကောင်းမွန်သော မြေအရပ်၌ စိုက်ပျိုးခဲ့ပါမူကား တစ်တောင်ခန့်မျှကြီးပွား၍ နာမှု ၊ နူမှု
ကင်းရှင်းလျက် အလွန်ရှင်သန် တတ်၏ ။ မျိုးစေ့ တစ်ခုတည်းဖြစ်လျက် အဘယ်ကြောင့်ပန်းပင်ချင်း မတူကြလေသနည်း ။
မြေအတွက် ရေအတွက် ကြောင့် ပန်းပင်ချင်း မတူ ရှိကြလေသတည်း ။ "
" ရှေးကံဟောင်းသည် ပန်းမျိုးစေ့နှင့်တူ၏ ။ အမိ၏ အသွေးအသား အစုသည် ပန်းမျိုးစေ့ စိုက်ပျိုးရာ မြေအရပ်နှင့် တူ
၏ ။ အဖ ၏အသွေးအသား အစု သည် ထိုမြေအရပ်၌ ကျရောက်သော ရေ နှင့် တူ၏ ။ ပန်းမျိုးစေ့၏ အဖို့သည် ပန်းပင်ငယ်မှာ
ဆယ်ဖို့ တွင် တစ်ဖို့ ခန့် ပါဝင်၏ ။ မြေ ၏အဖို့သည် ပန်းပင်ငယ်မှာ ဆယ်ဖို့ တွင် ခြောက်ဖို့ခန့် ပါဝင်၏ ။ ရေ ၏ အဖို့သည် ပန်း
ပင်ငယ်မှာဆယ်ဖို့ တွင် သုံးဖိုခန့် ပါဝင်၏ ။ ဤကား မြေ ၊ ရေ တို့မှ လိုက်ပါ လာကြသော အဆင်း သဏ္ဌာန် ရသ သြဇာ တို့၏
ကောင်းခြင်းတို့ပေတည်း ။ "
" ကံ နှင့် မိဘ သားသမီးတို့ မှာလည်း ထိုနည်းတူမှတ်လေ ။ မိဘ တို့၏ အဖို့ ဆိုသည်ကား မိဘ တို့သည် လူဖြစ်ကုန်အံ့
သားသမီး တို့ သည် လူသဏ္ဌာန် ဖြစ်ကြရကုန်၏ ။ မိဘ တို့ သည် နွားဖြစ်ကြကုန်အံ့ ၊ သားသမီး တို့သည် နွားသဏ္ဌာန ဖြစ်ကြရ
ကုန်၏ ။ လူတို့တွင်လည်း မိဘ တို့ သည် တရုတ်လူမျိုး ဖြစ်အံ့ ၊ သားသမီး တို့သည် တရုတ်လူမျိုး သဏ္ဌာန် ဖြစ်ကြကုန်၏ ။
အနာရောဂါ တို့သည်လည်း ထို မိဘ တို့၏ အဖို့တွင် ပါဝင်လျက် ရှိကြကုန်၏ ။"
" ထို့ကြောင့် မိဘ တို့၏ ကံ နှင့် သားသမီးတို့၏ ကံ သည် မတူကြ ကုန်သော်ငြားလည်း အတန်ငယ်မျှ ကြီးမြတ်
ကြကုန်ငြားလည်း မိဘ တို့၏ အဖို့ ကို မလွန်ဆန်နိုင် ၊ မခုခံ နိုင် ၊ မိဘ နူလျှင် သားသမီး နူ တတ်၏ ။ မိဘ သည် ရောဂါဖြစ်ခဲ့
လျှင် သားသမီး လည်း ကြီးလျှင် ရောဂါ ဖြစ်တတ်၏ ။ မိဘ ရူးလျှင် သားသမီးလည်း ကြီးလျှင် ရူးတတ်၏ ။ "
" မိဘ တို့၏ ကံ ထက် အလွန်ကြီးသော ကံ မှသာ လျှင် သားသမီး သဏ္ဌာန်၌ မိဘ တို့မှ လိုက်ပါလာသောဓာတိဆိုး
ဓာတ်ဝါး တို့၏ ပွားစီးခြင်းကို လွန်ဆန် နိုင် ၊ ခုခံ နိုင် ၏ ။ ဆေးကောင်းဝါးကောင်း တို့ဖြင့် ကိုယ့်သဏ္ဌာန်၌ ဓာတ်ကောင်း ဓာတ်
မွန် တို့ ပွားစီးလေအောင် တည်ထောင်ပြုစု နိုင်ခဲ့ပါမူကား မိဘ နူသော်လည်း မနူရ အောင် တတ်နိုင်လေသတည်း ။ "
" အမိဝမ်း၌ ပဋိသန္ဓေ ကိန်းရသော သတ္တ၀ါ တို့ မှာ မျိုးစေ့ သုံးပါး နှင့် ဖြစ်ပွားရ ကုန်၏ ။ ရှေးကံဟောင်းမျိုးစေ့
ပါး ၊ အမိ ၏ရသဓာတ်လည်း မျိုးစေ့ တစ်ပါး ၊ အဖ ၏ ရသဓာတ်လည်း မျိုးစေ့ တစ်ပါး ၊ ထိုတွင် အမိဓာတ် အဖဓာတ် နှစ်ပါးတို့
သည်လည်း အားရှိ အားမဲ့ ခြင်း တူ မတူ နှစ်ပါး ရှိကြကုန်၏ ။ မိဘ နှစ်ပါးစုံ ကျန်းမာမှု ဆူဖြိုးမှု တူကြလျှင် ရသဓာတ် နှစ်ပါး
အားရှိခြင်း တူကြ၏ ။ ထိုအခါ ပဋိသန္ဓေ တည်နေသော သားသမီး တို့မှာ အဆင်းသဏ္ဌာန် စသည် နှစ်ဖက်မျှတလျက်ရှိတတ်
ကြ၏ ။ မိဘ တို့မှာ ရသဓာတ်တစ်ဖက်က အားရှိ ၊ တစ်ဖက်အားနည်းသောအခါ ပဋိသန္ဓေ တည်သော သားသမီး တို့ မှာ
အဆင်းသဏ္ဌာန် စသည် တစ်ဖက်ဖက် က သာလွန်တတ်ကြ၏ ။"
(၃) ၀ိညာဉ်သည် အတွယ်ရှိမှ ပြုတ်သလား ၊ သို့မဟုတ် မတွယ်မီ အလိုအလျောက် ဖြစ်နေပါသလား ။ အစိမ်းတစ္ဆေ ဖြစ်ကြ သည် ဆိုကြသော စကားမှာ မှန်ပါသလား .....ဟူသော အချက်မှာ
" အတွယ်ရှိမှပင်ပြုတ်သည် ၊ အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလိုအလျောက် ဖြစ်၍နေ
သည် မဟုတ် ။အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလိုအလျောက်ဖြစ်၍ နေသေးသည် ဟူသော အယူအဆ
သည် အန္တရာဘ၀ဒိဋ္ဌိ အယူ ( ကြားဘ၀ ရှိသည် ဟူသော မှားသောအယူ ) မည်၏ ။ ထိုအယူကို ဗုဒ္ဓဘာသာကျမ်းဂန်များ၌
ပယ်ဖျက်လျက်ရှိ၏ ။"
" ထိုအယူဖြစ်ပုံကား ဤဘ၀မှ သေလွန်လျှင် နောက်ဘ၀၌ လူဖြစ်မည့်သူ ၊ နတ်ဖြစ်မည့်သူ ၊ ဗြဟ္မာဖြစ်မည့်သူ ၊
အောက် ငရဲ၌ဖြစ်မည့်သူ ၊ တိရစ္ဆာန် ပြိတ္တာ တို့၌ ဖြစ်မည့်သူ အမျိုးမျိုး ရှိကြ၏ ။ ထိုသူတို့သည် ဤလူ့ဘ၀ သေလွန်ရာဌာန မှ
နောက်လူ့ဘ၀သို့ ၊ နတ်ဘ၀ သို့ ၊ ဗြဟ္မာဘ၀သို့ ၊ ငရဲ တရိစ္ဆာန် ပြိတ္တာ ဘ၀ သို့ အဘယ်သို့ ကူးပြောင်း ရောက်နိုင်ကြပါကုန်
သနည်း ။ အကြား၌ သွားလွင့် ကူးသန်းမှု ဧကန္တ ရှိရလိမ့်မည် မဟုတ်လော ။သွားလွင့် ကူးသန်းမှု ရှိခဲ့သော် ထို သွားလွင့် ကူး
သန်းသူသည် အကောင်အထည်ရှိသော လူလည်းမဟုတ် ၊ နတ်လည်းမဟုတ် ၊ဗြဟ္မာလည်း မဟုတ် ၊ ငရဲ တိရစ္ဆာန် ပြိတ္တာလည်း
မဟုတ်သေး ၊ အလွတ်တစ်မျိုး မဟုတ်လော ။ ထိုသူကို အန္တရာဘ၀ ခေါ်၏ ။"
" ထိုသူသည် ခန္ဓာငါးပါး အပြည့်အစုံ ရှိသည် ဟူ၍လည်း ယူကြ၏ ။ ၀ိညာဉ်ချည်း သက်သက် ရှိသည် ဟူ၍လည်း ယူ
ကြ၏ ။ ထိုသူတို့သည် နတ်မျက်စိ အမြင်နှင့် ပြည့်စုံ ၏ ။ အလိုရှိရာ ဘ၀သို့ ခဏချင်းရောက်နိုင်သော တန်ခိုးလည်းရှိ၏ ။ထိုသူ
သည် ကံ တိုက်တွန်းရာ ထွေထွေလာလာ ထင်တတ်၏ ။ လူဆင်းရဲဖြစ်ရန် ကံ တိုက်တွန်းလျှင် လူဆင်းရဲ ကိုပင် လူချမ်းသာ
ထင်တတ်၏ ။ ငရဲ ကျရောက်ရန် ကံ တိုက်တွန်းလျှင် ငရဲပြည် ကိုပင် နတ်ပြည် ထင်တတ်၏ ။ ထို အန္တရာဘ၀ မှ တစ်ဆင့် အလို
ရှိရာ ဘ၀သို့ ခဏချင်း သွားရောက်၍ ပဋိသန္ဓေ စွဲနေဖြစ်ပေါ်လာလေ၏ ။ ဤကား အန္တရာဘ၀၀ါဒီ ပုဂ္ဂိုလ် တို့၏ အယူတည်း ။
ဤအယူ ကို ဗုဒ္ဓဘာသာကျမ်း တို့၌ ပယ်ဖျက်၏ ။ "
" ပယ်ဖျက်ပုံကား အန္တရာဘ၀ ဟူ၍ မရှိ ၊ ဤဘ၀ မှသေလွန်လျှင် နောင်ဘ၀ ၌ လူဖြစ်မည့်သူသည် လူဖြစ်လေ၏ ။
နတ်ဖြစ်မည့်သူသည်နတ်ဖြစ်လေ၏ ။ ငရဲကျမည့်သူသည် ငရဲ၌ ချက်ချင်းဖြစ်လေ၏ ။အကြား၌ အန္တရာဘ၀ မရှိခဲ့သော်
လူ့ပြည်မှ နတ်ပြည်သို့ ၊ လူ့ပြည်မှ ငရဲပြည်သို့ အဘယ်သို့ သွားလိမ့်မည်နည်း ဆိုငြားအံ့ ။"
" တစ်ဘ၀ မှ တစ်ဘ၀သို့ သွားသည် လာသည် ကူးသည် သန်းသည် ပြောင်းရွှေ့သည် ကျင်လည်သည် ဟူသော
စကားမျိုးသည် လောက စကား မျိုးသာဖြစ်သည် ။ ဓမ္မစကားမျိုး ၊ ဓာတ်စကားမျိုး မဟုတ် ၊ ဓမ္မ စကားမျိုး နှင့် ပြောဆိုရသော်
တစ်ခုသော ရုပ်ဓမ္မ နာမ်ဓမ္မ သည် တစ်ဘ၀ မှ တစ်ဘ၀ သို့ သွားသည် လာသည် မရှိ ၊ ကူးသန်းပြောင်းရွှေ့သည် ကျင်လည်
သည် ဟူ၍ မရှိ ၊ ဤအရာ၌ အရိပ်ဓာတ်ပုံ ( ရုပ်ရှင် ) ပြခန်း ၊ ဓာတ်သီချင်းဖွင့်ခန်း ( ရေဒီယို ၊ တယ်လီဗီးရှင်း ) များကို စေ့စုံစွာ
ထောက်မြော်၍ ရုပ်နာမ်ဓမ္မ တို့၏ အစီအစဉ် အားဖြင့် အဆက်ဆက်အဆင့်ဆင့် ဖြစ်ပွား၍ သွားပုံကို ယုံကြည်ထိုက်လှ၏ ။"
" အကြင်သူသည် လူ့ပြည် မှသေ၍ နတ်ပြည်၌ဖြစ်လေသည် ။ ထိုသူ၌ လူ့ဘ၀ အဆုံးနှင့် နတ်ဘ၀ အစ သည်
ဌာနအားဖြင့် ဝေးကွာသော်လည်း ကာလအားဖြင့် တစ်ခြားမရှိ ၊ တစ်စပ်တည်း တစ်ဆက်တည်း ဆက်စပ်လျက်ဖြစ်သည် ။
အကြင်သူသည် လူ့ပြည်မှသေ၍ အောက်မဟာအ၀ီစိ ငရဲကြီး၌ ဖြစ်လေ၏ ။ ထိုသူ၌ လည်းလူ့ဘ၀ အဆုံး နှင့် ငရဲဘ၀ အစ
သည် ဌာနအားဖြင့် ဝေးကွာသော်လည်း ကာလအားဖြင့် အခြားမရှိ။ "
" လောကမျက်မြင်အားဖြင့် မဟာပထ၀ီမြေအထု ခုခံ ကွာခြားနေသော်လည်း ကံ ဟူသော နာမ်ဓမ္မ၏ အစွမ်းသတ္တိ
ကို ထို မဟာပထ၀ီမြေအထု ခုခံ ကွယ်ခြားနိုင်သည်မဟုတ် ။ လူ့ဘ၀ မှာအဆုံး နာမ်ဓမ္မ အဟောင်းချုပ်လျှင် မဟာအ၀ီစိ ငရဲ
ကြီးမှာ အစ နာမ်ဓမ္မ အသစ် ဆက်လက်ဖြစ်ပေါ်လေတော့၏ ။ အကြား၌ မျက်တောင် တစ်ခတ် လျှပ်တစ်ပြက် မျှ ကြန့်ကြာ
ခြင်းမရှိလေပြီ ။အကြောင်းမူကား အသီးသီး သူ့ ကံ နှင့် သူ့ဘုံ ၊ သူ့ဘုံ နှင့် သူ့ဘ၀ သတ်မှတ်ပိုင်းခြားလျက် ရှိသောကြောင့်
တည်း ။"
" ကံ သည် အမျိုးမျိုး ရှိ၏ ။ ကံ ၏အကျိုးသည် အမျိုး မျိုး ရှိ၏ ။ဒါန ဟူသော ကုသိုလ်ကံ တစ်မျိုး မှာပင် အချို့သော
ဒါနကံသည် လူ့ဘ၀ ကို ဖြစ်စေနိုင်၏ ။အချို့သော ဒါနကံသည် စတုမဟာရာဇ် နတ်ဘ၀ကို ဖြစ်စေနိုင်၏ ။ အချို့သော ဒါန
ကံ သည် တာဝတိံသာ နတ်ဘ၀ ကိုဖြစ်စေနိုင်၏ ။ ( နတ်ပြည်ခြောက်ထပ် အဆင့်ဆင့်သွားလေ )"
" သီလ ဟူသောကုသိုလ်ကံ တစ်မျိုးကိုလည်း ဒါနကံအတိုင်း ဝေဖန်လေ ။ ပါဏာတိပါတ ဟူသော အကုသိုလ်ကံ တစ်မျိုးမှာပင် အချို့ ကံသည် သိဉ္စိုင်း ငရဲဘ၀ ကိုဖြစ်စေနိုင်၏ ။ အချို့ ကံ သည် ကာဠသုတ္တ ငရဲဘုံ၌ ကာဠသုတ္တငရဲဘ၀ ကိုဖြစ်စေနိုင်၏ ။ ဤနည်းအတူ အောက်ဆုံးဖြစ်သော မဟာအ၀ီစိ ငရဲဘုံတိုင်အောင် ဆိုလေ ။ အဒိန္နာဒါနကံ စသည်တို့ကို လည်း ပါဏာတိပါတာကံ အတိုင်း ဝေဖန်လေ ။" " ကံ ၏ အကျိုး အမျိုးဆိုသည်ကား လူ့ဘ၀၊ စတုမဟာရာဇ် နတ်ဘ၀ ၊ တာဝတိံသာ နတ်ဘ၀ အစ ရှိသည်ဖြင့် ဆိုခဲ့ပြီးသော စကားရပ်စု၌ ဘ၀ ဟူသောစကားသည် ကံ ၏ အကျိုးကို ဆိုသော စကားပင်တည်း ။ ဘ၀ အမျိုးမျိုး ကို ကံ ၏ အကျိုး အမျိုးမျိုး ဟူ၍ ဆိုပေသည် ။ " "ဤသို့လျှင် ပကတိအားဖြင့် သူ့ကံ နှင့် သူ့ဘုံ ၊ သူ့ဘုံ နှင့် သူ့ဘ၀ အသီးသီး သတ်မှတ် ပိုင်းခြားပြီး ရှိလေသော ကြောင့် လူ့ပြည်မှသေလွန်လျှင် သေလွန်သူ၌ အားအရှိဆုံးဖြစ်သော ကံ တစ်ခုသည် မိမိ၏ သက်ဆိုင်ရာ ဘ၀ ကိုသာ ဖြစ်စေ တတ်၏ ။ တစ်ခြားသောဘုံ၌ တစ်ခြားသော ဘ၀ကို မဖြစ်စေတတ် ၊ဤကား အန္တရာဘ၀ ကို ဗုဒ္ဓကျမ်းဂန် တို့၌ ပယ်ဖျက်ပုံပေ တည်း ။ " " အစိမ်းတစ္ဆေ ဖြစ်သည်ဆိုကြသော စကား မှန်ပါသလား ...ဟူသောစကားဖြင့် အစိမ်းတစ္ဆေ ဖြစ်သည်ကို ပင် အန္တရာ ဘ၀၌ ဖြစ်သည် ဟု အယူရှိကြသည်ကို ထုတ်ဖော်၍ပြပေ၏ ။ " " အစိမ်းတစ္ဆေ သည် အခြားတစ်ပါးမဟုတ် ၊ နတ်ဘ၀စု တွင် အယုတ်ဆုံး ၊ အညံ့ဆုံးဖြစ်သော အောက်တန်းစား စတုမဟာရာဇ် နတ်တစ်မျိုး ၏ ဘ၀ ပေတည်း ။" " လူ့ဘ၀ ၊ နတ်ဘ၀ ၊ ဗြဟ္မာဘ၀၊ တိရစ္ဆာန်၊ ပြိတ္တာဘ၀ တို့မှာ အလွတ်အလပ် အသီးအခြား မဟုတ်ပေ ။ထိုဘ၀ သို့ ရောက်လေသောသူသည် လူ နှင့် အလွန်နီးစပ်၏ ။ ထိုဘ၀၌ ဆင်းရဲရန် ကံအခွင့်ကုန်လျှင် လူ့ဘုံသို့ပြန်လာနိုင်၏ ။ အခွင့် သင့်လျော်ရာ အမိဝမ်းမှာ ပဋိသန္ဓေ ယူနိုင်၏ ။" " ထိုဘ၀ကို ချမ်းသာသောနတ် ဘ၀ မဟုတ်သည့် အတွက် နတ်ဘ၀ ဟူ၍ အယူမရှိကြဘဲ အန္တရာဘ၀ ဟူ၍ တစ်မျိုး တစ်မည်ထင်မှတ်ကြ၏ ။" " မြန်မာ တို့၌ အစိမ်းတစ္ဆေ ဟူ၍ အမည် တစ်မျိုးဖြင့် ခေါ်ကြ၏ ။ ဗုဒ္ဓဘာသာကျမ်းဂန် တို့၌ ၀ိနိပါတ အသူရာ ဟူ၍ ခေါ်၏ ။ နတ်ဘ၀စု တွင် အယုတ်ဆုံး ၊ အညံ့ဆုံးသော နတ်ဘ၀ တစ်မျိုး ဖြစ်ပေသတည်း ။ " " လူ့ပြည်မှ သေလွန်ကြသူ အပေါင်းတို့သည် ထိုဘ၀ ကိုချည်း ရောက်ကြကုန်သည်မဟုတ် ။ အချို့မျှ သာ ရောက် ကြကုန်၏ ။ရုတ်တရက်အစိမ်းသေ ဆုံးကြသူများ ထိုဘ၀ သို့ ရောက်တတ်ကြ၏ ။မနုဿဂတိ ဒေ၀ဂတိ နိရယဂတိ ပေတဂတိ တိရစ္ဆာနဂတိ ဟူသော ဂတိ တို့မှ အလွတ်အလပ် မဟုတ်ပေ ။" "(4) လူဝင်စား ဟူ၍ လောက၌ ပြောရိုးဆိုရိုးရှိကြ၏ ။ ၀င်စားခြင်းအကြောင်းသည် ဗုဒ္ဓဘာသာတရားတော်တွင် သက်ဝင်ခြင်း
ရှိပါသလား ......ဟူသောမေးချက်မှာ............... " လူဝင်စား ဟူသည် အသီးအခြား တစ်မျိုးမဟုတ် ။ လူ့ဘ၀ ကိုရောက်လာကြသူ အပေါင်း တို့တွင် ရှေးဘ၀ကိုပြန် မှတ်မိသိနိုင်သူ အနည်းငယ်မျှရှိကြ၏ ။ ထိုသူတို့ကိုလူဝင်စား ဟူ၍ ခေါ်ကြ၏ ။ထိုသူကို ဗုဒ္ဓဘာသာကျမ်းဂန် တို့၌ ဇာတိဿရ ပုဂ္ဂိုလ် ဟူ၍ ခေါ်၏ ။ ရှေးဘ၀ကိုပြန်၍ အောက်မေ့နိုင်သောသူ ၊ သိနိုင်သောသူ ၊ အမှတ်ရသော သူ ဟု ဆိုလိုသည် ။ ရှေးဘ၀ကို ပြန်၍ မသိနိုင်ခြင်း ၊ သိနိုင်ခြင်း အကြောင်းကား....... (၁) ဤလူ့ဘ၀၌ နေ့ရက်ရှည်ကြာ အနာရောဂါ နှိပ်စက် ညှဉ်းပန်း စိတ်အား ကုန်ခန်း၍ သေရခြင်းတစ်ပါး ၊ (၂) နောင်ဘ၀၌ ဂဗ္ဘသေယျ မျိုးဖြစ်၍ အလွန်သေးငယ်သော ကာလလရေကြည် အစတည်လျက် နေ့ရက်ရှည်များ ဖြည်းနှေးစွာ ကြီးပွားရသဖြင့် စိတ်အားသေးနှပ် မှေးတုတ် မိန်းမော နေရခြင်း တစ်ပါး ၊ ဤအကြောင်းနှစ်ပါး နှင့် တွေ့ကြုံ၍ လာကြကုန်သော သူတို့သည် ရှေးဘ၀ကို အများအားဖြင့် မေ့ကြ ကုန်၏ ။ ထိုမှတစ်ပါး အလွန်ငယ်ငယ်ကလေး ကသေခဲ့ကြသောသူ ၊ အလွန်အိုမင်းထိုင်းမှိုင်းမှ သေခဲ့ကြသောသူ ၊ ယစ် မျိုး ကျူးလှသော သူတို့သည်လည်း ကောင်း ၊ နောင်ဘ၀၌ အမိ သည် ရောဂါ ဖြစ်ခဲ့သော်လည်းကောင်း ၊ အလုပ် ကြမ်း အကိုင်ကြမ်း လုပ်ကိုင်ခဲ့ရသူဖြစ်ခဲ့သော်လည်းကောင်း ၊ ကိုယ်ဝန်ဆောင်မှု၌ အလိမ္မာ မရှိသူ အစောင့်အစည်း မရှိသူ ဖြစ်ခဲ့သော်လည်းကောင်း ၊ အမိ ၀မ်းတွင်း၌ သူငယ်သည် အလွန်ထိတ်လန့် ချောက်ချားခြင်း များသဖြင့် လည်းကောင်း ရှေးဘ၀ ကို မေ့ကြကုန်၏ ။ဤကား ရှေးဘ၀ကို ပြန်၍ သတိမရခြင်းအကြောင်းတည်း ။" " ဤလူ့ဘ၀၌ သေလွန်၍ ဥပပါတ် နတ်ဘ၀ ၊ ဗြဟ္မာဘ၀ သို့ ရောက်ခဲ့ကြသောသူ ၊ ငရဲဘ၀ ၊ပြိတ္တာဘ၀၊ သို့ ရောက်ကြသော သူတို့သည် ရှေးဘ၀ ကို သိနိုင်ကြကုန်၏ ။ ဤလူ့ဘ၀၌ အားရှိတုန်း အခါမှာ လက်နက်ဘေး ၊ကပ်ဥပဒ် ဘေး တို့နှင့် ရုတ်တရက် သေဆုံးကြကုန်၍ နောင်ဘ၀၌ အနာရောဂါ ကင်း၍ သန့်ရှင်းငြိမ်သက်သော အမိဝမ်း၌ ဖြစ်ရသော သူများသည် ရှေးဘ၀ ကို သိတတ်ကြ၏ ။ " " ရှေးဘ၀ ကို ပြန်၍ပြန်၍ သိရ လို၏ ဟု ကုသိုလ်ကောင်းမှုပြုသဖြင့် ဆုတောင်း ပတ္တနာ ပြုခဲ့ကြသော သူများ သည်လည်း ရှေးဘ၀ ကိုပြန်၍ သိတတ်ကြ၏ ။ပုဗ္ဗေနိဝါသ အဘိညာဉ် ကို ရကြကုန်သော ရသေ့ တို့သည် လည်းကောင်း ၊ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ တို့သည်လည်းကောင်း ရှေးဘ၀ ကို သိတတ်ကြကုန်၏ ။ဥပမာ - စူဠသုဘဒ္ဒါ "(၅) အဘိညာဉ် ငါးပါးသည် မြတ်စွာဘုရားမှ တစ်ပါး ရဟန္တာ အစရှိသော အရိယာသာဝက များနှင့် ဆက်ဆံပါသေး၏လော .. ဟူသောမေးချက်မှာ........ " အဘိညာဉ်ငါးပါး (၁) က္ကဒ္ဓိဝိဓ အဘိညာဉ် (၂) ဒိဗ္ဗသောတ အဘိညာဉ် (၃) စေတောပရိယ အဘိညာဉ် (၄) ပုဗ္ဗေနိဝါသ အဘိညာဉ် (၅) ဒိဗ္ဗစက္ခု အဘိညာဉ် အဘိညာဉ်ငါးပါး တို့သည် ရဟန္တာ အစရှိသော အရိယာ သာဝက များနှင့် လည်း ဆက်ဆံပါ သေး၏ ။ အရိယာ သာဝက များနှင့် သာ မဟုတ်သေး ၊ သမထ ဘာဝနာ ကို ထမြောက်အောင် အားထုတ်နိုင်ကြသော ပုထုဇဉ် သာဝက များနှင့် လည်းကောင်း ၊ ကမ္ဘာဦးအခါ၌ ဈာန်ရသော သမထ ဗြဟ္မာဏ ရသေ့ ရဟန်း တို့နှင့်လည်းကောင်း ဆက်ဆံပါ ၏ ။" " ဘုရား မပွင့်မီ ရှေးကမ္ဘာဦး အခါ တို့၌ ကောင်းကင်မြေမိုးပျံလျှိုးသွားလာနိုင်ကြကုန်သော သာသနာပ ဈာန်ရ ရသေ့ တို့သည်လည်း အလွန်ပေါများကုန်၏ ။ ယခုအခါ၌လည်း ထို အဘိညာဉ် ငါးပါး တို့ကို ထမြောက်ပေါက်ရောက်အောင် အားထုတ်ရန် နည်းလမ်းများ သည် ဗုဒ္ဓဘာသာကျမ်းဂန် များမှာ ထင်ရှားစွာလာရှိ၏ ။ ထိုနည်းလမ်းများအတိုင်း ထမြောက် ပေါက်ရောက်အောင် အားထုတ်နိုင်ကြပါလျှင် ထို အဘိညာဉ်ငါးပါး တို့ကို ရနိုင်ကြကုန်၏ ။ကာယဗလ၊ ၀ီရိယဗလ အားနည်း ကြသည်ဖြစ်၍ ယခု ကာလ၌ ထို အဘိညာဉ် ငါးပါးတို့ကို ပေါက်ရောက်သူ နည်းပါးနေကြလေသတည်း ။" ဤတွင် တရားပြီးဆုံးပါပြီ
| |
No comments:
Post a Comment
မိတ်ဆွေ....ပြောစရာရှိလာပြီလား